Wednesday 14 November 2012

ဖေဖေ၊မေမေ စိတ်ချမ်းသာပါစေ

ပြတင်းပေါက်မှ မြင်နေရသည့် မြင်ကွင်းက ပန်းချီကားတစ်ချပ်သဖွယ် လှပလွန်းလှသည်။ တိမ်စိုင်တိမ်ခဲတွေ တစ်ခုနှင့်တစ်ခုထပ်ကာ တိမ်သားတချို့က ညိုမှုန်မှုန်၊ အချို့တိမ်သားကျတော့ ဖြူလွှလွှ။ တိမ်သားစုတို့ ဖုံးထားသောကြောင့် နေမင်း၏ အလင်းရောင်သည်လည်း ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်မကျရောက်နိုင်တော့ပေ။ ထို့ကြောင့်  အလင်းကောင်းမွန်စွာရသော်လည်း နေမင်း၏ စူးရှလွန်းသော ရောင်ခြည်တို့ပျောက်ရှနေသည်။ မိုးမရွာသေးသော်လည်း တိမ်သားတို့၏ ဖြားယောင်းမှုကြောင့် ပါတ်ဝန်းကျင်တစ်ခုလုံးသည် ညို့မှိုင်းမှိုင်းနှင့် တစုံတရာကိုလွမ်းဆွတ်စေရန် ဖိအားပေးနေသည့်ဟန်။ သည်ကောင်းကင်ပန်းချီကားအောက်မှာရပ်နေသူတိုင်း တစုံတရာကို မလွမ်းမိဘူးဆိုလျှင်ဖြင့် သူမ အံ့သြမိပေလိမ့်မည်။ ဟုတ်သည်။ သူမ ပင်လျှင် အတွေးတို့ဖြင့် အတိတ်ထံသို့ ခြေဆန့်မိပြီမလား…။
အတိတ်ဆီသို့ ခြေဆန့်လိုက်ခြင်းသည် တရားဝင်ခွင့်ပြုချက်ပေးခြင်းခံလိုက်ရသည့်အလား အပြုံး၊ အရယ်၊ အငို၊ အလွမ်း ခံစားချက်အဖုံဖုံတို့သည် ဟိုမှသည်မှ ထွက်ပေါ်လာကြလေသည်။ နှုတ်ခမ်းထက်တွင်လည်း ပြုံးလိုက်မဲ့လိုက်ဖြင့် ခံစားချက်အဖုံဖုံကို ဆုပ်ကိုင်နေလေသည်။ တက္ကသိုလ်ဝင်တန်းအောင်ခဲ့တုန်းက အပျော်သည် သည်ချိန်တွင်မပျော်မိတော့ပေမဲ့ အပြုံးနုနုတို့ လွင့်ထွက်စေဆဲ။ မိဘနှစ်ပါး၏ သူမအား ကလေးသဖွယ် ဂရုစိုက်ပုံတွေကို ပြန်မြင်ရခြင်းသည် နှလုံးသားကို နွေးထွေးစေဆဲ။ သို့သော် အစ်ကိုဖြစ်သူအပေါ် ပို၍ဂရုစိုက်သည်ကို သတိရမိတော့ နှုတ်ခမ်းဝယ် မဲ့သွားမိသည်။ အတိတ်တွင် သမုဒယနွယ်ခဲ့သည်ဖြစ်စေ၊ မနွယ်ခဲ့သည်ဖြစ်စေ အတိတ်ကတော့ သူ့ထံခရီးထွက်လာသူတိုင်းကို ခရီးဦးကြိုပြုသည့်အလား လွမ်းမောဖွယ်ခံစားစေဆဲ။

ဒီနေရာ၊ ဒီနေရာရောက်တိုင်း သူမ အမြဲကျော်တွေးနေကျ။ သို့သော် ဒီနေ့တော့ဖြင့် ဒီနေရာလေးကို ကျော်မသွားချင်ပြန်။ ဒီနေရာလေးမှာ စိတ်ထိခိုက်ခံစားခဲ့ရသည်ဆိုလျှင်တောင် ယနေ့ ပစ္စုပ္ပန်အတွက် သင်ခန်းစာယူဖို့ရာ သူမ ပြန်တွေးချင်လှပါသည်။ ဒီနေရာ ဆိုသည့်အသိနှင့်တင် ရင်တစ်ခုလုံး နင့်သည်းလာသည်။ ပါးထက်ကို ဖွဖွလေးစမ်းကြည့်မိတော့ နာကျင်မှုက ရုတ်တရက်ရောက်လာသလိုလို။ ကိုဖြိုး နင့်ကို ငါမုန်းတယ်..မုန်းတယ် ဟုအော်နေသံက စိတ်ထဲဝယ် တဖြည်းဖြည်းကျယ်လောင်လာသည်။
သိတတ်သည့် အချိန်မှစ၍ မိဘနှစ်ပါးအပေါ်သာ မေတ္တာပုံမိသော သူမအတွက် ပြန်ရလာသော မေတ္တာကတော့ ကိုဖြိုးတစ်ဝက်ပင်မမီခြင်းမှာ အံ့သြစရာကောင်းလှပါသည်။ ကိုဖြိုး၏ မိဘအပေါ်မှီခိုမှုနှင့်အတူ သူမ၏ အစ်ကိုဖြစ်သူအပေါ် အားမလိုအားမရဖြစ်မှုတို့လည်း ပေါ်ထွန်းလာရသည်။ အစ်ကိုဖြစ်သူကို ကိုယ့်ခြေထောက်ပေါ် မားမာမတ်မတ်ရပ်စေချင်စိတ် ဖြစ်ပေါ်စေချင်သည့် ဆန္ဒဆိုလျှင်လည်း မမှားပါ။ ယောင်းမဖြစ်သူနှင့် သူမအကြား စကားအဖုအထစ်လေးတွေရှိခဲ့ခြင်းသည် အစ်ကိုဖြစ်သူကိုဖြိုးနှင့် မကျေလည်မှုတို့ကို ပို၍ကြီးထွားလာစေသော လောင်စာ ဖြစ်ခဲ့သည်။ လူကြီးလူကောင်းဆန်ချင်လှသော မိဘနှစ်ပါး၏ ချွေးမအပေါ် ဘက်လိုက်ခြင်းသည် သူမအတွက် စိတ်ခုရာလမ်းစဖြစ်သည်ဆိုလျှင်လည်း မမှားပါ။ အဲ့ဒီနေ့က ယောင်းမဖြစ်သူနှင့် သူမ ပဋိပက္ခဖြစ်ပွါးခဲ့သည်။ မေမေ့လက်ဝါးအား ပါးပေါ်ထပ်ခဲ့ရသော နေ့လည်းဖြစ်ခဲ့သည်။ အဲ့ဒီနေ့က မျှော်လင့်ချက်ဆိုသည်ကို ဆုံးရှုံးသော နေ့ ဖြစ်ခဲ့သည်။ တကယ်တမ်း သူမ တချိန်လုံးမျှော်လင့်ခဲ့သည်မှာ မိဘနှစ်ပါး၏ အဆုံးစွန်သော ချစ်ခြင်းမေတ္တာတရားပင် မဟုတ်ပါလား။ အဲ့ဒီနေ့က ရင်နာတယ် ဆိုသည့်ခံစားချက်ကို နားလည်ခဲ့ရသည်။ ရင်နာတယ် ဆိုစကားသည် အပိုမဟုတ်၊ တကယ်ကို ရင်တွေနာနေခြင်းပင်။ အသက်ရှုရခက်လောက်အောင်ကို ရင်ထဲမှာ နာကျင်နေခဲ့တာ ဖြစ်သည်။

မေမေ၊ ဖေဖေ အမှားလုပ်ခဲ့တာ သမီးမဟုတ်ဘူးလေ ဟု ငိုယိုမြည်တမ်းနေသံက နှလုံးသားထက် ပေါ်ထွန်းလာသည်။ သို့သော် ခြေလှမ်းတို့က နောက်ပြန်မလှည့်နိုင်ခဲ့။ ကိုယ်မမှားသည့်အရာတစ်ခုအတွက် မိဘနှစ်ပါးနှင့်အပြိုင် သူမ ခေါင်းကိုမတ်မတ်ထောင်ခဲ့ပါသည်။ မာနကို မတ်မတ်ထားခဲ့သည်။ မှားခဲ့သည်ဆိုလျှင်လည်း အမှန်ကို အမှားဟု လက်ခံမပေးနိုင်သော အမှားတစ်ခုသာ ရှိပါလိမ့်မည်။ အဲ့ဒီနေ့သည် အစ်ကိုဖြစ်သူနှင့် သူမအကြား ဗျာများခဲ့ရသည့်မိဘနှစ်ပါးအား ထားခဲ့ကာ အဆောင်တွင် သွားနေခဲ့သည့် ပထမဦးဆုံးနေ့ဖြစ်သည်။ နေရစ်တော့၊ နေခဲ့တော့၊ အရမ်းချစ်တဲ့ သားကြီးမိသားစုနဲ့ နေခဲ့တော့ ဟူသည့်အတွေးနှင့် စိတ်ကိုဒုန်းဒုန်းချကာ မိဘနှစ်ပါးအား ပထမဦးဆုံး မျက်နှာလွှဲခဲ့သော နေ့လည်းဖြစ်လေသည်။ နောက်ထပ်စေတနာလေးတစ်ခုကတော့ သားဖြစ်သူကိုသာ အချစ်ကြီးသည့်မိဘအတွက် သူမ မရှိရင် ပို၍ ပျော်ဖို့ကောင်းမည်ဆိုသော အတွေးနှင့် မိဘကို စွန့်လွှတ်ခဲ့ခြင်းပင်။ မိသားစုကို စွန့်လွှတ်ခဲ့ခြင်းပင် ဖြစ်သည်။ အဲ့ဒီနေ့က သူမ ပထမဆုံးနှင့် နောက်ဆုံးအကြိမ်အဖြစ် အိမ်မှ ထွက်ခွါသွားခဲ့သည်။ တားမြစ်သူကင်းမဲ့နေသည့် လမ်းခရီးသည် ဖြောင့်တန်းနေသော်လည်း အိမ်ဘက်သို့ ပြန်လှည့်ချင်နေသည့် ခြေလှမ်းများက ရှေ့သို့ဦးတည်လှမ်းဖို့ရာ လေးလွန်းလှသည်။

မျက်ဝန်းထောင့်မှ စီးကျလာသော မျက်ရည်တို့ကို သုတ်လိုက်မိရင်း တွေးမိသည်က တစ်ခုသာ။ ရင်နာတယ် ဆိုသည့်ခံစားချက်သည် ဘယ်ချိန်တွေးတွေး ထပ်တူပြန်ခံစားရတာပါ့လား ဟူ၍ပင်။ ရုံးမှ ခွင့်ယူမိတာ မှားပြီထင်သည်။ အချိန်အားသည်နှင့် စိတ်တို့က အတိတ်ထံသို့သာ ပြေးသွားတတ်သည်မလား။

အဆောင်တွင် အဆင်ပြေပါသည်ဟု ဘယ်လောက်ပြောပြော၊ ပြန်လာခဲ့ပါဟု ထပ်ခါထပ်ခါ ပြောလာသော မေမေ့စကားကို မပယ်ရှားလို၍ ပြန်လာခဲ့သော်ငြား ကိုဖြိုးတို့မိသားစုက ရှိနေဆဲပင်။ အတိတ်ကလိုပင် သူမနှင့် ယောင်းမကြားရှိ အက်ကွဲကြောင်းရာသည်လည်း မဆက်နိုင်ခဲ့ပါ။ ကိုဖြိုးသည်လည်း အတိတ်တုန်းကလိုပင် အငှားကားမောင်းနေသော်ငြား နေထိုင်စားသုံးစရိတ်သည် မေမေ့ အအေးဆိုင်လေးမှ လက်ဖြန့်တောင်းနေဆဲပင်ဖြစ်သည်။ အခန်းထဲဝယ် ထိုင်နေသော်ငြား မေမေ့ကို အိမ်အလုပ်တို့ ပြေးကူချင်စိတ်က စိတ်ထဲဝယ် ဝုန်းဒိုင်းကျဲနေသည်။ သို့သော် မေမေ့အနားဝယ် ယောင်းမ ရှိနေပါလိမ့်မည်။
ပြန်ရောက်ပါပြီဆိုကတည်းက သူမအား မျက်နှာအညိုမခံသော မိဘနှစ်ပါးကို စကားမပြောချင်ဟန်နှင့် ရှောင်နေမိသော်ငြား ရင်ဝယ် ကျေနပ်နှစ်သိမ့်ခြင်းတို့ဖြစ်ထွန်းနေသည်ကိုတော့ ဝန်ခံရပေမည်။ မိဘနှစ်ပါးသည် သူမကိုလည်း ဂရုစိုက်ပါသည် ဟူသည့်အတွေးက စိတ်တစ်ခုလုံးအား လုံခြုံနွေးထွေးနေစေသည်။ ဖေဖေဆိုလျှင်လည်း ရုံးကပြန်လာသည်နှင့် သူမအခန်းရှေ့ဝယ်လာရပ်ကာ ခန်းဆီးစအား ဖယ်ကာကြည့်တတ်သည်။ မုန့်ဝယ်လာလျှင်လည်း သူမ မသိအောင် စားပွဲပေါ်ထားကာ ထွက်သွားတတ်လာပြီ။ အရင်တုန်းကတော့ ထိုအရာများသည် ကိုဖြိုးအတွက်သီးသန့်သာ ဖြစ်ခဲ့သည်မလား။ တွေးရင်းနှင့် နာရီကို မော့ကြည့်မိတော့ ခြောက်နာရီထိုးချေပြီ။ ဒီချိန်ဆို ဖေဖေပြန်ရောက်လာတော့မည်ဆိုသည့်အသိနှင့် ကုတင်ပေါ်သို့သွားကာ စောင်ခြုံရင်းမျက်စိမှိတ်နေလိုက်သည်။ ထိုစဉ်မှာပင် ခြေသံ တရှပ်၇ှပ်ကြားရကာ သူမအခန်းရှေ့အရောက်လောက်တွင် တုံ့သွားလေ၏။ သူမကတော့ မျက်ဝန်းအစုံကို မှိတ်ထားမိဆဲ။ နဖူးပေါ်လာတင်သည့် လက်ဖျား၏ ခပ်ပျပျအတွေ့က ဘာ့ကြောင့် မျက်ရည်ဝဲစေသည်မသိ။ မျက်ရည်စ တစ်စနှစ်စတို့ပင် မျက်ဝန်းအိမ်အပြင်ဘက်သို့ လွင့်ထွက်သွားရသည်။ ခပ်လေးလေးသက်ပြင်းချသံနှင့် ခြေသံပျောက်ဆုံးသွားမှ မျက်လုံးဖွင့်ကြည့်မိတော့ စားပွဲပေါ်ဝယ် သူမအကြိုက်ဆုံး ချောကလက်ဗူးလေးတစ်ဗူးကိုတွေ့ရသည်။ အကြောင်းမဲ့ကျလာသော မျက်ရည်တို့အား အသာအယာသုတ်လိုက်ရင်း သူမကြောင့်များ မေမေနှင့်ဖေဖေ စိတ်ဆင်းရဲနေလေမလားဟု တွေးမိလိုက်သေးသည်။

သေချာစဉ်းစားကြည့်လျှင် မေမေနှင့်ဖေဖေ နှစ်ယောက်လုံးသည် အသက်ခြောက်ဆယ်ပင်ကျော်ချေပြီ။ စိတ်ဆင်းရဲမှု လျော့သင့်ပါပြီ။ သူမနှင့်ကိုဖြိုးတွင် သူမက ကိုယ်ပိုင်အလုပ်ရှိကာ ဘဝလမ်းကြောင်းကို ဘယ်သောအခါကမှ အမှားမခံခဲ့။ ကိုဖြိုး၏ ဘဝကတော့ ဆိုးသွမ်းမှု၊ တာဝန်မဲ့မှုများနှင့်ပြည့်နှက်နေသည်။ ထို့အတွက်သာ ငါတို့မကြည့်ရင် ဘဝပျက်လိမ့်မယ် ဟူသောအတွေးနှင့် ကိုဖြိုးအပေါ့် မိဘနှစ်ပါး စိုးရိမ်ကြခြင်းမှန်းသိပါသည်။ သူမ ကိုလည်း ချစ်ကြသည်ပင်။ မိဘဆိုသည်မှာ လိမ္မာနားလည်သောကလေးထက် ဆိုးသွမ်းသော ကလေးအပေါ် ပို၍ စောင့်ရှောက်ကြရသည်မလား။ လိမ္မာနားလည်သောကလေးက ဘဝပန်းတိုင်မပျောက်နိုင်၊ ဆိုးသွမ်းသော ကလေးအတွက်ကတော့ မိဘကမှမစောင့်ရှောက်လျှင် ဘဝပျက်နိုင်သည်။ သူမ သာ စကားမပြောလျှင် အနားသို့မလာပဲ အဝေးမှ အရိပ်တကြည့်ကြည့်လုပ်နေတတ်သော မိဘနှစ်ပါးကို သနားလှပါပြီ။


“မေမေ၊မေမေ ထပါဦး ဖေဖေ ထပါဦး” ဟု တကြော်ကြော်အော်ခေါ်နေလည်း မထလာသည့် မေမေနှင့်ဖေဖေ့ကြောင့် သူမရင်တွင်ဝုန်းခနဲ။` လက်တို့ဖြင့်ကိုင်လှုပ်သော်လည်း ထမလာသည့်အဆုံး သူမ ရုတ်တရက် ထရပ်မိတော့မှ အသိဝင်သည်။ အိပ်မက်၊ ကြောက်မက်ဖွယ်ရာအိပ်မက် မက်ခြင်းပင်။ ရင်ဝယ် ထိတ်လန့်တုန်လှုပ်မှုတို့က ယခုထိတိုင်မပြယ်သေး။ မေမေနှင့်ဖေဖေများ မတော်တဆ…အို..အတွေးကို ဆက်မတွေးရဲပါလေ။
အတိတ်၏ ပုံရိပ်တို့ကို ဒီမျှနှင့်ပင် ရပ်သင့်ပါပြီ။ ပစ္စုပ္ပန်ထိ ဆက်မခံစားသင့်တော့၊ အနာဂတ်ထိလည်း ခေါ်ဆောင်မသွားသင့်တော့။  လက်ရှိတွင် မေမေနှင့်ဖေဖေလည်း သူမ ကိုချစ်သည်။ အစ်ကိုဖြစ်သူမိသားစုသည်လည်း အရင်လို သူမအား မခနဲ့တော့။ အိမ်ခွဲနေဖို့ရာ ကြိုးစားနေပြီဖြစ်သည်။ သူမ အကြောင်းမဲ့များ မေမေနှင့် ဖေဖေ့အပေါ် စိတ်ကောက်နေလေရော့သလား။ မျက်လုံးကို မှိတ်လိုက်ရင်း အနာဂတ်ထံသို့ အတွေးဆန့်မိပြန်သည်။ မြက်ခင်းပြင်ဝယ် သူမနှင့်အတူ မေမေရယ်၊ ဖေဖေရယ်၊ နောက် အစ်ကိုတို့မိသားစုရယ် ထိုင်နေကြသည်။  အလုံး၏ မျက်နှာပေါ်ဝယ် ပျော်ရွှင်ခြင်း ၊ ကြည်နူးခြင်း အရိပ်အယောင်များ လွှမ်းမိုးလျှက်။ သုံးနှစ်သာရှိသေးသည့် တူလေး၏ မျက်နှာပေါ်မှာတောင် ပျော်မြူးရိပ်အပြည့်နှင့်။
ယောင်ယမ်း ခေါင်းခါဖို့ ရာပြင်မိချိန်မှာ စိတ်ဝယ် အသိတစ်ချက်လင်းလက်သွားသလိုလို….။ အနာဂတ်မှာ ပျော်ရွှင်ဖွယ်ရာမိသားစု ဖြစ်ဖို့သည် မခဲယဉ်းသော ကိစ္စဖြစ်သည်။ သူမသာ စိတ်ကလေးကို တစ်ထစ်လျှော့ပြီး အလိုက်အထိုက်ဆက်ဆံပေးခဲ့ပါလျှင် ထိုသို့ဖြစ်နိုင်သည်မလား။

8 comments:

Yoemyaykya said...

ရည်ဝေရေစာတွေကောင်းကောင်းမမြင်ရဘူးဝေ

Yoemyaykya said...

အခုမှပဲကောင်းကောင်းဖတ်လို့ရသွားတော့တယ်ရည်ဝေရေ။ ဒါနဲ့အရင်မန့်ထားတာလေးဘယ်ရောက်သွားတာလဲဟင်။ အက်ဆေးလေးကိုအားရပါးရအားပေးခဲ့ပါတယ်။

မိုးနတ်ကြယ်စင် said...

အက်ဆေးလေးက ကောင်းလိုက်တာ....
အရေးအသားလဲ ပြေပြစ်ပိုင်နိုင်တယ်.
ရသလဲပေးစွမ်းနိုင်တယ်...
အားကျမိတယ်မ...
အားလဲပေးနေပါတယ်....
ခင်တဲ့...မိုးနတ်.

lwannaung said...

အဟမ်း..အဟမ်း.. လမ်းလျှောက်လာတယ်ဗျ။

Anonymous said...

ဟိုဟု

Unknown said...

ကျေးဇူးတင်ပါတယ်နော် စာတွေ လာလာဖတ်ပေးလို့ :P

Unknown said...

အွန်း...လမ်းလျှောက်လွန်းရင် ခြေထောက်တွေ ညောင်းနေဦးမယ် သတိထား :P

Unknown said...

ဟုတ် ကျေူးဇး မိုးနတ်ကြယ်စင်ရေ :P

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်