Tuesday, 20 November 2012

လောင်စာ

လောင်စာ

ရှဲခနဲ အော်မြည်ကာ အားပြင်းပြင်းနှင့် ရှည်ထွက်လာသော မီးညွန့်ကို ကြည့်ကာ သူ ကျေနပ်စွာပြုံးလိုက်သည်။ ထို့နောက် ဂေါက်ကို ကျွမ်းကျင်စွာကိုင်၍ သစ်သားလက်ကိုင်ရှည်တပ်ထားသော ဇွန်းခွက်ထဲရှိ ခဲတုံးတို့အား အရည်ဖျော်ဖို့ရာပြင်လိုက်သည်။ ခြေထောက်တစ်ဖက်ကလည်း ဖါးဖိုကို ခပ်မှန်မှန် နင်းလျှက်ရှိသည်။ သည်ခဲစတို့ကို အရည်ဖျော်ကာ ခဲတိုင်ရှည်အဖြစ်ပုံသွင်းရမည်။ သူဌေးက တစ်ပေခန့်ရှည်သော ခဲချောင်း ဆယ်ချောင်း ပုံသွင်းရမည်ဟု မှာထားသည်။ ခဲချောင်းကို ပုံသွင်းပြီးမှ ပင် ထမင်းစားပါတော့မည် ဟု တွေးရင်း တကျုတ်ကျုတ်နှင့် ဆာလောင်နေသော ဝမ်းဗိုက်၏ အချက်ပြနေမှုကို မသိကျိုးကျွံ ပြုထားလိုက်မိသည်။
ဂေါက်ဝမှ ထွက်လာသော မီးညွန့်သည် ဖါးဖိုကို မှန်မှန်နင်းပေးသော်လည်း  ခဲချောင်းသုံးချောင်းခန့်လောင်းအပြီးမှာတော့ တဖြည်းဖြည်းနှင့် သေး၍သွားသည်။ မီးအားလည်း မပြင်းတော့။ နောက်ဆုံး မီးညွန့်ပါသေသွားတော့သည်။ မီးခြစ်နှင့် မီးပြန်ညှိသော်လည်း မီးညွန့်က သေးမြဲသေးလျှက်။ ဒီတိုင်းဆိုလျှင်တော့ မဖြစ်ချေဟု တွေးလိုက်ရင်း ဂက်စ်အိုးထဲ လောင်စာထည့်ရန်ပြင်လိုက်သည်။ ဓါတ်ဆီအနည်းငယ် ဖြည့်၍ ဂေါက်၊ ဖါးဖို၊ ဂတ်စ်အိုး ပြန်အတွဲအပြီးဝယ် ဖါးဖိုကိုနင်းရင်း မီးခြစ်ကို ခြစ်ကာ မီးညှိလိုက်တော့ မီးညွန့်က ဝုန်းခနဲ အရှေ့သို့ပြေးလာသည်။ ဇွန်းပေါ်သို့ မီးစကို တင်လိုက်တော့ ခဲသားတို့သည် တရိရိ ကြွေသွားကြတော့သည်။ ခဲကြွေသည့် ညှော်နံ့ကလည်း နှာခေါင်းစည်း ကိုကျော်လွန်လျှက် တစ်ချက်တစ်ချက်ဝယ် အဆုတ်ထဲသို့ ရောက်လာချင်သည်။

Wednesday, 14 November 2012

ဖေဖေ၊မေမေ စိတ်ချမ်းသာပါစေ

ပြတင်းပေါက်မှ မြင်နေရသည့် မြင်ကွင်းက ပန်းချီကားတစ်ချပ်သဖွယ် လှပလွန်းလှသည်။ တိမ်စိုင်တိမ်ခဲတွေ တစ်ခုနှင့်တစ်ခုထပ်ကာ တိမ်သားတချို့က ညိုမှုန်မှုန်၊ အချို့တိမ်သားကျတော့ ဖြူလွှလွှ။ တိမ်သားစုတို့ ဖုံးထားသောကြောင့် နေမင်း၏ အလင်းရောင်သည်လည်း ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်မကျရောက်နိုင်တော့ပေ။ ထို့ကြောင့်  အလင်းကောင်းမွန်စွာရသော်လည်း နေမင်း၏ စူးရှလွန်းသော ရောင်ခြည်တို့ပျောက်ရှနေသည်။ မိုးမရွာသေးသော်လည်း တိမ်သားတို့၏ ဖြားယောင်းမှုကြောင့် ပါတ်ဝန်းကျင်တစ်ခုလုံးသည် ညို့မှိုင်းမှိုင်းနှင့် တစုံတရာကိုလွမ်းဆွတ်စေရန် ဖိအားပေးနေသည့်ဟန်။ သည်ကောင်းကင်ပန်းချီကားအောက်မှာရပ်နေသူတိုင်း တစုံတရာကို မလွမ်းမိဘူးဆိုလျှင်ဖြင့် သူမ အံ့သြမိပေလိမ့်မည်။ ဟုတ်သည်။ သူမ ပင်လျှင် အတွေးတို့ဖြင့် အတိတ်ထံသို့ ခြေဆန့်မိပြီမလား…။
အတိတ်ဆီသို့ ခြေဆန့်လိုက်ခြင်းသည် တရားဝင်ခွင့်ပြုချက်ပေးခြင်းခံလိုက်ရသည့်အလား အပြုံး၊ အရယ်၊ အငို၊ အလွမ်း ခံစားချက်အဖုံဖုံတို့သည် ဟိုမှသည်မှ ထွက်ပေါ်လာကြလေသည်။ နှုတ်ခမ်းထက်တွင်လည်း ပြုံးလိုက်မဲ့လိုက်ဖြင့် ခံစားချက်အဖုံဖုံကို ဆုပ်ကိုင်နေလေသည်။ တက္ကသိုလ်ဝင်တန်းအောင်ခဲ့တုန်းက အပျော်သည် သည်ချိန်တွင်မပျော်မိတော့ပေမဲ့ အပြုံးနုနုတို့ လွင့်ထွက်စေဆဲ။ မိဘနှစ်ပါး၏ သူမအား ကလေးသဖွယ် ဂရုစိုက်ပုံတွေကို ပြန်မြင်ရခြင်းသည် နှလုံးသားကို နွေးထွေးစေဆဲ။ သို့သော် အစ်ကိုဖြစ်သူအပေါ် ပို၍ဂရုစိုက်သည်ကို သတိရမိတော့ နှုတ်ခမ်းဝယ် မဲ့သွားမိသည်။ အတိတ်တွင် သမုဒယနွယ်ခဲ့သည်ဖြစ်စေ၊ မနွယ်ခဲ့သည်ဖြစ်စေ အတိတ်ကတော့ သူ့ထံခရီးထွက်လာသူတိုင်းကို ခရီးဦးကြိုပြုသည့်အလား လွမ်းမောဖွယ်ခံစားစေဆဲ။

ဒီနေရာ၊ ဒီနေရာရောက်တိုင်း သူမ အမြဲကျော်တွေးနေကျ။ သို့သော် ဒီနေ့တော့ဖြင့် ဒီနေရာလေးကို ကျော်မသွားချင်ပြန်။ ဒီနေရာလေးမှာ စိတ်ထိခိုက်ခံစားခဲ့ရသည်ဆိုလျှင်တောင် ယနေ့ ပစ္စုပ္ပန်အတွက် သင်ခန်းစာယူဖို့ရာ သူမ ပြန်တွေးချင်လှပါသည်။ ဒီနေရာ ဆိုသည့်အသိနှင့်တင် ရင်တစ်ခုလုံး နင့်သည်းလာသည်။ ပါးထက်ကို ဖွဖွလေးစမ်းကြည့်မိတော့ နာကျင်မှုက ရုတ်တရက်ရောက်လာသလိုလို။ ကိုဖြိုး နင့်ကို ငါမုန်းတယ်..မုန်းတယ် ဟုအော်နေသံက စိတ်ထဲဝယ် တဖြည်းဖြည်းကျယ်လောင်လာသည်။

Monday, 5 November 2012

စွဲ

ယနေ့ ကျွန်တော်အလုပ်လုပ်သည့်ရုံးဝယ် သုံးလတစ်ခါကျင်းပနေကျ ပြိုင်ပွဲလေးတစ်ခုပြုလုပ်ခဲ့၏။ ပြိုင်ပွဲလေး၏ ရည်ရွယ်ချက်က ရုံးသူရုံးသားများ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် စည်းလုံးညီညွတ်စေရန်ဖြစ်သည်။ စီမံရေးရာရုံးခွဲဆိုတော့လည်း ပြိုင်ပွဲလေးက တွက်တက်ချက်တတ်သူများစုံလင်စွာနှင့် အသက်ဝင်၏။ ပြိုင်ရသည်က ပေးထားသည့်အချက်အလက်တို့အား စီစဉ်တကျနှင့် အစီရင်ခံစာ ရေးရခြင်းဖြစ်၏။ သည်တော့လည်း ပြိုင်ပွဲကို စိတ်ဝင်စားသူတို့က လက်ရည်သွေးကြသည်သာ။ ပြိုင်ပွဲမှရမည့် ဆုလာဘ်မရှိပါ။ သို့သော် ထိုအစီရင်ခံစာကို ဌာနမူးရုံးခန်းဝယ် ချိတ်ဆွဲခွင့်ရသည်။
ပေးထားသည့် အချက်အလက်များမှာ တော်တော်ရှုပ်ထွေးလှသည်။ ကျွန်တော်ကတော့ မည်သည့်ပြိုင်ပွဲကိုမဆို ပြိုင်ဆိုင်ပြိုင်ဆိုင်ဖို့ထက် ပွဲကြည့်သူလုပ်ဖို့သာ ဆန္ဒရှိသူမို့ မပြိုင်မိခဲ့။ သို့သော် ပြိုင်ပွဲဝင်အားလုံးတို့၏ အစီရင်ခံစာကိုတော့ စိတ်ဝင်တစားဖတ်ရှုမိသည်။ အားလုံးဖတ်ရှုပြီးချိန်ဝယ် ဦးနှောက်၌ စွဲသွားသည့် အစီရင်ခံစာပိုင်ရှင်၏ နာမည်အား လက်က အလိုလိုမဲပေးခဲ့လိုက်မိလေသည်။
ပုဂ္ဂိုလ်စွဲနဲ့ မဲပေးတာလားကွာ မင်းကလည်း ဟူသည့် သူငယ်ချင်း၏ ပြောစကားကြောင့် ရင်ထဲဝယ် ဖျဉ်းခနဲ စပ်သွား၏။ မဲပေးခဲ့သည့် အမှား ဟု မသတ်မှတ်မိသော်ငြား ကိုယ့်ကို နားလည်သူမဟုတ် ဆိုသည့်အတွေးကို တွေးမိ၏။  ထိုပြိုင်ပွဲဝယ် အနိုင်ရရှိသွားသူက ကျွန်တေတာ့်သူငယ်ချင်းဖြစ်သလို ကျွန်တော်မဲပေးခဲ့သည်ကလည်း သူ။ အရည်အချင်းကို မကြည့်ပါပဲ  ပုဂ္ဂိုလ်စွဲနှင့် မဲပေးသူ ဟု ထင်ခံရသည်မှာ ရင်ဝယ် အရှက်ရလှပါ၏။ ခေါင်းခါကာ ငြင်းမိနေသော်ငြား သူ့အား စကားပြောချင်စိတ်မရှိတော့။ ထိုနောက် ကျွန်တော် နှုတ်ဆိတ်နေခဲ့၏။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံသည့် သဘောသက်ရောက်နေမည်ဆိုလျှင်လည်း မတက်နိုင်ပါ။

Friday, 2 November 2012

လျှောက်ခဲ့သော လမ်းလေး

သည်လမ်းလေးသည် ကျွန်တော်သွားရမည့်နေရာနှင့် မသက်ဆိုင်ပါ။ သို့သော် သည်လမ်းလေးဝယ် ကျွန်တော် လမ်းလျှောက်နေသည်။ ကျွန်တော်လျှောက်နေ့သော လမ်းလေးဝယ် ထနောင်းပင်တို့မရှိသလို ခရေပင်များလည်း စိုက်မထားကြပါ။ အကယ်၍များ ခရေပင်များသာရှိခဲ့လျှင်ဖြင့် ဒီလမ်းလေးသည် နေ့ခင်းဘက်ဆိုလျှင် ခြောက်သွေ့တိတ်ဆိတ်နေမည်မဟုတ်ပဲ ခရေကောက်သူများ၊ ခရေရိပ်ခိုသူများနှင့် စည်ကားနေပေလိမ့်မည်။ နေ့ခင်းဘက်တွင်ကော သည်လမ်းလေးသည် ခြောက်သွေ့တိတ်ဆိတ်နေလေသလား။ ကျွန်တော်မသိပါ။ သို့သော် ယခုညနေတွင်တော့ ခြောက်သွေ့တိတ်ဆိတ်နေပါသည်။ ကျွန်တော်လျှောက်နေသော လမ်းလေးတွင် ခရေပင်မရှိပါ။

သည်လမ်းလေးသည် တချိန်က ကားအသွားအလာများသောလမ်း ဖြစ်ပေလိမ့်မည်ဟု ရုက်တရက် စိတ်ကူးယဉ်ကြည့်လိုက်မိသည်။ သို့သော် ထိုအတွေးကို ချက်ခြင်းဖျက်လိုက်၏ အဘယ့်ကြောင့်ဆိုသော် သည်လမ်းလေးကို ကွန်ကရစ်ခင်းထားပုံမှာ ကားတစ်စီးသွားလာရန်သာရှိ၏။

Wednesday, 24 October 2012

နံနက်ခင်းတစ်ခုအကြောင်း

အလုပ်သွားဖို့ အိမ်က ထွက်လာကတည်းက… မထော်မနန်း အဖြစ်အပျက်များစွာနဲ့……………………. ဒီနေ့အဖို့ ဇာတာကောင်းဟန်မတူ………….ဟုတွေးလိုက်မိသည်.။
လမ်းတစ်ဝက်ရောက်တော့ စူပါရုဖ်ဗင်ကားနောက်ခန်းက ကျွန်တော့ကို ခပ်တည်တည်ကြည့်သွားတဲ့ အမွှေးစုတ်ဖွားနဲ့ သကောင့်သားကို စိတ်ထဲကနေ ခဲနဲ့ အချက်ပေါင်းများစွာပစ်ပစ်လိုက်တယ်။ ဒီကောင်ကြီးကတော့ သောက်ဂရုတောင်စိုတ်ဟန်မတူပါဘူး။ လျှာကြီးတစ်လစ်ထုတ်ရင်း တစ်ခြားအရာတွေဖက် ခေါင်းလှည့်သွားလေရဲ့။ အဒေါ်ကြီးတစ်ယောက်က တစ်ညောင်ညောင်အော်တဲ့အကောင်ကို သမီးလေး..သမီးလေးနဲ့ တစ်ဖွဖွသပ်ရင်းခေါ်နေတာတွေ့မိတော့ ကျွန်တော့လည်ပင်းလေးကျွန်တော် ပြန်စမ်းမိပြန်ရော။ ဟုက်တယ်လေ..သူ့သမီးလေး လည်ပတ်ကို ကျွန်တော်တစ်ခါမှ မပိုင်ဘူးတဲ့ အ၀ါရောင်ရှိတဲ့ ရွှေဆိုတာကြီးနဲ့ လုပ်ထားတာကိုး။ အစစ်မှန်းသေချာအောင် လက်လက်ကိုထလို့။
ဆေးလိပ်နံ့ ရလာလို့လားမသိ။

တရားရိပ်သာငယ်

တိတ်ဆိတ်ခြင်းတေးသံ….ဆိုရမလားပဲ… ငှက်ငယ်တစ်ချို့ရဲ့ တီတီတာတာ
အော်မြည်နေသံက လူနေထူထပ်တဲ့နေရာဒေသက မြည်သံတွေလောက် ဆာလောင်မွတ်သိပ်မှု့
ပြင်းပြမနေပါဘူး……………..
အော်……..ဒီခြံဝန်းလေးထဲ အဟိတိရိစ္ဆာန်ဖြစ်တဲ့ ငှက်ကလေးတွေတောင်
ငြိမ်းချမ်းနေလိုက်တာနော်
တိတ်ဆိတ်ငြိမ်သက်တဲ့ သစ်ကြီးဝါးကြီးတစ်ချို့ မွေးမြူထားတဲ့
ဒီခြံဝန်းလေးထဲမှာ………ရာထူးကြီးတာမရှိဘူး…ပိုက်ဆံတတ်နိုင်တယ်ဆိုတာမရှိဘူး……..တတ်နိုင်တဲ့
ဒါနထည့်…………စိတ်အေးချမ်းချင်သလောက်နေ…………ချထားတဲ့ မခက်ခဲတဲ့
စည်းကမ်းတစ်ချို့ လိုက်နာဖို့ပဲ လိုပါတယ်…………တစ်ခုတော့ ရှိတာပေါ့လေ
….စားရင်းသွင်းဌာနမှာ မှတ်ပုံတင်လေးတွေတော့ ပေးခဲ့ရတာပေါ့
စည်းကမ်း…………?

Tuesday, 16 October 2012

စိတ်တစ်ခု အရင်းပြု၍

စိတ်တစ်ခု အရင်းပြု၍…..

မြင့်မောင် ဘဝတစ်ခုလုံး ရုန်းကန်လှုပ်ရှားနေရသည့် ကိုယ့်ကိုယ်ကို သနားသွားရသည်။ ကိုယ့်မှာက နိုင်ငံခြား သွားအလုပ် လုပ်ရဖို့ကို အိမ်ပေါင်ကာ ပိုက်ဆံရှာရသည်။ သွား၍ရပြန်သည်ဆိုတော့လည်း လိုအပ်သည့် သင်တန်းတက်ရသည်။ သင်္ဘောပေါ်ရောက်ပြန်တော့ လူမျိုးခြားတွေ၏ ခြေထိုးခိုင်းခြင်းခံရပြန်သည်။ ဘာလိုလိုနှင့် ပြင်သစ်ဘာသာစကားတောင် မတောက်တခေါက်တတ်ခဲ့သေး၏။ ဒါတောင် ဘယ်လောက်ရှာရှာ အမိနိုင်ငံပြန်ရောက်တော့ ဟိုလျှော့ဒီလျှော့နှင့် ကိုယ့်မှာ သုံးခေါက်သွားပါမှ ပေါင်ထားသည့်အိမ်ကိုရွေးအပြီးဝယ် သိန်းတစ်ရာ့ငါးဆယ်လောက်သာ အမြတ်ကျန်သည်။
ဒီသုံးနှစ်အတွင်း မြင့်မောင် သင်္ဘောလိုက်သည့် သုံးခေါက်အတောအတွင်း သူက ဒီလောက်တောင် ချမ်းသာသွားသတဲ့လား။

“ဒီမှာ မြင့်မောင်ရ မင်းတို့က နိုင်ငံခြားကိုချည်း အထင်ကြီးတာကိုး ကိုယ့်မြေမှာလည်း လုပ်စားတတ်ရင် ချမ်းသာပါတယ်ကွ” တဲ့လား။ ဇော်ထွေး၏ပြောစကားကို မြင့်မောင်မှာ ပြိုင်မငြင်းနိုင်ပါ။ ဘာကြောင့်များ ချမ်းသာသွားသလဲအတွေးနှင့် ဇော်ထွေးကို ဆန်းစစ်ကြည့်မိသည်။

“မေးမှမေးတတ်ပလေ ခက်ခဲတာပေါ့ကွာ”

ကွမ်းယာရောင်းရုံနှင့်တော့ မချမ်းသာနိုင်ဟု မြင့်မောင်လည်း တွေးမိသည်။ “ကွမ်းတင်မက ရေခဲရေပါ တင်ရောင်းတာပေါ့” ဆိုသည့် ဇော်ထွေး၏စကားသံမှာ သူ့ဘဝသူ ကျေနပ်သံအပြည့်ပါသည်။
ဘုရားရေ ကိုယ်လို နိုင်ငံခြားပြန်ရှေ့မှောက်မှာ ဝံ့ကြွားနေတဲ့သူဟာ မြန်မာနိုင်ငံက ကွမ်းယာရောင်းခဲ့သူ… တဲ့လား။ ထိုအတွေးနှင့်မြင့်မောင်၏ စိတ်တို့အနည်းငယ်ထိုင်းမှိုင်းသွားသည်။ ထို့နောက် ဇော်ထွေးက သူ၏အထုပတ္တိအား တစ်ခုချင်းစီ လှစ်ဟပြပြန်သည်။

“ငါ့ကွမ်းယာဆိုင်မှာ ပွဲစားတွေ လာဝယ်ရာကစလို့ ငါ့ဘဝ တိုးတက်ဖို့လမ်းစ ရှာတွေ့တယ်ပဲ ဆိုပါတော့ကွာ။ ကွမ်းယာဆိုင်ကို ညီလေးကိုဖွင့်ခိုင်းပြီး ပွဲစားတွေသွားရာနောက်တကောက်ကောက်လိုက်ကြည့်တာပေါ့။ သိတယ်မဟုတ်လား သူတို့ကလည်း အလကားခိုင်းလို့ရတယ်ဆိုပြီး ခေါ်တာပေါ့။ သုံးလလောက်ကျ ငါ နပ်သွားပြီလေ။ အဲ့ဒီကစပြီး ငါ မြေပွဲစားဖြစ်သွားတာပဲ။”

အခိုက်အတန့်လေးရပ်နားလိုက်သော ဇော်ထွေးအား မြင့်မောင်သည် သိချင်စိတ်ပြင်းလှစွာဖြင့် စကားဆက်ရန်မေးဆတ်ပြလိုက်၏။

“ ငါ အမျိုးမျိုးသည်းညည်းခံ၊ အောက်ကျို့ခံပြီးမှ ဖြစ်လာတဲ့ ပွဲစားဘဝမှာလည်း ငါကြာရှည်မနေဘူး ပွဲခတွေစုစုထားပြီး မြေတစ်ကွက်နှစ်ကွက်လောက်ဝယ်သိမ်း လိုချင်တဲ့ အမြတ်ရရင် လက်လွှတ်လိုက်တာပဲ ခုချိန်ကျ မြေကွက်လောကမှာ ငါ့နာမည်ပြောရင် အားလုံးသိတဲ့ အဆင့်ရောက်သွားပြီလေ”

ဇော်ထွေး၏စကားတို့အား နားထောင်ရင်း မြင့်မောင်၏စိတ်တို့မှာ အလဲလဲအပြိုပြိုနှင့် သူ့လောက်မှ စီးပွားရေးဦးဏှောက်မရှိရဘူးလားဟု ကိုယ့်ကိုယ်ကို အပြစ်တင်မိချင်လှသည်။ နိုင်ငံခြားသွားဖို့စပေါ်ငွေပေးရန် အိမ်ပေါင်ပေးသည့် မိဘနှစ်ပါး၏မျက်နှာအားပြန်မြင်ယောင်ကြည့်တော့ ………..မြင့်မောင်၏ရင်ထဲ ဆစ်ခနဲ နာကျင်ရချေပြီ။ မြင့်မောင်မှာတော့ အိုးကွာအိမ်ကွာနှင့် ရပ်ဝေးမြေခြားသို့သွားရောက်အလုပ်လုပ်ခဲ့သော်လည်း ဇော်ထွေးလောက်ပစ္စည်းဥစ္စာမစုဆောင်းနိုင်ခဲ့ပါချေ။

မြင့်မောင် ဇော်ထွေးထံမှ ထွက်လာတော့ ဆယ့်နှစ်နာရီပင် ထိုးလုနီးနေပြီဖြစ်၏။ နိုင်ငံခြားမှ ပြန်ရောက်သည့် ဆယ်ရက်အတောအတွင်း အချိန်မညှိတတ်တာနှင့်ပင် နေ့ခင်းဘက် အိပ်နေတတ်သည်မို့ ယနေ့မှသာ အချိန်ညှိနိုင်ကာ မနက်စောစောနိုးတော့သည်။ ထို့ကြောင့် သူငယ်ချင်းတွေအိမ်သွားလည်မည်ဟုတွေးကာ ထွက်လာရင်း တချိန်က ကိုယ်ခင်မင်ရသော သူငယ်ချင်းထံဝင်မိခြင်းပင်။ ယခုတော့ သူက ကိုယ့်အား သနားစရာနိုင်ငံခြားပြန်ဟူသည့် အကြည့်နှင့် ကြည့်ချေပြီ။
ဒေါသလား၊ ဝန်တိုစိတ်လားခွဲခြားမရသော အပူလုံးတစ်ခုကဖြင့် ရင်ဝဝယ်ဆို့နစ်လျှက်။ တော်ပါပြီ အိမ်မပြန်သေးပဲ လက်ဖက်ရည်ဆိုင်တွင်သာ နေ့ခင်းစာ ဖြေရှင်းတော့မည်ဟုတွေးရင်း အနည်းငယ်သန့်ရှင်းသပ်ရပ်သော လက်ဖက်ရည်ဆိုင်အတွင်းဝင်လိုက်သည်။

“ကျဆိမ့်တစ်ခွက် … ထမင်းကြော်တစ်ပွဲ”

အနားလာသော စားပွဲထိုးလေးအားမှာလိုက်ရင်း သူ အနီးပတ်ဝန်းကျင်အား မျက်စိကစားနေလိုက်သည်။

“ဟာ..မင်း မြင့်မောင်မဟုတ်လား”

လက်ဖက်ရည်လာချပေးသော လူ၏စကားကြောင့် မြင့်မောင်မော့ကြည့်မိလိုက်တော့ ကိုယ်နှင့်အတူ ဆိုက္ကားနင်းခဲ့သောရဲဘော်ကြီး လှကြင်။ မြင့်မောင်သည်လည်း ဘဝစုံစွာ ဆိုက္ကားနင်းခဲ့ဖူးသည်။ အုံနာနှင့်အဆင်မပြေ၍ ဆိုက္ကားပြန်အပ်ပြီး ကားဝပ်ရှော့ဆိုင်ဝယ်အလုပ်လုပ်ခဲ့ဖူးသည်။ တစ်နှစ်လောက်ပညာသင်အပြီးမှာတော့ မြင့်မောင် အလုပ်ထွက်ပြီး နိုင်ငံခြားသင်္ဘောလိုက်ခဲ့ခြင်းပင်။

“ဟာ..လှကြင် မင်း..ဒီဆိုင်မှာ”

စားပွဲထိုးဆိုသည့်စကားကိုမပြောရက်၍ တန့်သွားသော မြင့်မောင်၏အသွင်ကိုရိပ်မိသည့် ဟန်နှင့် လှကြင်က

“ဒါ ငါ့ဆိုင်လေ”

ဟေ ဟုဆိုကာ လှကြင်အား အလန့်တကြား ကြည့်လိုက်မိသည်။ ကိုယ်ပိုင်ဆိုက္ကားတောင်မရှိသည့် ဆိုက္ကားဆရာတစ်ဦးသည် လက်ဖက်ရည်ဆိုင်ပိုင်ရှင်အဖြစ်ရောက်ရှိနိုင်ပါသလား။ မြင့်မောင်သွားသည့် သုံးနှစ်အတွင်းဝယ် မြန်မာနိုင်ငံ၏စီးပွါးရေးသည် တရှိန်ထိုးတက်ကာ ဆင်းရဲသားများပပျောက်နေရော့သလား။ မဖြစ်နိုင်ဟု ခေါင်းခါယမ်းရင်း  လှကြင်အား ဆန်းစစ်လိုက်ပြန်သည်။ သူ ဘာ့ကြောင့်များလက်ဖက်ရည်ဆိုင်ဖွင့်ဖြစ်သွားသလဲ..ဟု။

“မင်းက ငါ့များ အံ့သြနေသေးတယ်ကွာ ဇော်ထွေးကြီးက ငါ့ထက် ပိုသာတာပေါ့ကွာ”

မြင့်မောင်စိတ်ဝင်တစားစောင့်နေလိုက်သည်။
“မင်းရှိတုန်းက ငါ တော်တော်လေးပိုတ်ဆံအသုံးကြမ်းတာမင်းသိတာပဲ မင်း နိုင်ငံခြားသွားပြီးတည်းက ငါလည်း အလုပ်ကြိုးစားပြီး ငွေစုတယ်ကွ အရင်လို ဆေးလိပ်တောင်မသောက်တော့ဘူး ကွမ်းလည်းဖြတ်ပစ်လိုက်တယ် အကြိုက်ဆုံးဘိလိယက်ထိုးတာတောင် ဖြတ်ပစ်လိုက်တယ်ကွာ ဘာံလို့ဆို ငါလည်း ဆိုက္ကားသမားဘဝမှာတင်ရပ်မနေချင်ဘူးကွ .. ”

မြင့်မောင် ခေါင်းညိတ်ပြလိုက်မိသော်လည်း ထိုအချက်နှင့်တော့ မချမ်းသာနိုင်ဟု တွေးလိုက်မိ၏။

“မင်းသိပါတယ်ကွာ ငါတို့ဂိတ်မှုးအောင်ဇော်က အဲ့ဒီတုန်းက တစ်နေ့နှစ်ထောင်မဲစုတာကို.. အေး နောက်မဲအသစ်လည်းစရော ငါပါစုလိုက်တာပေါ့ အယောက်သုံးဆယ်ဆိုတော့ ခြောက်သိန်းရတယ်ကွ ငါကလည်း ကံကောင်းချင်တော့ နောက်ဆုံးမဲရတယ်  အဲ့ဒါနဲ့ ရတဲ့မဲခလေးနဲ့ဆိုက္ကားတစ်စီးဝယ်ပစ်လိုက်တယ် ပြီးတော့ နှစ်ရက်တစ်ခါ ညပိုင်းမှာနင်းပစ်လိုက်တယ် အေးရော အရင်က သူများဆိုက္ကားဆိုတော့ ညဘက်ဆိုပြန်ပေးရတယ်လေ ခုကျတော့ ဝင်ငွေပိုတိုးလာတာပေါ့ကွာ ဝင်ငွေတိုးတာနဲ့အမျှ ငါလည်းပိုတ်ဆံပိုစုနိုင်လာတာပေါ့ ”

အပင်ပမ်းခံနိုင်လှချည်လား ဟုတွေးကာ ကိုယ် ဘာ့ကြောင့်များမကြိုးစားခဲ့တာလဲဟု မြင့်မောင်ကိုယ်ကိုယ်ကို အပြစ်တင်မိပြန်သည်။ ကိုယ်သည်လည်း ဆိုက္ကားနင်းခဲ့တာပဲ….လေ။ သို့သော် ဒါနှင့်လည်း လက်ဖက်ရည်ဆိုင်ဖွင့်နိုင်ပါ့မလား…။ မြင့်မောင်၏အတွေးကိုသိဟန်နှင့် လှကြင်က ဆက်ပြောပြန်သည်။

“ဒါလေးနဲ့တော့ ဘယ်လက်ဖက်ရည်ဆိုင်ဖွင့်နိုင်မလဲကွာ အဲ့လိုစုရင်းနဲ့ သုံးထောင်မဲ သုံးမဲလောက်စုထားမိချိန်မှာ လက်ထဲ နှစ်ဆယ့်ခုနှစ်သိန်းလောက်ရှိသဟ ဒါနဲ့ ငါလည်း ဆိုက္ကားပါရောင်းပစ်လိုက်တယ် အားလုံးပေါင်းသုံးဆယ့်နှစ်သိန်းရှိတဲ့အချိန်မှာ ငါ ဘာကိုစလုပ်လဲဆိုတော့ အအေးဆိုင်လေးစဖွင့်ပစ်လိုက်တယ် လမ်းဘေးဆိုင်မဟုတ်ဘူးနော် တစ်လခြောက်သောင်းနဲ့ ငှားပြီးဖွင့်ပစ်တာ.. ငါ့အမေကတော့ငါ့ကိုပြောပါတယ် အဲ့လောက်အရဲမစွန့်ပါနဲ့လားသားရယ်..တဲ့ ဒါပေမယ့် ငါကလည်း မင်းတောင်အရဲစွန့်ပြီးနိုင်ငံခြားသွားတာ ငါလည်း အရဲစွန့်သင့်စွန့်ရမှာပေါ့ဆိုပြီး ခပ်ကြောက်ကြောက်နဲ့ပဲ ကြိုးတန်းပေါ်လျှောက်ခဲ့တာပေါ့ကွာ. မထင်မှတ်ပဲ ငါ့ဆိုင်လေးက တော်တော်အောင်မြင်လာသကွ….. လက်ဖက်ရည်ဆိုင်နဲ့မှားပြီး ခဏခဏ လက်ဖက်ရည်လာဝယ်ကြတာနဲ့ ငါလည်းလက်ဖက်ရည်ဆိုင်ပါဖွင့်ပစ်လိုက်တာ သိပ်မကြာသေးဘူး သုံးလလောက်ပဲရှိဦးမယ်”

လှကြင် က အာခြောက်လာ၍ထင်၏။ ရေနွေကြမ်းခွက်အား မော့သောက်လိုက်သည်ကို တွေ့ရ၏။

 “မင်း လက်ဖက်ရည်ဆိုင်ဖွင့်တော့ အဖျော်ဆရာခေါ်ရမှာပေါ့.. အဲ့ဒီတော့ အဆင်ပြေလား”

မြင့်မောင်၏အမေးကို လှကြင်က ခေါင်းညိတ်ပြလိုက်ပြီး

“အဖျော်ဆရာ နှစ်ယောက်ပြောင်းတယ် အဲ့နှစ်ယောက်အတွင်းမှာ ငါလည်း ဖျော်တတ်အောင်လေ့ကျင့်လိုက်တယ် အခုတော့ အဖျော်ဆရာမထားတော့ဘူး.. ငါပဲဖျော်တော့တယ်..အကြော်ပိုင်းဆိုင်ရာကျတော့ နားလည်အောင်သင်ထားတယ် အကြော်ဆရာလည်းခေါ်ထားတယ် အေးရော အခုတော့ မင်းမြင်တဲ့အတိုင်းပဲ ငါ့လက်ဖက်ရည်ဆိုင်လေးက စိုစိုပြေပြေလေးဖြစ်နေပြီ.. ဒါနေ့ခင်းမို့သာ မနက်အစောကြီးနဲ့ ညနေပိုင်းဆို လူတော်တော်ကျတယ်ကွ.. မင်းကော ဘယ်လိုလဲ နိုင်ငံခြားပြန်ထွက်ဦးမှာလား”

သူ့အထုပတ္တိကို နားထောင်ရင်း တအံ့တသြဖြစ်နေသော စိတ်တို့သည် ရုတ်တရက် အနှိုးခံလိုက်ရ၏။ ဟုတ်သည်။ နိုင်ငံခြားပြန်သွားမလား၊ ကိုယ့်အမိနိုင်ငံမှာပဲ အလုပ်လုပ်မလားဟူသည့် မေးခွန်းသည် သည်အချိန်ဝယ် ကိုယ်အလိုအပ်ဆုံးဖြစ်ပေလိမ့်မည်။
“မသေချာသေးပါဘူးကွာ” ဟုဖြေရင်း ငွေရှင်းရန်ပြင်တော့ ရဲဘော်ကြီးလှကြင်က မယူပြန်။ သို့နှင့် မြင့်မောင် အိမ်ပြန်လာတော့  မေးခွန်းများစွာကပ်ပါလာချေပြီ။

 “သား ထမင်းစားဦးမလား” ဟူသည့် မေမေ့မေးခွန်းကိုပင် မြင့်မောင်ခေါင်းခါယမ်းခဲ့မိရင်း အိပ်ခန်းထဲသို့သာ ဝင်လာခဲ့၏။ ဒေါသလား၊ ဝန်တိုခြင်းလားမသိသော အပူလုံးတစ်ခုကတော့ ရင်ဝဝယ် တစ်ဆို့လျှက်ရှိဆဲ။ သို့သော် ထိုအပူလုံးနေရာကို ရောက်လာသည်က လှကြင်မေးလိုက်သည့်မေးခွန်း။

“နိုင်ငံခြား ပြန်သွားဦးမလား”

ပြန်သွားဖို့လိုပါဦးမည်လား။
ဇော်ထွေးနှင့် လှကြင်သည် လက်ရှိရောက်နေသည့်နေရာမှသာ ဘဝစခဲ့သည်။ ယခုလိုချမ်းသာဖို့ရာအတွက် တွန်းအားဖြစ်စေရန်ဘာအထောက်အပံ့မှမလိုခဲ့ပါချေ။ သူတို့ အဓိကလိုအပ်ခဲ့သည်က စိတ်ဓါတ်တစ်ခုသာ။ တကယ်တိုးတက်ချင်စိတ်နှင့် သူတို့လုပ်မည့်အလုပ်သည် သူတို့ပိုင်နိုင်သောအလုပ်သာဖြစ်ဖို့လိုပါသည်။ ဇော်ထွေးသည်လည်း မြေကွက်အလုပ်ကိုပိုင်နိုင်ရန် လေ့လာချိန်ယူခဲ့သည်။ လှကြင်သည်လည်း သူတိုးချဲ့ချင်သည့်အလုပ်ကိစ္စဝယ် သင်ယူခဲ့သည်သာ။

တကယ်တော့ ဇော်ထွေးနှင့်လှကြင်တို့ ယနေ့လို စီးပွါးတိုးတက်လာသည်မှာ လက်ရှိဘဝမှ တကယ်တိုးတက်လိုချင်စိတ်တစ်ခုတည်းကိုသာ မွေးမြူခဲ့ကြသည်။ ထိုစိတ်နှင့်အတူ ကပ်ပါလာသည်က မလျှော့သော ဇွဲ၊ လုံ့လတို့ဖြစ်ပေမည်။

ယနေ့ ကိုယ်သည် အလွန်တန်ဖိုးရှိသော စကားဝိုင်းတို့နှင့် ကြုံခဲ့သည်မှာ သေချာချေပြီ။ ယနေ့ သည်စကားဝိုင်းများဆီမှ တန်ဖိုးအကြီးဆုံးသောအတွေးအား သူရိတ်သိမ်းခဲ့မိပြီဟူသည့် အတွေးက မြင့်မောင်၏စိတ်တစ်ခုလုံးအား ညှို့ယူထားသည်။ ဇော်ထွေးနှင့်လှကြင်တို့သည် စိတ်တစ်ခုကိုအရင်းပြု၍ ချမ်းသာသွားကြပြီ။ ကိုယ်သည်လည်း စိတ်တစ်ခုကိုအရင်းပြု၍ မချမ်းသာနိုင်ဘူးလား…ဟူသည့်မေးခွန်းက မြင့်မောင်၏စိတ်ဝယ် နေရာယူထားချေပြီ။

တချိန်က မြင့်မောင်၊ ဇော်ထွေးနှင့် လှကြင်သည် အခြေအနေတူခဲ့သော်ငြား ယခုချိန်မှာတော့ မြင့်မောင်သည် သူတို့နှင့် အခြေအနေကွာခြားခဲ့ချေပြီ။ စိတ်ဓါတ်လည်းပြင်ရမည်။ လုပ်ချင်သည့်အလုပ်ကိုလည်း ကျွမ်းကျင်ရမည်။ ထိုအသိဝယ် မြင့်မောင်၏ လက်များသည် ကိုယ်နှင့်သက်ဆိုင်သည့်အလုပ်အား အသိပေးလာဟန်နှင့် လှုပ်လှုပ်ရွရွဖြစ်လာသည်။ မြင့်မောင် သင်္ဘောမလိုက်ခင်က ကားအောက်ပိုင်းပြင်ဆင်သည့် ကျွမ်းကျင်သည့် ဒူးဆစ်ဆရာအဖြစ်နှင့် အလုပ်လုပ်ခဲ့သည်။ သို့သော် တစ်လတစ်သိန်းဆိုသည့် ငွေပမာဏထက် တစ်လ ခြောက်သိန်းဆိုသည့် သင်္ဘောလိုက်ရာမှရသောငွေကိုမက်မောခဲ့၍ နိုင်ငံခြားသင်္ဘောလိုက်ရန် ကြိုးစားခဲ့ခြင်းသာ။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်သည့် မိဘနှစ်ပါးအား ထားခဲ့ရမည့်အဖြစ်မျိုးလည်းမကြုံချင်တော့ပြီ။ ယဉ်ကျေးမှုခြင်းမတူညီသော လူမျိုးခြားတို့၏ ခြေထိုးခိုင်းခြင်းကိုလည်း မခံချင်တော့ပြီ။ အဆူအဆဲမခံရအောင် ကြိတ်မှိတ်ကျက်ခဲ့ရသော ဝေါဟာရအကျိုးအပျက်များကိုလည်း ထပ်မံမကြုံချင်တော့ပြီ။
သို့ဆိုလျှင်ဖြင့် ယခု လက်ကျန်ငွေနှင့် ကိုယ်သာ ဆိုင်သစ်ဖွင့်ခဲ့ပါလျှင်…………..။
မြင့်မောင်၏နှုတ်ခမ်းဝယ် အပြုံးတို့ တွဲခိုလာသည်။ အကယ်၍များ ငွေကြေးမလုံလောက်ဖူးဆိုလျှင်တောင် သားဖြစ်သူအိုးမကွာ၊အိမ်ကွာနှင့် အလုပ်လုပ်မည့်အရေးအတွက် မိဘနှစ်ပါးသည် ပျော်ရွှင်စွာနှင့် အိမ်ပေါင်ပေးမည်မှာ သေချာလှသည်။ လုပ်ငန်းကျွမ်းကျင်မှုနှင့်အတူ ပြင်းပြသည့်တိုးတက်ချင်စိတ်လေးပါ  ပြည့်စုံပါမူ မြင့်မောင်၏လုပ်ငန်းသည်လည်း အောင်မြင်မှာ သေချာပါသည်။ တချိန်ကျလျှင်တော့ မြင့်မောင်သည်လည်း ကိုယ့်အထုပတ္တိအား ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုနိုင်သည့်အနေအထားသို့ ရောက်လာပေဦးမည်။ ထိုအခါ ဒုတိယမြင့်မောင်လေးများသည် သူ့အား ပါးစပ်အဟောင်းသားဖြင့်ကြည့်ပေဦးမည်ဟု တွေးမိရင်း ဆုံးဖြတ်ချက်တစ်ခုကတော့ ခိုင်မာသွားချေပြီ။

နိုင်ငံခြားသင်္ဘောမလိုက်တော့ပဲ ကိုယ်ကျွမ်းကျင်သည့် ပညာနှင့်သာ ဆိုင်ဖွင့်တော့မည်..ဟု။ ဟုတ်သည်။ ဇော်ထွေးနှင့်လှကြင်တို့ထက်သာသည်က သူ့အတွက် တိုးတက်ချင်စိတ်သာမက ရင်းနှီးငွေလည်း ရှိသည်မလား။ သူသည်လည်း စိတ်လေးတစ်ခုအရင်းပြု၍ လူချမ်းသာကြီးဖြစ်အောင်ကြိုးစားမည်ဟု အားခဲလိုက်ရင်း မီးဖိုချောင်ရှိ မေမေ့ထံသို့သွားရန်ပြင် လိုက်သည်။ သူ့အား နိုင်ငံခြားသင်္ဘောမလိုက်စေချင်သော မေမေ့အား ပျော်ရွှင်အောင် သတင်းထူးလေးပြောရင်း အလုပ်အတွက် တိုင်ပင်ရမည်လေ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရည်ဝေ(ရေနံ့သာသူ)

Wednesday, 10 October 2012

အဖြေမဲ့ပုစ္ဆာ

ဟာ..မီးပွိုင့်မိပြန်ပြီ။ အချိန်မရှိပါဘူးဆိုကာမှ။ စိတ်ဝယ် မကြည်မလင် တွေးမိရင်း သူမ တို့ကားလိုပင် မီးပွိုင့်တွင် ပိတ်မိသွားသော ကားတန်းရှည်ကြီးကို ကြည့်မိလိုက်သည်။ ကားသမားတော်တော်များများ ကတော့ ကားပြတင်းမှ ခေါင်းများထုတ်ရင်း မီးပွိုင့်ကိုငေးကြည့်နေကြသည်မှာ သူမ ငှားလာသော အငှားကား ကားဆရာလည်း အပါအဝင်။ အို..မြင်လိုက်ရသည်က ခြေလှမ်းတုန်ချိတုန်ချိနှင့် လျှောက်လှမ်းလာသူ အဘိုးကြီးတစ်ဦး။ အကျီင်္ကလည်း ဖာရာထေးရာ ဗလပွနှင့်။ ကားဘေးနားမှ ကပ်သွားရင်း လက်ကလေးဖြန့်တောင်းနေသည်ကို မြင်ရသည်မှာ စိတ်မကောင်းစရာ။ အိတ်ထဲမှ ငါးရာတန်တစ်ရွက်ထုတ်ပေးလိုက်တော့ ဝင်းလက်သွားသည့်မျက်ဝန်းများနှင့် ကားအားလည်း ကန်တော့နေသလို သူမ အားလည်း ကန်တော့ဖို့ရာပြင်တော့ မနေသာတော့။

“သွားပါ အဘရယ်..ရပါတယ်..ကိစ္စမရှိပါဘူး”

ကျေးဇူးတင်ဟန်နှင့် ဦးညွတ်ရင်း ထွက်သွားသည့် အဘကြီး တောင်ဝှေးလေးတစ်ဒေါက်ဒေါက်နှင့် သူမ တို့နောက်ရှိ ကားများဆီ ခရီးဆက်သွားပြန်တော့သည်။ ဟော..မီးစီမ်းချေပြီ။ ဒါဆို အဘကြီး ထပ်ပြီးတော့ တောင်းလို့ရပါဦးမလား။

Monday, 8 October 2012

တစ်ခါက မောင်ဘသောင်းလေးရှိခဲ့ဖူးပါသည်

တစ်ခါက မောင်ဘသောင်းလေးရှိခဲ့ဖူးပါသည် 

ကျုပ်ဗျာ အခုတစ်လော အိပ်မက် မက်နေဖြစ်တာက အနီရောင် ဆင်လေးတွေ။ အိပ်မက်ထဲထိ ပါလာတတ်တဲ့ ကျုပ်ကြိုက်တဲ့ အနီရောင်ဆင်လေးတွေ။ တစ်ချို့က အစိမ်းမှ ကြိုက်တယ်..တဲ့။ အဟီး…ကျုပ်ကတော့ အနီရောင်ဆင်ကို ပိုသဘောကျတယ်ဗျ။

တစ်ကယ်တော့ အနီရဲရဲလည်းမဟုက်ဘူးဗျ။ သူက ပန်းရောင်စပ်ထားတာလေ။ ကျုပ် အမြင့်ဆုံးကိုင်ဖူးတာဆိုလို့ အနီရောင်နဲ့ ကြက်သွေးရောင် ဖောက်ထားတဲ့ ခြင်္သေ့က အမြင့်ဆုံးပဲ။ ကျုပ်လို ဈေးခွေးသာသာလူတစ်ယောက်မှာ အနီရောင်ဆင် ကိုင်နိုင်တဲ့ အခွင့်အရေးမရှိနိုင်တာလည်းအသေအချာပေါ့။ သူ့ကို ကျုပ် ချစ်ပါချစ်တာဗျ။

ကျုပ်က ညအိပ်ရင် မီးကင်းတဲမှာ အိပ်တာဗျ။ အိမ်ဆိုတာ ကျုပ်မှာ မရှိတာ တော်တော်ကြာပြီ။ မွေးကတည်းကတော့ မဟုက်လောက်ဘူး ထင်ပါရဲ့။ ကျုပ်သိတတ်စအရွယ်ကတည်း ဈေးထဲမှာနေလာတာလေ။ ကျုပ်အသက် သိပ်မကြီးသေးပါဘူး။ ဈေးထဲကလူတွေကတော့ ၁၈နှစ် လို့ပြောကြတာပဲ။ မနက်ဈေးဖွင့်အမှီသွား။ ခိုင်းတာလုပ်နဲ့ နေလာတာ ထမင်းတော့ မငတ်ဘူးဗျ။

Friday, 5 October 2012

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တည်းဟူသော ကာလသုံးပါးသည် လူသားတိုင်းတွင်ရှိသည်။  သက်၇ှိကမ္ဘာထဲသို့ သက်ဆင်းမိပြီဆိုသည့် လူသားတစ်ဦး၌ ထိုကာလသုံးပါးသည် အလိုအလျောက်ပင် ဖြစ်ထွန်းသည်။ ကျွန်မထံတွင်လည်း ပြီးဆုံးခဲ့သော အတိတ်ရှိပြီး လက်၇ှိရှင်သန်နေသော ပစ္စုပ္ပန်ကာလရှိသည့်အပြင် မျှော်မှန်းနေသော အနာဂတ်လည်း ရှိပေသည်။ ကမ္ဘာပေါ်ရှိ အရာရာတိုင်းသည် ကာလသုံးပါးစလုံး ပိုင်ဆိုင်ကြသည်ကတော့ အမှန်ပင်။

လူသည် လူနှင့်ဆိုင်သော ကာလသုံးပါးကိုပိုင်ဆိုင်သလို သစ်ပင်သည်လည်း သူနှင့်ဆိုင်သော ကာလသုံးပါးကိုပိုင်ဆိုင်သည်။ အတိတ်တွင် သူသည် သစ်စေ့လေးတစ်စေ့ဖြစ်သော်လည်း ပစ္စုပ္ပန်တွင် သစ်ပင်တစ်ပင် အဖြစ်ရပ်တည်နေသည်။ အနာဂတ်တွင်မူ သူသည် စားပွဲတစ်လုံး ဖြစ်နိုင်သလို ကုလားထိုင်တစ်လုံးလည်း ဖြစ်နိုသည်။ ပန်းပုရုပ်လည်းဖြစ်နိုင်သလို မီးလောင်ကျွမ်းကာ ပြာမှုန်အဖြစ်သို့လည်း ရောက်ရှိနိုင်သည်။ လူကဲ့သို့ ကိုယ့်ဘဝကိုယ် ပုံဖေါ်နိုင်ခွင့်မရှိသော်လည်း သက်မဲ့များတွင် ကာလသုံးပါးရှိသည်သာ။

Tuesday, 2 October 2012

စိတ်


စိတ်
(၁)

အလုပ်တွေပါးနေတာ တော်တော်ကြာပြီ။ နှစ်လကျော် သုံးလလောက်ရှိပြီ။
ပုံမှန်ဆို ဒီဆိုင်လေးက တစ်နေ့ကို သုံးသောင်းနီးပါးဝင်နေကျ။ ခုတော့
တစ်နေ့ ၅၀၀၀ တောင် ပုံမှန်မရှိချင်တော့။ နေ့စဉ်သွင်းနေရတဲ့ မဲဖိုး ၁၅၀၀၀
တောင် မတက်နိုင်တော့လို့ ရှိတဲ့ လက်စွပ်၊ ဆွဲကြိုး
အားလုံးအပေါင်ဆိုင်မှာ။ မဲထုက်မှာကလည်း နောက်ထပ် လေးလလောက်လိုသေး၏။
ဒီအတောအတွင်း ဘယ်လိုနေရပါ့မလဲ။ ပိုက်ဆံလိုလို့ မိဘနှစ်ပါးဆီက
ထုတ်ထုတ်သုံးနေရတာလည်း အားနာလှပြီ။

ဟင်း…...........သက်ပြင်းတစ်ချက် ခိုးချလိုက်မိသည်။

အခါတိုင်းဆို..ထောက်နှိုးအိုးက တစ်နေ့ကို ဆယ်ခါလောက်လာတတ်သည်ရယ်။
တစ်ခါထောက်နှိုး ၁၅၀၀ နှုန်းနှင့် ငွေ ၁၅၀၀၀ ကတော့ အသာလေးဝင်သည်။
တစ်ခါတစ်ခါ ထောက်တတ်တဲ့သူမရှိလို့ ကားလိုက်နှိုးပေးပါဆိုလျှင် သူမ
လိုက်တဲ့အခါ ထောက်နှိုးငှားတဲ့ Customer က တအံ့တသြ။ မိန်းခလေးတွေလည်း
လုပ်တတ်တာပဲဟ…ဆိုပြီး ပါးစပ်အဟောင်းသား။ တကယ်တမ်းထောက်နှိုးလိုက်သည်ဆိုသည်မှာ ကား၊ အင်ဂျင် စသည်တို့မှာတပ်ထားသည့် ဘက္ထရီအိုး၏ အပေါင်းအနုတ်ကို ဆိုင်ကဘက္ထရီအိုးနှင့် အပေါင်းအပေါင်းချင်း၊ အနုတ်အနုတ်ခြင်း ထောက်နှိုးကြိုးနှင့် တွဲလိုက်ရုံသာ။

Thursday, 27 September 2012

မြင်ခဲ့ဖူးသော ဇါတ်လမ်းတစ်ပုဒ်

မိုးစက်တို့ကြား လမ်းလျှောက်နေမိတဲ့ နှလုံးသားက ဒီအချိန်ထိ………အိမ်ပြန်ဖို့သတိမရမိသေးဘူး

ဒီသဘာဝလောကကြီးထဲ တစ်ယောက်ထဲထွက်လာခဲ့မိတာ အဖော်မပါ အပေါင်းမပါနဲ့……………..နေပူမိုးရွာ တစ်ယောက်တည်း လျှောက်လှမ်းရင်း အထီးကျန်ခဲ့တာ တော်တော်ကြာပြီ…………

ဒီချစ်ခြင်းနှစ်ခုဆုံဆည်းဖို့ တွန်းအားတစ်ခုလိုချင်မိတယ်

ညနေက ငါအပြင်ခဏလမ်းလျှောက်ထွက်ကြည့်မိတာ စွယ်တော်ပန်းတစ်ချို့ ငိုတ်နေတာငါတွေ့ခဲ့တယ်။ “နင်ကော မနက်ကနေညနေထိ ဆိုင်ထိုင်ရတာ တစ်ယောက်တည်းဆိုတော့ ငိုတ်နေပြီလား” ငါသတိတရ တွေးမိလိုက်သေးတယ်။ လက်ဖက်ရည်သောက်ပြီးပြန်လာတော့ ကုက္ကိုလ်ရွက်တွေ ခြေကုန်လက်ပန်းကျနေတဲ့ပုံနဲ့ ခြေပစ်လက်ပစ်ကို အိပ်မောကျလို့။ “နင်ကော အိမ်အလုပ်တွေနဲ့ မအားမလပ် အနားမယူရသေးဘူးလား“ ငါတွေးမိပြန်တယ်။ ငါအိပ်စက်ဖို့ ကုတင်ပေါ်လှဲချမိပြီး မျက်လုံးကိုမှိတ်လိုက်စဉ်မှာပဲ “ဒီအချိန် နင်စားရင်းတွေ ဖြည့်နေတုန်းပဲ” လို့ တွေးမိပြန်တယ်ဟာ။

Tuesday, 18 September 2012

သူလည်းလေ လောကီသားပေမို့


သူလည်းလေ လောကီသားပေမို့

ကွန်ကရစ်ခင်းထားသည့် သည်လမ်းမဘေးဝယ် အလျား ခြောက်ပေ၊ အနံ ရှစ်ပေသာကျယ်သော အိမ်ခန်းငယ်လေးများတန်းစီနေသည်။ ထိုအိမ်ခန်းငယ်လေးများရှေ့တွင်တော့ ကလေးငယ်များဝိုင်းဖွဲ့ကာ ကစားလျက်။ တစ်သောင်းရှစ်ထောင်ဆိုသော ပမာဏက အတော်ပင် ဈေးသင့်သော်ငြား သူတို့ မိသားစုလေးအတွက်တော့ အိပ်စရာနေရာသီးသန့်သာဖြစ်လိမ့်မည်။ မီးဖိုချောင်ရယ်လို့လည်း သီးသီးသန့်သန့်ရှိမည်မဟုတ်။

“မအေးနဲ့ တိုင်ပင်လိုက်ဦးမယ် ကိုသန်း နည်းနည်းအခန်းကျယ်တာရှိရင် ကျွန်တော့်ကို ပြောဦးနော်”

“အေးပါကွာ အခုက တွေ့တဲ့အခန်းပဲပြထားသေးတာ မင်း အချိန်ရသေးတယ်မလား ငါ နည်းနည်းဆက်ရှာလိုက်မယ်”

ကိုသန်း ပြောစကားကို သူခေါင်းညိတ်ပြလိုက်ရင်း

“ရှေ့လ ဆယ့်ငါးရက်မှာတော့ မဖြစ်မနေ ပြောင်းရမှာဆိုတော့ ဒီလထဲမှာ နည်းနည်းကြိုးစားပြီး ရှာပေးပါဗျာနော် ဒီနားပါတ်ဝန်းကျင်နဲ့ နီးတာလေးပေါ့ ဒါမှ သားလည်း ကျောင်းတက်ရတာ လွယ်အောင်”

“အေးအေး ငါ သွားတော့မယ် ဒီနားလေး တစ်ချက်လှည့်ကြည့်လိုက်ဦးမယ်”

 ပြောပြောဆိုဆိုနှင့် ခပ်သုတ်သုတ်ထွက်သွားသော ကိုသန်းနောက်ကျောကို ကြည့်မိရင်း သူတို့ ဒီလို အလုပ်ကို ရှာဖွေနေလို့သာ ပွဲခ မြိုးမြိုးမြတ်မြတ်ရတာပဲ ဟု တွေးလိုက်မိသည်။

Wednesday, 12 September 2012

မျှော်လင့်ခြင်း



“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း”

မပီကလာ အသံလေးများနှင့် လက်ပိုက်ကာ ကဗျာဆိုနေကြသည်မှာ အသံလေးများ မညီ့တညီဖြစ်နေသော်လည်း နားဝင်ပီယံရှိလှသည်။ ထိုအသံလေးများကျော်၍ နောက်အခန်းသို့ဝင်လိုက်ချိန်ဝယ် ကလေးများက ဆရာမရှေ့ စာအံနေသည်ကို တွေ့ရသည်။

သူမကိုခေါ်ဆောင်လာသည့် ဆရာမနှင့် စာသင်နေသည့် ဆရာမတို့ စကားပြောနေစဉ် ကလေးများဘက်လှည့်ကြည့်မိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။ ကျောင်းစိမ်းအသစ်မပြောနှင့်။ အဖြူအစိမ်းဝတ်လာသည့် ဦးရေက လက်ချိုးရေ၍ပင်ရသည်။ ထိုရောင်စုံကာလာဝတ်ဆင်သည့် ကလေးများတွင်လည်း အသစ်မဆိုထားနှင့်။ အရောင်ခပ်လတ်လတ်ဝတ်ထားသည့်ကလေးဦရေမှာလည်း ဆယ်ဦးပင် မပြည့်ချင်။ တူညီသည့်အရာကတော့ ကလေးတို့၏ မျက်နှာလေးများသည် သနပ်ခါးကိုယ်စီလိမ်းထားကြပြီး တစ်စုံတစ်ရာကို မျှော်လင့်နေဟန်ရှိသည်။