Saturday 17 September 2011

ထပ်တူမခံစားစေချင်ပါ

မုန့်ဟင်းခါးဆိုင်လေးအတွင်းမှ လူအများ၏ ကျွတ်စီကျွတ်စီအသံလေးမျာကြောင့် သူတို့စူးစိုက်ကြည့်နေရာကို ကိုယ်ပါကြည့်လိုက်မိသည်။ ဦးလေးကြီးတစ်ဦးနှင့် အန်တီကြီးတစ်ဦး။ လမ်းမထက်ဝယ် ခပ်သွက်သွက်လျှောက်လို့။ မျက်လုံးများစွာကို ဂရုမစိုက်သည့်ဟန်ဖမ်းထားသော ထိုနှစ်ယောက်၏ ခြေလှမ်းယိမ်းယိုင်နေမှုကို ကြည့်ခြင်းအားဖြင့် မနည်းအားတင်းထားခြင်းဖြစ်မည်။

“သူ့သမီးက ခိုးရာလိုက်ပြေးသွားတယ်လေ…”

“ဟုတ်လားဟ…မိုက်လိုက်တဲ့ မိန်းခလေးပါ့လား..မိဘတွေ သနားစရာ”

မိဘတွေသနားစရာဆိုလျှင် ဒီလိုမျိုးတော့ စူးစူးစိုက်စိုက်ကြီးကြည့်မနေသင့်ဟု ထင်သည်။ ခုတော့ မျောက်ပွဲကြည့်နေသလိုပင်။ မကြည့်ဖြစ်တော့ပဲ မုန့်ဟင်းခါးကိုသာ ဆက်စားနေမိတော့သည်လေ။ ထိုနှစ်ယောက်အတော်ဝေးဝေးရောက်သည့်တိုင်အောင် ဒီမုန့်ဟင်းခါးဆိုင်မှာတော့ ခိုးရာလိုက်သည့်အကြောင်းက မပြီးပြတ်သေး။ တခုတ်တရနှင့်ပြောနေကြဆဲ။ ကောင်လေးက အရက်သမားဆိုလား။ ကောင်မလေးကဘွဲ့ရပညာတတ်ပါရဲ့နဲ့..ဆိုလား။ မုန့်ဟင်းခါးဖိုးရှင်းကာ သူထွက်လာသည်အထိ ထိုစကားဝိုင်းက ဖောင်ဖွဲ့ကောင်းတုန်းပင်။

!!!!!!!!!!!!!!!


လက်ဖက်ရည်ဆိုင်မှာ ထိုင်နေရင်း အတွေးတချို့ သူ့ခေါင်းထဲရောက်လာပြန်ပါသည်။ တကူးတက မတွေးရပါပဲနှင့်။ မနက်ခင်းမုန်ဟင်းခါးဆိုင်က စကားဝိုင်းကြောင့် ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ သူ ခိုးရာလိုက်ပြေးသည်….ဆိုသော ဝေါဟာရကိုမနှစ်သက်ပါ။ မနက်က လူတွေစကားအရတော့ မိဘကသဘောမတူ၍..ခိုးရာလိုက်ပြေးသည်..တဲ့။ မိဘသဘောမတူတိုင်းသာ ခိုးရာလိုက်ပြေးရလျှင်ဖြင့် …သူတွေးရင်း သက်ပြင်းချမိသည်လေ။ မနက်ခင်းက ဦးလေးကြီး၊အန်တီကြီးလင်မယား၏ ခြေလှမ်းယိုင်နေပုံကိုကြည့်ရသည်မှာ တကယ်ပင် သနားစရာ။ သူတို့စိတ်ထဲလည်း ရှက်ရှာမည်သာ။

သူဘာ့ကြောင့် ဒီအတွေးထဲက ရုန်းမထွက်နိုင်တာလဲ။ ဘာ့ကြောင့်လဲ။

သူရှက်ဖူးသည်။ ရှက်ဖူးပါသည်။ နောက် မိဘတွေအတွက် သူဝမ်းပမ်းတနည်းဖြစ် ခဲ့ဖူးပါသည်။

ထိုစဉ်တုန်းက သူရှစ်တန်းကျောင်းသားအရွယ် အသက်ဆယ်သုံးနှစ်ပြည့်ပြီးစ။ လူပျိုပေါက်မကျတကျ၊ စိတ်ခံစားမှုဆိုသည်ကို နားမလည့်တလည်အရွယ်။

!!!!!!

ဒီနေ့မနက်ခင်းက အနည်းငယ်ထူးဆန်းနေသည်။

“အမေ့ မျက်နှာနီနေတယ် ငိုထားတာလား…အဖေကော ဘာလို့မျက်နှာမကောင်းတာလဲ”

အသာအယာခေါင်းယမ်းပြသည့် အမေ့မျက်နှာဝယ် နာကျင်မှုတချို့ ခိုတွဲနေသလိုလို။

“မျက်နှာအရင်သစ်လိုက်ပါဦး..သားရယ်”

“ဟုတ်”

နိစ္စဓူဝလည်ပတ်သည့်အခြေအနေအရဆှိုလျှင် သူနိုးသည့် မနက်လောက်ဆို အစ်မက အထည်ချုပ်သို့သွားပြီ။ အဖေကတော့ မနက်အစောကတည်းက ကွမ်းယာဆိုင်ကိုဖွင့်ထားပြီး ထမင်းဟင်းချက်ပြီးလို့ အမေသွားကာမှ နားသည်လေ။ဒီနေ့တော့ အဖေကော၊ အမေကော အိမ်ဝယ်ရှိနေသည်။ မျက်နှာလည်းမကောင်းကြ။ သူ မျက်နှာသစ်သွားတိုက်ပြီးသည်အထိ အဖေနှင့်အမေမှာ မပြောင်းမလဲ ငူငူကြီး ထိုင်နေဆဲ။

ထမင်းစားဖို့ရာ ထမင်းအိုးလှပ်ကြည့်တော့ မချက်ရသေး။ အမေ့ထံကြည့်မိတော့ ထိန်းထားရသမျှ သွန်ချဟန်နှင့် သူ့ကိုဖက်ပြီး ….

“သား..ကိုဖြိုး မင်းအစ်မ ခိုးရာလိုက်သွားပြီဟဲ့” ဟုဆိုကာ အမေငိုတော့သည်။

“ဗျာ..အမေ့ ”

“ဟုတ်တယ်ဟဲ့…သူတို့အလုပ်က စက်ပြင်ဆရာနဲ့…အဲဒီကောင်လေးကဆိုးလွန်းလို့ တားတာကို မိဘမေတ္တာကိုနားမလည်ဘူး..အဲဒီဟာမလေး”

“ပြောမနေပါနဲ့တော့…မခိုင်ရာ…လွန်သွားပါပြီ..အခြေအနေတွေက”

“ပြောမနေပါနဲ့တော့” ဆိုသည့် အဖေ့၏ ရဲရဲနီနေသည့်မျက်နှာကိုကြည့်ရသည်မှာ မငိုမိအောင် မာန်တင်းထားဟန်ဖြင့်။ အမေ့မျက်လုံးတို့မှာလည်း ငိုထားသဖြင့် မို့မောက်နေသည်။

“မခိုင် မဖြစ်ဘူး…ပိုက်ဆံကတော့ရှာရမယ်…ငါ ဆိုင်ထွက်လိုက်ဦးမယ်..”

“တော်..ဒီတစ်ရက်တော့ နားလိုက်ပါ့လား..”

”မဖြစ်ဘူး..နင်တို့သားအမိပါတစ်ခါတည်းလိုက်ခဲ့လေ မနက်စာသွားစားရအောင်….ဘာမှမချက်ရသေးဘူးမလား”

သားအမိသားအဖသုံးယောက် လမ်းလျှောက်လာသည်မှာ တိတ်ဆိတ်လွန်းစွာ။ အဖေနှင့်အမေ့ ခြေလှမ်းများသည် တည်ငြိမ်နေသလောက် သူ့မှာတော့ ယိမ်းယိုင်လျက်။ နေရာတစ်ခုကို မကြည့်လိုက်နှင့်။ ကြည့်လိုက်သည်နှင့် သူတို့ကို ကြည့်တွတ်ထိုးနေသူများသာ။ သူ့စိတ်ထဲဝယ် သိနေသည်က သူတို့ကိုကြည့်နေသူများသည် အစ်မအကြောင်းကို တဖွဲ့တနွဲ့ပြောနေကြမည်ဟု။

ဟာ…….။ အေးစက်နေသည့် အတွေ့အထိကြောင့် သူယောင်ပြီး လွှတ်ခနဲ့ အော်မိတော့မည် အထိဖြစ်သွားသည်။

ခြေလှမ်းမယိုင်ပဲ ပုံမှန်လျှောက်နေသော အဖေနှင့်အမေတို့သည် စိတ်ခိုင်လှသည် တွေးမိရင်း အမေ့လက်ကိုဆွဲလိုက်မိခြင်း။ အဖေ့လက်ကိုကိုင်လိုက်မိခြင်း။ နှစ်ယောက်စလုံး၏ လက်တို့သည် အေးစက်လို့။ လဖက်ရည်ဆိုင်ရောက်သည်ထိ သူ ဒီလက်နှစ်ဖက်ကို မလွှတ်မိတော့။ အဖေနှင့်အမေ နှစ်ယောက်လုံးသည် သူတို့အားကိုးရသော သမီးအတွက် တိတ်တဆိတ်ဝမ်းနည်းနေကြသည်ပဲ။

ကျောင်းရောက်တော့ တစ်တန်းတည်းသားဖြစ်သူ ငနိုင်က မေးပြန်ပါသည်။

“ကိုဖြိုး..ငါမနက်က အမေတို့ ပြောနေတာကြားတယ် မင်းအစ်မ ခိုးရာလိုက်ပြေးလို့ဆို”

ခေါင်းကို ငြိမ့်ပြရင်း ဘာကိုမှန်းမသိ ရှက်ရွံ့ သိမ်ငယ်စွာ။ ထိုနေ့မှစ၍ တစ်လတိုင်အောင် သူ ကျောင်းနေမပျော်ခဲ့ပါလေ။

!!!!!!!

ခေါင်းတစ်ချက်ခါလိုက်မိသည်။ အသက်ပင် နှစ်ဆယ်ပြည့်ပြီးလို့ လုပ်ငန်းခွင်ပင် ဝင်နေချေပြီ။ ခုထက်ထိ ထိုအဖြစ်တို့ကို သူမမေ့နိုင်သေး။အကြောင်းတိုက်ဆိုင်တိုင်း ထိုရှက်ရွံ့မှု၊ သိမ်ငယ်မှုတို့က တခုတ်တရ သတိရစေဆဲ။

“ဦးဖြိုး…မေမေရေ ဒီမှာ ဦးဖြိုး”

လှမ်းခေါ်ရင်းပြေးလာသော တူဖြစ်သူကိုပွေ့ချီလိုက်ပြီး အစ်မဖြစ်သူကိုကြည့်မိတော့……………မျက်နှာမကောင်း။

“အစ်မ နင်ဘယ်လာတာလဲ..မျက်နှာလည်းမကောင်းပါ့လား..ရန်ဖြစ်လာပြန်ပြီလား”

“နင်တို့ဆီပဲ လာတာလေ..အမေတို့ကော အိမ်မှာရှိတယ်မလား…..နည်းနည်းစကားများတာပါဟာ…””

“အင်း..ရှိတယ်…အမေ.ဒီချိန်ဆို ဘုရားရှိခိုးနေမှာပေါ့…နင်တို့ကလည်း ညနေစောင်းကြီးလာရလား..မနက်အစော လာခဲ့တာမဟုတ်ဘူး”

ပြောရင်း အစ်မနှုတ်ခမ်းထောင့်စွန်းဝယ် သွေးခြေဥနေသည့်ဒဏ်ရာ။

“နင့်ယောင်္ကျားက လက်ပါတယ်မလား..အဲဒီကောင်….နင့်ကို”

သူပြောရင်း တောက်တစ်ချက်ခေါက်မိတော့ အစ်မက မပြောပါနဲ့ဆိုသည့်သဘောနှင့်ခေါင်းခါပြ၏။ သူ့မှာလည်း အံကြိတ်တောက်ခေါက်ရုံသာ။ ဘာတက်နိုင်မှာလဲ။ ကိုယ့်အစ်မက လက်ထပ်ထားသည့်ယောင်္ကျား။ သူတို့ ပြဿနာ သူတို့သာရှင်းကြလိမ့်မည်လေ။ တော်ကြာကိုယ်က ပါခဲ့ရင် အခြေအနေပိုဆိုးသွားနိုင်သည်။ သွေးသားတော်စပ်ပေမဲ့လည်း တကယ်တမ်းတွက်ကြည့်ရင် ကိုယ်က ဆိုင်ရုံသာ။ ပိုင်သူမဟုတ်တော့ပေ။

တစ်ခါတုန်းကလည်း သူပါခဲ့ဖူးပြီ။ အစ်မက ပိုက်ဆံအသုံးကြမ်းသည်ဆိုကာ ယောက်ဖက အစ်မကိုရိုက်သောကြောင့်။ ယောက်ဖဖြစ်သူကို သူသွားဆွဲထိုးတော့ သူသာ ရပ်ကွက်ရုံးမှာ တစ်ညအိပ်လိုက်ရတာသာ အဖတ်တင်သည်။ အစ်မနှင့် ယောက်ဖကတော့ ဒုံရင်းဒုံရင်းသာ။ တကယ်တမ်း သူတို့မတွေးကြလို့သာ။ မိဘတွေ ရန်ဖြစ်ရင် ကလေးတွေ ဘယ်လောက်တောင် စိတ်အားငယ်ရလဲဆိုတာ။ တော်သေးသည်မှာ သားသမီးဆို၍ အောင်အောင် ဆိုသည့် ဒီတူလေးတစ်ယောက်သာရှိပေလို့။ ဒါပေသိ အောင်အောင်လေးမှာလည်း မိဘနှစ်ပါးရန်ပွဲအား မကြာခဏ တွေ့နေမြင်နေရသည်မှာ သနားစရာ။ သူငယ်တန်းတက်နေပြီဖြစ်သည့် အောင်အောင်က ကျောင်းပိတ်ရက်တိုင်း မိဘတွေနှင့်မနေ။ သူ့ဆီသာ လာ၏။ ကလေးဆိုသည်ကလည်း လက်သာရာနေချင်သည့်အမျိုးကိုး။ သူကလည်း ဒီတူလေးတစ်ယောက်သာရှိ၍ အတိုးချချစ်ပေးသည်လေ။

တွေးရင်း တူဖြစ်သူကို မွေ့ရမ်းနမ်းပစ်တော့

“ဟာ..ဦးဖြိုးကလည်း…လမ်းလယ်ခေါင်ကြီးမှာ မနမ်းပါနဲ့ဗျ….ဦးဖြိုးတို့အိမ်ရောက်မှနမ်း..ပြီးတော့ သားကို ထပ်တစ်ရာ ဝယ်ကျွေး..ဒီလက်ဖက်ရည်ဆိုင်က”

“အေးပါအေးပါ..အစ်မ နင်အိမ်သွားနှင့်လေ…ငါ အောင်အောင်နဲ့ ပြီးရင် လိုက်လာခဲ့မယ်”

“အေး..အေး”

“ညီလေးရေ..ထပ်တစ်ရာတစ်ခု…နဲ့ ချိုဆိမ့်ဆိုင်သောက်ပါဆယ်ဟေ့”

!!!!!!!!!

“မောင်…နွယ့်ကို ခိုးပြေးမှပဲ နွယ်တို့နှစ်ယောက် အတူနေလို့ရမယ်……အမေနဲ့အဖေက မောင့်ကို လုံးဝလက်မခံဘူး”

“ခိုးမပြေးချင်ဘူး…နွယ်..စောင့်ကြည့်ပါဦး…နွယ့်မိဘတွေ လက်ခံလာအောင် ကိုယ် ကြိုးစားမှာပေါ့…မရရအောင်”

သူမကို ခိုးပြေးဖို့ရာငြင်းဆိုသည့် ချစ်သူကို စိတ်ပျက်လက်ပျက်ဖြင့် ကြည့်မိလိုက်သည်။ သူမရဲ့မိဘတွေသည် မချမ်းသာသော်ငြားလည်း သွေးအလွန်ကြီးပါသည်။ နှစ်ယောက်စလုံးက ဝန်ထမ်းတွေဖြစ်တော့လည်း ရုံးသူရုံးသားတွဲဖက်များကြား ချီးကျူးစရာမရှိ။ မျက်နှာငယ်စရာသာ ရှိသည် ဆိုကာ ခါးခါးသီးသီး ငြင်းဆန်ကြပြန်၏။

“ဒီလိုကွမ်းယာရောင်းတဲ့သူသား၊ ဒရိုင်ဘာနဲ့ နင့်ကို မပေးစားနိုင်ဘူး…” တဲ့။ ပိုဆိုးတာက သူတို့ရုံးမှ အရာရှိတစ်ဦး၏သားနှင့် နီးစပ်စေရန် တွန်းအားပေးပြန်သည်။ ဟိုကလည်း ဘယ်ကတည်းက အပြေးလာချင်နေသည်မသိ၊ တစ်ပတ်ကို သုံးခေါက်လောက်တော့ သူမဆီလာကာ စကားဖောင်ဖွဲ့သည်လေ။

ခုတော့ ချစ်သူဖြစ်သူက ပိုဆိုးနေ၏။ လက်ထပ်ဖို့ရာတော့ မဖြစ်နိုင် ခိုးပြေးမှ ဖြစ်မည်ဆိုသည့် မိန်းခလေးဘက်ကပြောစကားကို နားလည်ပေးသင့်၏။ ဘယ်လောက်ရှက်လိုက်မလဲ တွေးပေးသင့်သည်။ ခုတော့..ခုတော့…ကိုယ်ကပဲ အရှက်မဲ့နေသလိုလို။

“မောင် နွယ် အချိန်တစ်ပတ်ပေးမယ်..စဉ်းစားပါ..အကယ်၍ ခိုးမပြေးနိုင်ဘူး ဆိုရင်လည်း ရပါတယ်…နွယ်တို့ လမ်းခွဲကြရုံပေါ့…နောက်တစ်ပတ် စနေ ဒီနေရာလေးမှာပဲနွယ်စောင့်နေမယ်….”

!!!!!!!!!!!!!!!!

မနေ့က သူ့သမီးကြီးလာသောကြောင့် အပျော်လွန်နေသည့်အမေ သူ့ထမင်းချိုင့်ကိုပင် မေ့နေချေပြီ။ သွားကာနီးမှ ကမန်းကတန်းလုပ်ပေးခြင်းကြောင့် အိမ်မှထွက်တည်းက နောက်ကျနေသူ သူ့မှာ ကားလိုင်းက ကျပ်သောကြောင့် ပိုနောက်ကျသွားပြန်သည်။ ကုမ္ပဏီရောက်တော့ ကိုးနာရီလေးဆယ့်ငါးပင်ရှိချေပြီ။

“မောင်ဖြိုး…မင်းကို ဖိုင်းကောက်တယ် ဟေ့ရောင် ငါးရာထည့်”

“ဟာ…ဦးသန်းကလည်း ဒီတစ်ခေါက်လျှော်ပေးလိုက်ပါ့လားဗျာ”

“မရဘူးဟေ့ရောင်…ဒါ မန်နေဂျာက ကောက်ခိုင်းထားတာ..ပြီးတော့ ဒါက လပိတ်ရင် ရုံးချိန်မှန်သူကိုခွဲဝေပေးတာ…ဒါက လျှော်ပေးလို့မရဘူး”

သူ နှမြောတွန့်တိုစွာနှင့်ပဲ ငါးရာထည့်ပေးလိုက်ရတော့သည်။

“ဟာ…ကိုအောင် မျက်နှာလည်းမကောင်းပါ့လား”

သူ့လိုပင် ကုမ္ပဏီကားကို မောင်းပြီးမုန့်တွေလိုက်ပို့ပေးရသော ကိုအောင်။ မျက်နှာမကောင်းပေ။ ငါးရာတန်တစ်ရွက်ကို ဦးသန်းဆီသွားပေးရင်း သူ့စားပွဲဆီလှည့်လာနေသည့် ကိုအောင့်ပုံစံမှာ သံပါတ်ပေးထားသည့် အရုပ်လိုပင်။

ကားတစ်စီး လူနှစ်ယောက်သွားကာ တစ်ယောက်တစ်လှည့်မောင်းသည်မှာ ပုံမှန်ပင်။ သို့သော်ဒီနေ့တော့ ကိုအောင်က သူ့ကိုပြောလာသည်လေ။

“ကိုဖြိုး..ဒီနေ့ မင်းပဲမောင်းကွာ..ငါ မမောင်းနိုင်ဘူး..ဒီချိန်ငါမောင်းရင်..အကုန်တလွဲတချော်တွေ ဖြစ်ကုန်လိမ့်မယ်”

“ဟုတ် ကိုအောင်”

!!!!

“ကိုဖြိုးရယ်…ငါ့ညီမ မိုက်တယ်ကွာ…ငါတို့ ဒီလောက်တားနေတဲ့ကြားက သူ့ရည်းစားနောက်လိုက်ပြေးသွားတယ်…ပညာသင်ရမဲ့အရွယ်ကိုကွာ”

ငိုကြီးချက်မနှင့်ပြောနေသောကိုအောင့်ကိုကြည့်ရင်း သူအသက်ရှုကျပ်လာမိသည်။

ကိုအောင်။ ရှစ်တန်းနှင့်ပင် ကျောင်းထွက်ပြီး မိသားစုကိုလုပ်ကျွေးနေသူ။ သူ့မှာ အမေတစ်ယောက်နဲ့ ညီမတစ်ယောက်သာရှိသည်။ ညီမဖြစ်သူကိုလည်း ချစ်လိုက်တာ တုန်လို့။ သူ ကျောင်းပညာဆုံးခန်းမတိုင်ခဲ့၍ ဒီလိုပင်ပန်းသည်ဟုဆိုကာ ညီမဖြစ်သူကို ပညာတတ်ကြီးဖြစ်စေချင်သည်မှာ ကိုအောင့်ဆန္ဒ။ တစ်ခါတရံ ထမင်းချိုင့်မပါလျှင်ပင် ဝယ်မစား။ ပိုက်ဆံစုရမည်တဲ့။ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ အရက်မသောက်။ အခုတော့ သူ့ရှေ့ဝယ် ငိုကြီးချက်မနှင့် ငိုနေရှာသည်။

“သူ့ကောင်လေးနောက်လိုက်ပေါ့..ကိုအောင်..မလိုက်ဘူးလား”

“လိုက်တာပေါ့ကွာ…ဘယ်နေမလဲ…ဒါပေမဲ့….”

ပြောရင်း ကိုအောင့် အသံတို့ တိမ်ဝင်သွားပြန်သည်။

သူတစ်ခုပဲ စိုးရိမ်ပါသည်လေ။ သူ့အစ်မလိုအနှိမ်ခံရမည်ကိုသာ..စိုးပါသည်။

အစ်မက ခိုးရာလိုက်ခဲ့သောကြောင့် ယောက်ဖမိဘတွေရှေ့ဝယ် မျက်နှာကောင်းမရရှာ။ အချိန်ရှိသရွေ့ ထိုအကြောင်းကိုသာ တဖွဖွပြောကာ ကဲ့ရဲ့ကြသည်လေ။ ဧည့်သည်များမလာလိုက်နှင့်။ လာလိုက်တာနှင့် ထိုအကြောင်းက စပြောသည်။ တကယ်တမ်း ယောက်ဖကလည်း မိဘဘက်သာ။

ကိုအောင့်ကိုနှစ်သိမ့်ရင်း သူအကြည့်က စားသောက်ဆိုင်၏ ပြက္ခဒိန်ဆီရောက်သွားမိ၏။ရင်ဝယ် ထိတ်ခနဲ။ နက်ဖြန်ခါ ဆိုလျှင် စနေ။

သူအကြောက်ဆုံးစနေရောက်လာပြီ။ စနေရောက်လာပြီ။ ကိုအောင့်ကိုကြည့်မိတော့ စားပွဲဝယ်မှောက်နေချေပြီ။

!!!!!!!!!!!!!!

မဖြစ်နိုင်ပါဘူးလေ ဆိုသည့် မျှော်လင့်ချက်နှင့် နွယ်မျှော်နေမိဆဲ။ နေကုန်လုနီး ညနေစောင်းပြီ။ မောင်မလာသေး။ မဟုတ်။ မောင် မလာတော့။

နွယ်သိလိုက်ပါပြီ…ဒီချိန်တိုင်အောင် မောင်မလာမှတော့ နွယ်တို့ လမ်းခွဲဖြစ်ပြီဆိုတာ။ နွယ့်ရင်ဝယ် ရှက်ရွံ့ ခြင်း၊ ကြေကွဲခြင်း၊ နာကျည်းခြင်းတို့ ပေါင်းဆုံစွာ အိမ်အပြန်လမ်းတစ်လျှောက် အသိမဲ့နေသူလို။ လက်ရှိ နွယ့်အတွေးထဲမှာတွေးနေမိခြင်းကတစ်ခုသာ။ …..မောင်…ရက်စက်တယ်……လို့။ မျက်ရည်တို့မှာလည်း ထိန်းမနိုင်သိမ်းမရ…။

…….

ရင်ထဲမှာ တီးတိုးညည်းဆိုမိ၏။ နွယ်…………………..။

တသိမ့်သိမ့်ရှိုက်နေသည့် နွယ့်ကိုကြည့်ရင်းသူလည်း ဝမ်းနည်းစွာ မျက်ရည်တို့ က အလိုလိုစီးကျလာချေပြီ။

နွယ်ရေ…မောင့်ကိုမုန်းပါ။ မေ့ပါ။မောင် နွယ့်ကို ခိုးမပြေးရဲဘူးနွယ်။ ခိုးမပြေးရဲဘူး။ အဖေနဲ့အမေတုန်းကလည်း အစ်မခိုးရာလိုက်တဲ့အတွက် မချိအောင် ခံစားခဲ့ရတယ်။ ပတ်ဝန်းကျင်မှာ ရှက်ခဲ့ရတယ်။ကိုအောင်ဆိုလည်း သူ့ညီမလေးကြောင့် မသောက်စဖူးအရက်တွေသောက်ပြီးမူးလဲသွားတဲ့အထိခံစားရတယ်။ မောင်ကိုယ်တိုင်ရှက်ရွံခဲ့ရတဲ့ အရှက်မျိုးဘယ်သူ့ကိုမှ မောင် မခံစားစေချင်ဘူး။

နွယ့်မိဘတွေကို အဲလိုမခံစားစေချင်ဘူးနွယ်။

သူ့ရင်တို့ တဆစ်ဆစ်ကျင်နေပါပြီ။ နွယ့်မိဘတွေ၏ တင်းမာသည့်သဘောထားကို သူနားလည်သည်လေ။ နွယ့်လို လှတဲ့ ဥာဏ်ထက်တဲ့ သမီးမိန်းခလေးတစ်ယောက်၊ သိပ်မကြာခင် မူလတန်းပြဆရာမအဖြစ်ကိုရောက်ရှိတော့မည့် နွယ်နှင့် သူ့ကို သဘောမတူသည်မှာနွယ့်မိဘတွေ မမှားပါ။ နွယ့်အပေါ်တန်ဖိုးထားလွန်း၍သာလေ။သူလိုသာမန် ကားမောင်းသမားလေး တစ်ယောက်နှင့် သဘောတူဖို့ရာခဲယဉ်းပေလိမ့်မည်။

သို့သော် သူနွယ့်ကို လက်ထပ်ဖို့ရာအတွက်ခိုးပြေးရမည်ဆိုလျှင်ဖြင့် စွန့်လွှတ်ဖို့ပဲရွေးချယ်ပါမည်။ တစ်ချိန်က သူခံစားခဲ့ဖူးသော ခံစားချက်အား တခြားသူအားမခံစားစေချင်ပါ။ တစ်ချိန်က အမေနှင့်အဖေတို့ ရှက်ရွံခဲ့ရသောဖြစ်ရပ်တွေ နည်းပါစေတော့။ ခိုးရာလိုက်သည့်မိန်းခလေး ဆိုသည့်ဂုဏ်ပုဒ်လည်း နွယ့်ထံဝယ် မရှိစေချင်။ မွန်မြတ်သော ဆရာမ ဆိုသည့် ဂုဏ်ပုဒ်အောက် ဒီဂုဏ်ပုဒ်များ နွယ်ရခဲ့လျှင် တစ်ချိန်ချိန် အလုပ်ဝယ်၊ ပတ်ဝန်းကျင်ဝယ် နွယ့်ကို လက်ညိုးထိုးစရာအရိပ်ဖြစ်သွားလိမ့်မည်။

မုန်းပါ နွယ်ရေ…မောင့်ကိုမုန်းလိုက်ပါ…မငိုပါနဲ့တော့ …သနားလိုက်တာ….နွယ်ရယ်…။

စွန့်လွှတ်ရမှာ သေချာသွားတော့လည်း နွယ့်အပြုံးလေးတွေကို မြင်ယောင်လာမိပြန်သည်။ နွယ်နှင့် ကြည်နူးခဲ့သမျှတွေ။ နွယ့် စကားသံလေးတွေ။ နွယ်ရေ…နောက်ဘဝမှာ ပြန်ဆုံချင်ပါရဲ့။

!!!!!!!!!!!

ကောင်လေးတစ်ယောက် သစ်ပင်အောက်ဝယ် ငိုကြွေးနေသည့် ကောင်မလေးတစ်ယောက်ကိုချောင်းကြည့်နေရှာသည်။ အို…သူသည်လည်း မျက်ရည်နှင့်မကင်းရှာ။ ခန္ဓာကိုယ်လေးသိမ့်သိမ့်တုန်အောင် ငိုကြွေးနေသည့် ကောင်မလေးအနားပြေးသွားချင်ဟန်ဖြင့် ကောင်လေး၏ ခြေလှမ်းတို့ တစ်ချက်တစ်ချက်ပြင်လျက်။

မနက်ခင်းမှ နေကုန်လုထိ ထိုကောင်မလေးရော၊ ကောင်လေးရော တစ်ယောက်တစ်နေရာစီထိုင်နေကြသည်လေ။ နေလုံးကြီးဝင်လုဆဲဆဲ ကောင်မလေးပြန်ချိန်ဝယ် ကောင်လေးလည်း ထပ်ချပ်မကွာ။ အိမ်တစ်အိမ်အတွင်း ကောင်မလေးဝင်သွားချိန်ဝယ် ကောင်လေးလည်း လှည့်ပြန်သွားလေတော့သည်။

…….

နှစ်လခန့်ကြာသော်……

ရုံးခန်းထဲဝယ် ကောင်လေးတစ်ယောက် ကျလုလုမျက်ရည်ကို ထိန်းထားဟန်နှင့် သတင်းစာတစ်စောင်ကို သဲကြီးမဲကြီး ကြည့်နေသည်။ သူကြည့်နေသည်က စေ့စပ်ကြောင်းလမ်းခြင်းတစ်ခု။ မောင်ဥက္ကာနှင့်မနွယ်နွယ်အောင် ဆိုသည့်အမည်နာမနှစ်ခု ပေါင်းစည်းခြင်း အထိမ်းအမှတ်နှင့် ကြေငြာထားသော စေ့စပ်ကြောင်းလမ်းခြင်းတစ်ခု။ ကောင်လေးနှုတ်ကတိုးတိုးလေး

ရေရွတ်သွားသည်မှာ…“ပျော်ပါစေ.နွယ်”…တဲ့။ မျက်ရည်တစ်စကတော့ သတင်းစာပေါ်ကြွေလွင့်လို့။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဘာကိုမှမသိချင်သူ

31 August 2011

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်