Saturday 17 September 2011

ပြန်ကိုပြန်ရမယ့် စာလေးတစ်စောင်

ဒီစာကို ဖတ်ကြည့်ပြီးတော့ စိတ်ပင်အနည်းငယ် ညစ်ညူးသွားချေပြီ။ နွယ်ဆိုသောမိန်းခလေးက သူမ၏ အချစ်နှင့်ပတ်သတ်၍ မေးထားခြင်းပင်။ သူမ၏ချစ်သူနဲ့ လက်ထပ်ရန် အိမ်ကသဘောမတူသဖြင့် အလွယ်တကူပဲ ခိုးရာလိုက်ပစ်လိုက်ချင်ပြီ….ဟု ရင်ဖွင့်ထားခြင်းပင်။
“နွယ်…ရေ
ခိုးရာလိုက်တယ်ဆိုတာကို နောတ်ဆုံးအဆင့်မှ စဉ်းစားပါ ညီမရယ်။
သမီးမိန်းခလေးတစ်ယောက် ခိုးရာလိုက်ပြေးတဲ့အခါမှာ မိဘတွေအနေနဲ့
ပတ်ဝန်းကျင်မှာ အလွန်သိမ်ငယ်ရတယ် ညီမရဲ့။ သဘောတူအောင် နည်းနည်းလေး
ကြိုးစားလိုက်ပါဦး။ လုံးဝမဖြစ်တော့ဘူး…ဆိုတာသေချာမှ အဲဒီလို
စဉ်းစားပါလို့ မမ အကြံပေးချင်တယ်။…”

……….သူမကတော့ စာတိုတိုလေးရေးကာ ရင်ဖွင့်ထားသော်လည်း ကျွန်မကတော့ စာရှည်ရှည်လေးရေးကာ စာပြန်လိုက်မိသည်။
ခိုးရာလိုက်တယ်ဆိုတာ….လူငယ်တွေအတွက် ဘယ်လိုစဉ်းစားမလဲမသိပေမဲ့ ကျွန်မတော့ မိဘတွေကို သနားသည်။ တစ်ခါက မုန့်ဟင်းခါးဆိုင်တွင် မုန့်စားနေရင်း ဘေးကလူတစ်ချို့ လင်မယားနှစ်ယောက်ကို ၀ိုင်းကြည့်နေကြသည်ကို တွေ့ရသည်။

ထိုလင်မယားနှစ်ဦးကမူ မျက်နှာသိပ်မကောင်း။ ပတ်ဝန်းကျင်ကလူတွေ သူတို့ကို အာရုံစိုက်နေသည်ကိုလည်း ရိပ်မိဟန်နှင့် ခပ်သွက်သွက်လျှောက်သွားကြ၏။ သူတို့လွန်သွားသောအခါ ကျွန်မဘေးကလူများကျွတ်စီကျွတ်စီနှင့် ထိုလူနှစ်ယောက်၏ သမီးမိန်းခလေး ခိုးရာလိုက်သွားကြောင်း တဖွဲ့တနွဲ့ ပြောဆိုနေကြသည်မှာ မိဘတို့၏ ရင်တွင်းဝေဒနာကို ကိုယ်ချင်းမစာနာသည့်နှယ်။
ကျွန်မက ကိုယ့်ထမင်းကိုယ်စားပြီး သူတစ်ပါး၏ အချစ်ရေးတွေကို ဖတ်ရှု့ပေးကာ ပြန်လည် အကြံပေးသော အလုပ်ကိုလုပ်ပါသည်။ မဂ္ဂဇင်းများတွင်ပါဝင်သော အချစ်အကြံပေးကဲ့သို့ပင်။ သို့သော် သူက လူကန့်သတ်ထား၏။ ကျွန်မကတော့ အွန်လိုင်းပေါ် ဂျီမေးမှဆိုတော့ အကုန်လုံးဆီမေးပြန်ပို့နိုင်သည်သာကွာ၏။ ဒီလို အချစ်အကြံပေးလုပ်ဖို့ စိတ်ကူးရပြီးလုပ်ဖြစ်တာ သိပ်မကြာသေးပါ။
သုံးလလောက်သာရှိဦးမည်။ ကျွန်မစာတိုပေစ ရေးသောဝဘ်ဆိုဒ်မှာ ဂျီမေးလေးကြေငြာထားလိုက်ခြင်းပင်။ အချစ်ရေးကို ဆွေးနွေးရင်ဖွင့်နိုင်သည်…ဆိုပြီးတော့။ ကိုယ့်နစ်နိမ်းကိုတော့ ခင်ဦးဟုပေးလိုက်သည်။ ပထမလကတော့ ဘာစာမှမလာခဲ့။ ကျွန်မတောင် ဝဘ်ဆိုဒ်မှာ ကြေငြာထားတာကြည့်ပြီး လူတွေ ရယ်ရုံရယ်သွားတယ် ထင်ပါရဲ့.. ဟုတွေးမိလိုက်သေးသည်။ နောတ်လကျတော့ ငါးစောင်။ ဟော ဒီလကျတော့ တော်တော်များသွားပေပြီ။ ဒီထဲကမှ ဘယ်စာတွေကို အရင်ပြန်ရင်ကောင်းမလဲဆိုပြီး ရွေးချယ်နေသူကျွန်မ ပထမဆုံးပြန်ဖြစ်တာက နွယ်။ ခု နောတ်တစ်စောင်ကြည့်လိုက်မိတော့ နည်းနည်းတော့ စိတ်ဝင်စားစရာကောင်းလေသည်။

ကလေးတစ်ယောက် လမ်းမလွှဲအောင် ဘယ်လိုလုပ်ပေးရမလဲ….ဟူသော subject လေးနှင့်။ အသအချာဖတ်ကြည့်လိုက်တော့ ဆယ်တန်းကျောင်းသားလေးတစ်ယောက် သူမကို ကြိုတ်၍ လိုက်နေခြင်းအပေါ် ဘယ်လိုဆက်ဆံပေးရမလဲ…ဟုမေးထားခြင်းသာ။ ယတိပြတ်ငြင်းလျှင်လည်း ဆယ်တန်းတွင် ခြေချော်လက်ချော်ဖြစ်သွား မှာကြောက်သည်…တဲ့။ သူမထက်သုံးနှစ်ငယ်သော ထိုကလေးကို မချစ်သော်လည်း သံယောဇဉ်ရှိပါသည်တဲ့။

“ညီမလေးရေ…ဆယ်တန်းတွေ စာမေးပွဲဖြေဖို့ အဝေးကြီးလိုပါသေးတယ်။ ဒီအချိန်မှာ
ကိုယ်က ယတြိပြတ်ဖြတ်ချနိုင်မှ ဘယ်သူမှ မခံစားရမှာ။ ဆေးကောင်းတို့မည်သည်
အ၀င်ခါး၏ တဲ့။ ကြားဖူးတယ်မလားကွယ်…။”
နားလည်လွယ်သော စကားလုံးတစ်ချို့နှင့် စာတော်တော်များများပြန်အပြီးမှာ မေးပိတ်ပြီး ထွက်ဖို့အလုပ်မှာပဲ ……အသစ်တစ်စောင်ဝင်လာသည်။ ဖတ်ကြည့်လိုက်ဦးမယ် ….ဆိုပြီး ဖွင့်ကြည့်လိုက်ချိန်မှာတော့
“မမခင်ဦး
သမီးမှာ ချစ်သူတစ်ယောက်ရှိပါတယ်။ သူက ဘာသာခြား။ လူမျိုးခြားပါ။ သမီးအပေါ်
အရမ်းချစ်တယ်။ မေမေနဲ့ဖေဖေက သူနဲ့ အဆတ်ဖြတ်ဖို့ပြောကြတယ်။ သမီးဘယ်လိုလုပ်
ပြတ်နိုင်မှာလဲ မမရယ်။ သမီးလည်း သူ့ကို အရမ်းချစ်တာကို။ သူ့မိသားစုကလည်း
သမီးဆို အရမ်းချစ်တာပဲ။ မေမေနဲ့ဖေဖေကသာ သူ့ကို အရမ်းမုန်းပြီး လက်မခံတာ။
သမီးလည်း အသက်နှစ်ဆယ် ရှိပါပြီ….မမ.ရယ်။ လူတစ်ယောက် ကိုယ့်အပေါ်
တစ်ကယ်ချစ်မချစ်ဆိုတာ ချင့်ချိန်တတ်ပါတယ်။ နောတ်
ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ခေတ်၊ ကမ္ဘာကြီးဟာ
ရွာကြီးတစ်ရွာဖြစ်လာပြီ….ဆိုတဲ့ခေတ်မှာ လူမျိုးခြား ဘာသာခြားဆိုတာက
အရေးပါသေးလို့လား။ နောတ် သူက ၀ါယာရိန်းဆရာလေ။ ၀င်ငွေလည်းကောင်းတယ်။
လက်ထပ်လိုက်ရင် သမီးအတွက် ဘာတွေဆိုးမယ်ထင်နေလဲ မသိပါဘူး.။
မေမေတို့ဖေဖေတို့ရဲ့ ရှေးဟောင်းအယူအဆတွေကို တော်လှန်ဖို့၊ ကိုယ့်
အချစ်ကို ကာကွယ်ဖို့ သမီးကတော့ သူကသာ လိုက်ခဲ့ဆိုရင် လိုက်သွားမှာပဲ။
ဟိုတစ်နေ့က ဆိုဒ်ထဲမှာတွေ့လိုက်လို့…သမီးလည်း ရင်ဖွင့်ချင်ရုံသတ်သတ်နဲ့
ပို့လိုက်တာပါ။ သေချာဖတ်ရှု့ပေးတဲ့အတွက် မမ ကို ကျေးဇူးတင်နေမှာပါ။
…….မမနိုင်”
ရေးသားထားပုံတော့ ယဉ်ယဉ်ကျေးကျေးလေးပါပဲ။ ခက်တာက အယူအဆတွေ လွဲနေသည်။ ဒီခေတ် နည်းပညာတိုးတတ်လာခြင်းကို ကိုယ်စားပြုသည့် ဂလိုဘယ်လိုင်ဇေးရှင်းဟူသော စကားလုံးသည် သူ့ကျမှပဲ လိုရာဆွဲသုံးလိုက်တာ ရွာသူရွာသားအချင်းချင်း လက်ထပ်ခြင်း ဆိုသည့်ခေါင်းစဉ်အောက် အလိုအလျောက် ရောက်သွားပေတော့သည်။ ဖတ်ဖူးပါသည် ဒီစာစုမျိုး။ မဂ္ဂဇင်းတစ်ခုရဲ့ ရင်ဖွင့်ပေးစာ ဆိုသည့် ကဏ္ဍမှာ။ ထိုထဲမှာ ရေးထားသည်နှင့် ချွတ်စွတ်နီးပါး တူညီသည်လေ။ မတူညီတာဆိုလို့ အချိန်ကာလ အပိုင်းအခြားလေးပင်ရှိသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က ဖတ်ဖူးခြင်းပင်။ ထိုတုန်းက အန်တီဘယ်သူဆိုလား သူဖြေထားသည် က ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်နေသည့် ခေတ်ကြီးထဲမှာ ဒီလိုလူမျိုးခြား ဘာသာခြားဆိုတာတွေ အရေးမပါတော့ပါဘူးတဲ့။ နာလည်မှု့နဲ့ ညှိနှိုင်းလို့ရပါသည် ဆိုပဲ။ ရင်ထဲမှာ အချစ်ရှိနေတာသေချာဖို့ပဲလိုသည်တဲ့။ စာအဆုံးမှာသူက ရေးထားသေးသည်။ သူမက အချစ်ရဲ့ ဘက်တော်သားလေ..တဲ့။ အချစ်ကိုပဲ အလေးထားသည်….တဲ့။

အဲဒီစာကိုဖတ်ပြီးတုန်းကများ ကျွန်မ ဒေါသတွေ ထွက်လိုက်တာ…တစ်နိုင်ငံလုံးနှုန်းနဲ့ဖတ်တဲ့ ဒီလိုမဂ္ဂဇင်းကြီးမှာ ဒါမျိုးရေးရမလားဆိုပြီး။ အယ်ဒီတာတွေကကော ဒါမျိုးကို ဖြတ်ထုတ်မပစ်ဘူးလားလို့။ အမှတ်တစ်ကယ် ဖြစ်သင့်သည်က သူတို့လို ကျော်ကြားနေသော မဂ္ဂဇင်းတွင် မျိုးချစ်စိတ်ရှင်သန်အောင် တတ်ကြွသည့် အားပေးသည့် စာမျိုး မထည့်တောင်မှ ဒါမျိုးမရေ့းသင့်ပေ။ ထိုစာအုပ်ကို အားပေးနေသူတွေထဲ မနူးမနပ် ဆယ်ကျော်သက် မိန်းခလေးများစွာပါဝင်သည်။ ထိုသူတို့၏ နုနယ်သောနှလုံးသားတွင် ဒီလိုအမျိုးမဲ့ အတွေးမျိုးတွေးသွားလျှင် မခက်ပါကောဟူ၍။ ထိုကတည်းက အားမပေးတော့။ ထိုမဂ္ဂဇင်းကို အားပေးဖို့ဆန္ဒပျောက်ဆုံးသွားခဲ့ပြီ.။
ခုလည်းလာပြန်ချေပြီ။ အဲဒီလိုအဖြစ်အပျက်မျိုး။

ဒီတိုင်းတော့ ပြန်စာမရေးနိုင်သေး။ အကိုးအကား အထောတ်အထားများစွာနှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြတ်စေသောစကားလုံးများစွာနှင့် ထိုကလေးမ၏ ငုပ်လျှိုးနေသော မြန်မာ ဆိုသည့် စိတ်ဓါတ်ကို အသေအချာပြန်သွေးပေးရပေမည်။ ပဍိက္ခရားမင်းသားနှင့် ရှင်ကွဲခွဲခဲ့ရသော ရွှေအိမ်စည်မင်းသမီး၊ ကျန်စစ်မင်း၏ အမျိုးမာန်။ ဒါတွေဒါတွေ ကို အသေအချာပြန်ဖတ်လိုက်ဦးမည်။
စုဖုရားလတ်၏ အကြောင်း လည်းမေ့လို့မဖြစ်သေး။ ဆောင်းပါးတစ်ပုဒ်ထက်ပို၍ရှည်သော…ရသမြောက်သော စာရေးသားမှု့များနှင့်
သူမရဲ့ ဇာတိမာန်ကို ပြန်လည်ဖော်ထုတ်ပေးနိုင်သော…..မြန်မာဆိုတဲ့ အမျိုးမာန်ကို ပြန်လည်ချစ်နိုင်စေရန်…..အချစ်ဆိုသောအရာသည် အမျိုးမာန် ဇာတိမာန်လောက်အရေးမကြီးကြောင်း………စကားလုံးပေါင်းမြောက်များစွာသုံးပြီး စာပြန်ရမည်ဟု…စဉ်းစားရင်း မေးထဲကနေ signout လုပ်လိုက်ပါတော့သည်။ အော်…အရေးကြီးတာကျန်သေးသည်…..ဆရာတော်ရှင်ကောဝိဒ ရဲ့ မွေခံထိုက်စေ တရားတော်ကိုလည်း attach ဖိုင်နှင့်တွဲပို့ရပေမည်။ သူမလေးကတော့ ပြန်စာ ပို့ပေးပါဟု မရေးသော်လည်း ကျွန်မကတော့ ပြန်စာ ပို့ကိုပို့ပေးရမည် ဟုတွေးရင်း ခြေလှမ်းများ စာအုပ်စင်ဆီသို့…ဦးတည်လျှက်။ ပြန်စာရေးဖို့…..အာဟာရတွေ ရှာဖွေရမည်လေ။………

သဘက်ခါ ရုံးမတက်ခင်မနက်အရောက်ပို့ပေးရမည်။ တော်ကြာရုံးတက်ပြီးမှဆိုလျှင်ဖြင့် အလုပ်တွေမရပ်မနားနှင့် မေ့သွားနိုင်သေးသည်။

တော်ပါသေးသည်။ ဒီလို စနေမနက်ရောက်လာသည်မို့။ အာဟာရတွေ ရှာဖွေစရာ အချိန်များစွာရသည်ပဲ။ ရုံးကတော့ သူတို့၏ ဌာနမှုးသည် ဒီလိုလုပ်ရပ်လေးတွေလည်း လုပ်တတ်ကြောင်းသိပါ့မလား။ ကလေးဆန်သည်ဆိုဆို ဒီဖြေဆိုနေရခြင်းလေးကို ကျွန်မ နှစ်သက်ပါသည်လေ။ ကဲ ..စာအုပ်လေးလည်း ရှာဦးမှ။ စာအုပ်စင်ရှေ့ရပ်ရင်း..လက်ကလေးဟိုထောက်ဒီထောက်ဖြင့်…ကျွန်မအလုပ်ရှုပ်နေလေတော့သည်။ ဘယ်စာအုပ်ကစ ဆွဲထုတ်ရပါ့။။။။

…………………………………………………………………………………….

ဘာကိုမှမသိချင်သူ

September 08, 2011

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်