Sunday 9 October 2011

လည်ပတ်နေသော

“ကန်စွန်းတစ်စည်း ဘယ်လောက်လဲ သမီး”
အရှေ့က အန်တီ၏ အသံချိုချိုလေး။ ရွှေတွေလည်း ဝတ်ထားလိုက်တာများ ညွတ်လို့။
“တစ်စည်း ငါးဆယ် ပါ…”
အသီးအရွက်ရောင်းသူ ကောင်မလေး၏ ဖြေသံအကြား
”အိုအေ..ညည်းတို့ကလည်း ဈေးကြီးလိုက်တာ…သုံးစည်းတစ်ရာထားအေ”
“မရလို့ပါ အန်တီရယ်….”
“ထားလိုက်ပါအေ…..သံပုရာသီးတစ်လုံးကောဘယ်လောက်လဲ”
“တစ်လုံးငါးဆယ်ပါ”
“အင်း..သံပုရာသီး သုံးလုံးနဲ့ ကန်စွန်းရွက် သုံးစည်း နှစ်ရာ့ငါးဆယ်ထားလိုက်”
စကားတို့ အချေအတင်ပြောအပြီး ကောင်မလေး ခေါင်းငြိမ့်လိုက်သည်။ ထိုအန်တီထွက်သွားတော့မှ ကောင်မလေးက
“ဈေးဦးမကျိုးချင်လို့ လျှော့ပေးလိုက်တာပါ..အစ်မရယ်”
ကျွန်မအားကြည့်ရင်း ကောင်မလေးက ခပ်လျော့လျော့စကားဆိုသည်။။
ခေါင်းငြိမ့်ကာ ပြုံးပြရင်း အသီးအရွက်ရွေးရန်ကောင်မလေးရှေ့ဝယ် ထိုင်ချလိုက်သည်။
………………...
မုန့်ဟင်းခါးဆိုင်ဝယ် အသုပ်ဝယ်ရန်ဝင်တော့ ထိုအန်တီနှင့်တွေ့ပြန်ပါသည်။ ကန်စွန်းရွက်ကို ဈေးဆစ်သော ထိုအန်တီ။
“ကျွန်မသမီးက ဦးပိုင်က ကျောက်မျက်မှာအလုပ်လုပ်တာလေ..တစ်လ နှစ်သိန်းကျော်ဝင်တယ်”
“အော်..ဟုတ်..အစ်မ ဝင်ငွေကောင်းတော့ ကောင်းတာပေါ့ရှင်”
မုန့်ဟင်းခါးသည် အန်တီကြီး၏ ထောက်ခံစကားတချို့။
“ကျွန်မယောင်္ကျားက ...xx၀၀xxx၀၀၀xx....”
အော်..ကြွားတတ်လေခြင်း။ တကယ်ပါပဲ။ အဆိုတော်ဘာဘူရဲ့သီချင်းတောင်နားထဲ ပြန်ကြားနေမိသလိုပဲ။

“ခုခေတ်လူငယ်တွေက rap ကြိုက်တယ်..ခွေးကိုက်တဲ့အကြောင်းလည်း rap လို့ကွယ် ထမင်းစားတဲ့အကြောင်းလည်း rap လိုက်မယ် စားပြီးကျန်တဲ့အရိုးကို ခွေးကိုက်တယ်
ဝတ်ထားတာက ပြောင်ပြောင်လက်လက်သူဌေးဂိုက်ကွယ် ဟန်းဖုန်းကိုင်ပြီး ညဈေးတန်းမှာ ဈေးလိုက်ဝယ်
ကန်စွန်းရွက်ကို ဘယ်လောက်လဲလို့မေးလိုက်တယ်..ငါးကျပ်တစ်ဆယ်လျှော့ပေးလိုက်မှ ဈေးကိုက်တယ်”
အမ်း..ရုက်တရက်သီချင်းသံကိုတောင် နားထဲ ကြားလိုက်မိသလိုလို။ ဟုတ်တာပ။ မုန့်ဟင်းခါးဆိုင်နှင့်မျက်စောင်းထိုးရှိ လဖက်ရည်ဆိုင်က ထိုသီချင်းအားဖွင့်လိုက်ခြင်းပင်။
မုန့်ဟင်းခါးရောင်းသူအန်တီလည်း အနည်းငယ်မျက်နှာညိုနေချေပြီ။ ကျွန်မရှေ့တွင်ပင် ဟင်းရည်တောင်းတာ နှစ်ခါရှိပြီဖြစ်သည်လေ။ ကျွန်မ ပိုက်ဆံရှင်းပြီးထွက်လာသည့်တိုင် ထိုအန်တီမှာ မပြီးသေး။ တရှုးရှုးတရှဲရှဲဖြင့် ဟင်းရည်သောက်ကောင်းဆဲ။
…………………………………………………………………………………………………………..
“အစ်မရယ် လျှော့ပေးလို့မရလို့ပါ..”
နှုတ်က စကားဆိုရင်း မနက်ခင်းကတွေ့ခဲ့ရသော အသီးအရွက်ရောင်းသည့်မိန်းခလေးအား ကိုယ်ချင်းစာမိပြန်သည်။
တကယ်ပါ။ ဒီလိုအထည်ကောင်းလေးတွေကိုရဖို့ ဖောက်ထုပ်တန်းမှာမနည်းရွေးခဲ့ရသည်။ ချွေးတလုံးလုံးနှင့် အပြန်ဘက်စ်ကားပေါ်တင်တော့လည်း ဘက်စ်ကားဆရာနှင့် ဈေးအနည်းအများ မနည်းညှိရသည်လေ။ ဆိုင်ခန်းခ၊ ရေဖိုး၊ မီးဖိုးနှင့် ဒီလောက်မှ မရောင်းရင် ကျွန်မ ဘာသွားစားရတော့မည်လဲ။
သို့သော်လည်း လျှော့ပေးလိုက်ရပြန်သည်လေ။ သူက စောစောစီးစီး ဈေးစခင်းချိန်မှာမှ လာဝယ်သည်ကိုး။ ဈေးဦးကျိုးသွားမှာစိုးသောကြောင့်လျှော့ပေးလိုက်ရသော ငွေတစ်ထောင် ထိုအစ်မအတွက်တော့ တန်ဖိုးရှိလိမ့်မည်မထင်။ ကြည့်ရုံနှင့်သိသာနေသည်က ငွေကြေးသုံးနိုင်သည့် လူတန်းစားထဲကဖြစ်ကြောင်းကို။ သို့သော် ကျွန်မအတွက်ကတော့ အတော်ပင် နင့်သွားပါသည်လေ။
အထည် သုံးထည်လောက်တော့ ဝယ်ရသည်လေ။
ဆိုင်သိမ်းတော့ ည ၁၀ နာရီပင်ကျော်ချေပြီ။ ညနေ လေးခွဲကတည်းက ခင်းပြီးရောင်းလိုက်တာ ဆိုင်သိမ်းချိန်ထိ ဆယ်ထည်ကျော်သာရောင်းရသည်။ ဒါဆိုလျှင် သိပ်တော့မဆိုး။ တစ်ရက် နှစ်ထောင်နှုန်းနှင့် စုသည့်စုဗူးထဲ ထည့်နိုင်ပေလိမ့်မည်။ ဟော အမေနှင့်အဖေ လာကြိုချေပြီ။  ဒီတစ်လတော့ အမေ့ကို ငါးသောင်းကျော်တန် နားကပ်လေးဖြစ်ဖြစ် ပန်ပေးရလျှင်ကောင်းမည်။ စုဗူးလေးဖောက်တဲ့အချိန် ပြည့်နေပါစေဟုသာ။ အလုပ်ပါးသည့်အခါ စုဗူးထဲ မထည့်သည့်ရက်တွေလည်းရှိသည်လေ။
“အဖေကလည်း မနက်လည်း အလုပ်သွားရမဲ့ဟာကို လာမကြိုပါနဲ့လို့ ပြောထားသားနဲ့”
“သြော် သမီးရယ် ဒီလောက်ညဥ့်နက်နေတာကို နင့်အမေနဲ့နင် နှစ်ယောက်တည်း ငါစိတ်မချပါဘူးဟာ နီးနီးလေးပေမဲ့ ပြောလို့ရတာမဟုတ်ဘူး ခေတ်ကိုက မကောင်းတဲ့သူတွေ ပေါများနေတာ”
“ဟုတ်”
“ပေး အဖေ့ကို အဲ့ဒီအထုပ်”
“ရပါတယ်အဖေရဲ့..သမီးနိုင်ပါတယ်”
“ရော့ ဒီ ပိုက်ဆံအိတ်ကို ရှင်လွယ်လိုက်..ငွေတွေသိန်းဂဏန်းပါတယ်နော်”
“အဟီး..သိန်းကျော်ပါရင်ကောင်းမယ် အမေရာ”
ပြောရင်း ရယ်လိုက်မိတော့ အမေနှင့်အဖေပါ လိုက်ရယ်တော့သည်။
…..
အဖေက ဒီချိန်ဆို ကားမောင်းဖို့သွားချေပြီ။ အရာရှိကြီးတစ်ဦး၏ ကားကိုမောင်းသောအဖေသည် မနက်ခင်း ခြောက်နာရီခွဲကတည်းက အိမ်မှ ထွက်ရသည်လေ။ အလုပ်ဆင်းတော့ ည ခုနှစ်နာရီ။ အလုပ်နားရက်ကလည်း တစ်ပတ်လျှင် တစ်ရက်မျှသာ။ ငွေကျတော့ တစ်လမှ ခြောက်သောင်းတည်း။ အိမ်ရှင်မသတ်သတ် အမေကတော့ အဖေ့မနက်စာအတွက် မနက် ငါးနာရီတည်းက ပြင်ဆင်ရသည်လေ။ ကျွန်မကလည်း ထိုအချိန်ဆို နှစ်နှစ်ခြိုက်ခြိုက် အိပ်တုန်း။
ဒီနေ့ စုဗူးဖောက်တော့ ဝမ်းသာစရာ။ တစ်လခွဲစုထားသောစုဗူးသည် ခုနှစ်သောင်းအတိပါပဲ။
အမေ့အတွက် နားကပ်တစ်ရန်တော့ ရချေပြီ။ အပေါင်ဆုံးဆိုင်က အပေါင်ဆုံး ဒုံးကောင်းကောင်းလေးဝယ်ပေးရမည်။ အသစ်ဆိုလျှင် လက်ခလည်း ရှုံးသည်။ အလျော့တွက်လည်းရှုံးသည်လေ။
မနက်ခင်းဈေးသွားတော့ အခါတိုင်းတွေ့နေရသည့် အန်တီကြီးအားမတွေ့ရ။ မှတ်မှတ်ရရ သတိရလိုက်မိသေးသည်။ ဘာလို့ဆို ကျွန်မနှင့် သူက အမြဲလိုလို ရှေ့ဆင့်နောင်ဆင့် ဈေးဝယ်သူဖြစ်တတ်ပြီး သူ့အသံချိုချိုနှင့် ဆစ်သမျှ အမြဲကြားနေရသည်ကိုး။
“အဟီး..အစ်မ ဒီနေ့ ဟိုအန်တီကြီး မတွေ့ဖြစ်ဘူးသိလား”
အသီးအရွက်ရောင်းသည့်ကောင်မလေး၏ မှတ်မှတ်ရရ ပြောစကား။
မုန့်ဟင်းခါးဆိုင်ရောက်တော့လည်း မုန့်ဟင်းခါးဆိုင်က အန်တီကြီးက သူ့သမီးအားပြောနေသံ ကြားရပြန်သည်။
“လာနေကျ ဒေါ်ကြွားစိန်ဒီနေ့မလာပါ့လား သမီးရေ” ..တဲ့။
ထိုအန်တီသမီးကတော့ ရယ်နေပြန်သည်။ သူမလည်း ရယ်မိပြန်သည်။ ဒေါ်ကြွားစိန် တဲ့လား။ ဖြစ်သေးပါဘူး။ မြန်မြန်စားပြီးပြန်မှ။ အမေ အဖေ့ထမင်းချိုင့်အတွက် ချက်ဖို့ နောက်ကျနေဦးမယ်။ ကိုးနာရီမထိုးခင်သွားပို့ပါမှ အဖေနှင့် တိုက်ရိုက်တွေ့ရသည်လေ။
…………
အဲ..မြင်လိုက်ရသည်က ထိုအန်တီ။ အပေါင်ဆိုင်ထဲဝယ်ပစ္စည်းလာပေါင်သည်ထင့်။
“အန်တီ ဒီပစ္စည်းက တစ်သိန်းမရနိုင်ဘူး..ရှစ်သောင်းပဲရမယ်”
ပြောသည့် ဆိုင်ရှင်ူငယ့်အသံကလည်း ပြတ်ဘိခြင်း။
“တိုးပေးပါသားရယ်…အန်တီ့မှာလည်း တစ်သိန်းမရရင်မဖြစ်လို့ပါ“
“တကယ်မရလို့ပါ အန်တီ… ညီမ ဘာလိုချင်လို့ပါလဲ”
ထိုအန်တီကြီးအားပြောရင်း သူမအားလှည့်မေးလိုက်သော ထိုလူရွယ်…
“နားကပ်ကြည့်ချင်လို့ပါရှင်..လူကြီးတွေ ဝတ်တဲ့ပုံစံမျိုးထဲက ငါးသောင်းခွဲကနေ ခြောက်သောင်းခွဲကြားကြည့်ချင်လို့ပါ”
“ဟို..သား..ဒါဆိုလည်း ရှစ်သောင်းပဲ ယူသွားမယ်ကွယ်..ဘယ်တတ်နိုင်မလည်း ဒီလောက်ပဲရတာကို”
ထိုအန်တီကြီးစကားကြောင့် ထိုလူရွယ် အန်တီကြီးနားရောက်သွားရင်း စားရေးမထံလှမ်းပြောသည်က
“နုနုရေ..ဒီညီမကို နားကပ်လေးတွေပြလိုက်ပါဦး”
“ဟုတ်ကဲ့..အစ်ကိုလေး” ဆိုသံနှင့်အတူ ထိုအရောင်းစာရေးမလေးက ကျွန်မရှေ့ရောက်လာသည်။
သိပ်မကြာခင်ပင် ထိုအန်တီကြီးထွက်သွားလေသည်။
“ညီမရယ် ဒါလေးကိုလေ…ခြောက်သောင်းခွဲနဲ့မရဘူးလားဟင်”
“ခဏလေးနော် အစ်ကိုလေးကိုမေးပေးမယ်…”
….
အိမ်အပြန်လမ်းတွင်မတော့ နားပေါက်ဟောင်းလောင်းဖြစ်နေသော အမေ့နားဝယ် နားကပ်တပ်ပေးရတော့မည်..ဟု ပြုံးပျော်လျက် လက်ထဲမှ နားကပ်လေးအား ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိတော့သည်။
အင်း..နက်ဖြန် အထည်တွေ သွားကြည့်ရချေမည်။ အထည်တွေ နည်းနေပြီလေ။
နားထဲတွင် ကြားမိသည်က အပေါင်ဆိုင်မှ လူရွယ်ပြောသောစကား။
“အင်း…လျှော့ပေးလိုက်မယ် ညီမရေ…သုံးထောင်ကြီးများတောင် လျှော့ပေးလိုက်တာနော်”
ကျွန်မ ပြန်လည် ပြောလိုက်သည့်စကားက
“သြော် အစ်ကိုကလည်း ညီမကလည်း ဒီဆိုင်လာနေကျ ဖောက်သည်ပဲဟာ ဒီလောက်တော့ လျှော့ပေးသင့်တာပေါ့” ဟု။
အင်း..အမေတော့ နားကပ်လေးတွေ့ရင် ပျော်သွားမှာပဲ။ တစ်ခုတော့ စိတ်မကောင်းဖြစ်မိသည်လေ။ ဘယ်ချိန်ကျရင်ဒီနားကပ်လေး အပေါင်ဆိုင်ပြန်ရောက်မည်မသိ။ သက်ပြင်းတစ်ချက် ရှိုက်လိုက်ရင်း ခြေလှမ်းတို့ကို မြှင့်လိုက်သည်။ အမေမျှော်နေမည်လေ။ ပြီး ဗိုက်ကလည်း ဆာလှပြီ။ ခုထိ နေ့လည်စာမစားရသေး။
ဟော……အိမ်ရှေ့ဝယ် အမေ ။
ကျွန်မကို မျှော်နေသည်ထင့်။ လက် က နားကပ်အား တင်းကျပ်စွာဆုပ်ကိုင်ထားရင်း ပြေးသွားလိုက်မိသည်။
……………………………………………………………………………….
ရည်ဝေ
အောက်တိုဘာ ၉၊ ၂၀၁၁

2 comments:

Rocker77 said...

ဒီအထိလာပြီး ထပ်ပြီး အားပေးသွားပါတယ်ဗျို့။း)

Unknown said...

ဟေး ဆု..
ထပ်လာဖတ်တယ်ဟ။ နင့်စာတွေက ဘယ်တော့ဖတ်ဖတ် အမြဲကောင်းနေတာပဲ။ အားကျတယ်ကွာ။ သင်ပေးအုံးဟ.. :)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်