Tuesday 27 November 2012

ပန်းနုရောင်ဒိုင်ယာရီ


ဒီအသက်အရွယ်ရောက်မှ သံယောဇဉ်ကို ပြန်မျှားမည့် ကိုယ့်အဖြစ်ကို ရယ်ချင်မိလှစွာ။ သို့သော် ဗီရိုပေါ်မှ ဒိုင်ယာရီစာအုပ်လေးကို လှမ်းယူနေသည့် လက်တို့ကတော့ တန့်မသွား။ တစ်စုံတစ်ခုကို  ပြန်တွေ့ရတော့မည် ဆိုသည့်အသိက နှလုံးခုန်သံကို တဆတ်ဆတ်မြန်စေသည်။ ဒိုင်ယာရီစာအုပ်လေးကို ဆုပ်ကိုင်မိသည့်ခဏ ရင်ထဲမှာ တစ်စုံတစ်ရာ ပြည့်စုံသွားသလိုလို။ ထို့နောက်တော့ အိပ်ယာထက်တွင်ထိုင်ကာ စာအုပ်လေးကို သော့တံလေးလှည်၍ ဖွင့်လိုက်ပြီး နောက်ဆုံးစာမျက်နှာကို လှန်လိုက်မိသည်။
…………..ချစ်တယ်……...
ဖွင့်လက်စ ဒိုင်ယာရီစာအုပ်ပေါ်မှ စာကြောင်းလေးက သူမ အား ပြုံးပြနေသလိုလို။ ထို့အတူ တစ်စုံတစ်ယောက်ကို ချစ်ခဲ့ဖူးသည် ဆိုသည့်အသိနှင့်အတူ နှလုံးသားက နွေးထွေးလာသည်။ ဒီချစ်ခြင်း ဝဲဂယက်ကို သူမ ရှောင်နေမိတာ အတော်ကြာပါပြီ။ ဘယ်အချိန်ကတည်းက ရှောင်နေခဲ့သလဲ ဟု ဆန်းစစ်မိတော့ မျက်နှာတစ်ပြင်လုံးပန်းသွေးရောင်ထသွားရသည်။
ထို့အတူ တစ်စုံတစ်ခုက သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်လာသလိုလို။ ဖုံးအုပ်ထားခဲ့ရသော လွမ်းဆွတ်ခြင်းများသာ အစိုင်အခဲအဖြစ် ပြောင်းတတ်မည်ဆိုလျှင် ကမ္ဘာကြီးနှင့် မဆန့်အောင်ပင် များပြားလိမ့်မည် ထင်မိသည်။ ချစ်ခဲ့တယ် သူငယ်ချင်း….. ချစ်ခဲ့မိပါတယ်………ဟု တိုးတိတ်တိတ်ရွတ်ဆိုမိရင်း ဒိုင်ယာရီစာအုပ်လေး၏ အစစာမျက်နှာကို ဖွင့်လိုက်မိသည်။

(၁)
“ ရန်ကုန်သား အကြွားထူထူမဟုတ်ဘူး အညာသား စကားက များသူ ရိုးရိုးရှင်းရှင်း အပြုံးနဲ့ခင်မင်မှုကို ဆွဲဆောင်သူ”
(ဒီနေ့ သူငယ်ချင်း အသစ်တစ်ယောက်ရသည် အညာသား ဟု အမည်ပေးလိုက်သည်)
မရည်ရွယ်ပါပဲ နှုတ်ခမ်းထက် အပြုံးတို့ဝင့်ခနဲ။ ကောင်လေးတစ်ယောက်၏ ရိုးရှင်းသော မျက်နှာလေးသည် အာရုံထဲသို့ အဝေအဝါးမရှိ ရောက်ရှိလာ၏။ အာရုံထဲသို့ရောက်ရှိလာသည့် ပုံရိပ်တို့နောက် တရှိုက်မက်မက် လိုက်ငေးကြည့်မိပြန်သည်။
။။။။။။။။။
 “ဆရာ သင်နေတာ ကြာပြီလား”
ဘေးနားမှ မေးလာသည့် အသံကြောင့် လှည့်ကြည့်မိတော့ ကောင်လေးတစ်ယောက်။ သူမနှင့် အတန်းတူဆိုသည်ကိုတော့ မျက်မှန်းတန်းမိလိုက်သည်။ အတန်းတူမို့လို့သာ ကောင်လေးလည်း သူမ ဘေးနား ထိုင်ကာ မေးရဲခြင်းဖြစ်မည်။
 “သိပ်မကြာသေးပါဘူး ဆရာလည်း စောနလေးကမှ ရောက်တာ ကူးစရာဆိုလို့ အခုသင်တာပဲ ကူးရမှာ”
“သြော်” ဟု ဖြေလိုက်သံကို ကြားသော်လည်း လှည့်မကြည့်မိတော့။ စာသင်နေသော ဆရာ့စကားကိုသာ ဆက်နားထောင်လိုက်မိသည်။
ထမင်းစားချိန် နားသည့်ခဏ စကားတို့ဖေါင်ဖွဲ့မိပြန်သည်။ ဖေါင်ဖွဲ့သည်ဆိုသော်လည်း သူ့စကားတို့ကို နားထောင်ပေးရခြင်းသာ ဖြစ်သည်။ တော်တော်စကားများသည့် ကောင်လေး ဟုလည်း စိတ်ထဲမှ မြည်တွန်တောက်တီးမိပြန်သည်။ သူ့စကားထဲမှ နေ၍ အူတူတူအတတနှင့် အညာသားလေး ဟု သိလိုက်မိစဉ်ခဏ နှုတ်ခမ်းထက် အပြုံးတို့ပွင့်မိသည်။ ထို့အတူ သူငယ်ချင်း ဖြစ်ပြီဆိုသည့် အတွေးကိုလည်း နှစ်ခြိုက်စွာ တွေးမိလိုက်ပြီဖြစ်သည်။
ထိုစဉ်တုန်းကတော့ ရိုးစင်းလွန်းစွာ သူငယ်ချင်းအဖြစ်ကိုပဲ တွေးတော့ခဲ့မိသည်။ သံယောဇဉ်တွေ ပိုလာမည်မှန်းသာ သိခဲ့လျှင်ဖြင့် သူမ ထိုစဉ်ကတည်းက မျက်နှာလွဲခဲ့မိပါလိမ့်မည်။ အခုတော့ အလောင်ကျွမ်းခံဖို့ရာ ကိုယ်ကိုယ်တိုင် မီးအညှိခံခဲ့သည့် ဖယောင်းတိုင်အလား ……….။
ပြုံးစရာ၊ ပျော်စရာ ခံစားချက်အကြွင်းအကျန်တို့ ရှိလေမည် အတွေးနှင့် ဒိုင်ယာရီစာအုပ်လေး၏ အလယ်လောက်နားကို ဖွင့်လိုက်မိသည်။ ဖွင့်အပြီးမှာပင် မှားပြီဆိုသည့်အသိကို သိလိုက်ရ၏။ သို့သော် စာအုပ်ကို ပြန်ပိတ်ဖို့တော့ မေ့လျော့စွာ……။
(၂)
“အလွမ်းတဲ့လား ကြည့်လေရာနေရာတိုင်း သူ့ပုံရိပ်သာပေါ်လို့ ကြားလေသမျှ အသံဟာလည်း သူ့စကားသံ ဝန်ခံလိုက်ပါတယ်.. သံယောဇဉ်ကို မရည်ရွယ်ပါပဲ ရိုက်ချိုးခဲ့မိပြီ..လို့ အဖြူပေါ်ကို အနက်စွန်းမိခဲ့တဲ့ ကိုယ့်နှလုံးသားဆန္ဒကို ကိုယ်ကိုယ်တိုင် ရှက်နိုးလို့ သော့ခတ်သိမ်းပစ်လိုက်တယ် ဘယ်သူ့ကိုမှ ချစ်ခွင့်မရှိ ဆိုတဲ့စာတန်းလေးနဲ့..။”
ဒိုင်ယာရီထဲက မပြီးဆုံးသေးသည့် စပ်လက်စ ကဗျာလေးက သူမကို ဝမ်းပန်းတသာ ဆီးကြိုနေသည့် ဟန်။ ဆယ်ကျော်သက် ရူးရူးမိုက်မိုက်အရွယ်က ချစ်ခြင်းတစ်ခုသည် ဒီချိန်ထိ သက်ရောက်ဆဲ ဆိုတာကတော့ သူမအတွက် ဆုလာဘ်ပဲ ထင်မိသည်။ ဟုတ်သည်။ အချစ်ကို တန်ဖိုးထားခြင်း၏ ဆုလာဘ်ပဲ ဖြစ်မည်။ မျက်လုံးအစုံကိုမှိတ်လိုက်တော့ အတိတ်သည် အတိတ်မဟုတ်တော့သလိုလို။
“ ငါ က အဖြူရောင် သံယောဇဉ်ကို အဖြူရောင်လေးအတိုင်းပဲ ရှိစေချင်တာ သူတို့နှစ်ယောက်က သူငယ်ချင်းဖြစ်ပြီး သမီးရည်းစားအဖြစ်ပြောင်းသွားတာကို မကဲ့ရဲ့ချင်ပေမဲ့ အမှန်အတိုင်းပြောရရင် ငါမကြိုက်ဘူး.. တစ်ခြားအကြောင်းအရာရှိလို့တော့မဟုတ်ဘူး မိန်းကလေးနဲ့ယောင်္ကျားလေး ကြားမှာ အဖြူရောင် သံယောဇဉ်မရှိနိုင်ဘူး ဆိုတဲ့ လူတွေရဲ့ အပြောတွေ မှန်လာမှာကြောက်လို့.. နင်နဲ့ငါ သံယောဇဉ်ကို ဘယ်မှာ အရောင်ဆိုးလို့လဲ ဟုတ်တယ်မလား……နောက် တခြားသူငယ်ချင်းတွေလည်း ရှိတာပဲ ……”
နှလုံးသားက အရိပ်မည်းတွေ ရုတ်တရက် ပုန်းရှောင်လို့ အသံတွေ အားလုံးတိတ်ဆိတ်။ ကိုယ့်နှလုံးခုန်သံကို သူကြားသွားမလားတောင် စိုးထိတ်နေမိသည်။ ခေါင်းကို သွက်သွက်လက်လက် ညိတ်ပြဖို့ရာတောင် အင်အားမရှိတော့။ သို့သော် မျှော်လင့်တကြီး စစ်ကူတောင်းနေသည့် မျက်ဝန်းတို့ကို အရှောင်ဖယ်ခက်စွာ ခေါင်းတစ်ချက် ညိတ်လိုက်မိချိန် ရင်ထဲမှာ တစ်စုံတစ်ရာက လစ်ဟာသွားသလိုလို။ သွားပြီ ဟု မချိတင်ကဲ ရေရွတ်လိုက်သံကတော့ အပြင်သို့ထွက်မလာခဲ့တော့။ နှလုံးသားထဲမှ ရှက်ရွံ့စိုးထိတ်သော ခံစားချက်က သူမ၏ မျက်နှာကို ပန်းနုရောင် စွန်းထင်းနေစေပါလိမ့်မည်။ ထိုရှက်ရွံ့မှုနှင့်အတူ ချစ်ခြင်းကို ဆုံးရှုံးရပြီ ဟူသည့် အသိက စိတ်တို့ကို မွန်းကျပ်စေပြီဖြစ်သည်။ သူသည် သူမအတွက်တော့ ကောင်းကင်ထက်က တိမ်တစ်စလိုမျိုး ဖမ်းဆုပ်ခွင့်မရှိပဲ တိတ်တဆိတ် ငေးကြည့်ခွင့်သာရှိသည့်အရာ ဖြစ်ချေပြီ။ ဘာ့ကြောင့်များ သူမ ထိုအရာကိုမှ စွဲလမ်းတပ်မက်နေရပါသလဲ ဟုတွေးမိတော့ မချိပြုံးပြုံးမိလိုက်သည်။
သူမ၏ ခေါင်းအညိတ်မှာ ပြုံးပျော်သွားသော သူ့မျက်နှာဝင်းလက်လက်ကို မြင်ရတော့ စိတ်သက်သာရာရသွားသလိုလို။ ငါ မှန်ပါတယ် ဟူသည့်အတွေးလေးနှင့်အတူ သက်ပြင်းတစ်ချက်ကို သူ မသိအောင် တိုးတိတ်စွာ ရှိုက်လိုက်မိသည်။ ဒီနေ့မှပင် ဒရုံတက္ကသိုလ်သည် အခါတိုင်းထက် တိတ်ဆိတ်နေသလိုလို။ တိမ်ညိုတို့ကလည်း ဒီနေ့မှပင် ပို၍ မှိုင်းနေသလိုလို။
……………
မျက်ဝန်းအစုံကို ဖွင့်မိတော့ သက်ပြင်းက သူမနှင့်အတူ ကပ်ပါလာသည်။ ဒီချိန်ထိအောင် ပြုစားဆဲ ဆိုသည်ကို သူမ မငြင်းပါ။ သို့သော် ဝန်မခံချင်ပါ။ ဒိုင်ယာရီစာအုပ်လေးကို ဆက်မဖတ်ချင်တော့ပါ။ သို့သော် လက်က ဒိုင်ယာရီစာအုပ်လေး၏ နောက်တစ်ရွက်ဆီ လှန်မိပြန်တော့……….။
တခါတရံ လျှောက်ခဲ့တဲ့ လမ်းအချို့မှာ သူပါဖူးတယ် ဆိုတဲ့အတွေးနဲ့ ကိုယ်ပြုံးတယ် တခါတရံ ကိုယ့်ဘေးက  စာသင်ခုံထက် သူ ထိုင်ဖူးတယ် ဆိုတဲ့အတွေးနဲ့ ကိုယ်ပြုံးတယ် အဲ့အပြုံးအောက်က နင့်သည့်းတဲ့အလွမ်းစိုင်တွေ သူမမြင်ဖူးသေးဘူး အဲ့အပြုံးအောက်က နင့်သည်းတဲ့ ချစ်ခြင်းတွေ သူမမြင်ဖူးသေးဘူး
ကဗျာပီပီသသ မပေါ်သော်ငြား ရင်ထဲက အလွမ်းဓါတ်တို့ ပျောက်ကွယ်သွားမလားဆိုသည့်အတွေးနှင့် ခံစားချက်တို့ ဖွင့်အံထားခြင်းပင်။ ထိန်းချုပ်မရနိုင်သည့် ချစ်ခြင်းတို့အတွက် ကောင်လေးကို ရှောင်ဖယ်ရန် DAY တက်ရာမှ အဝေးသင် ပြောင်းခဲ့မိသည်။ တစ်တွဲတွဲနေရာမှ ရုတ်တစ်ရက် ခွဲခွါလိုက်သည့်အခါ အလွမ်းတို့က ထိန်းမနိုင်သိမ်းမရ ဖူးပွင့်လာကြသည်မလား။
ရေးခဲ့ဖူးသည့် အလွမ်းကဗျာတချို့ကို မြင်တော့ ကောင်လေးကိုတွေ့ချင်စိတ်တို့က နင့်သည်းလာပြန်သည်။ “အိုး.. သူမ အသက် နှစ်ဆယ့်ခုနှစ်နှစ် ရှိပြီပဲ မဖြစ်နိုင်ဘူးလို့ သိနေမှတော့ မေ့ဖို့ စဉ်းစားတတ်တဲ့ အသိဥာဏ်ရှိသင့်ပြီ” ။ ထိုအသိက အုံ့မှိုင်းလာသည့် တွေ့ချင်စိတ်ကို ထိန်းမထားနိုင်ပြန်။ သည်ချိန်ဆို ကောင်လေး ဘယ်မှာများရှိနေမလဲ ဟု မချင့်မရဲတွေးမိစိတ်က ပျောက်မသွား။
Day၊ အဝေးသင်ဆိုသည်ကလွဲလို့ ကောင်လေးနှင့် သူမ မေဂျာတူ ဘွဲရခဲ့သည်။ ကောင်လေးသည် သူမလို အစိုးရဌာနမှာဝင်လုပ်ဖို့ထက် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု၌ အလုပ်ဝင်ကာ နယ်သို့ထွက်သွားသည် ဆိုသည့်သတင်းသည် သူမအတွက် ကောင်လေး၏ နောက်ဆုံးသတင်းသာဖြစ်သည်။ ဖုန်းမလာ၊ စာမလာ ဆိုသည့် အဖြစ်မျိုးကို မုန်းလွန်း၍ ငိုမိသည်မှာလည်း ခဏခဏ။ 
စိတ်စေရာ လွင့်တဲ့တိမ် အတိတ်ဆီမှာသာ ဝဲလှည့် မေ့ပစ်ဖို့ခက်ခဲတဲ့ အရိပ်တစ်ချို့ နှလုံးသားထက်မှာ စွဲကျန်တုန်း
အလွမ်းတို့၏ စေ့ဆော်မှုနှင့် စာတချို့က အလွမ်းပြေအဖြစ် ထွက်ကျလာသည်။ သို့သော် အလွမ်းစိုင်က မပြယ်သေး။
“ ဖုန်းလာနေတယ် အန်တီလေး .. ဌာနမှုးနဲ့ တွေ့ချင်လို့ပါတဲ့”
“အိုး ကျေးဇူးတင်လိုက်တာ”။ အလွမ်းတောထဲ နစ်နေသည့် သူမ ကိုဆွဲခေါ်ထုတ်လိုက်သည့် တူမလေးကိုကျေးဇူးတင်စွာဖြင့်ကြည့်ရင်း ဖုန်းကို ယူကာ ဟယ်လိုဟု ထူးလိုက်သည်။
“ဟယ်လို…. ဒေါ်ခက်နွယ် လားခင်ဗျာ”
ထိုအသံကို ကြားမိသည့်ခဏ ရင်ဝယ် ဒိန်းခနဲ။ သြရှရှနှင့်ခင်မင်ရင်းနှီးသည့် ငယ်သူငယ်ချင်း၏အသံမျိုး။ မဖြစ်နိုင်ပါ။ သူ ဘယ်လိုနည်းနှင့် မျှ သူမ ဖုန်းနံပါတ်ကို မသိနိုင်ပါ။
““ဟောဗျ ခက်နွယ် နင်လားလို့မေးနေတယ်လေ ငါ..ပါ ခေတ်ဦး ပါ”
ဂွတ် ခနဲ ဖုန်းကို ချလိုက်မိပါပြီ။ “အိုး နှစ်ဆယ့်ခုနှစ်နှစ်ရှိပြီဖြစ်သည့် မိန်းမသားတစ်ယောက်ရဲ့ နှလုံးသားဟာ ဘာ့ကြောင့် မရင့်ကျက်သေးတာလဲ” ဟူသည့် အတွေးနှင့်အတူ နှလုံးအိမ်မှ တစ်ဒိတ်ဒိတ်နှင့် ခုန်သံကလည်း ထိန်းမရစွာ မြန်ဆန်နေလေပြီ။ လောလောဆယ် သူ့ကိုတွေ့ရင် ဘာပြောရမလဲဟု စဉ်းစားနေမိသည့် စိတ်တို့က ယောက်ယက်ခတ်စွာ။
“ကလင် ကလင် ကလင်”
ဟော ..ဖုန်းထပ်မြည်လာပြန်ပြီ။ ကြည့်လိုက်တော့ စောနကခေါ်ထားသည့် နံပါတ်ပင်။ ဖုန်းကို ကိုင်ကာ ဖွင့်လိုက်တော့ ဟယ်လိုဟူသည့် အသံသြရှရှလေးကို ထပ်မံကြားရ၏။ ဆယ်နှစ်တိတိလိမ်ညာခဲ့မိသည့် အဖြူရောင်သံယောဇဉ်လေးကို ထပ်မံလိမ်ညာရဦးမည် ဟူသည့် အသိနှင့် ဝမ်းနည်းသွားမိသည်။ သို့သော် ပြုံးပျော်ရွှင်သည့်ဟန်နှင့် စကားပြောဖို့ရာပြင်လိုက်၏။ သူမ နှင့် စကားပြောသည့် အခိုက်အတန့်မှာ သူ စိတ်ချမ်းသာပါစေလေ ဟူသည့် အတွေးလေးကြောင့်ပင်။
ချစ်တယ် ချစ်ခဲ့တယ် ချစ်ခဲ့ဖူးပါတယ် ချစ်နေဆဲပါပဲ........ ။
နှုတ်ခမ်းက နှုတ်ခွန်းဆက် အဖြူရောင်စကားတို့ဆိုရင်း လက်ကရေးခြစ်နေမိသည့် စာတချို့ကတော့ တိတ်တိတ်လေးဖွင့်ဟဝန်ခံနေမိသည့်အလား။ ပန်းနုရောင်ဒိုင်ယာရီလေးကတော့ အဆုံးသတ်ကို သိနေသည့်အလား သူမအား နွမ်းလျစွာ ကြည့်နေလျှက်ရှိလေသည်။
တစ်ချိန်ချိန်မှာတော့ မေ့ပစ်နိုင်ပါလိမ့်မည်။ ဆုံစည်းခွင့် မရှိ ဆိုသည့် အဖြစ်ကို နှလုံးသားမှ လက်ခံလာသည့်တစ်နေ့တွင် မေ့ပစ်နိုင်ပါလိမ့်မည်။ မေ့ပစ်မည် ဆိုသည့်အတွေးကို တွေးမိစဉ်ခဏ နှလုံးသားထက်ဝယ် နှမြောစွာ နာကျင်သွားသလိုလို။ ယခုတော့ မုသားဆိုရင်းကွယ်ဝှက်ထားရသည့် ချစ်ခြင်းတို့ကို မြတ်နိုးနေဦးမည်။ မေ့ဖို့ခက်ခဲသည့် အတိတ်အား မက်မောစွာ တမ်းတနေဦးမည်ဖြစ်သည်။
…………………..
တကယ်တမ်းတော့ သူမ သည် ကြည်နူးရင်ခုန်ခြင်းကို အချစ်ဟု အမည်တပ်ရင်း ချစ်ခြင်း အစစ်အမှန်ကို သစ္ဆာဖေါက်ခဲ့သူ ဖြစ်သည်။ သူမ၏ နှလုံးသားကို သူ မမြင်ရသော်လည်း သူ့ကို သူမ ထက်ပိုထွေးပွေ့ကာ မျက်ရည်စတို့ဖြင့် ငေးကြည့်ခဲ့သူရှိသည်။ ထိုငေးကြည့်သူသည် သူမ၏ သူငယ်ချင်းတစ်ဦးပင်ဖြစ်သည် ဆိုသည်ကိုတော့ သူမ ဘယ်တော့မှ မသိနိုင်တော့……။
သူ သတ်မှတ်မိသည်က အချစ်ဆိုသည်မှာ တစ်ဘက်သတ်ထက် နှစ်ဦးနှစ်ဘက်တွယ်တာခြင်းသာလျှင် ချစ်ခြင်းအစစ်အမှန်ဖြစ်ပါလိမ့်မည်…။ တစ်ဘက်သတ် ဆိုသည်ကိုက ဆုံခွင့်မရှိသည့် ပြိုင်လမ်းတစ်ခုပင် ဖြစ်သည်မလား
……………
ရည်ဝေ(ရေနံ့သာသူ)


3 comments:

ရတုသစ် said...

နွမ်းနွမ်းလျလျလေးဖြစ်မိအောင်ရေးတတ်နိုင်လွန်းသည်။
မျက်ရည်ထိန်း၍ဖတ်သွားသည်ဆိုလျှင်ပိုသည်ဟုမထင်စေလိုပါ။
ဒိုင်ယာရီလေးကို ကျနော်နောက်ထပ်ဖွင့်ကြည့်နိုင်မည်မထင် ။

Anonymous said...

ဖြစ်ရပ်မှန်ထင်ပါ့

:D :D
တိမ်မိုးဝေ

Unknown said...

အမ် ဖြစ်ရပ်မှန် ဟုတ်လားမသိ ပြန်စဉ်းစားလိုက်ဦးမယ်း)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်