Saturday 17 September 2011

နွံတစ်ခု၏ဖြစ်စဉ်

“နွယ်တို့ လက်ထပ်ကြရအောင်..ပိုက်ဆံမလောက်ဘူးဆိုတောင် တရားရုံးမှာ လက်မှတ်ထိုးပြီး ပုဆိုးတန်းတင် အကြင်လင်မယားပေါ့နော်…အုန်းနို့ခေါက်ဆွဲချက်ပြီး .အရှေ့ငါးအိမ် အနောက်ငါးအိမ် ပို့လိုက်ပြီး ကြေငြာလိုက်ရင်ရတာပဲ”
နွယ် ဒီစကားကို ပြောသာပြောလိုက်ရသည်။ နွယ့်ရင်ထဲဝယ် ရှက်ရွံခြင်းများစွာနှင့်။ နွယ့် ပြောစကားကြားတော့ မောင်က မဖြစ်နိုင်ဘူးဆိုသည့်သဘောနှင့် ခေါင်းခါယမ်းရင်း
“မဖြစ်နိုင်မှန်းသိရဲ့နဲ့ နွယ်ရယ် မောင့် အောက်မှာ အငယ်နှစ်ယောက်ရှိသေးတာသိရဲ့နဲ့ သူတို့နှစ်ယောက်ကျောင်းပြီးမှပဲ လက်ထပ်ဖို့ စဉ်းစားမယ်လို့ နွယ့်ကို မောင် ပြောထားသားပဲ”
ချစ်ရသော မောင်၏ ခါးခါးသီးသီးငြင်းဆန်ပုံကို ကြည့်ရင်း နွယ် ဝမ်းနည်းလာမိပါသည်။ သို့သော် ဒီစကားကတော့ မပြောမဖြစ်ပြောရပေတော့မည်။
“လက်မထပ်နိုင်သေးရင်လည်းနွယ့်ကို ဘာလို့…နွယ့်ကို” ပြောရင်းစကားပင်မဆုံးနိုင်ပဲ ငိုလိုက်မိတော့သည်။ နွယ်ငိုတော့လည်း ချစ်သူ မောင့် ခမျာ မနေသာ။ စိုးရိမ်တကြီးနှင့် မေးမိပြန်သည်။
“နွယ် ဘာဖြစ်လို့လဲဟင်…ဘာတွေ စိတ်ညစ်စရာရှိနေလို့လဲ…နွယ့်အိမ်မှာ တစ်ခုခုဖြစ်လို့လား”
“မဟုတ်ဘူး မောင်..နွယ်..နွယ့်မှာ ကိုယ်ဝန်ရှိနေပြီ…သုံးလတဲ့…နွယ့်ကို လက်ထပ်မှ ဖြစ်မယ်…”
“နွယ် ရယ်…အရန်ကော..ဒီလောက်က ဆေးကို သုံးခွက်လောက်စပ်သောက်ရုံနဲ့ အဆင်ပြေသွားမှာလေ”
“မောင်” သူမ အံ့သြတကြီးခေါ်လိုက်မိရင်း ထပ်မေးမိပြန်သည်။
“မောင်…လက်ထပ်ဖို့ အစီအစဉ်မရှိဘူးလားဟင်..ပိုက်ဆံမလိုပါဘူးမောင်ရယ်”
မေးရင်း အတွေးတစ်ခုကလည်း ဝင်လာပြန်၏။ မောင်ပြောလိုက်သည့်ပုံက အတွေ့အကြုံရှိပြီးသူလိုမျိုး စဉ်းပင်မစဉ်းစားပဲ လက်တန်းဖြေလိုက်ခြင်း။ မောင့်သူငယ်ချင်းတွေထံဝယ် အတွေ့အကြုံရှိခြင်းကြောင့် ဖြစ်ပါမည်လေဟုတွေးကာ နွယ် စိတ်ဖြေလိုက်သည်။
“နွယ်…မောင့်အိမ်အခြေအနေအရရော..နွယ့်အိမ်အခြေအနေအရရော လက်ထပ်လို့မရတာ နွယ်သိသားနဲ့ကွာ”
“နွယ်တို့ နောက်နေ့မှ ဆက်ဆွေးနွေးတာပေါ့နော်…ဒီနေ့တော့ ပြန်ကြရအောင်”
“အင်းလေ….သဘက်ခါ ဒီနေရာမှာပဲ တွေ့ကြတာပေါ့လေ…နွယ့်အိမ်ကလည်း မသိစေနဲ့ဦးနော်…တော်ကြာ ပိုရှုပ်ကုန်မယ်”
……………………………………..

နွယ့်အတွက် အိမ်အပြန်လမ်းသည် ဒီတစ်ခါမှ ပိုကြာနေသလိုလို။ ဒီတစ်ခါမှ ပိုပင်ပန်းနေသလိုလို။
လက်ထပ်ခြင်းသည် အဲဒီလောက် ခက်ခဲနိုင်မည်လား။ တကယ်တမ်းမောင့် အောက်က ကလေးနှစ်ယောက်အတွက် မောင့်မှာ ပူပန်ရတာမရှိ။ မောင့်မိဘနှစ်ပါးက အသုံးအစွဲစိစစ်သည်။ စုတတ်ဆောင်းတတ်သည်။ သူမထက် လစာပိုများသော မောင်ပင် အသုံးမလောက်လျှင် သူ့မိဘဆီက လက်ဖြန့်နေကျ။ သူမကမှ သူမ၏ မောင်ငယ်လေးကျောင်းစားရိတ်ကို ထောက်ပံ့ပေးရသေးသည်။ ဒါကလည်း တစ်ခါတရံမှသာ။ အမေနှင့် အဖေတို့လစာနှင့် မလောက်ငှသည့်အခါမျိုးမှသာ။
အိမ်ရောက်တော့ အမေလည်းပြန်မရောက်သေး။ အဖေလည်း ပြန်မရောက်သေး။ မောင်ငယ်လေးကတော့ ကျောင်းပြီးကျူရှင်ဆိုတော့ ည ခုနှစ်နာရီလောက်မှ အိမ်ပြန်ရောက်မည်လေ။ ရုံးဝတ်စုံကိုလဲလှယ်အပြီး ညစာအတွက် ချက်ရပြန်သည်။ တစ်ခါတရံ အမေစောရောက်လျှင်တော့ အမေက ချက်ပေးထားသည်လေ။ မနက်ပိုင်းကတော့ နွယ်က စောစောမထဖြစ်သဖြင့် အမေချက်ကျွေးသည်သာ။
အမေနှင့် အဖေက မုန့်စက်ရုံတစ်ခုတည်းတွင် အလုပ်လုပ်သည်။ အမေက သန့်ရှင်းရေးလုပ်သား။ အဖေကတော့ သူဌေး၏ ဒရိုင်ဘာ။ ရံဖန်ရံခါ စက်ရုံကားကိုပါမောင်းပေးရသည်။ ကားမောင်းသမား မလောက်လျှင်ပေါ့။ ထိုနေ့မျိုးဆို ပိုနောက်ကျတတ်သည်။ မုန့်ပို့ပြီး သူဌေး၏ အိမ်ကို လိုက်ပို့ပြီးမှ ခြေလျှင် ပြန်ရသဖြင့် အနည်းဆုံးတော့ ညရှစ်နာရီခွဲမှသာ ပြန်ရောက်ဖြစ်သည်လေ။ အမေကတော့ နွယ်အိမ်ရောက်ချိန်နှင့် သိပ်မကွာ။ ညနေငါးနာရီခွဲ နွယ်ရောက်ပြီး ဆယ့်ငါးမိနစ်လောက်ဆို အမေပြန်ရောက်တတ်သည်လေ။ တစ်ခါတရံတော့လည်း နွယ်က နောက်ကျတတ်သည်။ ဒီနေ့တော့ အမေလည်း နောက်ကျနေသည်ထင့်။ နွယ်ရောက်တာပင် မိနစ်နှစ်ဆယ်လောက်ရှိချေပြီ။
ဒီချိန်ဆိုမောင်ဘာများလုပ်နေမှာပါလိမ့်။ နွယ်ပြောသောစကားကို လေးလေးနက်နက်စဉ်းစားဖို့ထက် ဖျက်ချဖို့ပဲ တွေးနေမလား။
နွယ်တို့ကုမ္ပဏီ၏ အရောင်စားရေးမများထဲဝယ် ဆယ်တန်းကျဆို၍ နွယ်တစ်ယောက်သာရှိသည်။ မောင်ကတော့ ဘွဲ့ရပြီး ကားမောင်းတတ်သည်ဆိုတော့ နွယ်တို့ စားရေးမများထက် လစာပိုရသည်။ စားရေးမဆိုသော်လည်း ရုံးထဲဝယ် အေးအေးဆေးဆေးထိုင်ကာ ရောင်းရသည်မဟုတ်ပဲ အလှည့်ကျ ကားဖြင့်လှည့်ကာ ဆိုင်တွေသို့ လိုက်ပို့ရသည်။ လိုက်ရောင်းရသည်လေ။ ထိုအခါ ကားမောင်းသူက အမြဲတမ်း မောင်။ နွယ်တို့ရုံးမှ ရုံးသူရုံးသားများအားလုံးလည်း သိကြပါသည်။ နွယ်နှင့် မောင့် အကြောင်းကို။ နွယ် သက်ပြင်းချမိပြန်သည်။ မောင်ရေ နွယ့်ကို လက်ထပ်ဖို့ပဲ စဉ်းစားပါ့လားကွယ်။
ဟော..မောင်ငယ်လေးတောင် ပြန်ရောက်လာပြီ။ အမေကတော့ ပြန်မရောက်သေး။ ဘာများဖြစ်လို့ပါလိမ့်။
“မကြီး သားဗိုက်ဆာတယ်”
“အေး..အေး..ရေချိုးပြီးမှစားပါ့လား သားရဲ့”
“ထမင်းပဲ အရင်စားမယ် မကြီး…သား ဗိုက်အရမ်းဆာနေလို့”
“အေး…အေး..ဒါဆိုလည်းလာတော့..ဒီမှာခူးပြီးပြီ..သားစာကြိုးစားနော်…ရှစ်တန်းဆိုပေမဲ့ မပေါ့နဲ့..ဒီချိန်ကတည်းက ကြိုးစားထားမှ ဆယ်တန်းမှာ စာလိုက်နိုင်မှာ”
“ဟုတ်..မကြီး ငရုတ်သီးထောင်းလေးက ကောင်းလိုက်တာ..အမေ့လက်ရာတော့မဟုတ်လောက်ဘူး…မကြီးလက်ရာမလား..ချဉ်ပေါင်ဟင်းနဲ့ ရှယ်ပဲဗျာ”
“ခွေးကောင်လေး…အစားဆိုလို့တော့ လာထားပဲဟုတ်လား..ဘယ်သူဘာလုပ်တယ်ဆိုတာတောင်သိနေတယ်ပေါ့..စား..စား..စားပြီးရင် ခဏနားပြီးမှ ရေချိုးနော်”
“ဟုတ်”
“မကြီး အိမ်ရှေ့ခဏထိုင်နေလိုက်ဦးမယ်….အမေ့ကိုမျှော်ရင်း”
“ဟုတ်..မကြီး..အမေက ဘယ်သွားတာလဲ”
“စက်ရုံကနေပြန်ကို မလာသေးလို့ဟေ့”
………
ဟော ..လာပါပြီ။ အဖေကော၊ အမေကော။ ဟင်…အမေ့မျက်နှာက ရဲလို့ပါ့လား။
“အမေ့…ဘာလို့နောက်ကျနေတာတုန်း…ဟယ်အမေ ငိုထားတာလား..ဘာ့လို့..”
မေးရင်း လမ်းမီးတိုင်အလင်းရောင်ကြောင့် အမေ့လက်ကိမြင်လိုက်ရသည်။ ရောင်ကိုင်းလို့။
“နင့်အမေ ချော်လဲလို့လေ…အဲဒါ လက်က အဆစ်လွဲသွားလားမသိဘူး..ဆေးခန်းပြပါဆိုတာကို မပြဘူးတဲ့….အိမ်ရောက်မှ စကြာမင်းပဲ လူးလိုက်ရင် သက်သာမတဲ့လေ…ပိုက်ဆံကို နှမြောနေတာ”
“ဟုတ်…အမေ…ဒီမှာလှဲနေအမေ့..သမီး စကြာမင်းယူလိုက်ဦးမယ်..ပတ်တီးပါစည်းထားရင် ပိုသက်သာမယ်ထင်တယ်နော်…အမေ ပတ်တီးပါစည်းလိုမယ်နော်”
စကားဖြင့်ပင် မပြောနိုင်ပဲ အမေ ခေါင်းငြိတ်ပြသည်။
……………………………………………………………………………………………………………………………………………………………………..
“မောင်…နွယ့်ကို လက်ထပ်မယ်မလားဟင်”
“နွယ် ရယ်….မဖြစ်နိုင်ပါဘူးဆို….ဒီမှာ နွယ့်အတွက်မောင် ဆေးယူလာတယ်…သုံးရက်စာ..တစ်နေ့သုံးခွက်…သောက်ပြီးရင် သူ့ဘာသာသူပျောက်သွားလိမ့်မယ် ကိုယ်တို့နားကဆေးဆိုင်မှာ စပ်ခဲ့တာ စိတ်ချရတယ်..သူက ဒါမျိုးတွေလုပ်ပေးနေကျ..ကိုယ့်သူငယ်ချင်းတွေလည်း သူ့ဆီပဲ ဆေးစပ်တာ”
ရင်ထဲဝယ် ဒေါသတို့ တစ်လိပ်လိပ်။ စိတ်ကို ပြင်ဆင်ရင်း ဒေါသတို့ကို ချုပ်တည်းလိုက်သည်။
“ဒါဆိုမောင် နွယ့်ကို ဘယ်တော့ လက်ထပ်မှာလဲ”
“ပြောပြီးပြီလေ…မောင့် ညီနှစ်ယောက်ကျောင်းပြီးရင်လို့”
“သူတို့က ဒီနှစ်ဆယ်တန်းနော်…ဆယ်တန်းမကျဘူးဆိုပါမှ ရိုးရိုးဘွဲ့ရသည်ထိဆိုရင် အားလုံးပေါင်း အနည်းးဆုံးလေးနှစ်တော့ ကြာမှာပေါ့”
“အင်း..ဟုတ်တယ်လေနွယ်ရဲ့…ဘာ့လို့လဲ”
“မောင် ရှင်းရှင်းပဲ ပြောပါ…လှည့်ပတ်မနေနဲ့တော့ မောင် နွယ့်ကိုလက်ထပ်ဖို့ မစဉ်းစားခဲ့ဘူးမလား”
“အာ…နွယ်ကလည်း ချစ်လွန်းလို့ မရမက ချစ်သူဖြစ်ခွင့်ယူထားတာ ဘာလို့ လက်မထပ်ချင်ရမှာလဲ..လက်ထပ်ဖို့ စဉ်းစားခဲ့ဖူးတာပေါ့”
“ဒါဆို ဒီချိန်မှာ မောင်နွယ့်ကို လက်ထပ်သင့်တာပေါ့…ဘာ့လို့ လက်မထပ်ပဲ ဖျက်ချဖို့ပြောရတာလဲ”
မောင် ဘာစကားမှမပြောတော့။ ရုတ်ခြည်းဆွံ့အသွားသူလို။
နွယ် စကားတို့ ဆက်မဆိုချင်တော့ပါ။ နားလည်လိုက်ပြီ။ နားလည်လိုက်ပါပြီ။ နွယ့်နားထဲဝယ် သူမထက်အသက်နှစ်နှစ်သာကြီးသော သူမနှင့် အရောင်းတွဲဘက်တစ်ဖြစ်လဲ အစ်မဝမ်းကွဲဖြစ်သော မအေးမာနှင့် ပြောဖြစ်ခဲ့သမျှတို့ကို ကြားယောင်လာမိ၏။
“နွယ် ညီမလေးနဲ့ ဘမင်းနဲ့ သမီးရည်းစားအဆင့်ကို မလွန်စေနဲ့နော်”
“ရှင်…မအေးးမာ..ဒါက”
“အစ်မပြောတဲ့စကားကို နွယ်နားလည်မှာပါ..ခေတ်လူငယ်တွေပဲ..အစ်မစိုးရိမ်တာက..နွယ်က မိသားစုကိုလုပ်ကျွေးနေတဲ့ သမီးလိမ္မာလေးမို့ ပျက်စီးသွားမှာစိုးလို့ပါ…နွယ်အလုပ်မဝင်ခင်ကတည်းက ဘမင်းနဲ့ အစ်မတွေ့ခဲ့တာ…ဘမင်းက ရည်းစားများတယ်…ထားခဲ့သမျှ ရည်းစားတိုင်းကလည်း နွယ့်လို ချောချောလေးတွေချည့်ပဲ…သူတို့တွေနဲ့လည်း အစ်မသိခဲ့တာပဲ….သူ့ရည်းစားတော်တော်များများက ဒီက ဝန်ထမ်းတွေပဲများတယ်လေ”
“ဟုတ်”
“အကယ်၍ အဲဒီလို အစ်မပြောသလို အဆင့်ကျော်ခဲ့လို့..”
မအေးမာ၏ မျက်လုံးထဲမယ် နွယ့်အပေါ် မကောင်းကြံလိုဟန်မရှိ။ ပကတိ ဖြူစင်ရိုးသားလို့။ မအေးမာနှင့် နွယ် အလုပ်အတူတွဲလုပ်ဖြစ်တာလည်း တစ်နှစ်ကျော်ပြီ။ နွယ့်အပေါ် တစ်ခါမျှ မကောင်းကြံသည် မရှိဖူး။ ဝမ်းကွဲ ညီအစ်မတွေ။ အမေ့ညီမဖြစ်သော အန်တီအေးတွင် သမီးဆို၍ မအေးမာတစ်ယောက်သာရှိသည်လေ။ အန်တီအေးသည်လည်း နွယ့်ကိုချစ်သည်သာ။မအေးမာအဖေ ဦးအောင်ကတော့ ဆုံးသွားသည်မှာ မအေးမာသုံးနှစ်အရွယ်ကတည်းက။ အန်တီအေးကတော့ အိမ်ဆိုင်လေးဖွင့်ထားသည်လေ။ အငယ်ကတည်းက နွယ်သိသော မအေးမာသည် စိတ်ထားကောင်းသည်သာ။
နွယ့်စိတ်ထဲ ဖွင့်ပြောချင်လာမိ၏။ နွယ့်မှာလည်း ထိုနေ့ရက်ပြီးကတည်းက ကြောက်ရွံနေခဲ့တာလေ။ ဘယ်အချိန်မှာများ ပြဿနာ ပေါ်လေမလဲလို့။ဒီချိန်ထိ ပြဿနာမရှိလို့ တော်ပါသေးသည်လေ။ ရည်ရွယ်ထားခြင်းမရှိပါပဲ နှုက်က ထွက်သွားလေတော့၏။
“လွန်ခဲ့တဲ့ သုံးလလောက်ကတော့ တစ်ခါ”
“နွယ်ရယ်..မိုက်လိုက်တာ..ဒီနောက်ပိုင်းကော”
“ခေါ်တော့ခေါ်တယ်..နွယ် မသွားရဲတော့လို့”
“ကောင်းတယ် နွယ်..နွယ့်ကို တစ်ကယ်ချစ်မချစ်သိသာအောင်..လက်ထပ်ယူမယူသိသာအောင်…အစ်မနည်းပေးမယ်….ဒီလိုလေးစမ်းကြည့်ပါ့လား”
တစ်ကယ်တမ်းတော့ မအေးမာပြောသော နည်းကို မသုံးချင်ပါ။ ဘမင်း ဆိုသည့် ချစ်ရသော မောင့်အပေါ် မယုံကြည်ရာရောက်သည်ဟု တွေးမိခြင်းကြောင့်။ ဒီတစ်ခါတော့ အတည်ပေါက်နှင့် မောင့်ကို စမည်ရယ်တွေးထားပြီးမှ……………..အဖြေကိုသိရတော့လည်း သူမ နာကျင်စွာ။ မအေးမာကိုလည်း ကျေးဇူးတင်စွာ။
“ကိုဘမင်း ကျွန်မတို့ လမ်းခွဲကြတာပေါ့…..နောက်နောင်များလမ်းမှာတွေ့ရင်တောင် အသိဆိုပြီးမနှုတ်ဆက်ပါနဲ့ ကျွန်မ ရွံ့လွန်းလို့ ရှင့်ကို”
ဖြန်း………..
ဘမင်းကို လက်ဝါးတစ်ချက်လက်ဆောင်ပေးအပြီးမှာတော့ သူမနာကျင်ကြေကွဲစွာပြေးထွက်ခဲ့မိပြီ။
………………………………………………………………………………………………….
ရင်တစ်ခုလုံးပူလောင်လို့။
အသဲကွဲတာလား။ မဟုတ်ပါ။ ဒီလိုလူစားမျိုးအတွက် အသဲကွဲသည်ဆိုလျှင်ဖြင့် နွယ့်ကိုယ်နွယ် သတ်သေဖို့သာကောင်းလေသည်။ ဒီစိတ်ခံစားချက်ထက် အရေးကြီးတာရှိသည်။ တစ်လစာတော့ ကြိုထုတ်ရမည်လေ။ ဘမင်းနှင့် မျက်နှာချင်းမဆိုင်ချင်တော့သော်လည်း ဘဝလိုအပ်ချက်အရ ခေတ္တတော့ တွေ့နေရဦးမည်။ လုပငန်းခွင်အတွင်းဝယ် တော့ တွေ့ကြရဦးမည်လေ။
အမေ့ချော်လဲသည့် ဒဏ်ရာက မပျောက်ကင်းသေး။ ဆေးစည်းရမည်တဲ့။ အလုပ်လည်းမဆင်းနိုင်။ တစ်လတော့ နားထားရမည်။ တော်သေးသည်က သူဌေးက လူသစ်မရှာပဲ နောက်တစ်လကျရင် အလုပ်ပြန်ဝင်ဟု ပြော၍။
“မအေးမာရယ်..ကျေးဇူးတင်ပါတယ်…နို့မို့ဆို နွယ်…ဘယ်လောက်တောင်”
“မပြောပါနဲ့ နွယ်ရယ်…အစ်မ ဘာလို့ အသိပေးလဲ သိလား..နွယ်တော့ နားလည်ချင်မှ နားလည်မယ်..အစ်မသူငယ်ချင်းတစ်ယောက် ဘမင်းလိုယောင်္ကျားမျိုးလက်ချက်နဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘဝဆုံးသွားလို့လေ…သူ့မိဘတွေလည်း နှမြောခဲ့ရတယ်..အစ်မလည်း နှမြောခဲ့ရတယ်…အစ်မသူငယ်ချင်းက.…စိတ်ထားအရမ်းကောင်းတဲ့ မိန်းကလေး ဒါပေမဲ့…နွယ်ရယ်..သူ့အသုဘတောင် လာမပို့ခဲ့ဘူး..အဲဒီလူယုတ်မာက”
“မအေးမာရယ်”
“နွယ် စောစောလမ်းခွဲဖြစ်တာကံကောင်းပါတယ်…အဲဒီသူငယ်ချင်းက မအေးမာနဲ့ ငယ်ကတည်းက ကျောင်းသွားဖော်တွေလေ…ဆယ်တန်းတုန်းကလည်းဘော်ဒါဆောင်မှာတစ်ခန်းတည်း…ညီအစ်မအရင်းတွေထက် ပိုချစ်ကြတဲ့သူတွေပေါ့”
ပြောရင်း ငိုသွားသော မအေးမာကိုကြည့်ရင်း နွယ့်ရင်ထဲဝယ် သနားချစ်ခင်စွာ။ ကြည့်ရသည်မှာ အတော်ပင် ရင်းနှီးသော သူငယ်ချင်းဖြစ်မည်ထင့်။
ရုံးထဲက သူမနှင့် ရွယ်တူ မိန်းခလေးများက ပြောကြသည်။ မအေးမာက အလွန်ပင်ရှုပ်သည်တဲ။ အားသည်ဆိုလျှင် သူမတို့မိန်ူခလေးတွေအား သမီးရည်းစားနှစ်ယောက်တည်း ဆိတ်ကွယ်ရာမသွားရ၊ ဘယ်လိုမနေရ၊ ဘယ်ဝါမနေရနှင့်တဲ့။ နွယ်ကိုယ်တိုင်လည်း တစ်ချိန်ကတော့ ထင်ခဲ့ဖူးသည်သာ။ တစ်ကယ်တမ်းတော့ မအေးမာခမျာ သူ့သူငယ်ချင်းလိုအဖြစ်ဆိုးမျိုးကြုံမှာစိုးသောကြောင့် အမုန်းခံသတိပေးနေခြင်းသာ။ နွယ်လည်း သတိပေးဖြစ်တော့မည်ထင်ပါသည်။ ဘာပဲဖြစ်ဖြစ် အမုန်းခံပြီး။ နွယ်လိုမျိုး မကြုံကြရအောင်၊ ပန်းကောင်းလေးတွေ အညွှန့်ချိုးမခံရအောင်။ သူမယုံကြည်ပါသည်လေ။ လောကမှာ လူဆိုးလူယုတ်မာချည်းရှိတာမဟုတ်ပါဘူး။ အချိန်တန်လျှင်တော့ သူမ၏ ချစ်ခြင်းနှင့် ထိုက်တန်သော လူကောင်းတစ်ယောက်ကို ဆုံစည်းရမည်ဟု။ ကိုယ့်ချစ်သူမိန်းခလေးကို တန်ဖိုးထားတတ်သော လူမျိုးကို ဆုံစည်းရမည်ဟု။
ဟော.အမေစောင့်လို့ပါ့လား။ လက်မှာလည်း ပတ်တီးကြီးနဲ့။
“အမေ..ဒီနေ့ သက်သာလား..မနေ့ကထက်ပိုပြီး”
“သက်သာပါတယ်တော်..သက်သာပါတယ်..သမီးမျက်နှာလည်း မကောင်းပါ့လား….စိတ်ညစ်စရာရှိနေလား”
“မရှိပါဘူး အမေရယ်…တစ်လစာကြိုထုတ်ဖို့…ဒီနေ့စာတင်လိုက်ပြီ..နက်ဖြန်ဆို ရပြီအမေ”
“အေး…အေး….သမီး နွယ် ဒီနှစ်တော့ ဆယ်တန်းပြန်ဖြေနော်….နောက်နှစ်လကျရင် ကျူရှင်တက်ဖို့ပြင်တော့…”
“ဟုတ်…အမေ အဖေကော”
“လာသေးဘူးအေ့..ဒီနေ့ မုန့်ပို့တယ်ထင်တယ်”
“သြော်…” ဟုဆိုမိရင်း အမေ့ရင်ခွင်ထဲတိုးဝင်ရင်း အမေ့ကိုဖက်ကာ စိတ်မောခဲ့သမျှတို့ကို ဖြေဖျောက်ရင်း အားယူလိုက်သည်လေ။ အမေကတော့ ပြုံးရင်း
“သြော်..ဒီကလေးကတော့…” ဟုရွတ်လို့။
………………..
“သမီး အိပ်တော့လေ..မနက်လည်း အလုပ်သွားရဦးမှာကို သိပ်ညဥ့်နက်အောင် မနေနဲ့လေ”
“ဟုတ် အမေ”
စောင်ခြုံပေးပြီးထွက်သွားသော အမေ့နောက်ကျောကိုကြည့်ရင်း နေ့လည်က နွယ်နှင့် ပြောခဲ့သောစကားတို့ကို ပြန်စဉ်းစားမိပြန်သည်။
နွယ်ယုံပါမည်လား ဒါသူငယ်ချင်း၏ အဖြစ်အပျက်ဆိုသည်ကို။ တကယ်တမ်းတော့ အမေမသိအောင် ဖုံးကွယ်ထားသည့် သူမ၏ နွံဝယ် ကျွံခဲ့ဖူးသော ဖြစ်ရပ်ဖြစ်သည်လေ။ မတွေးချင်တော့ပါ။ ဒီလိုဖြစ်ရပ်မျိုးလည်း မရှိစေချင်တော့ပါ။
တကယ်တမ်းတော့ သူမသည် ခဲမှန်ဖူးသည့်စာသူငယ်ကဲ့သို့ တခြားစာသူငယ်လေးများလည်း ခဲမမှန်ရအောင် သတိပေးနေခြင်းသာ။
ရုံးတွင်းဝယ် သူမအားရှုပ်သည်ဟု ပြောကြခြင်းကို သူမသိပါသည်။ သို့သော် မပြောပဲလည်း မနေနိုင်ပြန်ပါ။ သူမတုန်းကလည်း ဆိတ်ကွယ်ရာနှင့် ကြုံခဲ့ခြင်းလေ။ ထိုတုန်းက ဆေးသုံးခွက်သောက်အပြီး ရင်နာခဲ့ရသည်ပဲ။ တစ်ခါအလိမ်ခံရလျှင် လိမ်သူအပြစ်၊ နှစ်ခါအလိမ်ခံရလျှင် အလိမ်ခံရသူအပြစ်တဲ့။ သူမ ထိုတစ်ခါတည်းနှင့်ပင် ရွံမုန်းမိလေပြီ။ ထိုတစ်ခါတည်းနှင့်ပင် ထိုလူ့ကို လမ်းခွဲကာ အလုပ်ကထွက်လိုက်သည်။ ယခုနွယ်နှင့် အတူလုပ်နေသော ရုံးထဲဝင်သည်မှာ နွယ့်ထက် သုံးလသာ စောသည်ပဲ။ အော…နောက်နှစ်လကျရင် အဝေးသင် နောက်ဆုံးနှစ်ဖြေဖို့ ကျူရှင်စတတ်ရတော့မည်ပဲ။ အရာအားလုံးကို ရွံမုန်းသောကြောင့်ကော၊ ထိုလူနှင့်မတွေ့ချင်တော့၍ ထွက်ဖြစ်ခဲ့သော နောက်ဆုံးနှစ်ကို သူမ ပြန်ဖြေတော့မည်လေ။ စတက်ဖြစ်ခဲ့တုန်းကတေ့ ဒေး၊ အခုတော့ အဝေးသင် တနည်းစာပေးစာယူ။
မြန်မာစာ အဝေးသင်ဘွဲ့လေးရသွားလျှင်ဖြင့် ရာထူးလေးတိုးနိုင်ပါသည်လေ။ အင်း နွယ်လည်း နောက်သုံးလကြာလျှင် အလုပ်ထွက်ပြီး သူမအဖေ့အလုပ်မှာပဲ အလုပ်ဝင်တော့မည်တဲ့။ ဒါလည်းကောင်းပါသည်လေ။ သူမလိုပင် နွယ်လည်း မျက်နှာချင်းဆိုင်နေရမှာမျိုး ဘယ်လုပ်ချင်ပါ့မလဲ။
ဘာပဲဖြစ်ဖြစ်လက်ရှိအချိန်မှာတော့ သူမသည် အမေနှင့်အတူနေနေရခြင်းကို လောက၏ အကောင်းဆုံးလက်ဆောင်တစ်ခုဟုသတ်မှတ်ရင်း ပျော်နေပါသည်လေ။ ဘာတွေပဲဖြစ်နေဖြစ်နေ ခိုလှုံစရာ အမေ့ရင်ခွင်ရှိနေခြင်းကိုက ၊ ဖြေသိမ့်စရာ အမေ့ရင်ခွင်ရှိနေခြင်းကိုက အရာအားလုံးကို ရင်ဆိုင်နိုင်ရန် အင်အားတစ်ခု။
……………………………………………………………………………………………………………………………………..
“ကိုကြီး ဒီနောက်ပိုင်းငြိမ်သွားတယ်နော်..အရင်က သူ့ရည်းစားအကြောင်းတပြောပြောနဲ့”
“ဟုတ်ပါ့..အခုတော့ ငြိမ်တာထက် မှိုင်တာပါပိုနေပြီ…ဟေ့ရောင် ဒီနေ့ည အောင်စားရင်းထွက်မှာကွ ဆယ်တန်းတွေ”
“အော…ကိုလတ်က နှစ်နှစ်စာသင်ပြီးဖြေတာဆိုတော့ အောင်မှာပါ.ကျွန်တော်လည်းသေချာတယ် အောင်မှာ..အီဖေကိုယ်က စာတော်တယ်လေ”
“ခွေးကောင်လေး ညကျ ငါသွားကြည့်ရင် မင်းကိုမနှိုးဘူး..ထားခဲ့မယ်”
“လုပ်ပါနဲ့ဗျာ..ကိုလတ်ကလည်း..ချစ်လို့စတာကို”
ညီိငယ်နှစ်ယောက် တီးတိုးစကားသံကြားတော့ ဘမင်း ယောင်ယောင်လေးပြုံးမိလိုက်သည်။ နွယ်ရေ ကိုယ့်ညီတွေသတိထားမိလောက်အောင်အထိတောင် သိသာနေပြီကွယ်။
…………………………………
ဘမင်းရည်းစားတွေထားခဲ့ဖူးပါသည်။ မည်သူ့ကိုမျှ နှစ်နှစ်ကာကာမချစ်မိခဲ့။ နွယ်နှင့်မှ။နွယ့်ကိုမှ သံယောဇဉ်တိုးခဲ့မိသည်။ မထင်မှတ်ပဲ နယ်ကျွံမိခဲ့သည်။မရည်ရွယ်ပါပဲနှင့်။ဒါပေသိ ဒီချိန်မှာ အိမ်ထောင်တစ်ခုကို ထူထောင်နိုင်သည့်အရည်အချင်းရှိသည်ဟု ကိုယ့်ကိုယ်ကို မယုံကြည်ပါ။ အဓိကအကြောင်းခြင်းရာကတော့ သူ ခြေချုပ်မခံချင်သေးပါ။ ဒီအကြောင်းခြင်းရာတစ်ခုနှင့် နွယ့်ကိုလမ်းခွဲခဲ့သူ သူ၊ နွယ်၏ လက်ဝါးတစ်ချက်ကို လက်ဆောင်မွန်အဖြစ်သိမ်းခဲ့သူ သူ မှားပြီထင်သည်။ မှားခဲ့ပြီထင်သည်။
နွယ်ရေ အချစ်တစ်ခုဟာ ဘဝတစ်ခုလုံးမှာ အစိတ်အပိုင်းတစ်ခုမျှသာ အရေးပါတယ်လို့…မောင်ထင်ခဲ့ဖူးတယ်နွယ်။ ခုတော့ မောင် မှားပြီ။ မောင်မှားသွားပြီ။
မခိုင်းပါပဲနှင့် အတိတ်သို့ ခရီးနှင်တတ်သော စိတ်တို့ကို ထိန်းချုပ်လို့ ရရင်ဖြင့် သူထိန်းချုပ်လိုက်ချင်ပါသည်။ ခုတော့ စိတ်တို့သည် အတိတ်ဆီသို့သာ နှင်လွန်း၍ သူ့နှလုံးသားသည်လည်း မေ့ပျောက်ချိန်တန်ပါလျက် အမေ့ခက်နေပြီထင်သည်။ မှိတ်ထားသည့် မျက်ခွံအောက်ရှိမျက်လုံးတို့သည် အမှောင်မှန်းသိနေပါလျက်နှင့် နွယ့်မျက်နှာဝိုင်းလေးအား တီဗွီဖန်သားပြင်ထက် ကြည့်နေရသလိုလို။
တမှေးလောက်အိပ်စက်ရုံမျှဖြင့် နွယ့်ကိုမြင်တွေ့ရလွန်း၍ အိပ်စက်ဖို့ပင် သူ ကြောက်နေချေပြီ။ မေ့သင့်ပြီ။ မေ့ချိန်တန်ပြီ။ ကိုယ့်ကိုယ်ကို သတိပေးနေသည့်ကြားကပင် နွယ်သည် သူ့အိပ်မက်သို့အစဉ်လာကာ“မောင် နွယ့်ကို ချစ်သေးလားဟင်” ဆိုသည့်စကားနှင့် တွေ့စကတည်းက ဖြူစင်လွန်းသည့် အပြုံးလေးတို့နှင့် နှုတ်ဆက်မြဲ။ သူရူးနေပြီလား။ မရူးသေးပါ။ မရူးသေးဘူးဟုထင်ပါသည်။
ဒီခုံတန်းလေးဝယ် သူနှင့် နွယ်တို့ စကားတွေ ဖောင်ဖွဲ့ဖူးခဲ့ကြသည်။ သူနှင့်နွယ် တစ်ယောက်လက်ကိုတစ်ယောက် ရင်ခုန်ကြည်နူးစွာ ချိတ်ထားဖူးခဲ့ကြသည်။ ဒီနေရာလေးဝယ် နှစ်ယောက်သား ပျော်မြူးခဲ့ကြဖူးသည်။ ဒီခုံတန်းလေးပေါ်ရောက်တိုင်း နွယ့်ရယ်သံချိုချိုလွင်လွင်ကိုကြားမိသလို နွယ့်စကားသံ ချိုချိုလေးတွေကိုလည်း ပြန်လည်ကြားယောင်မိပြန်သည်။
….
“မောင် နွယ့်ကို ဘာလို့ ချစ်တာလဲ”
ချွဲချွဲနွဲ့နွဲ့ဆိုလာသူ နွယ့်အမေးစကားဝယ် သူထောင်ချောက်မိသူပမာ။ ဘာကြောင့်ချစ်တာလဲ။ အချစ်မှာ အဖြေရှိသလား။ အချစ်မှာ အကြောင်းပြချက်ရှိသလား။ သူမသိပါ။ ဒီတော့လည်း ပြုံးပြုံးလးပဲ ပြန်ဖြေမိသည်။ အရင့်အ၇င်မိန်းခလေးများကိုတော့ လျှာဖျားလေးနှင့် မျက်လုံးလေးချစ်ကြောင်း၊ ဆံနွယ်လေးချစ်ကြောင်း သူ ပြောထွက်ခဲ့သည်။ နွယ့်ကိုချစ်ခြင်းမှာတော့ အဖြေမရှိခဲ့။
“ချစ်လို့ ချစ်တာပေါ့ နွယ်ရဲ့”
“ဟာ မောင်က နွယ့်ကို တစ်ကယ်မချစ်ပါဘူး…….ဘာလို့ချစ်တယ်ဆိုတာတောင် မပြောနိုင်ဘူး”
“အော် နွယ်ကလဲ..ကဲဒါဆို နွယ်ဆံပင်လေးတွေကိုချစ်တယ်ကွာ..နွယ့်မျက်နှာ ဖြူဖြူစင်စင်ဝိုင်းဝိုင်းလေးကိုချစ်တယ်ကွာ…နွယ်နဲ့ပတ်သတ်တဲ့ အရာအားလုံးချစ်တယ်ကွာ..ရှင်းပြီလား”
“ဟာဟ ယုံပါဘူး..လူညာကြီး”
ရယ်ဟဟနှင့်နွယ် ဆိုတော့ ချစ်စရာ မျက်နှာဝိုင်းလေး၏ ပါးဖောင်းဖောင်းလေးများကို ဆွဲဖျစ်မိသည်။ အသည်းယားစရာ ချစ်ဖို့ကောင်းလွန်း၍။
………….
နွယ်….. လွမ်းမိပြန်ပြီ။ သတိရမိပြန်ပြီ။ တမ်းတမိပြန်ပါပြီ။ ဒီအရိပ်အောက်ကနေလွတ်မြောက်ခွင့် ပေးပါတော့လားကွယ်။
ကိုယ့်အမှားတွေ ကိုယ်သိသလို နွယ့်အနားလာခွင့်မရှိတော့တာလည်း ကိုယ်သိပါပြီ။ မောင်က မှားခဲ့မိသူပါ နွယ်။ ခုတော့လည်း မှားခဲ့သူမောင် နွယ့်ကိုလွမ်းရင်း ဝဋ်ခံနေရပြိပေါ့။ သတ္တိကြောင်သူရဲ့ ဇာတ်သိမ်းပေါ့နွယ်။။။။။။။။ပျော်ပါစေ နွယ်။
တကယ်လို့များအဲဒီနေ့ကို ပြန်ရောက်ခွင့်ရှိမယ်ဆိုရင်ဖြင့် နွယ့်ကိုလက်ထပ်ဖို့ မောင်ရွေးချယ်မိမလား။ မသေချာပြန်ပါဘူးနွယ်ရေ။ မောင် ခုထိ သတ္တိကြောင်တုန်း။ နွယ့်ဘဝလေး ထာဝရ လန်းနေနိုင်ပါစေကွယ်။
“ဘမင်း ဟိုမှာ မန်နေဂျာက နင့်ကိုခေါ်နေတယ်..ကားထွက်ဖို့တဲ့ ဒီနေ့ ဆိုင်သစ်ဝင်ဖို့ဆိုလားပဲ”
“သြော်..ဟုတ်ကဲ့ မအေးမာ..ဒါနဲ့ နွယ်ရော..ခုဘယ်မှာ အလုပ်ဝင်နေလဲ”
“ဘာလုပ်ဖို့လဲဟယ်..နွယ်က ဒီရုံးကဘယ်သူ့မှ မပြောပါနဲ့တဲ့..တော်ကြာလာလည်နေမှာစိုးလို့တဲ့…သွားသွားမန်နေဂျာဆီသွားလိုက်ဦး”
“ဟုတ်ကဲ့…သူအဆင်တော့ပြေတယ်မလား”
“နင်ကလည်း ဘာကြီးပဲဖြစ်နေဖြစ်နေ လူဟာ အသက်ရှင်ဖို့ ပဲဖြစ်ဖြစ် အသက်ရှင်နေလို့ပဲဖြစ်ဖြစ် အလုပ်လုပ်ပြီး ရှင်သန်နေရတာပဲမလား…အဲလိုပဲပေါ့..အဆင်ပြေတယ်ဆိုတာ စိတ်နေတတ်မှုလေးပါပဲ..ဒါ့ကြောင့်မို့ ပြောရရင် နွယ်နေတတ်ပါတယ်..နွယ် အဆင်ပြေပါတယ်”
ခေါင်းငြိတ်ပြရင်းသူထွက်လာလိုက်မိပြီ။ သူသာသတ္တိမကြောင်လျှင်ဖြင့် နွယ်နှင့် လက်တွဲခွင့်ရခဲ့လျှင်ဖြင့် ပျော်စရာကောင်းမည်လား။ သို့သော်လည်း သူခုထိ သတ္တိကြောင်နေပါသေးသည်။ ယောင်္ကျားတွေက ပြတ်သားသည်၊ စိတ်ဓါတ်ခိုင်မာသည် ဟုပြောကြသည်။ တကယ်တမ်းကျတော့ မိန်းခလေးများက ပိုပြတ်သားသည်၊ စိတ်ဓါတ်ခိုင်မာသည်ကို နွယ်နှင့်ပင် သူလက်တွေ့ကြုံလိုက်ရပါပြီ။
တချိန်ချိန်ကျလျှင်တော့ သူလည်း သူ့ချစ်သူအတွက်၊ သူချစ်သောသူအတွက် သတ္တိတွေ ရှိလာနိုင်ပါလိမ့်မည်၊ ပြတ်သားလာနိုင်ပါလိမ့်မည်..ဟုတွေးရင်း။
…………………………………………………………………………………………………………………………………..
ဘာကိုမှမသိချင်သူ
September 09, 2011

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်