Saturday 17 September 2011

တောင်းပန်ပါတယ်...သမီးရယ်

“အမေ သမီး မလုပ်ချင်ဘူး အမေရယ်….အဖေ့ကို ရိုးရိုးသားသားပြောပြီး ဈေးဖိုးပိုတောင်းလိုက်ပါ့လား”

“မရလို့ပေါ့အေ…ငါးထောင်ထဲပါအေ..ညည်းအဖေက သူ့ပိုက်ဆံအိတ်ကို သတ်သတ်မှတ်မှတ်ရေတွက်မထားပါဘူး..ဒီတစ်ခါတည်းပါအေ..အရေးကြီးနေလို့မို့ပါ”

“မိသွားရင် သမီးကို အဖေက ရိုက်မှာ…အဖေအရိုက်ကြမ်းတာလည်း သိရဲ့သားနဲ့”

“မိသွားရင် ငါပြောပေးမယ်အေ..ဒီတစ်ခါတည်းပါဆိုကာမှပဲ”

“ဟင်း….” သက်ပြင်းချမိရင်း

“ဒီတစ်ခါတည်းနော်အမေ ”…ဟုသေချာအောင်မေးမိပြန်ပါသည်။။

“အေးပါအေ..ဒီတစ်ခါတည်း..ဒီတစ်ခါတည်း”

အဖေက အိပ်နေသည်။ အမေကတော့ အိပ်ချင်ဟန်ဆောင်လို့။ သူမ၏ လက်ချောင်းသေးသေးလေးကို အဖေ့ခေါင်းအုံးအောက်ထဲ အသာအယာသွင်းကာ ပိုက်ဆံအိတ်ကို ရှာလိုက်သည်။ တွေ့ပါပြီ။ ပိုက်ဆံအိတ်ဇစ်ကို အသာအယာဆွဲကာ အုပ်လေးများထဲက ဟိုတစ်အုပ် တစ်ရွက်၊ ဒီတစ်အုပ်တစ်ရွက် ဆွဲလိုက်သည်။ ပြီး ပြန်ထုတ်ကြည့်လိုက်၏။ ငါးထောင်ပြည့်ပြီ။ ဇစ်ကို အသာဆွဲပိတ်ကာ ပိုက်ဆံအိတ်ကို အဖေ့ခေါင်းအုံးအောက် ပြန်သွင်းပေးလိုက်သည်။ အဖေကတော့ မသိ။ တခူးခူးနှင့် အိပ်ပျော်လို့။

“တော်လိုက်တာဟယ် ညည်းအဖေမသိအောင် ယူတတ်သားပဲ”

စာရိတ္တတို့ကို ချိုးဖောက်ပြီး ရလာသည့် ချီးကျူးမှု။ သို့သော် ချီးကျူးခဲသော အမေ၏ စကား။ သူမ ဝမ်းနည်းရမှာလား။ ဝမ်းသာရမှာလား။ မသိ။ ဘာပဲဖြစ်ဖြစ် တစ်ခါတည်းပါ။ ဒီတစ်ခါတည်းပါ။ သူမ၏ တင်းကျပ်နေသည့် စိတ်တို့ ကို ဒီတစ်ခါတည်းပါလေ ဟူသော အတွေးနှင့် ဖြေလျော့လိုက်သည်။

သို့သော်…..နောက်ထပ်နောက်ထပ် အခေါက်ပေါင်းများစွာ…..။ အမေ့ တီးတိတိုးတောင်းဆိုမှု။ လုပ်မပေးနိုင်ဘူး ဟု ပြတ်ပြတ်သားသား မငြင်းဆန်နိုင်မှုတို့ထဲ စာရိတ္တကို သူမ အခါခါ ချိုးဖောက်ခဲ့မိသည်။
တစ်ခါတရံ သူမအတွက်ပင် ပိုယူမိသည့် အခါမျိုးရှိလာ၏။ ပျက်ယွင်းလာသော ကိုယ်ကျင့်တရား၊ ကျောင်းခန်းထဲဝယ် ပိုက်ဆံသုံးနိုင်သူ ကျောင်းသူတစ်ဦးအဖြစ်ကို မက်မောမှု ထိုအရာတို့ကို သူမ မထိန်းချုပ်နိုင်တော့။

…………………………….

သွားပြီ။ အဖေသိသွားပြီ။ အဖေ့ရှေ့ဝယ် လက်လေးပိုက်လို့ ဘယ်လိုငြင်းငြင်း နောက်ဆုံးတော့ ဝန်ခံလိုက်ရပြီ။ အပြစ်ပေးရန်အတွက် စက်ဘီးဘရိတ်ကြိုးကို ခပ်ဆဆ ချိန်နေသော အဖေ့ရှေ့ဝယ် လက်လေးပိုက်ရင်း အမေ့ထံ အားကိုးတကြီးကြည့်မိတော့ ….အမေ့မျက်လုံးများက တီးတိုးတောင်းဆိုနေဟန်နှင့်။

အမေယူခိုင်းတဲ့အကြောင်း မပြောရဘူးလား။ မပြောရဘူးတဲ့လား။အမေ တာဝန်ယူမယ်ဆို။ အဖေသိသွားရင် အမေ ပြောပေးမယ်ဆို။

အမေ တတ်နိုင်တာ ဒါပဲလား။ ဒါပဲလား အမေရယ်။ အဖြူစင်ဆုံး စာရွက်တစ်ရွက်ကို အရောင်စွန်းထင်းစေခဲံပြီးမှ တာဝန်မယူနိုင်ဘူးတဲ့လား။ ရပါတယ်။ သမီး တာဝန်ခံလိုက်ပါ့မယ်။ အပြစ်ပေးခံလိုက်ပါ့မယ်။ နောက်နောင် အမေ့အပေါ် မယုံမကြည်များဖြစ်ခဲ့ရင် သမီးကို အပြစ်မတင်နဲ့အမေ။ အမေ့စကားကို မယုံကြည်မှုများရှိခဲ့ရင် အပြစ်မတင်ပါနဲ့။း အမေ ပေးခဲ့တဲ့ ဒဏ်ရာပါ။ အမေ သင်ပေးတဲ့ ပညာရပ်ပါ။အမေ့ပြောစကားကို ဘယ်တော့မှ မယုံနဲ့..လို့ အမေကိုယ်တိုင်သင်ပေးခဲ့တာပါ။ မျက်ရည်စတို့ ကျဆင်းလာသည်မှာ အရိုက်ခံရမှာ ကြောက်၍ပဲလား။ အမေ့ ဥပက္ခာကို ဝမ်းနည်းမိ၍ပဲလား။

“ရွှမ်း..ရွှမ်း…ရွှမ်း”

ခြေသလုံးသားကို ထိမှန်တာလား။ ဝဲဖက်ရင်အုံကို ထိမှန်နေတာလား။ ခြေသလုံးက အရှိုးရာက ဝဲဖက်ရင်အုံက နာကျင်နေသလောက် မနာမိ။ ဝဲဖက်ရင်အုံရဲ့ တစ်စိမ့်စိမ့် အောင့်နေမှုရယ်၊ ဘယ်ကမှန်းမသိ လေပွေပူတစ်ခု တိုက်ခက်နေသလို ခံစားနေရမှုရယ် အဲဒီ ဒဏ်ရာတွေက ပိုဆိုးနေသည်။ ပျောက်ကင်းအောင် ဆေးလိမ်းလို့လည်းမရနှင့်။ အဖေနှင့် မျက်နှာချင်း ဆိုင်ဖို့ကို မကြောက်ရွ့မိခဲ့။ အမေနှင့် မျက်နှာချင်းဆိုင်ဖို့ကိုသာ ကြောက်ရွံနေမိသည်လေ။ အရိုက်ခံရပြီးကတည်းက စောင်ခေါင်းမြီးခြုံကာ အိပ်လိုက်တော့သည်။

…………………………………………………………………………

ဦးဇော် အိပ်နေသော သမီးငယ်ကို လှမ်းကြည့်မိရင်း သက်ပြင်းချလိုက်မိသည်။ ရိုက်သာရိုက်ရသည်။ စိတ်မကောင်း။ ဒါ ဘယ်သူ့ကြောင့်လဲ ဆိုတာကိုလည်း သူသိသည်။ သမီးငယ်မှာ ဒီလိုခိုးယူတတ်တဲ့အကျင့်မရှိ။ တစ်ယောက်ယောက်က သင်းပေးခြင်း။ သမီးငယ်ကို ဒီလို လုပ်ဆောင်ဖို့ရာ တွန်းအားပေးနိုင်သူမှာ သူ့မိန်းမတစ်ယောက်သာရှိသည်။ ခက်တာက သမီးငယ်က အရိုက်ခံရတာတောင် သူ့အမေနာမည်မပြောတော့ သူ့မိန်းမသူ ပြောဖို့ရာကလည်း ခက်နေပြန်ပါသည်။ အဲဒီလိုမပြောတဲ့ သမီးငယ်ရဲ့ စိတ်ဓါတ်လေးကိုလည်း ချစ်မိပြန်ပါသည်။

အပြစ်မပေး၍ မဖြစ်သောကြောင့်သာ ပေးလိုက်ရသည်။ တစ်ကယ်ကို စိတ်ထဲဝယ် မကောင်း။

ဘာပဲဖြစ်ဖြစ် ဒီလိုအပြစ်ပေးခြင်းကြောင့် သမီးငယ်လေး၏ စာရိတ္တမဏ္ဍိင်လေးပြန်လည် ထူထောင်နိုင်သွားမည် ဟု သူယုံကြည်သလို ဘယ်သောအခါမှ ပျက်စီးခြင်းမရှိတော့ဟုလည်း ယုံကြည်ထားမိပြန်ပါသည်လေ။

သမီးငယ်စိတ်ထဲ မအေဖြစ်သူကို ငြိုငြင်သွားမလား။ ကလေးတို့သဘာဝ ခဏတော့မှတ်ထားနိုင်ပါသည်။ သိပ်မကြာခင် မအေကိုချစ်သော သမီးငယ်လေးအနေဖြင့် မေ့သွားပါလိမ့်မည်။

ဟော..အအိပ်ကြမ်းသော သမီးငယ် စောင်ကို ခြေနှင့် ကန်ချလိုက်သည်။ စောင်ကိုအသာပြန်ခြုံပေးရင်း တွေးမိသည်ကတော့ မိန်းမဖြစ်သူကို ဈေးဖိုးတိုးပေးရမည်ရယ်လို။ နို့မို့ သူ့သမီးငယ်လေးကို နောက်တစ်ခေါက် အပြစ်ပေးစရာ အကြောင်းရင်း ပေါ်လာမှာ စိုးလှပါသည်လေ။

………………………………

ခြင်ဆေးခွေကို ထွန်းညှိရင်း သမီးဖြစ်သူကို ကြည့်မိတော့မနိုးသေး။ ဒီကလေးက အအိပ်မက်သည်လေ။

ကလေးလို့သာ ဆိုရတာ အသက်က ဆယ့်သုံးနှစ်ဆိုတော့ အတန်အသင့်တော့ နားလည်တတ်သည့်အရွယ်ရောက်နေချေပြီ။ မနေ့က ဖအေဖြစ်သူကိုများပြောလေမလားရယ်လို့ သူမမှာ ကြောက်လိုက်ရတာ။ ပြောခဲ့လျှင် သူမယောင်္ကျားဖြစ်သူက အရိုက်ကြမ်းသည်ရယ်။ မပြောသည့်အတွက်လည်း ကျေးဇူးတင်သလို သမီးခြေသလုံးသားလေးက အရှိုးရာတွေ တွေ့မိပြန်တော့လည်း စိတ်မကောင်း။

သူမကို စိတ်ခုနေမှာတော့သေချာပါသည်လေ။ မနေ့က အရိုက်ခံနေသော သမီး၏ မျက်လုံးလေးထဲဝယ် စိတ်နာခြင်းတို့ တွေ့ရသည်လေ။ “သမီးရယ် နောက်နောင် အမေ ဘယ်တော့မှ မခိုင်းတော့ဘူးနော်”..ဟု စိတ်ထဲက ပြောရင်းသမီးငယ်ကိုကြည့်မိပြန်တော့ အနည်းငယ် လူးလွန့်နေသည်လေ။ ဒါဆို အိပ်ယာက နိုးပြီ။ သူမရှိနေသေး၍သာ မထခြင်း။ သူမ ပြုံးလိုက်မိရင်း ဈေးသို့သွားရန် ခြင်းတောင်းဆွဲထွက်ခဲ့သည်လေ….။

ယခင် သူမယောင်္ကျားပေးတဲ့ ဈေးဖိုးက မစို့မပို့။ မည်သည့်နည်းနှင့်မျှ စားမလောက်။ အသားမပါလျှင်လည်း မစားနိုင်။ ဒီလိုနည်းနှင့် သူမ နှစ်လုံးထိုးကာ ကံစမ်းသည့်ထဲ ရောက်သွားသည်လေ။ အကြွေးတွေ တဖြည်းဖြည်းနှင့်များလာသည်ကို ယောင်္ကျားဖြစ်သူသိမှာစိုးသဖြင့် တက်နိုင်သလောက်ဆပ်ခဲ့သည်။ သူမယောင်္ကျားက ကုမ္ပဏီတစ်ခု၏ အရောင်းစာရေး။ တစ်လလျှင် အောက်ဆိုဒ်လေးပါမှ လစာက တစ်သိန်းခွဲသာရသည်လေ။ သို့သော် ပိုက်ဆံကို သူမကိုမပေး။ သူ့အိတ်တွင်သာထား၍ တစ်နေ့ဈေးဖိုး ၁၅၀၀ သာ။

၁၅၀၀ နှင့် မလောက်ကောင်းလားဆိုတော့ သူမမှာလည်း လိုချင်သည့်အရာ၊ ဝယ်ချင်သည့်အရာတို့ ရှိသည်လေ။ ဈေးမှာချရောင်းသော အဝတ်အစားထဲက ကြိုက်တာတွေလျှင် ယူချင်သည်. ဝယ်ချင်သည်လေ။ဒီတော့ အိမ်ဘေးက အဒေါ်ကြီးဆွယ်ရာ အလွယ်တကူနှင့် လိုက်ပါမိရင်း နှစ်လုံး၊ သုံးလုံးဆိုသော ပင်လယ်ထဲ လက်ပစ်ကူးခဲ့မိသည်ပေါ့။

ခုတော့ခုတော့…သူမ မိုက်ခဲ့သမျှ သူမသမီးငယ်လေးက အပြစ်ခံပေးရှာသည်. ဖအေဖြစ်သူကို ဖွင့်မပြောပဲ ကြိတ်မှိတ် အရိုက်ခံရှာ၏။ တော်ပါသေးသည် ။ ဒီနေ့ကစပြီး ယောင်္ကျားဖြစ်သူက ဈေးဖိုး ၂၅၀၀ ပေးမည်တဲ့။ အကြွေးလက်ကျန်လေးကို ဆပ်ရင်း လောင်းကစားမလုပ်တော့…ဟုတွေးရင်း။ နောက်တစ်ခါလည်း သမီးငယ်လေးကို ဒီလိုထပ်ခိုင်းရဦးမည်ဆိုလျှင် သူမထက် မိုက်မဲတဲ့ မိခင် ရှိမှာ မဟုတ်တော့။ သမီးငယ်လေးလည်း စိတ်နာသွားမည်မှာ သေချာသည်လေ။

“မအေးရေ ဒီနေ့ကော..ဘာထိုးဦးမလဲ…..၂ ကောင်းတယ်နော့”

“တော်ပါပြီရှင်”..ဟုဖြေရင်း အိမ်အပြန်လမ်းသို့။ သို့သော် ခြေလှမ်းတို့က နောက်လှည့်ချင်နေသလိုလို…။

……………………………………………………………..

“အမေ့ ဗိုက်ဆာတယ်…”

ပြောချင်သလိုလို မပြောချင်သလိုလိုနှင့် အနားလာရပ်ကာပြောသောသမီးကိုကြည့်ရင်း မအေး ပြုံးလိုက်မိပြီ။ ဒီနေ့ သမီးစိတ်ကြိုက်တွေချည်း။ ကြက်သည်းမြစ်ကြော်၊ ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်း။ ကဲ စိတ်ကြိုက် ထမင်းပွဲလေးပြင်ထားပြီးပြီလေ။

ထမင်းအုပ်ဆောင်းလေးဖွင့်လိုက်တော့ ကြက်သည်းမြစ်အရမ်းကြိုက်တဲ့ သမီးမျက်လုံးလေး ဝင်းလက်သွားတာကိုကြည့်ရင်း…စိတ်ထဲကတော့ “အမေ တောင်းပန်ပါတယ် သမီးရယ်” လို့။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဘာကိုမှမသိချင်သူ

14 August 2011

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်