Saturday 17 September 2011

မရေးဖြစ်တော့တဲ့ ဒိုင်ယာရီ

“အစ်မ ဒီစာအုပ်လေးပေးပါ ဘယ်လောက်လဲ”
“၁၅၀၀ ညီမလေး”
“ဟုတ် ”…………။
အညိုရောင်အဖုံးနဲ့ ဒိုင်ယာရီစာအုပ်လေး သူမလက်ထဲရောက်လာချေပြီ။ ဝယ်သာဝယ်လာခဲ့သော်လည်း သူမမှာ ဒိုင်ယာရီရေးတတ်သည့် အကျင့်မရှိခဲ့။ မရှိချေ။ ရင်ထဲက တင်းကျပ်မှုတချို့တလေများ ချရေးလိုက်လျှင်ပြေပျောက်သွားမလား…ဒီအတွေးနှင့် ဒိုင်ယာရီရေးကြည့်ဖို့ စိတ်ကူးမိခြင်းသာ။
ဒိုင်ယာရီ ဆိုသည်ကို သူမ၏ သူငယ်ချင်းတော်တော်များများထားကြတာတွေ့ဖူးသည်။ လျှို့ဝှက်ချက်တဲ့။ သူမကတော့ ဒိုင်ယာရီမရေးတတ်သလို ရေးလည်းမရေးချင်ခဲ့။ မသိစေချင်ဘူး ဆိုမှာတော့ ဒိုင်ယာရီအမည်ခံ ပြီး ဘာ့ကြောင့် ဖွင့်ထုတ်နေမလဲ။ ဒီအတွေးနှင့် မရေးခဲ့ချင်ခြင်းသာ။ ဒီနေ့တော့ ဒိုင်ယာရီ သူမ ရေးဖြစ်တော့မည် ထင်သည်။
စားပွဲပေါ်က ဒိုင်ယာရီလေးက သူမကို လှောင်ပြောင်နေသလိုလို။ ကဲ..နင် ဘာတွေရေးမှာလဲ ဟု အသံတိတ်မေးနေသလိုလို။ ဘောပင်ကို လက်မှကိုင်ထားသော်လည်း ဒီစာအုပ်လေးပေါ်သူမရေးချမိသည်က ရက်စွဲလေးတစ်ခုသာ ရှိသေးသည်။ စိတ်တင်းကျပ်မှုဆိုတာကလည်း ရုတ်တရက်ဖွင့်ချဖို့ ဘယ်လွယ်ပါ့မလဲ။ အပြင်ခဏလမ်းထွက်လျှောက်ပြီး ပြန်လာမှပဲ ရေးတော့မည်။ အတွေးနှင့် စာအုပ်နှင့် ဘောပင်ကို သိမ်းလိုက်သည်။
“အမေရေ သမီး စာအုပ်ဆိုင်ခဏသွားလိုက်ဦးမယ်နော်…”
“အေး..အေး…မိုးဖွဲ ဖွဲလေးကျနေတယ် ထီးယူသွားဦး”
“ဟုတ်”
ထီးလေးဆောင်းရင်း မိုးဖွဲလေးထဲ လမ်းလျှောက်ရသည်မှာ ဘာနှင့်မှမတူသောခံစားချက်။ သူမအနှစ်သက်ဆုံး ခံစားချက်။ လတ်ဆတ်သောလန်းဆန်းသော အထိအတွေ့တို့နှင့် သူမ၏ စိတ်တင်းကျပ်မှုတို့ကိုပါ အနည်းငယ် လျော့ပါးစေပြန်ပါသည်။ လက်က နာရီကိုကြည့်မိတော့ နံနက်၁၀ နာရီ ခွဲ ပြီ။ ဒီချိန်ဆို သူမသူငယ်ချင်းမလေးမာမာလည်း ရုံးပိတ်ရက်ပဲ။ အိမ်ကလည်း စာအုပ်ဆိုင် နောက်ကျောလမ်းတင်ဆိုတော့ အနီးလေး။ မတွေ့တာလည်းကြာပြီ။ သူမကိုတွေ့လျှင် မျက်လုံးကြီးပြူးပြီး အံ့သြတကြီး နှင့် အော်ကြီးဟစ်ကျယ် ပြောပါဦးမည်။ “ဘယ်လေတိုတ်လို့ ရောက်လာတာလဲ ”..ဟု။ သူမက သူငယ်ချင်းတွေအိမ် သွားလည်တာရှားသည်လေ။
…………………………………………………………………………………………………………………………
“ခက်ရေ…ခဏထိုင်စောင့်ဟာ..ငါနင့်ကိုအအေးလိုက်တိုက်မယ်…အမေရေ သမီးခက်ကို အအေးလိုက်တိုက်လိုက်ဦးမယ်နော်”
“အေး..အေး..အပြန်ကျရင် လမ်းထိပ်ဆိုင်ကနေ ဆားတစ်ထုပ်ပါဝယ်ခဲ့နော်”
“ဟုတ်ကဲ့ ”
…..

“မာမာရယ် ငါက နင့်ကို မတွေ့တာကြာလို့ လာလည်တာပါဟာ…အအေးတိုက်စရာမလိုပါဘူး…”
“သိပါတယ် ခက်ရယ်…ငါကလည်း နင့်ကို ရင်ဖွင့်စရာတွေရှိလို့ ပါဟာ”
အအေးဆိုင်ရောက်သည်ထိ စကားမဆက်မိကြသေး။ ထောင့်ဆုံးခုံမှာဝင်ထိုင်ဖြစ်ကြရင်း..
“မာမာ နင်ဘာသောက်မလဲ ငါကတော့ သံပုရာဖျော်ရည်သောက်မှာ”
“မောင်လေးရေ သံပုရာနှစ်ခွက်…အချဉ်နည်းနည်းလေးများမယ်နော် နှစ်ခွက်လုံး”
အအေးမှာလိုက်သော မာမာ့အသံဝယ် စကားသံကို အားသိပ်မပါ။ မျက်နှာကိုကြည့်မိတော့ မှ သတိထားမိ၏။ မျက်နှာသိပ်မကောင်း။ ဘာ့ကြောင့်များပါလိမ့်။
“ငါ..မလေးသွားတော့မယ်..အမေကတော့ တားတယ်…ဒါပေမဲ့ ”
“ဘာလုပ်ဖို့ သွားမှာလဲ မာမာရယ်…မလေးသွားတဲ့သူတွေအတွက် အခြေအနေမကောင်းတာကို နင်သိရဲ့သားနဲ့ ယောင်္ကျားလေးဆို ကိစ္စမရှိဘူး”
“ငါ ငွေ မရရအောင်ရှာမှရတော့မယ် ခက် ငါ့အဒေါ်ကို မမုန်းပေမဲ့ သူ့ယောင်္ကျားက ငါတို့နေတာကို မကြိုက်တော့ဘူး ငါနဲ့အမေ့ကို အဒေါ့်ကွယ်ရာဆိုရင် တိုးတိုးတစ်မျိုးကျယ်ကျယ်တစ်ဖုံ ပြောတယ် သူတို့အိမ်မှာ နေတာမကြိုက်ဘူးဆိုပြီး ကြာတော့သည်းညည်းခံချင်စိတ် မရှိတော့ဘူး အရင် အဒေါ်လည်း ငါတို့အိမ်မှာ နေခဲ့ဖူးတာပဲလေ ခုက ငါတို့က အိမ်ကို ငှားလို့သာရယ်ကိုး ငါသွားတဲ့အခိုက်အတန့်လေးမှာ အမေနဲ့မောင်လေး အဆင်ပြေပြေနေနိုင်ပါစေလို့ ဆုတောင်းရမှာပဲ ”
”အင်း…“
” အခု မလေးသွားမှာကလည်း အသိရှိတယ်လေ လောလောဆယ် သုံးသိန်းပဲသွင်းရမှာ ကျန်တာကို လစာထဲကဖြတ်မှာ”
“မသွားလို့မဖြစ်ဘူးလား မာမာရယ် ရေခြားခြေားမှာ နင် အဆင်မပြေ ပိုဖြစ်မှာပေါ့”
“မရဘူး ခက်ရယ် ခုလက်ရှိ ငါ့လစာက လေးသောင်းခွဲတည်းရယ် အမေရှာတာနဲ့ အိမ်ငှားခနဲ့ အားလုံး ပေါင်းမှ တစ်လ တစ်သိန်းမပြည့်တပြည့်ပဲရတာ နောက်နှစ်ဆို မောင်လေးလည်း ဆယ်တန်း သူ့ကျောင်းစားရိတ်နဲ့ဆို လွယ်မှာမဟုတ်တော့ဘူး ဒီချိန်ကတည်းက ကြိုးစားရတော့မယ်”
“သုံးသိန်းကော ဘယ်လိုရှာမလဲ”
“ငါ့အဒေါ်ဆီက ခဏချေးထားတယ် ဝန်ထမ်းအဖြစ်ကလည်း ထွက်စာတင်ပြီးပြီ လာမဲ့လ ငါးရက်နေ့ဆို ငါသွားတော့မှာ”
“မာမာရယ် နင်ငါ့ကို အားလုံးစီစဉ်ပြီးမှပြောတာပေါ့ တားချိန်လေးတောင်မရတော့ဘူးပေါ့”
“မတားပါနဲ့ ခက်ရယ် ဘာပဲဖြစ်ဖြစ် မလေးမသွားခင်တော့ နင့်ဆီ သွားဖြစ်အောင်သွားဦးမယ်တွေးထားတာ နင်ခုလိုလာတော့ ငါလည်း တော်တော်ပျော်သွားတယ် ငါ့အချစ်ဆုံးသူငယ်ချင်းကို ဘာမှမပြောပဲ ထွက်သွားသလိုဖြစ်နေမှာစိုးလို့”
“လာချင်ရင် အနီးလေးပါဟယ် နင်ကိုက မလာတာပါ”
“အေးပေါ့..နင်တားမှာလည်းကြောက်တာကိုးဟဲ့ တွေ့ရင် မပြောပဲ နေနိုင်မှာမဟုတ်ဘူးလေ”
………………………………………………………………………………………………………..
“ဟဲ့ မိခက် စာအုပ်လာငှားတာလား”
“အေး နင်ကော ဘယ်လိုအခြေအနေရှိလဲ အလုပ်အကိုင် အိမ်ထောင်ရေး”
“ကောင်းပါတယ်ဟာ…ငါ့မိန်းမက ထမင်းမချက်တတ်တာလေးကလွဲလို့”
“နင်ကလည်း လာနောက်နေပြန်ပါပြီ…”
“ဟုတ်တယ်ဟ တစ်ကယ်ပြောတာ ငါ့မိန်းမက ထမင်းမချက်တတ်လို့ ငါ့အမေ ဝင်ချက်နေရတယ်”
“အင်..” မင်းမင်းမျက်နှာကြည့်လိုက်တော့ တစုံတရာကို အရွဲ့တိုတ်ချင်နေသလိုလို။
“သွားတော့မယ်ဟာ”
“အေး..အေး” ဟု ပြန်ဖြေလိုက်ရင်း…မင်းမင်းအကြောင်းစဉ်းစားမိပြန်ပါသည်။မင်းမင်းက သာမန်လခစားဝန်ထမ်းတစ်ဦးသာ။ သူ့မိန်းမဘက်ကချမ်းသာတော့ အနည်းငယ်တော့ အထက်စီးဆန်ကြသည်လေ။ မင်းမင်းအမေက မင်းမင်းတို့လင်မယားနှင့် အတူနေသည် ဆိုတော့ ချွေးမအဝတ်အစားကို လျှော်ပေးရသည်ကလွဲလို့ ကျန်တာသည် မင်းမင်းအမေတာဝန်။ ဒါတွေသည် တစ်ရပ်ကွက်တည်းသားချင်းဆိုတော့ သူ့အကြောင်းမကြားချင်သော်ငြား သတင်းတွေကတော့ဖြင့် အမြဲကြားရသည်သာ။
…………………………………………………………………………………………………………..
“ဟိတ် ခက်ခက် ဘာတွေတွေးလာတုန်း…ငါ့ကိုမမြင်လောက်အောင်”
“သြော် မယု ရုတ်တရက် မို့မမြင်လိုက်တာပါ ဘယ်သွားမလို့လဲ”
“မျက်နှာပေါင်းသွားတင်မလို့ဟ သိတယ်ဟုတ် ရွှေမ ဆိုင်မှာလေ အသစ်ရောက်လာတဲ့ ကောင်မလေးနှိပ်တာ အရမ်းတော်တယ် ပြောကြလို့ မျက်နှာပေါင်းတင်ရင်း အကြောသွားလျော့လိုက်ဦးမယ်”
“သြော် ဟုတ်ကဲ့ သွားလိုက်ဦးမယ်နော်”…..နှုတ်ဆက်ထွက်လာသည့် သူမနားထဲတွင်မတော့ အိမ်ဘေးက ဒေါ်ကြီးပြောသည့်စကားကြားယောင်နေမိ၏။ မယုယောင်္ကျားက အလွန်အင်မတန်ပွေ ဆိုပဲ။ ထိုလူ့ ပြဿနာတွေကို မယုလိုက်လိုက်ရှင်းရသည်မှာလည်း ခဏခဏတဲ့။ ယောင်္ကျားကို အရမ်းချစ်လွန်းသည့် မယု၏အချစ်ကိုလေးစားရမည်လား။ သူမ သာဆို ပထမဆုံးတစ်ယောက်မှာတင် ချက်ချင်းကွာပစ်မှာ..ဟုတွေးရင်း ရုတ်တရက် အရာအားလုံးရပ်တန့်သွားသည်။ ရပ်တန့်သွားသလိုခံစားလိုက်ရသည်။
အခုလက်ရှိ သူမခံစားနေရတာ ပြန်မရနိုင်တဲ့ အချစ်ဆိုတဲ့ ခံစားချက်အတွက်။ အဓိပ္ပါယ်ရှိပါရဲ့လား။
ပွေလွန်းသည့် ယောင်္ကျားတစ်ယောက်ကို မကွာနိုင်ပဲ ဆက်လက်ပေါင်းသင်းနေသော မယုကို သူမက ကဲ့ရဲ့ပြစ်တင်ချင်သည်။ သူမကိုယ်တိုင်ကကော…………..။
…………………..
ထိုကောင်လေးကို တွေ့စကတည်းက မချစ်ပေမဲ့ ရင်ထဲကိုတဖြည်းဖြည်းရောက်လာသည်မှာ တွေ့သည်နှင့် ရင်တွေခုန်လောက်အောင် ခံစားရသည်အထိ။ သူမဘက်ကသာ။
ဟိုတနေ့က ထိုကောင်လေးကို သူ့ကောင်မလေးနှင့် အတူတူတွေ့ခဲ့ရသည်။ ထိုအခါမှ ကောင်လေးမှာ ချစ်သူရှိမှန်းသိခဲ့ခြင်းသာ။ သိကတည်းက ရင်တစ်ခုလုံးပူလောင်ပြီး ညညအိပ်မပျော်နိုင်ဖြစ်နေသော စိတ္တဇ၊ ဒီစိတ္တဇသည် တန်ပါရဲ့လား ခံစားဖို့။
တစ်ကယ်တမ်း ဒိုင်ယာရီပေါ် ရင်တွင်းခံစားချက်တွေရေးမည်ဆိုတော့ ဘာများမည်မည်ရရ ရေးစရာရှိပါသလဲ။
အခုလက်ရှိ သူမခံစားနေရသောခံစားချက်သည် လေးနက်ပါရဲ့လား………….။
…….မာမာ အရမ်းကြောက်တတ်သည့် မိန်းခလေး ရေခြားမြေခြားသွားရန် ဆုံးဖြတ်ချက်ချလို့ သွားဖို့ရာပင် အချိန်နီးကပ်နေပြီ။ သူမ မိသားစုဝင်ဖြစ်သော အမေနှင့် မောင်လေးအတွက် မခံချင်စိတ်များနှင့်၊ အားမာန်များနှင့်။ မိသားစုအတွက် လုပ်သင့်သည်ထင်သည်ကို ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ထားသော မာမာ့လို သူငယ်ချင်းအတွက် ဂုဏ်ယူပါသည်လေ။
….မင်းမင်း သည်လည်း ရင်ထဲ မချိတင်ကဲ ခံစားနေရမည်သာ။ အမေအိုက အိမ်အလုပ်တွေလုပ်ပြီး သူ့မိန်းမ၏ မသိတတ်မှုများကို။ သူသည်လည်း ပဲ ဒိုင်ယာရီပေါ်ရေးချစရာ ခံစားချက်တွေ ပြည့်နေပါလိမ့်မည်။
မယုသည်လည်းပဲ ထိုနည်း၎င်း။
သူမ၊ သူမ မှာတော့ အိမ်အခြေအနေကလည်း အမေနဲ့အဖေ့မေတ္တာရိပ်အောက်မှာ အေးငြိမ်းစွာ။ အလုပ်ကလည်း မန်နေဂျာမမက သဘောကောင်းသည်။ ဘာမျှကို စိတ်ညစ်စရာမရှိ။
ခု ဘာမဟုတ်တဲ့ ခံစားချက်လေး၊ ဒီခံစားချက်လေး။ အသဲ ကွဲသည် ဟု ခေါ်ဆိုကြသော ဒီခံစားချက်လေးကို ရင်ဖွင့်လိုစိတ်နှင့် မာမာ့ထံ သွားခဲ့သည်။ တကယ်တမ်းကျတော့ မာမာ့စိတ်ခံစားချက်က သူမခံစားချက်ထက် ပိုလေးနက်ပါသည်။ ဒိုင်ယာရီတွေ ရေးပြီးဖွင့်ချဖို့ထိတောင် စဉ်းစားနေမိခဲ့တာ။ မတော်လို့များ အဲဒီဒိုင်ယာရီကို အမေတွေ့သွားခဲ့ရင်၊ အဖေတွေ့သွားခဲ့ရင် ……………………။
လူတိုင်းလူတိုင်း အပူမီးရှိကြသည်ပဲ။ အမေနှင့် အဖေ့မှာလည်း သူမကို ပြောပြရန်ခက်သော အခက်အခဲတစ်ချို့ ရှိပေလိမ့်မည်။ သူမကတော့ ကိုယ့်ကိုမနှစ်သက်တဲ့ သူတစ်ယောက်အတွက် ခံစားလို့။
လူတိုင်းလူတိုင်းအတွက် သူ့အိုးနှင့် သူ့ဆန် တန်ရာတန်ရာ ရှိကြသည်ချည်းသာ။ သူမနှလုံးသားနှင့် ထိုတ်တန်သူတစ်ဦးဆိုတာ မလွဲမသွေ ပေါ်လာဦးမည်။ ထိုအချိန်တွင်မတော့ လက်ရှိခံစားနေမိသော အသဲ ကွဲသည် ဆိုသည့် ဝေါဟာရကို သူမလှောင်ရယ်မိမည်ထင်ပါသည်လေ။
“အော်..အသဲကွဲသတဲ့လား ကွယ်”…တီးတိုးရေရွတ်မိရင်း ခက်ခက် ပြုံးလိုက်မိပါတော့သည်။ ခုကျတော့လည်း နံနက်ထိ ခံစားခဲ့ရသမျှတို့ဟာ အရည်ပျော်ကျသွားသလိုလို…။
………………………………………………….
“ခက်ရေ အမေ့ကို စာအုပ်လေးတစ်အုပ်လောက်ဝယ်ပေးစမ်း….နေ့စဉ်မှတ်တမ်းလိုဟာမျိုးလေး”
“သမီးမှာ ဒီစာအုပ်ရှိတယ်… မနက်ကမှ အသစ်ဝယ်ထားတာ”
“အေး …အေး…ဒါဆိုလည်းရတယ်”
လက်ပြောင်းခံလိုက်ရသော သူ နားမလည်ပါ။ မနက်ကပဲ သူ့ကိုဝယ်ခဲ့တဲ့ ပိုင်ရှင်မလေး။ နေ့စွဲလေးတစ်ခုသာချရေးပြီး ပူလောင်နေတဲ့ ပိုင်ရှင်မလေး။ ခုတော့လည်း သူမဟုတ်သလိုနဲ့ သူ့ကို လက်ပြောင်းလွှဲပေးပြန်ပြီ။ ဘာပဲဖြစ်ဖြစ် သူသည် အသုံးဝင်ပစ္စည်းဖြစ်လာမှာတော့ သေချာနေပါသည်။ ခုကိုပဲ ပိုင်ရှင်မလေးအမေက ရက်စွဲတွေ လူနာမည်တွေ သူ့ခန္ဓာကိုယ်ပေါ်မှာ ရေးချနေပြီလေ။ နေ့စွဲလေးတစ်ခုသာ အရေးချခံရပြီး ကျန်စာမျက်နှာတွေဗလာဖြစ်နေမဲ့အစား ဒီလို အသုံးဝင်သည်က သူ့အတွက် ပိုအရေးပါပါသည်လေ။
…………………………………….
ဘာကိုမှမသိချင်သူ
12 August 2011

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်