ပြတင်းပေါက်မှ မြင်နေရသည့်
မြင်ကွင်းက ပန်းချီကားတစ်ချပ်သဖွယ် လှပလွန်းလှသည်။ တိမ်စိုင်တိမ်ခဲတွေ တစ်ခုနှင့်တစ်ခုထပ်ကာ
တိမ်သားတချို့က ညိုမှုန်မှုန်၊ အချို့တိမ်သားကျတော့ ဖြူလွှလွှ။ တိမ်သားစုတို့ ဖုံးထားသောကြောင့်
နေမင်း၏ အလင်းရောင်သည်လည်း ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်မကျရောက်နိုင်တော့ပေ။ ထို့ကြောင့် အလင်းကောင်းမွန်စွာရသော်လည်း နေမင်း၏ စူးရှလွန်းသော
ရောင်ခြည်တို့ပျောက်ရှနေသည်။ မိုးမရွာသေးသော်လည်း တိမ်သားတို့၏ ဖြားယောင်းမှုကြောင့်
ပါတ်ဝန်းကျင်တစ်ခုလုံးသည် ညို့မှိုင်းမှိုင်းနှင့် တစုံတရာကိုလွမ်းဆွတ်စေရန် ဖိအားပေးနေသည့်ဟန်။
သည်ကောင်းကင်ပန်းချီကားအောက်မှာရပ်နေသူတိုင်း တစုံတရာကို မလွမ်းမိဘူးဆိုလျှင်ဖြင့်
သူမ အံ့သြမိပေလိမ့်မည်။ ဟုတ်သည်။ သူမ ပင်လျှင် အတွေးတို့ဖြင့် အတိတ်ထံသို့ ခြေဆန့်မိပြီမလား…။
အတိတ်ဆီသို့ ခြေဆန့်လိုက်ခြင်းသည်
တရားဝင်ခွင့်ပြုချက်ပေးခြင်းခံလိုက်ရသည့်အလား အပြုံး၊ အရယ်၊ အငို၊ အလွမ်း ခံစားချက်အဖုံဖုံတို့သည်
ဟိုမှသည်မှ ထွက်ပေါ်လာကြလေသည်။ နှုတ်ခမ်းထက်တွင်လည်း ပြုံးလိုက်မဲ့လိုက်ဖြင့် ခံစားချက်အဖုံဖုံကို
ဆုပ်ကိုင်နေလေသည်။ တက္ကသိုလ်ဝင်တန်းအောင်ခဲ့တုန်းက အပျော်သည် သည်ချိန်တွင်မပျော်မိတော့ပေမဲ့
အပြုံးနုနုတို့ လွင့်ထွက်စေဆဲ။ မိဘနှစ်ပါး၏ သူမအား ကလေးသဖွယ် ဂရုစိုက်ပုံတွေကို ပြန်မြင်ရခြင်းသည်
နှလုံးသားကို နွေးထွေးစေဆဲ။ သို့သော် အစ်ကိုဖြစ်သူအပေါ် ပို၍ဂရုစိုက်သည်ကို သတိရမိတော့
နှုတ်ခမ်းဝယ် မဲ့သွားမိသည်။ အတိတ်တွင် သမုဒယနွယ်ခဲ့သည်ဖြစ်စေ၊ မနွယ်ခဲ့သည်ဖြစ်စေ အတိတ်ကတော့
သူ့ထံခရီးထွက်လာသူတိုင်းကို ခရီးဦးကြိုပြုသည့်အလား လွမ်းမောဖွယ်ခံစားစေဆဲ။
ဒီနေရာ၊ ဒီနေရာရောက်တိုင်း
သူမ အမြဲကျော်တွေးနေကျ။ သို့သော် ဒီနေ့တော့ဖြင့် ဒီနေရာလေးကို ကျော်မသွားချင်ပြန်။
ဒီနေရာလေးမှာ စိတ်ထိခိုက်ခံစားခဲ့ရသည်ဆိုလျှင်တောင် ယနေ့ ပစ္စုပ္ပန်အတွက် သင်ခန်းစာယူဖို့ရာ
သူမ ပြန်တွေးချင်လှပါသည်။ ဒီနေရာ ဆိုသည့်အသိနှင့်တင် ရင်တစ်ခုလုံး နင့်သည်းလာသည်။ ပါးထက်ကို
ဖွဖွလေးစမ်းကြည့်မိတော့ နာကျင်မှုက ရုတ်တရက်ရောက်လာသလိုလို။ ကိုဖြိုး နင့်ကို ငါမုန်းတယ်..မုန်းတယ်
ဟုအော်နေသံက စိတ်ထဲဝယ် တဖြည်းဖြည်းကျယ်လောင်လာသည်။