Friday 23 November 2012

လရောင်မျှားသော နွေညများ

ကတ္တရာခင်းထားသော်လည်း ဖုန်ထူကာ ခြောက်သွေ့နေသည့် လမ်းမသည် သူ့အား လှောင်နေသလိုလို။  တကျွီကျွီနှင့် လေးလံနှေးကန်စွာ သွားနေသည့် နွားလှည်းကြီးကတော့  သူနှင့်အတူ အဖေါ်အဖြစ်ပါလျှက်။ နောက်တစ်ယောက်ကတော့  “ဟဲ့ မိချောရဲ့  မိကျားရဲ့ သွက်သွက်ကလေး လုပ်စမ်းပါဟဲ့ မြို့သားဧည့်သည်လေးနေပူနေပြီဟဲ့ ရောက်တော့မှာပါ ဆရာလေး ခနလေးပဲ” ဟု နွားတွေကိုဆူလိုက်၊ သူ့ကို ဧည့်ဝတ်ကျေလိုက်နှင့် လုပ်နေသော ကိုရွှေတောသားလေး။
လမ်းတစ်လျှောက် မြင်နေရသည့် အပင်ခြောက်သယောင်းတို့ကလည်း စိတ်ကို ပို၍ တင်းကျပ်လာစေသည်။ ကိုရွှေတောသားလေး၏ ဧည့်ဝတ်ပြုမှုတို့ကိုပင် အပြုံးနှင့် ပြန်မတုံ့ပြန်နိုင်လောက်အောင်ထိ သူ့စိတ်တို့ အထီးကျန်ဆန်လာသည်။ “အိုး……စိတ်တို့ပို၍ အထီးကျန်လာအောင်ပဲ ရည်ရွယ်သလားကွယ်။” မွဲခြောက်ခြောက်မြက်ခင်းလေးတွေ ဟိုတစ်စဒီတစ်စနှင့် ရှိနေသည့် ကွင်းပြင်လေးဝယ် ဇီးပင်လေးတစ်ပင်တည်း ဝေဝေဖါးဖါးရှိနေသည်။ အကိုင်းအခတ်များအနှံ့သီးနေသော ဇီးသီးလေးများသည် တချို့ကစိမ်း၊ တချို့ကနီနှင့် ရှိကာ ခူးဆွတ်မည့်သူကို မျှော်နေသည့်ဟန်။ ကိုယ်တစ်ယောက်တည်းဝေဆာနေတော့ကော ကိုယ်နှင့်အတူ ဘယ်သူက မျှဝေပြီး ခံစားပေးမှာလဲ။ မျက်ဝန်းအစုံကို မှိတ်လိုက်မိတော့ ခြောက်ကပ်နေသည့် ဘဝတစ်ခုကို မြင်လာသလိုလို။

(၁)
“ကိုယ့်အစ်ကို နေမကောင်းလို့ စာမေးပွဲမဖြေတာပဲ ညီအစ်ကိုပီပီ တူတူ လိုက်မဖြေလို့မရဘူးလား.. တကယ့်ကို ညီ မဖြစ်ထိုက်တဲ့သူ”
“ကျွန်တော်လည်း ဒေါသထွက်တတ်ပါတယ် မေမေ။ အဲ့ဒီလိုပဲ  စိတ်အားငယ်တတ်ပါတယ် ….။”
မေမေ့ ခနဲ့သံတို့ကို နားထောင်ရင်း စိတ်ထဲမှ တိတ်တိတ်လေးရွတ်ဆိုနေမိသော်ငြား  တင်းကျပ်အောင်ဆုပ်ထားသည့် လက်သီးဆုပ်တို့က အပြင်သို့ထွက်မလာအောင် တားဆီးပေးနေသည်။ ကိုကို့ ကျောပြင်ကို သပ်ပေးနေသည့် မေမေ့လက်ဖဝါးနူးနူးညံ့ညံ့လေးကို သူလည်း လိုချင်ပါသည်။ ထိုကဲ့သို့ မေမေ့လက်ဖဝါးနုနုလေးသာ ရမည်ဆိုလျှင် ကိုကို့ ရှုံးနိမ့်မှုကို သူ့အောင်မြင်မှုနှင့် လဲချင်လှပါသည်။ သူ့ရှုံးနိမ့်မှုဆိုလျှင်တော့ မြေနိမ့်ရာလှံစိုက်ခြင်းအမှုသာ မေမေပြုတတ်သည်။ မေမေ့ မေတ္တာကို အနည်းငယ်မျှ ပိုင်ဆိုင်ခွင့်ရမည်ဆိုလျှင် သူ ဒီအောင်မြင်ခြင်းကို ကို့ကို့အား ပေးချင်လှပါသည်။ မေမေ၏ အပြစ်တင်လိုသော မျက်လုံးတို့ကို ရှောင်ကွင်းရင်း ရင်ထဲတွင် စာမေးပွဲ အောင်တာ အပြစ်လား မေမေ ဟု မေးနေမိသည်။ ဖြေဆိုတာခြင်းတူတူ ကိုကို့ကျရှုံးခြင်းအတွက် သူ့တွင် အပြစ်ရှိသည်ဟု မယူဆပါ။ နောက်တစ်ခုက မေမေ့ဆီမှ ဂုဏ်ယူဝင့်ကြွားသည့် စကားတစ်ခွန်းရလိမ့်မည်ဆိုသည့်အတွေးနှင့် သည်စာမေးပွဲအောင်ဖို့ရာအတွက် ညစဉ် မနားမနေ ကျက်ခဲ့ရသည်။ သူခေါင်းခါယမ်းလိုက်မိသည်။ ဒါက ကိုကို စာမေးပွဲဖြေဆိုရန် တစ်ရက်ပျက်ခဲ့ခြင်းနှင့်သာ ဆိုင်ပါသည်။ နှစ်စဉ်ကြုံခဲ့ရသည့် အဖြစ်ပါပဲဟုတွေးရင်း ခေါင်းခါယမ်းလိုက်မိသည်။ ကိုကို၏ စာမေးပွဲရလဒ်က သူ့ထက်နည်းနေလျှင် မေမေ၏ဆူပူမှုကို သူအမြဲရမြဲ။ နေမကောင်းခြင်းထက် ကိုကိုမေ့လျော့ကာ သူ့ကောင်မလေးနှင့် ရုပ်ရှင်သွားကြည့်ခြင်းဖြစ်ကြောင်း မေမေ့ကိုရှင်းမပြလိုတော့ပါ။ သူ့အမှား လို့ပဲ ရှိပါစေတော့လေ ဟု တွေးရင်း အခန်းထဲသို့ဝင်လာလိုက်တော့သည်။
 မေမေ့တွင် သားနှစ်ယောက်ရှိသည့်အနက် ကိုကို့ကမ္ဘာတွင်သာ အလင်းကျလျှက် သူ့ကမ္ဘာက အမြဲ မှောင်နေတတ်သည်ကို သူ မမေ့သင့်ပါ။ မိဘအတွက် သားသမီးသည် ကမ္ဘာတစ်ခုဟုဆိုရလျှင် သူ့ကမ္ဘာခြမ်းသည် အမှောင်ကျသည့်ကမ္ဘာခြမ်းသာဖြစ်မည်။ ဝမ်းနည်းစရာကောင်းသည်က ထိုကမ္ဘာသည် ကမ္ဘာကြီးကဲ့သို့လည်ပတ်မနေခြင်းပင်။ ထို့ကြောင့်သာ ကိုကို့ကမ္ဘာခြမ်းသည် မေမေ့မေတ္တာနှင့် အမြဲလင်းလက်လျှက် သူ့ကမ္ဘာခြမ်းကတော့ မှောင်မိုက်လှသည်မဟုတ်လား။
(၂)
သူက မိသားစုအတွက်တော့ သိုးမည်းတစ်ကောင်သာဖြစ်သည်။ ဟုတ်သည်။ အသွင်မတူသည့် သိုးမည်းဖြစ်၍သာ မေမေ့မေတ္တာက ကိုကို့အပေါ် ပို၍သွန်းဖြိုးနေတာဖြစ်မည်။ တကယ်တမ်း သူ့မှာ အမှားဆို၍ ဖေဖေနှင့် ရုပ်ရည်ခြင်း ဆင်တာလေးတစ်ခုသာ ရှိပါသည်။ ကျိုးပျက်ခဲ့သည့် အိမ်ထောင်ရေးဝယ် ဖေဖေက ခြေလွတ်လက်လွတ်ထွက်ခွါ၍ သားနှစ်ယောက်နှင့် ကျန်ခဲ့သော မေမေ။ ဖေဖေ့အပေါ် မေမေ့နာကျည်းမှုကို သူခံစား၍ရပါသည်။ သို့သော် သူသည်လည်း အဖမဲ့ ငှက်ငယ်ဖြစ်ကြောင်း မေမေ သတိထားစေချင်မိသည်။
အမှားတစ်ခုလုပ်မိတိုင်း ကျောမှာအရှိုးရာထင်တတ်တာ သူတစ်ယောက်တည်းဖြစ်သည်။ ဘဝကို ရဲရဲရင့်ရင့် ဖြတ်သန်းဖို့ဆိုသည့်စကားနှင့် ကျောင်းပိတ်ရက်မှာ အကြော်ရောင်းခဲ့ရသည်ကလည်း သူပင်။ သို့သော် မေမေနှင့်အတူ အကြော်ရောင်းခြင်းဖြစ်၍ စိတ်တို့ ငြိမ်းချမ်းလှပါသည်။ မေမေနှင့်အတူ အကြော်ရောင်းရင်း အပူတို့မျှဝေခွင့်ရသော နေ့တို့ကို သူ မြတ်နိုးလှပါသည်။ အကြော်ရောင်းရင်းနှင့်ပင် ဝါသနာပါလွန်း၍ ကျောင်းပိတ်ရက်တိုင်းဝယ် ဝါယာရိန်း၊မော်တာဆိုင်တွင် အလုပ်သင်အဖြစ် သင်ခဲ့မိသည်။ မော်တော်ကားအစိတ်အပိုင်းတို့ကို ကိုင်၍ ကလိရခြင်းကို မက်မောခဲ့သလို ဆိုင်ကယ်တစ်စီး၏ တည်ဆောက်ပုံကိုလည်း သူမြတ်နိုးခဲ့မိသည်။ ထို့အတူ သူအိပ်မက် မက်ခဲ့သည်ကလည်း စက်မှုအင်ဂျင်နီယာတစ်ယောက်အဖြစ်ဆိုသည်ကို မေမေ မသိရော့လေသလား။ အဝေးသင်ပဲတက် ဟူသည့် မေမေ့စကားအောက်မှာ အိပ်မက်သည် အလဲလဲအပြိုပြို။ ကိုကို့အတွက် ကျောင်းစရိတ်ကိုပင် သူ့လုပ်အားထဲမှ ဖဲ့ပေးခဲ့ချေပြီ။
(၃)
သချာင်္ဘာသာရပ်ကိုသာ ယူရင်း အဝေးရောက်ဘွဲ့ယူခဲ့ရသည့်အတွက် ဝမ်းမနည်းသော်လည်း သားတစ်ယောက်၏ ရပိုင်ခွင့်တို့ ဆုံးရှုံးရသည် ဟူသည့်အသိနှင့် ကြေကွဲမိသည်။ မေမေဖြစ်စေချင်သော အင်ဂျင်နီယာထက် သင်္ချာ သင်သည့် တက္ကသိုလ်ဆရာတစ်ဦးဖြစ်ခဲ့သော ကိုကို့အပေါ် မေမေ့မေတ္တာတို့ မပျက်ယွင်းသည်ကိုတော့ သူ အားကျမိပါ၏။ ထို့အတူ ရှိစုမဲ့စုမာနတွေနှင့် သူသည် ကိုကို့ကိုကြည့်ရင်း ထူမည့်သူမရှိဆိုသည့်အတွေးကို လက်ကိုင်ထားကာ ခြေမချော်ဖို့ရာ အတွက် တည့်တည့်မတ်မတ်လျှောက်ဖို့ကြိုးစားခဲ့သည်။ ကြိုးစားခဲ့မိသည်။ သို့သော် သူ့ကမ္ဘာတစ်ခြမ်းပေါ်သို့ ကျရောက်လာမည့် မေမေ့မေတ္တာလရောင်ကိုတော့မျှော်လင့်မိဆဲ။
“ကျွန်တော် ခြေချော်ခဲ့ပြီ မေမေ။ ဘယ်လောက်ပဲ တည့်မတ်အောင်ကြိုးစားခဲ့လည်း ခြေချော်ခဲ့ပါပြီ မေမေ။ ” ရင်ထဲမှ တိတ်တိတ်လေးအော်မြည်နေသော အသံတို့ကို မေမေ ကြားစေချင်လှသည်။ မေမေ့မေတ္တာမလင်းခဲ့တဲ့နယ်မြေမှာ အက်ကွဲရာတွေအထပ်ထပ်ရှိနေပြီဖြစ်ကြောင်း မေမေ့ထံ ငိုကြွေးရင်းပြောချင်လှသည်။ တက်သမျှမှတ်သမျှ ငိုကြွေးရင်း မေမေ့ရင်ငွေ့ကို ခိုလှုံချင်လှပါသည်။ လှိုက်လှိုက်ဖိုဖို ငိုကြွေးချင်သည့်စိတ်တို့နှင့် မေမေ့ထံသွားလိုက်မိသည်။ ကိုယ်ပိုင်မော်တာဆိုင်ဖွင့်ခဲ့သည်အထိ အောင်မြင်ခဲ့ပြီဖြစ်သော သူ ခြေချော်ခဲ့သည်က ခိုးရာပါ မော်တာငါးလုံးကို ဝယ်ယူမိခဲ့ခြင်းပင်။
“ အောင်ဝင်း ခိုးရာပါပစ္စည်းဝယ်မိလို့တဲ့ မေမေ ကျွန်တော်လည်း ကူချင်လိုက်တာ လက်ကျန်ငွေက ဘယ်လောက်မှမရှိဘူးဖြစ်နေတယ် နှစ်သိန်းလောက်ပဲစုမိတယ် ပိုင်ရှင်ကို အမှုပိတ်ဖို့ပေးရမှာက ငါးသိန်းတဲ့ တစ်ခြားကိစ္စတွေနဲ့ သူ ဆယ်သိန်းလောက်တော့လိုမယ်ထင်တယ် မေမေ”
ကြားလိုက်ရသည့် စကားသံကြောင့် တံခါးကို ခေါက်မိတော့မည့်လက်ကို ရုတ်လိုက်မိသည်။ “ဘယ်စုမိမလဲ ကိုကို။ ကိုကိုက ဟိတ်ဟန်ကြီးတယ်။ တကယ့်Brand ဆိုတာမှဝတ်တတ်တယ်။ ညီ့လောက် ဘယ်စုမိမှာလဲကိုကို။ ဒီကြားထဲ ကိုကို့ချစ်သူ တက္ကသိုလ်ဆရာမလေးအတွက်ပါ ကုန်ရသေးတယ်မလား။ ” ဆရာတစ်ဦးပီပီ ကုန်ကျမည့်စရိတ်ကို တစ်ထစ်ချ တွက်ယူနိုင်သည်တော့ ချီးကျူးမိသည်။ သူတွေးနေစဉ်မှာပင် သူ့ရင်ကို အသံတစ်ခုက ပစ်ခွင်းခြင်းခံလိုက်ရသည်။
“သူ့မှာဖြေရှင်းစရာ ရှိမှာပါ.”
ဘုရားရေ..ဒါမေမေ့အသံမှ ဟုတ်ရဲ့လား။ ကြားရသည့်  ကိုယ့်နားကိုပင် မယုံချင်။ အသံက ထပ်ထွက်မလာပဲ တိတ်ဆိတ်လျှက်.။ သူ့ခြေထောက်တို့ မခိုင်ချင်တော့.။ ဒူးတို့ခွေညွတ်လာသည်။ “နည်းနည်းထပ်ပြောပေးပါဦး မေမေ။ နည်းနည်းလေး သနားကြင်နာတဲ့ စကားလေးတစ်ခွန်းထပ်ပြောပေးပါ မေမေ။”
တော်တော်လေးကြာတော့ ကိုကို့ဘဝတစ်စိတ်တစ်ပိုင်းအကြောင်းကို မေမေနှင့်ကိုကို မျှဝေနေသည့် အသံတို့ထွက်လာသည်။ ထိုစကားသံတို့ကို နားထောင်ရင်း ကျလုလုမျက်ရည်စတို့နှင့်အတူ ရင်တစ်ခုလုံးလည်း အောင့်လာပါပြီ။  
“သြော် နက်ဖြန် နွယ်နီလေး အိမ်လာမယ်တဲ့လား မေမေ ပြင်ထားလိုက်မယ်လေ ခေါ်သာခေါ်လာခဲ့ သားရေ”
“ဟုတ်.. မေမေ ဟို…လေ နွယ်နီက အစပ် သိပ် မစားနိုင်ဘူး မေမေ.. အစပ် လျှော့ချက်ပေးနော်”
“အေးပါ.. အေးပါ ချွေးမလောင်းလေးအကြိုက် ချက်ပေးထားမှာပေါ့”
သူ့အတွက် စဉ်းစားပေးဖို့ရာအချိန်မရှိပေမယ့် ကိုကို့ချစ်သူအတွက်တော့ ထမင်းဝိုင်းစီစဉ်ပေးဖို့အချိန်ရှိသတဲ့လား။ သူ့အတွက် ဖြေရှင်းပေးစရာစကားမ၇ှိပေမယ့် ကိုကို့ဘဝအတွက်တော့ စဉ်းစားပေးဖို့ရာအချိန်၇ှိသတဲ့လား။
“ဒီစကားပဲလား မေမေ။ သူ့မှာ ဖြေရှင်းစရာရှိမှာပါ ဆိုတဲ့ စကားတစ်ခွန်းပဲလား။ ရင်တွေနာလိုက်တာ။ သားတစ်ယောက်အတွက် အမေတစ်ယောက်ရဲ့ ထပ်တူမျှခံစားပေးခြင်းတဲ့လား။ ကျွန်တော်လိုအပ်နေတာ မေမေ့ရင်ငွေ့ပါ။ မေမေ့ မေတ္တာပါ။”  ရင်ထဲမှာတော့ စကားတို့ တရစပ်ပြောရင်း မေမေ့အခန်းရှေ့မှ လှည့်ထွက်ခဲ့မိပါပြီ။ ဆိုင်ခန်းစပေါ်ငွေကို ပြန်ထုတ်ပေးရုံမျှနှင့်ပင် လျော်ကြေးငွေကို သူရှာနိုင်ပါသည်။ သို့သော် သူရရှိဖို့ရာလိုအပ်နေသည်က ငွေကြေးထက် မေမေ့မေတ္တာဖြစ်သည်။ မေမေ့ရင်ငွေ့ကို ခိုလှုံရင်း အားပါးတရ ငိုကြွေးချင်ခဲ့မိတာဖြစ်သည်။ မေမေ ဟု မချိတင်ကဲ ရွတ်ဆိုမိရင်း ဆုံးဖြတ်ချက်တစ်ခုက သေချာသွားပြီဖြစ်သည်။
သူ စွန့်လွှတ်ပါတော့မည်။ ဘယ်လိုကြိုးစားကြိုးစား မရနိုင်တော့ပြီဖြစ်သည့် မေမေ့မေတ္တာကို သူစွန့်လွှတ်ပါတော့မည်။
(၄)
ရန်ကုန်မြေဝယ် သူ့အတွက် ညီအစ်ကိုနှင့်မခြား စိုးရိမ်ပူပန်ပေးသော လုပ်ဖေါ်ကိုင်ဖက်တွေရှိသည်။ သူ့ကို အတန်အသင့်ချစ်သော အစ်ကိုတစ်ယောက်ရှိသည်။ နောက် သူ အရမ်းချစ်သော မေမေရှိသည်။
ယခုတော့ စွန့်လွှတ်ခဲ့ပါပြီ။ ပိုင်ဆိုင်ဖို့ရာ မတတ်နိုင်သည့်အရာကို သူ စွန့်လွှတ်ခဲ့ပါပြီ။ မေမေ့မေတ္တာသည် ကိုယ်နှင့်မသက်ဆိုင် ဟူသည့်အသိကို ဦးနှောက်ထဲရိုက်သွင်းလိုက်ပြီဖြစ်သော သူ့အတွက် အရာရာကို စွန့်လွှတ်ကာ ရန်ကုန်မြေမှ ထွက်ခွါလာနိုင်ပြီဖြစ်သည်။ ကျောပိုးအိတ်တစ်လုံးနှင့် ထွက်ခွါလာခဲ့သူ သူ့အတွက် အညာမြေဝယ် ရင်ဖွင့်ကြိုဆိုနေသည့် လုပ်ငန်းခွင်ရှိသည်။ ကားများ၏ ကျန်းမာရေးကိုသာမက ရှိသမျှ သူတက်ကျွမ်းသည့် မီးစက်၊ ရေတင်စက်၊ ဆိုင်ကယ် စသည်တို့၏ ကျန်းမာရေးကိုပါ ကြည့်ရှုစောင့်ရှောက်ပေးရမည့် လုပ်ငန်းခွင်သာဖြစ်သည်။ ဖုန်အထပ်ထပ်နှင့် အညာမြေဝယ် သူ ပျော်ရွှင်မှာတော့ သေချာပါလိမ့်မည်။ သူ့အတွက် မျှော်လင့်စရာ မေမေ့ရင်ခွင်မရှိသလို ကိုကို့အပေါ် သက်ရောက်သည့် နူးညံ့သည့် မေတ္တာတို့ကို ငေးကြည့်စရာမလိုဘူး မဟုတ်လား။
“ဆရာလေး ရောက်ပြီဗျ”
ကျန်ခဲ့သော နယ်မြေကို စိတ်ခြေကျူးမိရာမှ လှည်းသမား တောသားလေး၏ အသံကြားမှ သူသတိပြန်ဝင်လာသည်။ တောသားလေးကို ကျေးဇူးတင်စွာကြည့်ရင်း နွားလှည်းခပေးဖို့ရာပြင်ပြန်တော့ ခေါင်းလေးတခါခါ၊ လက်ကလေးတခါခါနှင့် ငြင်းသည်။ “လမ်းကြုံရင်သာ ကျုပ်တို့ ပိတုန်းရွာကိုဝင်ခဲ့ပါဗျာ” ဟူသည့် စကားလေးသာဆိုလျှက်။ ခေါင်းကိုသာ အသာညိတ်ပြလိုက်ရင်း သူနှင့် ရင်းနှီးကျွမ်းဝင်ရတော့မည့် ကျီးကန်ရွာကိုကြည့်လိုက်တော့ ဝမ်းသာအားရကြိုဆိုနေသည့်ဟန်။
ချစ်စရာ့ကျီးကန်ရွာလေးကို သူ့အား ဖိတ်ခေါ်လိုက်သည့် ညီညီကတော့ အရှေ့တွင်ကြိုလျှက်ရှိသည်။ မော်တာဆိုင်မှာ အလုပ်သင်အဖြစ် အလုပ်လုပ်ခဲ့တုန်းက ခင်ခဲ့ရသည့် ညီညီကတော့ လယ်သမားကြီးဟန်နှင့် သူ့ထက်ပင်အသားညိုနေပြန်သည်။ “ကျေးဇူးတင်ပါတယ် ညီညီရေ” ဟု နှုတ်ကဖွင့်မပြောဖြစ်သော်လည်း စိတ်ဝယ်တော့ အထပ်ထပ်ပြောမိရင်း………။
“ကိုင်းငယ်ကနေ ကျီးကန်ကိုများကွာ ကားပဲဆက်စီးလာခဲ့ရောပေါ့” ဟု ညီညီဆိုတော့ သူ ရှက်ပြုံးလေးပြုံးမိလျှက်။ ကိုင်းငယ်ဂိတ်မှ ကျီးကန်ရွာသို့ တစ်မှတ်တိုင်စာလောက်ပဲ လမ်းလျှောက်ရမည်ဆိုတော့ ကိုယ့်မြို့လိုထင်၍ ပျက်နေသည့်ကားကို မစောင့်တော့ပဲ လမ်းလျှောက်ခဲ့မိခြင်းပင်။ တော်သေးသည်က ပိတုန်းရွာသားလေးနှင့်တွေ့၍ ရောက်လာခြင်းဖြစ်ကြောင်း ရှင်းပြတော့ ညီညီက တစ်ဟားဟားနှင့် အော်ရယ်လေတော့သည်။ သူသည်လည်း ရှက်ပြုံးလေးပြုံးမိလျှက် တောရွာ၏ တစ်ပြနှစ်ပြကို မှတ်သားလိုက်ရတော့သည်။
(၅)
အညာ၏ ညအလှသည် ရန်ကုန်ထက် ပိုမိုလှပသည်ကိုတော့ သူဝန်ခံရမည်။ တစ်အိမ်နှင့်တစ်အိမ်ကာစည်းထားသော ခြံစည်းရိုးဆိုသည်မှာ သစ်တုံးလေးများကို ကြက်ခြေခတ်ကာထားရုံသာရှိ၍ လူတစ်ကိုယ်စာ ဒိုးယိုပေါက်ဝင်၍ရသည်။ နှာစေးချောင်းဆိုးရန်ပူစရာမလိုဟု တွေးထင်ရလောက်အောင်ပင် အမိုးမဲ့သည့် ဝါးကြမ်းပြင်ဝယ် ကောင်းကင်ကိုမော့ရင်း ကြယ်ကသိုဏ်းရှုသူတွေ ဒုနှင့်ဒေး။ ညအိပ်ချိန်မို့ ဆိုပြီး တံခါးလည်း ပိတ်မထားပြန်။ အပြင်မှ လွယ်လင့်တကူဝင်၍ရသည်။ နွားချေးနံ့နှင့် ကြက်ချေးနံ့တို့ကလည်း ညခင်းနှင့်အတူ လှိုင်လှိုင်သင်းနေပြန်သည်။ ရန်ကုန်ကဲ့သို့ ကားဟွန်းတီးသံ၊ အရက်မူးသံများ ကင်းမဲ့သော ရွာလေး၏ညခင်းဝယ် သူ အိပ်စက်ဖို့ရာ ကြမ်းခင်းပေါ်လှဲချလိုက်သည်။
ကောင်းကင်ကို မော့ကြည့်မိတော့ လ၏ အလင်းက သူ့မျက်နှာပေါ်သို့ တိုက်ရိုက်ကျရောက်နေသလား ဟုပင် ထင်မိပြန်သည်။ ကျွန်တော် လရောင်ကို  ထိတွေ့ခွင့်ရပြီ မေမေ ဟုလည်း ခနဲ့လိုက်မိသလိုလို။ သူ့ကမ္ဘာဝယ် အက်ရာထင်ခဲ့ခြင်းသည် မေမေ့မေတ္တာလရောင်ကျဖို့ရာ အခွင့်အရေးဟု မျှော်မှန်းခဲ့ဖူးသည်။ မျှားလည်း မျှားခဲ့ဖူးသည်။ သို့သော် သူ့ကမ္ဘာခြမ်းသည် ထာဝရ အမှောင်ခြမ်းဖြစ်ဖို့ရာ ကံပါလာသည်ဟူသည့် အသိသာ ရရှိခဲ့ရသည်။ ခုတော့ သူ မျှော်လင့်ချက်ကို စွန့်လွှတ်ခဲ့ပြီဖြစ်သည်။
ယခုတော့ သူ လရောင်ကို မမျှားတော့ပါ။ မျှော်လည်း မမျှော်လင့်တော့ပါ။ မေမေ့ မေတ္တာကို မမျှော်လင့်တော့ပါ။ ပိုင်ဆိုင်ခွင့်မရှိသည့်အရာကို ငေးမောရင်း သူ ငိုခဲ့ဖူးပါပြီ။ ယခုတော့ သူ ကိုယ်နှင့်သက်ဆိုင်သော အပျော်ကိုသာ ရှာပါတော့မည်။
ရိုးသားအေးဆေးလှသည့် တောသူတောင်သားတို့၏ စကားသံကို သူ ကျင့်သားရအောင် နားထောင်ရတော့မည်။ တောအလှတောင်အလှဖွဲ့ဆိုရလောက်အောင်ထိ စိမ်းလန်းစိုပြည်ခြင်းမရှိသော်လည်း ဖုန်ထူထူနှင့် ခြောက်သွေ့နေသည့် အလှရှိပါသည်။ သူ့ကမ္ဘာအမှောင်ခြမ်းလေးမှာလည်း မေမေ့မေတ္တာကလွဲ၍ မိတ်ဆွေသင်္ဂါဟများ မေတ္တာနှင့် လင်းချင်းနေပါလိမ့်မည်။ မျှော်လင့်ခြင်းဆိုသည်မှာ လွှတ်ချလိုက်သည့်အခါ ပို၍လွတ်လပ်ပေါ့ပါးလာသည်ထင့်။ စိတ်တစ်ခုလုံး အေးငြိမ်းကာ ကိုကို့အပေါ် ဝန်တိုခြင်းတို့လည်း ကင်းနေပြန်သည်။ အတွေးတို့ကို ကျေနပ်စွာပြုံးမိရင်း မျက်လုံးအစုံကို မှိတ်လိုက်သည်။ မနက်စောစောနိုးဖို့ရာအတွက် အိပ်စက်ရဦးမည်။
……………..
ညီညီ ဘယ်အချိန်က ထသွားမှန်းမသိလောက်အောင်ပင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားမိသည်။ နာရီကြည့်မိတော့ ခုနှစ်နာရီထိုးချေပြီ။ မျက်နှာသစ်ဖို့ရာ အိမ်အောက်သို့ဆင်းဖို့ရာပြင်တော့ နွားလှည်းပေါ်ဝယ် ရေပုံးများတင်လျှက် ညီညီပြန်ရောက်လာသည်ကိုတွေ့ရ၏။
“အမေ့”
ရုတ်တရက် လန့်ကာအော်မိလိုက်သော ကိုယ့်စကားသံကိုကြားမိတော့ ဝမ်းနည်းခြင်းတို့က စိတ်ဝယ် ချက်ချင်းပင် လှိုက်တက်လာသည်။ ချော်လဲအောင်ပြုလုပ်သည် ခဲလုံးလေးကိုကြည့်ရင်း ဘာ့ကြောင့်များ “အမေ့” လို့ လန့်အော်မိအောင် ပြုစားလေသလဲဟု အပြစ်တင်လိုက်မိသည်။ ထို့အတူ တစ်စုံတစ်ခုကို ပြင်းပြင်းပြပြ ငတ်မွတ်လာသလိုလို။ လရောင်..မှန်၏။ မေမေ့၏ မေတ္တာတရားလရောင်ကို သူ့ကမ္ဘာခြမ်းပေါ်သို့ ထွန်းလင်းစေချင်သည့် ဆန္ဒတို့ မပျက်ပြယ်သေး..။ သေချာပါသည်။
 တစ်ချိန်ချိန်မှာတော့ သူ ထိုလရောင်ကို ပြန်မျှားပါဦးမည်။
ယခုတော့ မျက်နှာသစ်ပြီးလျှင် လုပ်ငန်းခွင်ဝင်ဖို့ရာ ပြင်ဆင်ရပေတော့မည်။ ရွာဦးကျောင်းက မီးစက်ကို လာစစ်ပေးပါ ဟု ဆရာတော်ဘုရားက မနေ့တည်းက မှာထားခဲ့သည်မလား။
…………………………………………………………………………………………………………
ရည်ဝေ(ရေနံ့သာသူ)



5 comments:

lwannaung said...

ကွန်မန့်တွေ လိုက်ဖတ်ရတာ အဆင်မပြေဘူး။ နောက်ခံအရောင်ကြီး ပြောင်းဦး။ မျက်လုံးမကောင်းပါဘူးဆို။

Unknown said...

:D

Angelhlaing(May everybody be happy and healthy! said...

fb မှာ ဖတ်ရကတည်းက သဘောကျမိနေတာ...
တော်လိုက်တာ..:)

Unknown said...

:D :D :D အပျော်တွေဆင့်ပြီးအရယ် ရပ်တော့ဘူးနော် :P

စံပယ်ချို said...

သားနှစ်ယောက်ပေါ်ထားတဲ့ အမေဆိုတဲ့သူကို တွေ့လိုက်ရတယ်
စာဖတ်ပြီးမျက်မိထဲမြင်လိုက်ရတယ်
ရင်ထဲမှာတခုခု ကျန်ပြီးခံစားလိုက်ရတယ်

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်