Saturday 1 October 2011

ပုံရိပ်လှိုင်းခတ်သံ


“အစ်ကိုအောင်ရေ…ညီမလေး အောင်တယ်…ဆယ်တန်းအောင်တယ်..ဝမ်းသာလိုက်တော့ဗျို့”
“ဟေး” သူ့ဘေးမှသူငယ်ချင်းများလည်း ပျော်ရွှင်စွာအော်လိုက်ကြသလို သူလည်း မ ထားဆဲ သဲအိတ်ကို လွှတ်ချလိုက်ကာ ညီမလေးဆီ သွားလိုက်မိပြီ။ မနေ့ကတည်းက ရင်ဝယ် တဒိတ်ဒိတ်နှင့် မျှော်လင့်ခဲ့ရသည်လေ။ ညီမလေးက စာလိုက်နိုင်သော်လည်း စာရေးရာတွင်ရှန်းတတ်သူမို့ စိတ်တော့ ပူမိသည်လေ။  အကယ်၍များကျခဲ့ လျှင် ဆိုသည့်အတွေးနှင့် သူသွားကြည့်ပေးရမလားမေးတော့ ညီမလေးက သူကိုယ်တိုင်ကြည့်မည်တဲ့။
“ဟ..ငါ့ကိုမဖက်နဲ့ဟ…တစ်ကိုယ်လုံးသလဲတွေချည်းပဲ..သဲအိတ်တွေမထားရတာ…”
တားသည်ကိုပင်မရ ဇွတ်အတင်းဖက်လာသည့် ညီမငယ်ခေါင်းကို အသာအယာ ပွတ်ပေးလိုက်ရင်း အောင်အောင် နောက်ဆက်တွဲစကားကိုမျှော်လိုက်ည်။
“အစ်ကိုအောင်…နောက်တစ်ခုရှိသေးတယ်…”
မချိုမချဉ်မျက်နှာနှင့် စကားဆိုလာသော ညီမလေး။ မျက်နှာလေးက ပြုံးစိပြုံးစိနှင့်… ။
“အစ်ကိုအောင် ညီမလေးကို လက်ဆောင်ပေးရမဲ့ဟာ”
“သြော်..ဒါများ ပေးမှာပေါ့..ဆယ်တန်းအောင်တဲ့အထိမ်းအမှတ်နဲ့”
“ဟုတ်ဘူး…ဆယ်တန်းအောင်ပြီး နောက်တစ်ခုရှိသေးတယ်”

ဟော…ချွဲချွဲနွဲ့နွဲ့နှင့် ပြောပြန်ပြီ။ သူကြိုသိနှင့်ပြီးသား။ မနက်အစောပိုင်းကတည်းက ညီမလေးမသိအောင် သူသွားကြည့်နှင့်သည်လေ။ အောင်ပြီဆိုကတည်းက ဝမ်းသာပြီးသားသူ့အဖို့ ညီမလေးအတွက်ထပ်ဆင့်ဂုဏ်ယူရပြန်သည်။
“ဘာလဲဟ..နင်ပြောပြမှသိမှာပေါ့”
“ညီမလေး ဂုဏ်ထူးတစ်ခုပါတယ်”
“ဟေ”
အံ့အားတသင့်အော်ပေးလိုက်မိရင်း ညီမလေးကို ပွေ့ဖက်ဝှေ့ယမ်းမိလိုက်သည်။ သင်္ချာဂုဏ်ထူးရမှန်းသူသိပြီးသား။ ညက အအိပ်နည်းသောကြောင့် ဒီမနက်အလုပ်လုပ်ရာတွင် အနည်းငယ်ပင် နှေးကွေးချင်နေ၏။
“ဟေ့ကောင်တွေ ငါ့ညီမက ဂုဏ်ထူးပါတယ်တဲ့ကွ..ဂုဏ်ထူးတစ်ခုပါတယ်”
“သင်္ချာဂုဏ်ထူးလို့ပြောလိုက်ဦး အစ်ကိုအောင်”
“ဟေးဟေး..သင်္ချာဂုဏ်ထူးပါတာတဲ့ကွ…”
“ဟေ့ရောင် အောင်အောင် ဒီတိုင်းတော့ အကြွားမခံနိုင်ဘူး..ဒီနေ့နေ့လည် လက်ဖက်ရည်မင်းဝယ်တိုက်ရမယ်…ဘော်ဒါတွေ ဟုတ်တယ်နော်”
နောင်နောင့်ပြောစကားကို ကိုလတ်နှင့် မင်းမင်းကပါဝိုင်းထောက်ခံလိုက်၏။ သူကတော့ ပြုံးပြုံးကြီးဖြင့် အဆက်မပြက် ခေါင်းငြိတ်ရင်း။
……………………………………………………………
“သွားဝယ်ကျွေးခိုင်းမနေပါနဲ့ကွာ..သူက ကုပ်ကပ်စေး အချိန်ရှိသရွေ့ သူ့ညီမ ဘွဲ့တက်ယူရမယ်ဆိုပြီး ပိုက်ဆံစုနေတာ”
“အဟီး” မင်းမင်းပြောစကားကိုရယ်ပြလိုက်သော အောင့်အောင့်ကိုကြည့်ပြီး နောင်နောင်က ပြောပြန်သည်။
“တော်ကြာမှ ဘွဲ့လည်း ယူအပြီး ကြင်ယာလည်းရှာအပြီး ဆို မင်းဘယ်လိုလုပ်မလဲကွ”
“နောင်နောင် ဒါမျိုးတော့မစနဲ့ကွာ..တခြားဟာနဲ့စ ငါ့ညီမှာမှ အဲဒါမျိုးတွေမရှိဘူး ငါယုံတယ်”
နောင်နောင် သက်ပြင်းချလိုက်သည်။ အောင်အောင်သည် အစ်ကိုကောင်းတော့ ပီသပါသည်။ သို့သော် ညီမဖြစ်သူကို ချစ်လွန်းသည်မှာ သူ့အတွက်ပင် ကြင်ယာမရှာနိုင်တော့သည်ထိ။
“အေးပါကွာ..မင်းညီမချည်းဂရုစိုက်မနေနဲ့ဦး..အမေညို့လည်းဂရုစိုက်ဦး”
“ငါ့အမေလည်း ငါ ဂရုစိုက်ပါတယ်ကွ..မင်းကလဲ..ညီမလေးက ငါနဲ့အမေ့အတွက် မရှိမဖြစ်ရတနာလေး”
ပြောပြီးအားပါးတရပြုံးနေသော အောင်အောင့်အားကြည့်ကာ နောင်နောင်နှင့်မင်းမင်း တစ်ယောက်ကိုယ်တစ်ယောက်မေးဆတ်ပြမိကြသည်။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
“အမေ ညီမလေးလည်းပြန်မလာသေးဘူး…ဘွဲ့ကြိုသွားတာ အချိန်တော်တော်ကြာတာပဲ”
“သားရယ်…လောလောဆယ် ထမင်းစားလိုက်ဦးနော်”
“ညီမလေးပြန်လာမှစားမယ်လေ အမေ..နက်ဖြန်ကျတော့ ညီမလေးဘွဲ့ယူတာလိုက်သွားရမှာ သားအတွက် အဝတ်အစားကောင်းကောင်းလေး မီးပူတိုက်ထားပေးနော်..အမေလည်းဘာဝတ်ရမလဲဆိုတာ သေချာစဉ်းစားရွေး..တော်ကြာညီမလေး မျက်နှာပျက်နေရမယ်”
ဒေါ်ညို ရင်တစ်ခုလုံးအောင့်နေပါသည်။ မျက်ရည်ကတော့မကျ။ မကျနိုင်တော့တာလား။ မကျတတ်တော့လား မသဲကွဲပါ။
“အမေညို အောင်အောင်ကော”
ဟော သားသူငယ်ချင်းတွေပင်လာချေပြီ။ သားရှိရာဆီသို့ မေးဆတ်ပြမိရင်း…
“သားတို့ အောင်အောင်နဲ့ စကားပြောနေကြနော်…အမေ ဈေးရောင်းထွက်လိုက်ဦးမယ်”
“ဟုတ်ကဲ့..အမေညို”
ပြောင်းဖူးတောင်းကိုခေါင်းပေါ်ရွက်ရင်း ဒေါ်ညိုထွက်လာခဲ့မိတော့သည်။။။။။ပါးစပ်ကလည်းအော်ရင်း…။
“ဟောဒီက ပြောင်းဖူး..ပြောင်းဖူးဝယ်ကြဦးမလား“
……………………………………….
“အောင်အောင် မင်း သတိရပါတော့ကွာ”
“ဘာကိုလဲ ကိုလတ်ရ..ငါက ဘာကိုမေ့နေလို့လဲ” အောင်အောင်ပြန်မေးသော်လည်း ကိုလတ်မဖြေ။
“ကိုလတ် ဒီတိုင်းလေးက သူစိတ်ချမ်းသာနေပါတယ်ကွာ”
“နောင်နောင်ရယ် အမေညို ပင်ပန်းနေတယ်လေကွာ”
“ကိုလတ်..နောင်နောင်ပြောသလိုပဲလုပ်ကွာ..အမေညိုလည်း အောင်အောင့်ကို စိတ်ဆင်းရဲစေချင်မယ်မထင်ပါဘူး”
မင်းမင်းပြောစကားအား နားမလည်ဟန်နှင့် အောင်အောင်ခေါင်းယမ်းလိုက်ပြန်သည်။
“မင်းတို့ ဘာတွေပြောနေကြတာလဲ..နောက် ဘာလို့ငါ့ဆီလာကြတာတုန်း..အိမ်လာမလည်နဲ့လို့ ငါပြောထားတယ်လေ..ငါ့ညီမလေးနဲ့ ခဏခဏမတွေ့စေချင်လို့ဆိုတာ”
အောင်အောင်ရာ……ဟုသာ သုံးယောက်သားညည်းမိတော့သည်။
သူတို့သုံးယောက်လုံး မပြောရက်ပါ။ အောင်အောင့်ကို မပြောရက်ကြပါ။ ထိုနေ့က…..
အောင်အောင့်ညီမလေး ဘွဲ့ကြိုယူရန်သွားသည့်နေ့က အောင်အောင့်ညီမလေးစီးသော ဘက်စ်ကားတိမ်းမှောက်ခဲ့သည်လေ။ ဘက်စ်ကားပေါ်ရှိ ခရီးသည် တစ်ဝက်ကျော်ကျော်သည် သေသူသေ ဒဏ်ရာသူရနှင့်။ အောင်အောင့်ညီမလေးသည်လည်း သေဆုံးသည့်ခရီးသည်ဖြစ်ခဲ့သည်ပဲ။
ညီမလေး၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ရုပ်အလောင်းကိုမြင်ရသည့်အခိုက် အောင်အောင် ရုတ်တရက် မူးလဲကျရာမှ ပြန်လည်သတိရသည့်အခါ သူ့မှက်ဥာဏ်သည် ထိုနေ့တနေ့သာကျန်တော့သည်လေ။ သူဖြတ်သန်းနေသောနေ့တိုင်းအား ညီမလေးဘွဲ့ကြိုယူသောနေ့ဟု သတ်မှတ်နေသူအောင်အောင်။ ထိုနေ့သည် အောင်အောင် အလုပ်နားသောနေ့ဖြစ်ပြီးတစ်နေ့လုံးညီမလေးပြန်အလာကို စောင့်မျှော်နေဆဲ။ အခုတော့..အခုတော့လည်း အမေညို၏စိတ်ဓါတ်မာကျောမှုကို မှက်ကျောက်တင်သည့်နှယ်။ သမီးဖြစ်သူ သေဆုံးပြီး သားဖြစ်သူ စိတ်ဝေဒနာခံစားရသည်ကိုကြံ့ကြံ့ခံ၇င်း စားဝတ်နေရေးအတွက် သတ္တိရှိစါာပင် အလုပ်စုံလုပ်ခဲ့သည်လေ။ သူများအိမ် အိမ်ဖော်လုပ်သည်။ အဝတ်လိုက်လျှော်ပေးသည်။ ဈေးရောင်းချိန်တန်တော့လည်း ဈေးရောင်းပြန်သည်။ အမေညို အနားရမဲ့ရက် အမြန်ရောက်လာပါစေ ဟုသာ သူတို့ ဆုတောင်းပေးနိုင်ပါသည်။
ဘယ်လိုကံကြောင့်များလဲ။ ဘယ်ဘဝက ကံကြောင့်များလဲ။ သူတို့မတွေးချင်ပါ။ အောင်အောင်ကတော့ တံခါးဝဝယ်ထိုင်ရင်း သူ့ညီမလေးပြန်အလာအားစောင့်နေဆဲ။
အောင်အောင့်မှက်ဥာဏ်တို့ တချိန်ချိန်ဝယ် ပြန်လည်ကောင်းမွန်နိုင်ပါသည်။ သူတို့သုံးယောက်လုံးဆုတောင်းမိသည်မှာ ထိုအချိန်သည် အမေညိုသက်ရှိထင်ရှားရှိနေဆဲ့အချိန်တွင်သာ ဖြစ်ပါစေ….ဟု။
အကယ်၍များ မပြောကောင်းမဆိုကောင်း အမေညိုတိမ်းပါးပြီးမှ အောင်အောင်သတိရမည်ဆိုလျှင်………..။
သူတို့ရင်ထဲက သက်ပြင်းမောများအား မသိသည် အောင်အောင်ကတော့ သူ့ညီမလေးအား မျှော်ဆဲ။ မျှော်နေဆဲ။ လွန်ခဲ့သည့် နှစ်နှစ်ထဲက စောင့်မျှော်ဆဲအောင်အောင် ယနေ့ထိစောင့်မျှော်နေဆဲ။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
 ရည်ဝေ
အောက်တိုဘာ ၀၁-၂၀၁၁

1 comment:

Rocker77 said...

စာတွေဝင်ရောက် မွှေနှောင့်သွားပါတယ်နော်။
း)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်