Friday 2 November 2012

လျှောက်ခဲ့သော လမ်းလေး

သည်လမ်းလေးသည် ကျွန်တော်သွားရမည့်နေရာနှင့် မသက်ဆိုင်ပါ။ သို့သော် သည်လမ်းလေးဝယ် ကျွန်တော် လမ်းလျှောက်နေသည်။ ကျွန်တော်လျှောက်နေ့သော လမ်းလေးဝယ် ထနောင်းပင်တို့မရှိသလို ခရေပင်များလည်း စိုက်မထားကြပါ။ အကယ်၍များ ခရေပင်များသာရှိခဲ့လျှင်ဖြင့် ဒီလမ်းလေးသည် နေ့ခင်းဘက်ဆိုလျှင် ခြောက်သွေ့တိတ်ဆိတ်နေမည်မဟုတ်ပဲ ခရေကောက်သူများ၊ ခရေရိပ်ခိုသူများနှင့် စည်ကားနေပေလိမ့်မည်။ နေ့ခင်းဘက်တွင်ကော သည်လမ်းလေးသည် ခြောက်သွေ့တိတ်ဆိတ်နေလေသလား။ ကျွန်တော်မသိပါ။ သို့သော် ယခုညနေတွင်တော့ ခြောက်သွေ့တိတ်ဆိတ်နေပါသည်။ ကျွန်တော်လျှောက်နေသော လမ်းလေးတွင် ခရေပင်မရှိပါ။

သည်လမ်းလေးသည် တချိန်က ကားအသွားအလာများသောလမ်း ဖြစ်ပေလိမ့်မည်ဟု ရုက်တရက် စိတ်ကူးယဉ်ကြည့်လိုက်မိသည်။ သို့သော် ထိုအတွေးကို ချက်ခြင်းဖျက်လိုက်၏ အဘယ့်ကြောင့်ဆိုသော် သည်လမ်းလေးကို ကွန်ကရစ်ခင်းထားပုံမှာ ကားတစ်စီးသွားလာရန်သာရှိ၏။
ဟိုဘက်ဒီဘက်ကားနှစ်စီးမျက်နှာခြင်းဆိုင်တွေ့မိလျှင်ဖြင့် တစ်စီးနှင့်တစ်စီး ဘော်ဒီခြင်း ခြစ်မိပေလိမ့်မည်။ ကျွန်တော်သာ ကားမောင်းသူဆိုလျှင်ဖြင့် သည်လမ်းလေးအား အတက်နိုင်ဆုံး ရှောင်ကွင်းမိပေလိမ့်မည်။ ကျွန်တော်လျှောက်နေသော လမ်းလေးသည် မကျဉ်းမြောင်းသော်ငြား မကျယ်ဝန်းပါ။

ဖြူလွှလွှအလင်းတို့သည် တဖြည်းဖြည်းနှင့် ညိုရောင်သန်းစပြုလာ၏။ ထို့အတူလမ်းလေးသည်လည်း  အလင်းကွယ်လုနီးပါးဖြစ်ချေပြီ။ သို့သော် အရိပ်အယောင်လောက်ကတော့ မြင်ရဆဲ။

ညခုနှစ်နာရီဆိုသောအချိန်သည် ညဉ့်နက်ပိုင်းမဟုတ်သော်လည်း အိမ်ခြေနည်းပါးသည်မို့ လမ်းလေးသည် မှောင်ရိပ်ခိုသည့်နေရာ တော်တော်များပါသည်။ လမ်းမီးတိုင်လည်းမလင်းသည့်အပြင် ရှိစုမဲ့စု အိမ်လေးများမှလည်း လမ်းကို အလင်းပေးဖို့နှမြောနေကြသည်မို့ အမှောင်ထုက တော်တော်ကြီးပါသည်။  သစ်ပင်ကြီးများနည်းသည့် ဤလမ်းလေးဝယ် ဟိုတတွဲ၊ ဒီတတွဲနှင့် အတွဲလေးများတန်းစီနေကြသည်မှာ လူငယ်တို့၏ လွတ်လပ်မှုများ ဖေါင်းပွလာခြင်း များလားဟု တွေးမိသည်အထိ။ လက်မှ ဓါတ်မီး၏ မှုန်ပျပျအလင်းရောင်ကိုလှည့်ကြည့်ကြသည့် သူတို့လေးတွေ၏ မျက်နှာသည် ငယ်နုလှ၏။ တစ်ခုတော့ တွေးချင့်စရာကောင်းလှသည်မှာ ထိုလူငယ်လေးများသည် အသက်နှစ်ဆယ်အောက်များ ဖြစ်နေကြခြင်းပင်။ အုပ်ထိန်းသူများ၏ ရေသာခိုအချောင်လိုက်မှုများကို သည်အတွဲလေးများအားကြည့်ရုံနှင့် သိနိုင်ပါသည်။ အကယ်၍များ တစုံတရာကျူးကျူးလွန်လွန်ဖြစ်ခဲ့သော် သူတို့ ဘယ်လိုများတားမြစ်ကြမလဲဟု သိချင်မိ၏။ ဖန်တရာတေ ပါဏာတိပါတာ ကံကိုသာ ကျူးလွန်ကြမည်မှာ သေချာနေပါသည်။ ကျွန်တော်လျှောက်နေသောလမ်းလေးဝယ် ပရွက်ဆိတ်လေးများ တန်းစီချီတက်နေသကဲ့သို့ အတွဲလေးများတန်းစီနေပါသည်။

ရုတ်တရက် လျှောက်သောခြေလှမ်းတို့အားရပ်လိုက်ကာ နောက်သို့ပြန်လှည့်လျှောက်လိုက်မိ၏။ ပြန်လှည့်လျှောက်သော ခြေလှမ်းတို့သည် ပထမလျှောက်ခဲ့သော ခြေလှမ်းတို့ပေါ်သို့ တည့်တည့်မက်မက်ကျနိုင်မည်လား။ မကျနိုင်လောက်ပါ။ ခြေလှမ်းတို့ တစ်ထပ်တည်းထပ်တူကျသည်ဆိုဦးတော့။ ထိုလျှောက်ခဲ့သော အချိန်နှင့် စိတ်တို့ ထပ်တူမကျနိုင်သောကြောင့် ထပ်တူကျ ခြေလှမ်းများဟု ကျွန်တော်မဆိုလိုချင်ပါ။ သို့သော် လျှောက်ခဲ့သောလမ်းအား ပြန်လှည့်လျှောက်ကြည့်သောအခါ ကျွန်တော်မတွေ့မိခဲ့သော အရာများကို ထပ်မံတွေ့ရပြန်၏ ကျွန်တော်တို့ လူဆိုသော သတ္တဝါများသည် အရှေ့ကိုသာ အမြဲလျှောက်ချင်လျှက် အနောက်သို့ ပြန်လှည့်မကြည့်ချင်ကြသူများဖြစ်ကြသည်။ အနောက်သို့ ယောင်ယောင်လေးမျှလှည့်ကြည့်ကြသူတို့သည် ဘဝဝယ် အောင်မြင်မှု အနည်းငယ်ရကြ၏။ အနောက်သို့ အမြဲတစေလှည့်ကြည့်ရုံသာမက ကိုယ်လျှောက်ခဲ့သည့်လမ်းဝယ် ဘာအမှားရှိခဲ့လဲဟု အမြဲတစေဆန်းစစ်နေသူက များပြားလှသော အောင်မြင်မှုများအား အပိုင်သိမ်းထားတတ်၏။ ထို့ကြောင့် မတွေ့မိသော အရာလေးများအား တွေ့ရှိချင်စိတ်ဖြင့် ကျွန်တော်ထိုလမ်းလေးအား လာရာလမ်းအတိုင်းသို့ တစ်လှမ်းခြင်း ပြန်လျှောက်ခဲ့၏။

ရုတ်တရက် လင်းလာသော မှိန်ပြပြ လမ်းမီးတိုင်၏ အလင်းကြောင့် ပတ်ဝန်းကျင်အား ကောင်းစွာရှင်းရှင်းမြင်လိုက်ရ၏။ ကြည်နူးနေကြသော အတွဲလေးများ၏ မျက်နှာပေါ်မှ အပြုံးသည် ကျွန်တော့်အား ပြုံးမိစေသည်။ သူတို့လေးတွေ၏ ကြည်နူးမှုအပြုံးသည် တချိန်က အချစ်ကိုခံစားခဲ့ဖူးသူ ကျွန်တော့်အတွက် အတိတ်ဆီမှ အချစ်၏ အရသာကို မြင်ယောင်စေကာ ကြည်နူးစေ၏။
လမ်းလေးသည် ကွန်ကရစ်ကို ကားတစ်စီးစာသာ ခင်းထားသောကြောင့် ပို၍ဆွဲဆောင်မှုရှိနေသလို ထင်ရသည်။ လမ်းဘေးတစ်ဘက်တစ်ချက်ရှိ ကွန်ကရစ်အစွန်းများဝယ် တချို့ထိမိခိုက်မိထားဟန်နှင့် ကွန်ကရစ်စလေးများ ပဲ့ကြွေနေကြသည်မှာ အနုပညာဆန်လှ၏။ ထို့ပြင် ကွန်ကရစ်လမ်းပေါ်ရှိ မျဉ်းကြောင်းလေးများသည်လည်း တချို့ကွေးနေသော မျဉ်းကြောင်းများကြောင့် ဖြောင့်နေသော မျဉ်းကြောင်းလေးများအားတကူးတကရှာမိသည်ထိ စိတ်ကိုဆွဲဆောင်လေသည်။

ထိုစဉ် ရုတ်တရက် ရွာချလိုက်သောမိုးက ပုရွက်ဆိတ်တန်းလေးများ ရေထဲသို့ မျောပါသွားသည့်အလား ထီးလေးတွေပါသည့်အတွဲများက ထီးလေးကိုယ်စီနှင့် ရှေ့ခရီးဆက်ကြသလို ထီးမပါသည့်အတွဲလေးများလည်း တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ရင်းဖြင့် ပြေးလွှားသွားကြသည်မှာ ပျော်စရာပင်။ ကျွန်တော်သည်လည်း မစိုရတာကြာပြီဖြစ်သော မိုးရေတို့အား တရှိုက်မက်မက် ကြိုဆိုလိုက်၏။ မိုးရေစို၍ ဖြစ်လာမည့်အကျိုးဆက်နှင့် မိုးစိုခံနေသော ထူးဆန်းသည့် လူသားအဖြစ်မှ ရှောင်ကြဉ်ရန် ကလေးဘဝက မိုးရေစိုခြင်း၏ အရသာကို ကျွန်တော် မေ့လျော့ထားခဲ့မိသည်။ အခုတော့ မိုးရေစိုခြင်း၏ အရသာကို ကျွန်တော် တရှိုက်မက်မက်ကို ခံစားနေပါသည်။ ကျွန်တော်လျှောက်သော လမ်းလေးဝယ် ဒီနေ့ မိုးရွာခဲ့၏။

ဟော..တွေ့လေပြီ။ ကျွန်တော်လျှောက်နေသော လမ်းလေး၏ အဆုံးခေါ်လေသလား။ အစခေါ်လေမလား။ စမှတ် သို့မဟုတ် ဆုံးမှတ်လေးကို တွှေုလေပြီ။ ဒီလမ်းလေးကို အသွားက ကျွန်တော့်စိတ်ဝယ် ကြည်နူးမှုနှင့် ပျော်ရွှင်မှုတို့ မရှိခဲ့။ အတွေးများသာ ချာချာလည်ဝန်းရံလျက် ကြည်နူးမှုကို မတွေ့ရှိပါပဲ ကျော်သွားခဲ့၏။ ယခု အပြန်လမ်းတွင်မူ ကြည်နူးမှုများကို ကြုံတွေ့ရသလို မေ့နေခဲ့သော ပျော်ရွှင်ခြင်းအရသာကိုလည်း ခံစားရပြန်၏။  ရောက်ပါပြီ။ စမှတ်ဟု ခေါ်သလို ဆုံးမှတ်ဟုလည်း အမည်တွင်သည့် နေရာသို့။ ခတ္တရပ်လိုက်ရင်း ကျွန်တော် လျှောက်ခဲ့သော လမ်းလေးအား တမျှော်တခေါ် ပြန်ကြည့်လိုက်၏။ ဘာတွေများ ကျွန်တော် မတွေ့တာ ကျန်ခဲ့ဦးမလဲ ဟု။

ယခင်က ကျွန်တော် လျှောက်ခဲ့သော လမ်းများအား အမြဲလိုပင် အသွားလမ်းသာ လျှောက်ခဲ့၏။ ယောင်၍ လှည့်ကြည့်ဖို့ စိတ်မကူးမိခဲ့။ သို့သော် ယနေ့မှစ၍ ကျွန်တော်လျှောက်မည့်လမ်းများအား အသွားရောအပြန်ပါ လျှောက်ကြည့်တော့မည်။ သို့မှသာ ထိုလမ်းလေးဆီမှ ကျွန်တော် ရသင့်သမျှ အလုံးစုံရပေလိမ့်မည်။ ကျွန်တော် လျှောက်ခဲ့သော လမ်းလေးအား လည်ပြန်ကြည့်ကာနှုတ်ဆက်လိုက်ရင်း ရှေ့ခရီးဆက်ရန်ပြင်လိုက်၏။
ကျွန်တော် လျှောက်ခဲ့သော လမ်းလေးဝယ် ခရေပင်မရှိပါ။ လမ်းကို ကားနှစ်စီးသွားလာရန် ခင်းပေးမထားပါ။ သို့သော် လမ်းလေးဝယ် ပျော်ရွှင်စရာ၊ ကြည်နူးစရာ၊ စိတ်ရှုပ်စရာ အဖုံဖုံ ပျော်ဝင်နေလေသည်။
……………
ရည်ဝေ (ရေနံ့သာသူ)

2 comments:

အလင်းသစ် said...

မှတ်မိအောင် ဒုတိယအကြိမ် ထပ်လျောက်သွားတယ်... :P

Unknown said...

း) ကျေးဇူး အလင်းသစ်ေ၇

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်