Wednesday 26 October 2011

ပြန်ဆုံခွင့်ရှိပါရစေ

ရုက်တရက် ရင်ဝဆီမှ စူးခနဲ နာကျင်ဟန်နှင့် သူရင်ဘက်ကို လက်ဖြင့်အုပ်ကာ လဲကျသွားသည်။ သူ တအိအိဖြင့် လဲကျသွားသည်ကို ငေးနေသည့် အမျိုးသမီး ။ ထို့နောက် အထိတ်တလန့်ဟန်နှင့် သူမက သူ့အား ဆွဲထူရန်ကြိုးစားသည်။သို့သော် သူ့မျက်လုံးတို့ ဖွင့်ဟမလာတော့။ သူမ ပွေ့ချီလိုက်သည့် လက်ပေါ်ဝယ် လှုပ်ရှားမှုကင်းမဲ့စွာ ပါလာသော သူ့ ခေါင်း။ နောက် သည်းထန်စွာ ငိုကြွေးလိုက်သော သူမ။ ထူးထူးဆန်းဆန်း သူမ နားရွက်လေးဆီမှ အမည်းရောင် အမှတ်လေး။ ထို့နောက်ရုက်တရက် မြင်လိုက်ရသည်က  နံရံဆီမှ ပြက္ခဒိန်။ ၂၉-နိုဝင်ဘာ-့ ၂၀၀၈…တဲ့။
..
မက်နေကျ ၍ပဲ မလန့်တော့သည်များလား။ အိပ်မက်က လန့်နိုးခြင်းမဟုတ်ပါပဲ ကျင့်သားရစွာ အိပ်မက်မှ နိုးထလာသည်။ သည် အိပ်မက်သည် သူ သိတတ်ပါသည်ဆိုကတည်းက မက်လာသည့်အိပ်မက်။ အရာရာသည် တကယ်ဖြစ်နေသည့်အတိုင်း သူမြင်ခဲ့ရသော အိပ်မက်။ အသက် တစ်ဆယ့်ခြောက်နှစ်မှ မက်ခဲ့သော သည်အိပ်မက်သည်  သူ့ကို ထိုအမျိုးသမီး၏ မျက်နှာအားလည်း မြင်ခွင့်မပေးခဲ့။
တစ်လကို သုံးခါလောက်မက်တတ်သော ထိုအိပ်မက်သည် သူ့အား ကြောက်စိတ် မဖြစ်ပေါ်စေခဲ့ပါ။သို့သော် နားရွက်လေးတစ်ခုတွင်ရှိသော အမှတ်လေးတစ်ခုကိုတော့ သူ စွဲလမ်းစွာမြတ်နိုးတတ်ခဲ့သည်။ သူနှင့် သက်တူရွယ်တူမိန်းခလေးများတွေ့တိုင်း နားရွက်လေး၊ ဘယ်ဖက်နားရွက်လေးဆီဝယ် အမှတ်လေးများရှိမလားရယ် လို့ လိုက်လံရှာဖွေတတ်ခဲ့သည်။
 သူ ငယ်စဉ်တည်းက အိပ်မက်လေးတွေ မက်တတ်ခဲ့သည်။ သူ့အသက်ဆယ်နှစ်တွင် ဘေးအိမ်က လူကြီးအား ထီပေါက်ကြောင်းမက်သဖြင့် ထီထိုးခိုင်းခဲ့ဖူးသည်။ တကယ်လည်း ထီပေါက်ခဲ့သည်။ သူ့အိပ်မက်ထဲကအတိုင်း သိန်းနှစ်ဆယ်ဆု။

 သူ့ သူငယ်ချင်းတစ်ဦးအား ရေလမ်းခရီးရှောင်ရန် သတိပေးခဲ့သည်။ သို့သော် သူ့အိပ်မက်အတိုင်းပင် တားမရသည့်ကံက သူငယ်ချင်းဖြစ်သူအား ရေနစ်စေခဲ့သည်။ သည်လိုအိပ်မက်လေးများကြားဝယ် သှူုအသက်တစ်ဆယ့်ခြောက်နှစ်ပြည့်ည မှ စတင်မက်ခဲ့သော သည်အိပ်မက်ကတော့ အချိန်မှန်စွာ တစ်လလျှင် သုံးခါတော့မက်စမြဲ။
ကနဦးအိပ်မက်မှာတော့ သူ လန့်သွားခဲ့သည်။ ထို ၂၉-၁၁-၂၀၀၈ နေ့ဝယ် သူ့အသက်ကုန်ဆုံးလေမည်လား။ အတွေးများစါာနှင့်။ သို့သော် နှစ်တွေကြာလာသည်နှင့်အမျှ သူ့ရင်ထဲ စွဲလမ်းလာရသည်က ဘယ်ဖက်နားရွက်လေးဆီမှ အမှတ်လေးတစ်ခုသာ။
သူ့အိပ်မက်အကြောင်းကို မိဘနှစ်ပါးအား အသိမပေးလိုသဖြင့် မပြောခဲ့။ တော်ကြာ စိုးရိမ်စိတ်တွေ လွန်ကဲနေမည်စိုးသဖြင့်။ ကွယ်လွန်ပြီဖြစ်သည့်ဖေဖေလည်း သိမသွားသလို မေမေ့ကိုလည်း ဖွင့်မပြောဖြစ်ခဲ့သည်မှာ ယနေ့တိုင်ပင်။
“သားရေ..ထတော့လေ..ရုံးသွားရဦးမယ် မလား..ဒီနေ့ တနင်္လာလေ”
မေမေ့စကားသံကြောင့် ထရပ်လိုက်ရင်း မျက်လုံးက ကျင့်သားရစွာ ပြက္ခဒိန်ကိုကြည့်မိပြန်သည်။
အိုး…ဒီနေ့ ၂၉-၂-၂၀၀၈ ပါ့လား။ အိပ်မက်အကြောင်းသိဖို့ရာ တဖြည်းဖြည်းနီးလာချေပြီ။ အိပ်မက်၏ အဆုံးသတ်သည် ၂၉-၁၁- ၂၀၀၈ သေချာနေပြီဆိုလျှင် သူ အမှတ်မည်းလေးနှင့် တွေ့ဖို့ရာ နီးနေချေပြီ။
ရင်ထဲဝယ် လှိုက်ခနဲ ပျော်လာသည်။
“ဟဲ့သား..ထတော့လို့ မနက်စာလည်းစားရဦးမယ် ကိုယ်က ဌာနမှုးဖြစ်ပြီး ရုံးနောက်ကျနေရင် ရုံးသူရုံးသားတွေအမြင်မှာ မကောင်းဘူးနော်”
“ဟုတ် မေမေ ထပါပြီ”
မေမေ့သတိစကားကြားမှရုံးသွားဖို့ရာ သူ ပြင်မိချေတော့သည်။ ရင်ထဲမှာ တွေ့ဖို့ရာ နီးလာပြီ ဆိုသည့်အသိက အရာရာကို အယောင်ယောင်အမှားမှားဖြစ်နေစေသည်လေ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ဒီဌာနမှုး နိုင့်ကိုကြည့်ပြီး ပြုံးနေပြန်ပြီ။ နိုင် ဒီရုံးကို မလာချင်ပါလေ။ လာသည့်အခေါက်တိုင်း ထိုဌာနမှုး၏ ပြာယီးပြာယာဂရုစိုက်မှုက ရုံးသူရုံးသားတွေသတိထားမိသည်အထိပင်။နောက် နိုင် ကြားအောင် ပြောကြသေးသည်။ ဘာတဲ့။ ဌာနမှုးက လူပျိုကြီးတဲ့လေ။ သည်လောက် ရုပ်ချောပြီးသန့်နေသည့် ထိုလူသည် အဘယ့်ကြောင့်များ လူပျိုကြီးဖြစ်နေပါနည်း။ ထူးဆန်းချက်။ ကိုယ့်အတွေးကိုယ် ပြုံးမိရင်း နိုင် ထိုဌာနမှုးဘက် လှည့်ကြည့်မိလိုက်သည်။
ဟောတော်..အသံတိတ်ရေရွတ်မိရင်း ကပျာကယာခေါင်းငုံ့၇င်း ရေးလက်စ စာရင်းစာရွက်အား ကြည့်မိတော့ အခြစ်ရာတွေအများကြီး။ မည်မျှခြစ်ထားသည်ရယ်မသိ။ သူမ အားကြည့်ရင်း စာရင်းစစ်အတူတူလာသည့် မိနန်းနှင့် ကေသီတို့ ရယ်နေလေတော့ သူမလည်း ရှက်ပြုံးလေးပြုံးရင်း ..
“နန်း စာရွက်တစ်ရွက်ပေးဦး”
“နင် စာရွက်ယူတာ ဘယ်နှစ်ရွက်ရှိပြီလဲ..သိလား နင့်ဘေးလည်းကြည့် ကြည့်ဦး” ကေသီ၏ တီးတိုးစကားကြောင့် ကိုယ့်နံဘေးကြည့်မိတော့ ခြောက်ရွက်ပြည့်ချေပြီ။
ဒီတိုင်းခြစ်လက်စနဲ့ပဲ ခြစ်လိုက်ပါဟာ…စာရင်းတွေကို ငါနဲ့နန်းတို့သေချာ စစ်လိုက်ပါ့မယ်”
ထပ်မံပြောလာသော ကေသီ့ကို မျက်စောင်းထိုးမိရင်း နန်းထံစာရွက်ယူဖို့ရာကြည့်မိတော့
“ကေသီပြောတဲ့အတိုင်းပဲ ချစ်လိုက်ပါဟာ သနားပါတယ် စာရင်းတွေကို ငါနဲ့ ကေသီပဲလုပ်လိုက်ပါ့မယ်”
“ဟဲ့ နင်တို့တွေနော်..ကြားသွားမယ်..တော်ကြတော့”
မျက်နှာပူပူနှင့်ဟန့်တားစကားဆိုရင်း စာရွက်မတောင်းမိတော့။ ဒီလူကြီးကလည်း ဘာ့ကြောင့်များ ကြည့်နေရတာလဲ မသိပါဘူး။
……………………………..
ရုံးသူရုံးသားကိုယ်စီအလုပ်ရှုပ်နေသည့် စာရင်းရုံးလေးထဲဝယ် ကွန်ပြူတာရှေ့ထိုင်နေမိရင်း နိုင်စဉ်းစားမိသည်က သိပ်မကြာခင် သမရုံးတွေဘက် စာရင်းသွားစစ်ချေရဦးမည်လို့။
အဲ ဌာနမှုးအခန်းထဲက ထွက်လာသည့် ကေသီ့မျက်နှာမှာ ၇ယ်ချင်နေသည့်ဟန် အထင်းသားပေါ်လွင်နေသည်။
“ဟဲ့သတင်းထူးဟေ့..နန်းရေ.လာဦး..ဒီလာဦး”
နိုင့်ဘေးဝယ် ထိုင်ရင်း ကေသီက မိနန်းကိုပါ ခေါ်ပြန်သည်။
“ဘာတုန်း..ကေသီရဲ့ ပြောပါဦးဘာသတင်းထူးလဲ”
နန်းအမေးဝယ် နိုင်လည်း စိတပ်ါဝင်စားစွာ နားစိုတ်မိရင်း….။
“နားရွက်မှာ အမှတ်မည်းနဲ့ ကောင်မလေးကို သူတို့ဆီ စာရင်းစစ်ဖို့ လွှတ်ပေးပါ..တဲ့”
ကိုယ့်နားရွက်တောင် ကိုယ် ယောင်ယမ်းစမ်းမိလိုက်သလိုလို။ နိုင့်ဘယ်ဖက်နားရွက်လေးဝယ် အမှတ်မည်းလေးတစ်ခုပါဝင်ပေသည်။ သိပ်အရုပ်မဆိုးသဖြင့် တကူးတက ဆံပင်တို့ဖြင့် မဖုံးအုပ်မိ။
“ဘယ်သူက လွှတ်ခိုင်းတာလဲ ကေသီရဲ့..နင်ကလဲ စကားကိုဆုံးအောင်မပြောဘူး”
“အေးလေ” နန်းစကားကို နိုင်ပါ ထောက်ခံလိုက်မိရင်း
“ဟဲ့..ဒါတောင်မသိကြဘူးလား..လူပျိုကြီးလေ..ဌာနမှုးလူပျိုကြီးက တောင်းဆိုတာပါရှင်…ဒို့ပထမခေါက်ပြီးတည်းကတဲ့ လစဉ်လတိုင်း ဒို့အဖွဲ့ကိုပဲ လွှတ်ဖို့ပြောတာတဲ့ တကယ်က လတိုင်းစစ်ဖို့မှ မလိုတာ ဟုတ်တယ်မလား အေး..အဲ့ဒါကို စာရင်းကို လစဉ်စစ်ပေးပါ ဆိုပြီး ငါတို့အဖွဲ့ကိုပဲတောင်းဆိုတာတဲ့တော်”
ကေသီ့စကားကြောင့် လူပင် ထူပူသွားချေပြီ။
“ဒါပေမဲ့ ဒီတခေါက်ကျ ဌာနမှုးက သုံးယောက်လုံးမလွှတ်နိုင်ဘူးပြောတော့ နားရွက်မှာ အမှတ်မည်းနဲ့ကောင်မလေးကိုတော့ ဆက်ဆက်လွှတ်ပေးပါတဲ့..ငါ့နားနဲ့ ဆက်ဆက်ကြားတာနော်..ဌာနမှုးကလည်း ဒီတစ်ခါပဲ ဖုန်းကို ဘောက်ဖွင့်နားထောင်လိုက်တာ”
…………………….
ဒီနေ့ရုံးပိတ်သည်မို့ မနက်ရှစ်နာရီမှ ထဖြစ်တော့သည်။  တကယ်တမ်းကတော့ ခုနှစ်နာရီတည်းက နိုးနေသောငြား မနေ့က ကေသီပြောသည့် စကားတို့အား ပြန်လည်စဉ်းစားမိနေခြင်းပင်။ ခက်ပါရဲ့။ ဘယ်လိုလူကြီးလည်းမသိ။ မိန်းကလေးတစ်ယောက်ကို ချစ်သည်ဆိုလျှင်လည်း ဖွင့်ပြောရဲသည့် သတ္တိရှိရချေမည်။ ခုတော့ ထိုလူကြီး နိုင့်အနားးပင်မလာခဲ့။ ပြတင်းတံခါးအားဖွင့်မိစဉ် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားမိသည်။
ဟိုလူကြီး။ ဌာနမှုးလူပျိုကြီး။ နိုင်တို့ ဘေးအိမ်မှ ကျော်ကိုနှင့် စကားပြောနေဟန်ထင့်။
သံဇကာသာ ကပ်ထားသော ကျော်ကိုတို့ ဧည့်ခန်းလေးအား ဘေးတိုက် နိုင့်အိပ်ခန်းလေးမှ အထင်းသားမြင်နေရသည်။ တံခါးကိုအသာလေးဟကာ ချောင်းကြည့်နေလိုက်ရင်း တွေးလိုက်မိသည်က ဒီလူကြီး ကျော်ကို့ဆီ ဘာများလာလုပ်သလဲလို့။
ဟော သဇင်က ကော်ဖီခွက်လေးအား ဌာနမှုးရှေ့ ချလိုက်သည်။

“ငါ့ညီမရေ သူနဲ့ငါက သူငယ်ချင်း အရင်းကြီးဟ အဲ့လောက်အားနာမနေနဲ့”
“ငါ့မိန်းမကို မင်းအကြောင်းပြောပြထားတယ် လှိုင်ဦး ရ”
အော..သူ့နာမည်က လှိုင်ဦးတဲ့လား။ စာရင်းစစ်တုန်းက ထိုလူကြီးနာမည်မေးလျှင်ပိုစမည်စိုးသောကြောင့် နာမည်မသိခဲ့ရ။ ခုမှသိရသည်။လှိုင်ဦး တဲ့လား သူ့အကြောင်းတွေ သဇင့်ကိုပြောပြထားတယ်ဆိုပဲ။ နေနှင့်ဦး။ ပြီးမှသဇင့်ကိ ညှင်းပြီးမေးဦးမယ်။ အဲ ငါက ဘာလို့မေးရမှာလဲ။ ကိုယ့်အတွေးကိုပြန်ရှက်မိရင်း သူတို့ဆီကိုဆက်ချောင်းမိပြန်သည်။
“အေး ကျော်ကို ငါလာပြောတာက မင်း သုံးလဆက်တိုက် ထီကို ၂၄စောင်ပါတဲ့ ရှစ်ထောင်တန်တစ်အုပ်ထိုးစမ်းပါ သုံးလပဲ မင်းဆီမရောက်တာလည်းကြာလို့ ဒါလေးလည်း ပြောချင်လို့ ငါလာလိုက်တာ”
“အဟား….ဟေ့ရောင်ကြီး မင်းမြန်မြန်မင်္ဂလာဆောင်ကွာ..ငါထီပေါက်ပြီးရင် မင်းကို လက်ဖွဲ့ကောင်းကောင်း လက်ဖွဲ့ပေးမယ်”
ကျော်ကို ပျော်သွားပုံက အထင်းသား။ သဇင်လည်း ပျော်သွားဟန်နှင့်။ ဒီလူကြီးစကားက ဘာများထူးခြားနေပါလိမ့်။ တော်ပါပြီ ရေချိုးလိုက်ဦးမယ်။ မျက်နှာကိုမသစ်ရသေးဘူး။ ဒီလူကြီးမြင်လိုက်တာနဲ့ ချောင်းနေမိတာ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ဟာ..ရင်ထဲဝယ် လင်းခနဲ။ သူများအကျိုးဆောင် ကိုယ့်အကျိုးအောင်ပြီထင့်။ နားရွက်မည်းလေး။ အဲ မဟုတ်ပါဘူး။ နားရွက်မှာ အမည်းရောင်အမှတ်နှင့်ကောင်မလေး။
ဒန်းလေးပေါ်ဝယ် စိတ်အေးလက်လူ စီးနေပုံက သူမ၏ အိမ်လေးမှန်းသိသာစေသည်။
“မိန်းမ လဲ့လဲ့နိုင်ဆီ မေးစရာရှိဆို ဟော ဟိုမှာထိုင်နေတယ်သွားမေးပါ့လား”
လှလိုက်တာ။ နာမည်လေးက လဲ့လဲ့နိုင် တဲ့လား။ အိမ်နေရင်းမို့ မိပ်ကပ်မလိမ်းသည့်မျက်နှာလေးက သနပ်ခါးပါးကွက်ကြားလေးနှင့် တင့်တယ်နေသည်။ ရုံးဝတ်စုံနှင့် မဟုတ်ပဲ ဂါဝန်ရှည်လေးဝတ်ထားသည်မှာ အသက်နှစ်ဆယ်ကျော်ဟုထင်ရက်စရာကိုမရှိ။ ဆံပင်များဖြန့်ထားသည်မှာ ခေါင်းလျှော်ပြီးစမို့ထင့်။ ထိုဆံပင်ရှည်ပေါ်ဝယ် လေနှင်ရာလွင့်လာသည့် သစ်ရွက်ခြောက်လေးကပ်နေသည်မှာ သစ်ရွက်ခြောက်လေးပန်ထားသည့်နှယ်။ ချစ်ဖွယ်ကောင်းပါဘိ။
“ဟာ..ဧည့်သည်မဟုတ်ဘူး..စိတ်မပူနဲ့ ငါ့သူငယ်ချင်းအရင်းကြီးပါဟ”
ဘယ်လောက်တောင် ထိုမိန်းကလေးထံ နစ်ဝင်သါားသည်မသိ။ ကျော်ကို့စကားသံကြားမှ လက်ရှိအချိန်ကို အသိတို့ ဝင်လာသည်။
“ရတယ်..ညီမ ကိစ္စမရှိဘူး..အစ်ကိုလည်း တော်ရုံနဲ့ပြန်ဦးမှာမဟုတ်သေးဘူး”
သူ့စကားကြားမှ ကျော်ကို့မိန်းမက နားရွက်မည်းလေးထံသွားတော့သည်။
..
“ကျော်ကို ငါ့အိပ်မက်ထဲက အမည်းရောင်အမှတ်လေး ငါတွေ့ပြီ”
ကျော်ကို၏ အံ့အားတသင့်အကြည့်ကို လျှစ်လျှူရှုမိရင်း
“တယ်တမ်းတွေ့တာက လွန်ခဲ့တဲ့ ခြောက်လကပါကွာ မှတ်မှတ်ရရ ၂၉၂-၂၀၀၈ တဲ့”
“ဒါဆိုမင်း”
စကားစရန်ပြင်နေသော ကျော်ကို့အား လက်ကာပြကာ တားလိုက်မိသည်။
“ခု သူ့နေရပ်လိပ်စာလည်း ငါသိပြီ ခုမင်းမိန်းမနဲ့စကားပြောနေတဲ့ ကောင်မလေး..အဲ့ကောင်မလေးက ငါ့အိပ်မက်ထဲက ကောင်မလေးပဲ”
“ဟုတ်ရဲ့လားကွာ”
“ဟုတ်ပါတယ် အသေချာဆုံးက သူ့နားရွက်က အမှတ်မည်းလေး”
သူ့ကို သေချာသွာစိုက်ကြည့်လာသော ကျော်ကို့အား အင်အားမဲ့စွာပြုံးပြမိရင်း
“ငါ သူနဲ့ရင်းနှီးဖို့ မကြိုးစားခဲ့ဘူး…ဟုတ်တယ် သူဘယ်မှာနေတယ်ဆိုတာ သိဖို့ မကြိုးစားခဲ့ဘူး တစ်ခုပဲရှိတယ်သူ့ကိုတွေ့ပြီးတည်းက တစ်လတစ်ခါတွေ့ခွင့်ရအောင် ကြံမိတာတော့ရှိတယ်.. ခုကတော့ ကံကသူဘယ်နေရာမှာနေတယ်ဆိုတာ ငါ့ကို အသိပေးတာထင်တယ် ငါ မငြင်းပယ်ချင်တော့ဘူး သူ နဲ့ လက်ထပ်ခွင့်မရမှာသေချာနေပေမဲ့ သာမန်ခင်မင်သူတစ်ယောက်အနေအထားမျိုးတော့ နေလိုက်ချင်သေးတယ်”
“လာကွာ…ငါ မိတ်ဆက်ပေးမယ် သူငယ်ချင်းပေါ့..မင်းပဲ သူငယ်ချင်းဖြစ်ချင်တယ်ဆို အိပ်မက်ရဲ့ အဆုံးသတ်ကိုတော့ မေ့ထားကွာ”
သူ ငြင်းဆန်ဖို့ရာ အင်အားမဲ့ရင်း…
………………………………………………………………….
“နိုင် အစ်ကိုမေးဦးမယ် နက်ဖြန်ဘယ်သွားစရာရှိလဲ”
“မရှိပါဘူး..ဘာ့လို့လဲ”
“ဒါဆို အစ်ကိုပြောတာ သေချာနားထောင်နော် နက်ဖြန်ဘယ်မှ မသွားနဲ့ ရုံးလည်းရုံးပိတ်ရက်ဆိုတော့ အိမ်မှာ တနေကုန် ပုတီးစိပ်နေ နေနိင်ပါ့မလား”
သူ့အမေးစကားကို နိုင်က မျက်လုံးလေးထောင့်ကပ်ရင်း အမေးနှင့်ပြန်ဖြေသည်။
“ဘာ့လို့လဲ..နေတာကနေနိုင်ပါတယ်”
“ဘာပဲဖြစ်ဖြစ် မထွက်ပါဘူးလို့ အစ်ကို့ကို ကတိပေး..ပေးမှာလား”
“ဟုတ်”
ချစ်စဖွယ် ခေါင်းလေးငြိတ်လိုက်သော နိုင့်အားကြည့်ရင်း ပြုံးမိပြန်သည်။ ချစ်လိုက်တာ နိုင်ရယ်။ ဒါပေမဲ့ အစ်ကိုက ဖွင့်ပြောခွင့်မရှိသူပါ။ နောက်လာမဲ့ နှစ်လလောက်ဆို အစ်ကို အားလုံးကို နှုတ်ဆက်ရတော့မယ်။နှုတ်ဆက်ရဖို့ သေချာနေတယ်။ အရင်က မကြောက်ခဲ့တဲ့ အဲ့ဒီအိပ်မက်ကို အစ်ကို ခု ကြောက်နေရပြီ နိုင်။ ရလေလိုလေ အိုတစေ တဲ့။ နိုင့်ရဲ့ အရယ်အပြုံးလေးတွေ ဖောဖောသီသီရပြီးတဲ့နောက် လက်တွဲချင်လာတာ အစ်ကို့ဆန္ဒအမှန်။ ဒါပေမဲ့ ဘယ်လိုဖွင့်ပြောရက်မလဲကွယ်။
တဖြည်းဖြည်းနီးကပ်လာတဲ့အချိန်တွေအတွက် ကြောက်နေမိပါတယ် ဆိုရင် နိုင်ယုံပါ့မလား။
………..
“အစ်ကို ဟိုတနေ့က အိမ်ပြင်မထွက်ခိုင်းတာလေ..သိလား..အဲ့နေ့က ကေသီရယ် နိုင့်ကို ဈေးဝယ်ထွက်ဖို့လာခေါ်တယ် နိုင်မလိုက်ဘူးငြင်းလို့ စိတ်ဆိုးသွားတယ် အဲ့နေ့က သူ စီးသွားတဲ့ကာီးးချော်လို့ မှောက်မလိုဖြစ်သွားသေးတယ် တဲ့ တော်သေးတာပေါ့ အစ်ကိုတားပေလို့”
ဖုန်းထဲမှကြားနေရသည့် နိုင့် ချစ်စဖွယ်အသံလေး။ သိပ်မကြာခင် နှုတ်ဆက်ရတော့မည်။ သူ သွားဖို့ရာနီးနေပြီ။ အိပ်မက်ထဲကလို သူလဲကျခါနီး နိုင်ရောက်လာမှာကြောက်သည်။ ကြောက်လှပါသည်။ နိုင်သည်လည်း သူ့အား သံယောဇဉ်စွန်းထင်လေသည်ပဲ။ မခံစားစေချင်ပါလေ။
မျက်ဝန်းက နံရံဆီရောက်ရှိသွားမိသည်။ ရှင်းလင်းပြတ်သားစွာ မြင်နေရသည့် ပြက္ခဒိန်လေးကတော့
၁၁ နိုဝင်ဘာ ၂၀၀၈…..တဲ့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
မိဘနှစ်ပါးလုံး သမဝန်ထမ်းဖြစ်ပါလျက် နိုင်က ထူးထူးခြားခြား စာရင်းရုံးဝယ် အကြီးတန်းစာရေးဖြစ်နေသည်မှာ ရယ်တော့ရယ်ချင်စရာ။ ခုတော့လည်း မေမေနှင့်ဖေဖေ နှစ်ယောက်လုံးပင်စင်ယူလို့ အိမ်ဝယ် အေးအေးလူလူနားနေချေပြီ။
သဇင်နှင့်ကျော်ကိုလည်းနယ်ပြန်သွားချေပြီ။ ထီပေါက်ပြီးတည်းက မြန်မာတစ်နိုင်ငံလုံးအနှံ့ ဘုရားဖူးဟန်ထင့်။ နယ်မှ ခုထိကိုပြန်မလာသေး။ ဌာနမှုးလူပျိုကြီး အစ်ကိုလည်း ဒီနေ့ ဖုန်းမဆက်။ နိုင့်ကိုချစ်သည် ဟုသေချာနေပါလျက် ဖွင့်မပြောသေးသော အစ်ကို့ကိုကြည့်ရင်း တစ်ခါတစ်ခါ နိုင်ကပင်
စပြီးဖွင့်ပြောချင်မိသည်ထိ။
ရောက်တတ်ရာရာအတွေးများနှင့် ငေးနေသော နိုင့်မျက်ဝန်းဝယ် မြင်လိုက်ရသည်က အူယားဖားယားပြေးဝင်လာသောသဇင်။
………….
မဟုတ်ဘူး..မဟုတ်ဘူးနော်..အဲ့ဒီအိပ်မက် မှားပါစေ။မှားပါစေ။ အစ်ကိုရေ ဒီနေ့ကိုကြိုသိနေလို့ ဖွင့်မပြောဖြစ်ခဲ့တာတဲလား။ မဟုတ်သေးဘူးနော်။
“သူ့အိပ်မက်က ဖြစ်လည်းဖြစ်နိုင်တယ်..သူ့မှာ heart attack ရှိတယ်တဲ့”
သဇင့်ပြောစကားအား နားထဲကြားယောင်မိပြန်သည်။ ဒီချိန်အစ်ကို ဘယ်မှာရှိမလဲ။ ရုံးပိတ်တော့ အိမ်မှာလား။ အိမ်မှာ အစ်ကို့အမေ စိတ်မချမ်းမသာဖြစ်အောင်တော့ မလုပ်လောက်ပါဘူး။ ရုံးမှာပဲဖြစ်မယ်။ ရုံးပိတ်ပေမဲ့လည်း ရုံးထဲပဲနေလောက်ပါတယ်။
ကယောက်ကယက်အတွေးများနှင့် ပူလောင်နေမိပြီ။ မောင်းနေသည့်တက္ကစီသမားကိုပင် တမင်အနှေးမောင်းသည် ထင်မိသည်ထိ။ ရုက်တရက် အကြည့်ရောက်မိသွားပြန်သည်က ဒက်ရှ်ဘုတ်ပေါ်ဝယ်တင်ထားသောခေါက်ပြက္ခဒိန်လေး။ ၂၉နိုဝင်ဘာ ၂၀၀၈ တဲ့။
မြန်မြန်မောင်းပါ။မြန်မြန်မောင်းပေးပါ။ စိတ်တွင်းမှ အသံကုန်မြည်ဟီးနေသောငြား အပြင်ထွက်မလာ။
တက္ကစီသမားကိုပင် ငွေမချေအား။ ရုံးခန်းထဲသို့ဝင်လိုက်မိချေပြီ။ အစ်ကို ရုက်တရက် ရင်ဘက်ကို အုပ်လိုက်သည့်အစ်ကို။ တအိအိ ပြိုဆင်းကျသွားချေပြီ။
အိပ်မက်ထဲကလို မငိုအားပါ။ ဆေးရုံသို့ အမြန်ရောက်လျှင် အသက်ချမ်းသာရာရနိုင်သေးသည်။ တက္ကစီသမားအား အလျှင်အမြန်လှမ်းခေါ်ရင်း အစ်ကို့ကိုပြေးပွေ့လိုက်မိပြီ။
….
အစ်ကို ပြန်ဆုံဖြစ်ဦးမှာပါ။ ပြန်ဆုံဖြစ်ဦးမှာပါနော်။ အစ်ကို့ခေါင်းကို ပွေ့ချီမိတော့ မလှုပ်မယှက်ပါလာသည်။
အစ်ကိုရေ..အရင်မသွားနဲ့ဦးနော်။ ရင်ထဲက မြည်ဟီးသံ အစ်ကိုကြားလေမလား။
ရင်ထဲက ငိုကြွေးသံ အစ်ကို ကြားနိုင်လေမလား။  ဟော အရှေ့မှာ ဆေးရုံ။ ရန်ကုန်ဆေးရုံကြီး ရောက်ချေပြီ။

ပြန်ဆုံခွင့်ရှိပါရစေ။ ပြန်ဆုံခွင့်ရှိပါရစေ။
အစ်ကို့ကို ချစ်တယ်ဆိုတာလေးတော့ ဝန်ခံလိုက်ချင်သေးတယ်။ အချစ်ခြင်းညီနေတဲ့ အစ်ကိုနဲ့ နိုင် ချစ်သူအဖြစ် နေချင်ပါသေးတယ်။
ဆရာဝန်တွေ လက်ထဲ ပါသွားသော အစ်ကို့အားကြည့်ရင်း နိုင် ရှိုက်ကြီးတငင် ငိုကြွေးမိချေပြီ။ ဆုံးရှုံးလု အသက်ကို ဆရာဝန်တွေ ဆွဲဆန့်နိုင်ပါစေ။ ဆွဲခေါ်နိုင်ပါစေ။ နိုင်နှင့် အစ်ကိုတို့ ပြန်ဆုံခွင့်ရှိပါရစေ။
ရွှေတိရုံစေတီတော်ကြီးအားစိတ်ထဲမှ လက်အုပ်ချီရင်း ဆုတောင်းနေမိသည်က တစ်ခုတည်းသာ။
ပြန်ဆုံခွင့်ရှိပါရစေ…လို့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရည်ဝေ
၂၆ အောက်တိုဘာ ၂၀၁၁

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်