Saturday 24 September 2011

ဆုံမှတ်

အချိန်တစ်ခုရဲ့ တိုက်စားမှုအောက်မှာ ကောင်မလေးရဲ့ ပုံရိပ်လေးလည်း သူ့နှလုံးသားမှာ ပျောက်ကွယ်လုလု ဖြစ်နေပေပြီ။ အချစ်ကြီးချစ်ခဲ့မိသူဆိုတာတော့ သေချာနေသေးဆဲ။
သေချာစဉ်းစားကြည့်တော့လည်း ကောင်မလေးနှင့် ရင်းနှီးခဲစဉ်က လေလှိုင်းပေါ်က တဆင့်သာ။ ဖုန်းနံပါတ်မှားနှိပ်ခဲ့မိသည့် လက်ချောင်းလေးတွေကို သူ ဒီချိန်ထိ အပြစ်မဆိုချင်သေး။ ဟယ်လို ဆိုတဲ့စကားတစ်ခွန်းအကြားနှင့် ရင်တို့ တစ်ဆက်ဆက်ခုန်စေတဲ့ နားကိုလည်း အပြစ်မဆိုချင်သေး။ ထိုစဉ်တုန်းက ….. ဖုန်းမှားနေပါတယ်…..ဟုပြောရင်းဖုန်းချသွားသည့်တိုင် သူကတော့ ဖုန်းကိုကိုင်ကာ မင်သက်နေမိဆဲ။ ကနဦးစကတည်းက အသံလေးနှင့် တင် ရင်တစ်ခုလုံးကြွေအောင် ပြုစားတက်မှန်းသိရဲ့ သူက သူ့နှလုံးသားကို ထိုးကျွေးခဲ့မိတာပါ။
ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကပေါ့။ သူငယ်ချင်းတစ်ယောက် ဟန်းဖုန်းကိုဆက်ရင်း နံပါတ်မှားနှိပ်ခဲ့မိသည်။ တစ်ဖက်မှားနှိပ်မိခဲ့သည့် ဖုန်းတွင် သူ့နှလုံးသားကို ပိုင်စိုးသူလေးရှိနေခဲ့သည်။ အသံလေးကြားရုံနှင့် ရင်ခုန်မိခဲ့သည်…..ဟုပြောလျှင် ရယ်ကြမလားမသိ လူတွေက.။ သူ့သူငယ်ချင်းကတော့ ဟားသည်။

 မင်းကွာ…..အရူးထမနေစမ်းပါနဲ့…..ဆိုသောထောပနာစကားတို့ကို သူငယ်ချင်းတိုင်းဆီက သူဖောဖောသီသီရရှိခဲဖူးလေသည်.။ အမှန်ဆိုရလျှင်တော့ ဟန်းဖုန်းနံပါတ်သိလျှင် စုံစမ်းရလွယ်ကူနိုင်ပါသည်။ ဒါပေမဲ့ သူ မစုံစမ်းချင်ခဲ့ပါ။ သူ့နှလုံးသားထက်က ရင်ခုန်သံသည်………… မှားယွင်းသွားလေမလား ….တံဆိပ်ခက်နှိပ်သူရှိထားလေမလား…..ပိုင်ရှင်ရှိပြီးသား ဖြစ်နေမလား…..ဆိုတဲ့ စိုးရိမ်စိတ်များစွာနှင့်။ ဒီရင်ခုန်သံသီးသန့်လေးကိုပဲ မမေ့မပျောက်နှင့် တမ်းတနေဖို့ စဉ်းစားခဲ့ခြင်းက အတ္တကြီးသည်၊ တစ်ကိုယ်ကောင်းဆန်သည်ဟု ဆိုလျှင်လည်း သူ မငြင်းပါ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ထိုနေ့က သူ့ကို ကံတရားက မျက်နှာသာပေးခဲ့သည် ပြောရမလား။ ဒါမှမဟုက်…. ကျေကျေနပ်နပ်ကြီး မင်းနှလုံးသားကို ထိုးကျွေးလိုက်ပါကွာ …..လို့ဆိုသည့်သဘောလေများလား။ ဘာပဲဖြစ်ဖြစ် ထိုနေ့က သူ့နှလုံးသားကို ပိုင်စိုးနိုင်သူ အသံပိုင်ရှင်လေးနှင့် သူ ဆုံတွေ့ခဲ့လေသည်။
ထိုနေ့က……………။
မျက်စိရှေ့က မပျော့မပျောင်းလျှောက်နေသည့် မိန်းခလေးကို မျက်မှောင်ကျုံ့ ကြည့်နေမိသည်။ ဆံပင်ကို ဖြစ်သလိုစည်းထားသောပုံစံနှင့် ၀တ္ထုစာအုပ်နှစ်အုပ်ကို လက်ထဲ ကိုင်ထားလေသည်။ သူက မိန်းခလေးဖြစ်ပြီး ပျော့ပျော့ပျောင်းပျောင်း လမ်းမလျှောက်တတ်လျှင်၊ အလှအပကို မခုံမင်သောပုံစံပေါက်လျှင် တစ်ကယ်ပင် ကြည့်မရပါ။သူ့မိန်းခလေးသူငယ်ချင်းတွေကတော့ ပြောပါသည် သူ့ကို။ မိန်းခလေးမြင်တိုင်း ခြေဆုံးခေါင်းဆုံးမကြည့်စမ်းပါနှင့်….တဲ့။ အဲ…..သူဝင်သွားတာ မောင်မောင်ဖွင့်ထားတဲ့ စာအုပ်ဆိုင်ငယ်လေး။ အခါတိုင်း လက်ပြ၊ ပြုံးပြနှုက်ဆက်ရုံသာ။ ဒီနေ့တော့ တကူးတက ၀င်နှုက်ဆက်ရင်း ထော်လော်ကန့်လန့်နိုင်တဲ့ မိန်းခလေးကို တစ်ချက် လောက် ကြည့်လိုက်ဦးမည်…ဟု။
 ဒီနေ့ ငါ့ဆိုင်တော့ ကွက်ကြားမိုးရွာတော့မှာပဲ……ဟူသော မောင်မောင့်စကားကို မျက်ကွယ်ပြု မသိချင်ယောင်ဆောင်ကာ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် မိန်းခလေး၏ မျက်နှာကို မသိမသာလေး လှမ်းကြည့်လိုက်သည်။ ကောင်မလေး၏ နှုတ်ခမ်းတို့က တင်းတင်းစေ့လျှက် လောကကြီးကို မျက်စောင်းခတ်ချင်နေပုံမျိုးနှင့်။ ရူပ်ကလေးက လှသည်မဆိုသာငြား ဆွဲဆောင်မှုရှိသည်။ ဘောင်းဘီရှည် ဒူးခေါက်လေးနှင့် ရှပ်အိင်္ကျီလက်ခေါက်လေးနှင့် သူ့အလိုလို အချိုးကျနေသည်။။ ပျော့ပျော့ပျောင်းပျောင်းလေး လမ်းလျှောက်တတ်လျှင် ကောင်းမည်…..ဟု သူတွေးနေဆဲ……အဲ အကြည့်မလွှဲမိတာမှားပြီ ထင်ရဲ့…။ ကောင်မလေး သူ့ကို မျက်မှောင်ကျုံ့ ကြည့်နေသည်။ ကောင်မလေးပြန်သွားမှ မောင်မောင်နှင့် စကားထိုင်ပြောဦးမည် ဟူသောအတွေးတို့ ကြက်ပျောက်ငှက်ပျောက်။ တွေ့ရာစာအုပ်ကို ယူရင်း မောင်မောင့်ကို ပေးလိုက်သည်။ စားရင်းမှတ်ပြီး ပြန်ပေးသောစာအုပ်ကို ကပျာကယာယူရင်း အပြင်ထွက်လိုက်မှ အနည်းငယ်စိတ်သက်သာရာ ရတော့သည်လေ။
စာအုပ်လေးကိုင်ရင်း လေလေးတစ်ချွန်ချွန်နှင့် ထွက်လာသောသူ့စိတ်ထဲ ရုက်တစ်ရက် အဆင့်မြင့်သိုင်းသမား သူ့နောက်ဖက်ကရောက်ကာ လုပ်ကြံဖို့ အချောင်းမြောင်းခံနေရသူလို ခံစားလိုက်ရသည်.။ မသင်္ကာစွာနှင့် အနောက်ဖက်လှည့်ကြည့်တော့ ထော်လော်ကန့်လန့်လေး။ သူ့ကိုစိုက်ကြည့်လျှက်။ ရှေ့ကို အမြန်လျှောက်ပြီး နောက်ကြည့်တော့ သူ့ကိုပင် စိုက်ကြည့်လျှက် သူလျှောက်သလို အမြန်လျှောက်သည်။  တော်ပါသေးသည်။ အရှေ့ဆိုလျှင် အိမ်ရောက်ပြီ။ ခြံတံခါးရှေ့မှာရပ်ပြီး သူမလေးကိုစရန် ကိုယ်က ပါးစပ်ဟလိုက်တုန်းရှိသေး……သူမလေးက
“ဘယ်လိုနေလဲ မိန်းခလေးတစ်ယာက်ကို နောက်ကအသေအချာကြည့်ရတဲ့ခံစားချက်နဲ့ ကိုယ့်နောက်ကနေ အကြည့်ခံရတဲ့ ခံစားချက်
ဘာကွာခြားလဲ ………..”
မထိတရီပြုံးပြကာမေးသွားသော သူမ။ သူအီလည်လည်ကြီး ဖြစ်သွားသည်။ ထိုနေ့ညက အိပ်မပျော်သောည ဖြစ်ခဲ့သည်ပဲ။
@@@@@@@@@@@@@@@@@@@@@@@@@@
အိပ်ယာကနိုးကတည်းက မောင်မောင့်ဆီသွားဖို့သာ စိတ်သန်နေသည်။ လုပ်သမျှကိုင်သမျှတို့က အလွဲလွဲအချော်ချော်။ သွားချင်ဇောကြီးနေသောကြောင့်။ ကံကောင်းထောက်မစွာပင် မောင်မောင့်ကို သူ့ဆိုင်ရှေ့တွင် တံမြတ်စည်းလှဲလျှက် တွေ့ရလေသည်။
“….ဟာ….ချစ်သူငယ်ချင်းကြီး မင်းကံကောင်းတယ်ကွာ ငါ ဒီနေ့ သူငယ်ချင်းတစ်ယောက်ကို ကျွေးမွေးပြုစုရမယ်လို့ ဗေဒင်က ဟောထားတယ်ကွ…အဲဒါ လဖက်ရည်ဆိုင် လိုက်ခဲ့ကွာ…….”
“ငါသိပါတယ် သားကြီးရာ မင်း venus အကြောင်းမေးမလို့ မဟုက်လား”
“အင်..ဘယ်က venus လဲ”
“မနေ့က မင်းshow နေတဲ့ ကောင်မလေးလေ”
“အဟား……ငါ့သူငယ်ချင်းက ဒါတွေအလိုက်သိတာ ချစ်ဖို့ကောင်းတာ…ဟဲဟဲ ဟုက်တယ်…သူ့ပုံစံက သာမန်ထက်အနည်းငယ်ထူးခြားနေလို့ သိချင်ရုံသတ်သတ်ပါ….”
“သြော်…သိချင်ရုံသတ်သတ်လား စိတ်ပါဝင်စားမှုမရှိဘူးပေါ့…အင်း ဒီနေ့ ငါ ပဲပြုတ်ဝယ်ထားတယ်ကွ မနက်စာ ပဲပြုတ်နဲ့ပဲ စားပါတော့မယ်ကွာ…”
အထဲလှည့်ဝင်သွားသော မောင်မောင့်ကို ကမန်းကတန်းဆွဲလိုက်ရင်း……………။
“ဟုက်ပါပြီကွာ….ငါစိတ်ဝင်စားလို့ပါ …ဟုက်ပလား”
သူ ဆူဆူအောင့်အောင့် ပြောတော့ မောင်မောင်ရယ်လေတော့သည်။ အစောကြီးကတည်းက ဒီလိုပြောလိုက်ရင်ပြီးနေပြီဟာကို….တဲ့။ သြော်…လူပျိုကြီးလည်း ရှက်တတ်တာပေါ့နော့..ကောင်မလေးတစ်ယောက်အကြောင်း မေးရမှာ…။ သူငယ်ချင်းပီပီ အလိုက်ကို မသိဘူး။
……..
သြော်..ကောင်မလေးနာမည်က နတ်သမီးတဲ့လား။ ကောင်မလေးမိဘတွေကဘယ်လောက်တောင် ချစ်လဲ…သိသာနေစေလိုက်တာ။ သူထင်သလိုပါပဲ။ ဂျစ်ကန်ကန်ပေတူးတူးလေး..တဲ့။ မင်းစိတ်ဝင်စားရင်တော့ ကောင်မလေးဖုန်းနံပါတ်ရှိတယ် ယူမယ်ဆိုရင် တစ်ဝိုင်းကျွေးရမယ်ကွ….သူ့ကိုစရင်း မောင်မောင်ပေးသွားသော ဖုန်းနံပါတ်လေး။ အလန့်တကြားနှင့်သိလိုက်ရသည်က သူစွဲလမ်းမိသော ဖုန်းပိုင်ရှင်မလေး ဖြစ်နေခြင်းပင်။မထင်မှတ်ထားတာကတော့ ဒီကောင်မလေးသည် ဘဏ်ရုံးဝန်ထမ်းတစ်ဦးတဲ့။ ဒီထော်လောကန့်လန့်လေးကို ဝန်ထမ်းဝတ်စုံကို စိတ်ကူးဖြင့်ဆင်ယင်ကြည့်မိသောအခါ ထိုကောင်မလေးသည် ရင့်ကျတ်သော မိန်းမရွယ်ပုံစံလေးနှင့် လှပတင့်တယ်နေပြန်သည်။
လူပျိုကြီးတော့..ရူးပြီထင်ရဲ့..နတ်သမီးရယ်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
သူပြုံးမိပြန်ပါသည်။ မျက်နှာလေးကိုတောင်မမှတ်မိတော့သည့်သူသည် ဖြစ်ကြောင်းကုန်စင်ကိုတော့ မှတ်မိနေခဲ့သတဲ့။ ဖုန်းနံပါတ်ကိုတောင် အလွတ်ရနေခဲ့သတဲ့။
……………..
နတ်သမီးနှင့်သူ ရင်းနှီးဖို့အခွင့်အလမ်းကို မောင်မောင့်စာအုပ်ဆိုင်လေးမှ စတင်ခဲ့ရသည်။ သူငယ်ချင်းဆိုသည့်အဆင့်ကို မကျော်လွန်နိုင်ခြင်း၊ မကျော်လွန်ဖြစ်ခဲ့ခြင်းသည် သူ့အမှားတော့မဟုတ်ခဲ့။ နတ်သမီးဆိုသော ဂျစ်ကန်ကန် ပေတူးတူးလေး၏ စိတ်မာကြောခြင်းကြောင့်သာ။ သူကြိုးစားခဲ့ပါသည်။
ရှိသမျှသတ္တိတို့ကို မပျောက်ပျက်အောင်မွေးမြူရင်း နတ်သမီးအား သူဖွင့်ပြောခဲ့ပါသည်။ သို့သော်.နတ်သမီး၏ အဖြေစကားက သူ့အား ရင်နာစေခဲ့သည်။
သူ့ကို မချစ်ဘူး ဟု မဖြေခဲ့သောနတ်သမီး၏ အဖြေစကားသည် တစ်ခွန်းတည်း။
“ကျွန်မ အလုပ်အကိုင်မည်မည်ရရမရှိတဲ့ စာရေးဆရာ ကို လက်ထပ်ဖို့ မစဉ်းစားဘူး..ဒါ့ကြောင့်မို့ အစ်ကို့အချစ်ကို လက်မခံနိုင်ဘူး”
မချစ်ဘူးဟု ဖြေခဲ့လျှင် သူဒီချိန်ထိသတိရနေမိမည်မထင်။ခုတော့ အလုပ်အကိုင်မည်မည်ရရမရှိတဲ့ စာရေးဆရာကို လက်မထပ်နိုင်ဘူး…ဆိုသည့်စကားက ယနေ့ထိတိုင် သူ့နှလုံးသားဝယ် အမာရွတ်အဖြစ်ထင်ကျန်ဆဲ။
ထိုစကားအပေါ် အနာပင်ပေါက်ခဲ့သောသူသည် ဘာအလုပ်မျှပင်မလုပ်ခဲ့။ စာရေးဆရာဆိုသည့် အလုပ်တစ်ခုသာ သူလုပ်ဖြစ်ခဲ့သည်။ နတ်သမီးအားလွမ်းဆွေးခြင်းတို့သည် လက်မှတဆင့် ဝတ္ထုထဲသို့ စီးမျောသွား၏။ နတ်သမီးအားစိတ်နာခြင်းတို့သည်လည်း ပျော်ဝင်သွား၏။ ဒီလိုနှင့်ပင် နတ်သမီးနှင့်ခွဲခွာခဲ့သော ဒီသုံးနှစ်အတွင်းဝယ် သူသည် အသဲကွဲစာရေးဆရာတစ်ဦးအဖြစ်ကျော်ကြားလာချေပြီ။
ယနေ့အချိန်ထိ နတ်သမီး စာရေးဆရာတွေကို အထင်မကြီးသေးဘူးလား။ ရံဖန်ရံခါတော့ သိချင်ပါသေးသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
တခါတရံတော့လည်း မျှော်မိပါသည်။ဖုန်းဆက်ဦးမလားလို့။
မချစ်ဘူးဟု မပြောပဲ စာရေးဆရာအလုပ်ကို အထင်မကြီးကြောင်း ပြသခဲ့ခြင်းသည် တကယ်တမ်းတော့ အလုပ်တစ်ခုကို သတ်သတ်မှတ်မှတ်လုပ်စေချင်၍ဆိုတာ အစ်ကိုနားမလည်ခဲ့။ သူမပဲ မှားယွင်းသွား၍ဖြစ်ပါမည်။  အစ်ကိုမြတ်နိုးသော စာရေးဆရာ ဆိုသည့်ဂုဏ်ပုဒ်ကို သူမ ထိပါးခဲ့သည်လေ။ ပုတ်ခတ်ခဲ့သည်လေ။
ဒီချိန်ထိ မမေ့နိုင်ဘူးဆိုတာကိုလည်း အစ်ကိုသိနိုင်မထင်။ သူမအားစိတ်နာသွားသည်မှာ ကိုမောင်မောင့်ဆီ လာသည်ပင် မတွေ့တော့သည်အထိ။
ဖုန်းလေးပေါ်ဝယ် ပြေးလွှားနေသော လက်ချောင်းလေးတို့ကို အလန့်တကြားရပ်လိုက်မိသည်။ အစ်ကို့ကိုသတိရတိုင်း ဖုန်းခလုတ်လေးတွေနှိပ်မိမြဲ။ အခုတော့ ဖုန်းခေါ်မိသည်အထိဖြစ်သွားပြီ။ ဘုရားဘုရား ဖုန်းမဝင်ပါစေနဲ့။
ဒါမှမဟုတ် ဖုန်းဝင်ပြီး သူမအား ပြန်ဆက်သွယ်ပါစေ..လို့။
………….
ရုတ်တရက်မြည်ပြီးမှ ရပ်သွားသောဖုန်းလေးအား သူကြည့်လိုက်မိသည့်တခဏ အရာအားလုံးတိတ်ဆိတ်သွားသလိုလို။ ရင်ခုန်သံတွေပင် ရပ်တန့်သွားသလားထင်ရသည်ထိ။ သူ့မျက်ဝန်းထဲ ထော်လော်ကန့်လန့်မလေး ပြန်ပေါ်လာပြန်သည်။ သူမေ့နေပြီထင်သော မိန်းခလေး၏ ရုပ်သွင်သည် သူ့မျက်ဝန်းထဲဝယ် အတိတ်မှပန်းချီကားအဖြစ်မဟုတ်ပဲ အနာဂတ်အဖြစ်ထုဆစ်ပါဟုတောင်းဆိုနေသလိုလို ရှင်းလင်းပြတ်သားစွာမြင်နေရပြန်ပါသည်။
မင်းအတွက်ကိုယ် ရူးလျက်ပါပဲလား နတ်သမီးရေ။
သူ့သတ္တိတို့ကို ပြန်လည်စုစည်းလိုက်ပါဦးမည်။ သိပ်မကြာခင်တော့ နတ်သမီးဆီ တကြော့ပြန် ကြိုးစားပါဦးမည်။ ချစ်ခြင်းတို့ ဖွင့်ဟဖို့။ ဒီတစ်ကြိမ်တွင်ကော သူကံကောင်းနိုင်မည်လား။
လောလောဆယ်တော့ ဖုန်းပြန်ခေါ်ရင်း နတ်သမီး၏ အသံလေးကို အလွမ်းပြေ နားထောင်လိုက်ပါဦးမည်။
အလွတ်ရနေသည့် နံပါတ်လေးများအား လက်ချောင်းလေးများက ကျင့်သားရစွာ ဖုန်းခလုတ်လေးတွေပေါ် နှိပ်လိုက်ရင်း
စောင့်ဆိုင်းနေမိသည်က ……….ဟယ်လို ဖုန်းမှားနေပါတယ်..ဆိုသည့် တချိန်တုန်းကအသံပိုင်ရှင်မလေးကို။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဘာကိုမှမသိချင်သူ
September 24, 2011

1 comment:

phyothetkhaing said...

အားပေးသွားပါတယ်ဗျာ..

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်