Wednesday 10 October 2012

အဖြေမဲ့ပုစ္ဆာ

ဟာ..မီးပွိုင့်မိပြန်ပြီ။ အချိန်မရှိပါဘူးဆိုကာမှ။ စိတ်ဝယ် မကြည်မလင် တွေးမိရင်း သူမ တို့ကားလိုပင် မီးပွိုင့်တွင် ပိတ်မိသွားသော ကားတန်းရှည်ကြီးကို ကြည့်မိလိုက်သည်။ ကားသမားတော်တော်များများ ကတော့ ကားပြတင်းမှ ခေါင်းများထုတ်ရင်း မီးပွိုင့်ကိုငေးကြည့်နေကြသည်မှာ သူမ ငှားလာသော အငှားကား ကားဆရာလည်း အပါအဝင်။ အို..မြင်လိုက်ရသည်က ခြေလှမ်းတုန်ချိတုန်ချိနှင့် လျှောက်လှမ်းလာသူ အဘိုးကြီးတစ်ဦး။ အကျီင်္ကလည်း ဖာရာထေးရာ ဗလပွနှင့်။ ကားဘေးနားမှ ကပ်သွားရင်း လက်ကလေးဖြန့်တောင်းနေသည်ကို မြင်ရသည်မှာ စိတ်မကောင်းစရာ။ အိတ်ထဲမှ ငါးရာတန်တစ်ရွက်ထုတ်ပေးလိုက်တော့ ဝင်းလက်သွားသည့်မျက်ဝန်းများနှင့် ကားအားလည်း ကန်တော့နေသလို သူမ အားလည်း ကန်တော့ဖို့ရာပြင်တော့ မနေသာတော့။

“သွားပါ အဘရယ်..ရပါတယ်..ကိစ္စမရှိပါဘူး”

ကျေးဇူးတင်ဟန်နှင့် ဦးညွတ်ရင်း ထွက်သွားသည့် အဘကြီး တောင်ဝှေးလေးတစ်ဒေါက်ဒေါက်နှင့် သူမ တို့နောက်ရှိ ကားများဆီ ခရီးဆက်သွားပြန်တော့သည်။ ဟော..မီးစီမ်းချေပြီ။ ဒါဆို အဘကြီး ထပ်ပြီးတော့ တောင်းလို့ရပါဦးမလား။

“သမီး… မင်္ဂလာတောင်ညွန့် ၁၀၅လမ်းရောက်ပြီ.. လမ်းထဲဝင်ရမှာလား”

“ဟုတ်ကဲ့ရှင့်..ဘယ်ဖက်ချိုးလိုက်ပါနော်..ဦးလေး”

သူမ ရောက်ပြီဆိုတာကို မြေကွက်ရောင်းမည့်သူဆီ ဖုန်းဆက်ရပေဦးမည်။ ပိုက်ဆံအထပ်လိုက်နှင့် အငှားကားငှားစီးတာ အန္တရာယ်များသည်မှန်သော်လည်း သည်ကားက နေ့စဉ်လိုလိုပင် တနေကုန် သုံးသောင်းခွဲနှင့် အပြတ်ငှားထားသည့်ကားဖြသည်။ ထို့ပြင် အိမ်နားမှကားလည်းဖြစ်သည်မို့  စိတ်ပူစရာမရှိတော့ အမေနှင့်အဖေကလည်း သူမ အား စိတ်ချလက်ချနှင့် မြေကွက်အဝယ်ထွက်ရန်လွှတ်သည်။ နာရီကြည့်မိတော့ မီးပွိုင့်မိတာများ၍ထင့်။ ချိန်းထားသည့်အချိန်ထက် မိနစ်နှစ်ဆယ်ပင် နောက်ကျချေပြီ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


“မဟုတ်ဘူး..အန်တီရဲ့ သမီးက အိမ်မှုကိစ္စလုပ်ဖို့ နှစ်ဆယ်ဝန်းကျင်လောက်အမျိုးသမီးခေါ်ချင်တာရှင့်…အန်တီ့ကျတော့..”

“ကျွန်မလုပ်နိုင်ပါတယ်ရှင် အိမ်မှုကိစ္စလည်း လုပ်နိုင်ပါတယ် အဝတ်လည်းလျှော်နိုင်ပါတယ်”

“မဟုတ်ဘူးလေ..အန်တီရဲ့”

အဝတ်အစားနွမ်းနွမ်းနှင့် သူမ ရှေ့ရပ်ကာ အလုပ်လာတောင်းသည့် အဒေါ်ကြီးကို ဘယ်လိုငြင်းရမည်ပင်မသိတော့။ အလုပ်သမားခေါ်လျှင် သူမ ထက်အသက်ကြီးပါက ပြောရဆိုရ အားနာရမည်စိုးသဖြင့်ကော၊ အသက်ငယ်လျှင် လုပ်ကိုင်နိုင်စွမ်း ပိုမြင့်သည် ဆိုသည့်အတွေးနှင့်ကော နှစ်ဆယ်ဝန်းကျင်မိန်းခလေးတစ်ဦးသာ ခေါ်ချင်သည်။ ယခုတော့ အမေ့ထက် အသက်အနည်းငယ်သာငယ်ဟန်တူသော ထိုအန်တီကြီးကို သူမ အလုပ်မခန့်ချင်ပါ။

ကိုယ်က မြေကွက်ဝယ်ရောင်းလုပ်သူဆိုတော့လည်း အိမ်မှုကိစ္စဘက်လစ်ဟင်းကာ အမေချည်း လုပ်ပေးနေရသလိုဖြစ်နေပြီ။ သူမ ကအနည်းငယ်သာ ကူနိုင်သည်။သည်တော့ မိန်းကလေးအလုပ်သမားခေါ်ဖို့ရာ အိမ်ရှေ့ဝယ် ကြေငြာထားပါမှ သည်အဒေါ်ကြီးက အလုပ်လာလျှောက်ခြင်းပင်။

“အိမ်မှာက ကျွန်မရယ် သမီးရယ် သားမက်နဲ့ မြေးပဲရှိတာ..မြေးက နို့မပြတ်သေးတော သမီးက အလုပ်ထွက်လုပ်လို့မရဘူး..သားမက်ကလည်း ဆိုက္ကားနင်းတာ အိမ်ကိုပုံမှန်အနေနဲ့ နှစ်ထောင်ပဲပေးတာ… ဒီကြားထဲ သူက သောက်တတ်သေးတော့ နှစ်ထောင်တောင် မပေးတဲ့ရက်ရှိတယ်.. အဲ့ဒါကြောင့် အိမ်စရိတ်ကူချင်လို့ ကျွန်မ အလုပ်လိုချင်တာပါရှင်”

ယုံပါသည်။ သည်အဒေါ်မျက်နှာက လူလိမ်လူညာမဟုတ်မှန်းသိသာနေပြီး နွမ်းပါးမှန်းလည်း သိသာနေပါသည်။ သို့သော် သူမ ကတော့ သူမထက် အသက်ကြီးသူကို အလုပ်မခိုင်းချင်တာအမှန်။ စိတ်အခန့်မသင့်လျှင် ကိုယ်က အလုပ်ရှင်ဆိုသည့် မာန်နှင့် စကားပြောလွန်သည့်အခါ ကိုယ့်ထက်အသက်ငယ်သည့် သူ ဆိုလျှင် တောင်းပန်ရလည်းလွယ်သည်။  အမေ့မျက်နှာကိုကြည့်မိတော့ သနားတတ်သည့်အမေက အလုပ်ခန့်ချင်နေမှန်းသိသာနေပေသည်။

မဖြစ်ဘူး..ဆိုသည့်သဘောနှင့် သူမ ခေါင်းခါပြတော့ အမေ မျက်နှာမကောင်းတော့။ ယို့ယို့လေးမက်တပ်ရပ်နေရှာသော အဒေါ်ကြီး၏ မျက်နှာမှာလည်း သည်အလုပ်ကို လိုချင်ဟန်က အထင်းသား။ သူမ စိတ်လျှော့ပေးလိုက်ပါသည်။ တကယ်တမ်း အိမ်မှာအနေများသူက သူမ မှမဟုတ်ပဲ။ အမေတို့နှင့် အဆင်ပြေလျှင်ပြီးသည်မို့ အလုပ်ခန့်လိုက်ပါတော့မည်။

“ဒါဆို အန်တီ အလုပ်ချိန်က မနက်ခုနှစ်နာရီအရောက် ညနေ ခြောက်ခွဲပြန် တစ်နေ့နှစ်ထောင်နော်..ဟုတ်ပြီလား ထမင်းချိုင့်တော့ ယူခဲ့မယ်မလား”

“ဟုတ်ကဲ့ပါရှင့် ကျေးဇူးတင်ပါတယ်…အစ်မလေးရယ်”

ကျေးဇူးတင်သည့်ဟန်နှင့် ဝင်းလဲ့နေသော အဒေါ်ကြီး၏ မျက်နှာကြည့်ရင်းစဉ်းစားမိသည်က တစ်ခုသာ။ သူမ တို့ မြန်မာနိုင်ငံတွင် မိအိုဖအိုတွေ လုပ်ကိုင်ကျွေးနေရဆဲ အိမ်ထောင်စုတွေ ဘယ်လောက်တောင်များလိမ့်မလဲ..ရယ်လို့။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

“အစ်ကိုကြီးအစ်မကြီးတို့ရယ် မုန့်ဖိုးလေး ငါးဆယ်တစ်ရာလောက် စွန့်ကျဲကြပါခင်ဗျာ”
အနည်းငယ် နွမ်းပါးသည့် အဝတ်အစားတို့ကို ဝတ်ဆင်ထားသော်လည်း လူကဲခတ်နေမြဲ ကျင့်သားရနေသည့် မျက်ဝန်းထဲတွင်မူ ဒီကလေးသည် တောင်းရမ်းစားသောက်နေရမည့်  မိသားစုက မဟုတ်ဟု သိလိုက်သည်။ သူ တောင်းနေသည့်ပုံစံက အပျော်တောင်းနေသည့်ဟန် ပေါ်လွင်နေသည်။ ပိုက်ဆံအလွယ်ရမှန်းသိ၍ ဒီလမ်းကို လိုက်နေဟန်ပေါ်သည်။ ဘုရားရေ..မိဘတွေ မသိကြဘူးလား။
အနည်းငယ်စိတ်ပျက်စွာ တွေးလိုက်မိသည်။ မိဘတွေ ကိုယ့်သားသမီးအပေါ် ဂရုစိုတ်မှုလျော့နည်းလာခြင်းဟာ ခေတ်၏ ပြယုဂ်တစ်ခုလေပဲလား။
သူမ ငယ်စဉ်တုန်းကဖြင့် ကျောင်းသွားလျှင် အမေ လိုက်ပို့မြဲ။ ကျူရှင်တက်တော့လည်း အမေ လိုက်ပါမြဲ။ ထမင်းစားချိန်တန်လျှင် အမေက မမေ့မလျော့ သတိပေးမြဲ။ အမေနှင့်အဖေ အလုပ်များလျှင်လည်း သူမအတွက်မူ ကျောင်းပို့ကျောင်းကြိုအချိန်ပေးမြဲ။ သူမ မည်သည့်နေရာတွင် ကစားနေသည်ဖြစ်စေ၊ မိဘနှစ်ပါးမျက်စိရှေ့မှောက်သာ။ တစ်ယောက်တည်းလွှတ်ထားသည်မှာ ရှားလှသည်လေ။

ရထားကလည်း မလာနိုင်သေး။ ရထားသံလမ်းပိတ်တိုင်း ရပ်သည့် ကားတိုင်းအား တောင်းလေ့ရှိဟန်တူသည့် ထိုကလေးငယ်အား မမြင်ချင်တော့ပါ။ မျက်စိမှိတ်ထားလိုက်မိသော်ငြား အသံတော့ကြားနေရဆဲ။

“မင်း အဲ့ဒီ သံလမ်းပိတ်ထားတာဖွင့်ပေးနိုင်ရင်.ငါးဆယ်မဟုတ်ဘူး ငါးရာပေးမယ်ကွာ”

အငှားကားမောင်းသည့် ဦးလေးကြီးစကားကြောင့် ဟန့်တားလိုက်မိသည်။

“ဦးလေးရာ အဲ့လိုမပြောပါနဲ့..ဒီတိုင်း မျက်နှာလွှဲထားလိုက်ပါ ”

“မဟုတ်ဘူး  ငါ့တူမရဲ့ ဒီကောင်လေးတွေ ဒီလိုပဲ ပျက်စီးနေမှာ ဒီလိုလေးပြောပေးတော့ ရှက်ပြီး မတောင်းတော့ဘူးပေါ့ဟာ”

ဦးလေးကြီးစကားကို မငြင်းဆန်ချင်တော့ပါလေ။ သို့သော် ဦးလေးကြီးပြောသောစကားသည် ရှက်အောင်ပြောခြင်းမဟုတ်ပဲ သီးသန့်နှိမ်သည့် စကားလုံးသာဖြစ်သည် ဟု မကျေမနပ်တော့ တွေးမိသေးသည်။  မိဘတွေရှိပါလျက် အုပ်ထိန်းမှုလွတ်သည့် ကလေးငယ်တွေ ဒီလိုကလေးတွေချည်း ဖြစ်မနေပါစေနဲ့ ဟုသာ ဆုတောင်းမိရင်း ၏်။ တစ်ကားပြီးတစ်ကား သွားတောင်းနေသည့် ကလေး၏ အသံကတော့ နားစည်ထဲသို့ အတားအဆီးမဲ့စွာ ဝင်လာမြဲ။

“အစ်ကိုကြီး..အစ်မကြီး..တို့ရယ်…………….”

..............................

သံလမ်းကျော်လာပြီး ခရီးက မပြီးနိုင်သေး။ မီးပွိုင့်မိပြန်သည်။ စိတ်ပျက်လက်ပျက်နှင့် ခေါင်းလျှောမှီမိရင်း ဘာရယ်မဟုတ် လက်က ဂျာနယ်ကို ဆွဲယူဖတ်လိုက်မိသည်။ ဘာသတင်းထူးတွေများ ပါလေမလဲလို့။
အို…ရင်ထဲ နင့်သွားမိပါပြီကွယ်။ ကြည့်ပါဦး။ ကလေးတွေကို ဖမ်းပြီး တောင်းစားခိုင်းတဲ့ မိန်းမနှစ်ယောက်ကို ပြစ်ဒဏ်က တစ်နှစ်တဲ့။ အနည်းဆုံးဆယ်နှစ်တော့ ချသင့်တယ်မဟုတ်ဘူးလားရှင်။ ဒါမှမဟုတ်တသက်တစ်ကျွန်းထိ ချသင့်တယ်မဟုတ်ဘူးလား။ ရင်နာလိုက်တာ။ ကလေးတွေဘက်က စဉ်းစားကြည့်ပေးကြပါဦးလား။
ဒီလိုလူမဆန်တဲ့ ပြစ်မှုအတွက် ထောင်ဒဏ်တစ်နှစ်ပဲလား။ အချုပ်သားဘဝနဲ့ သုံးလလောက်ကြာတဲ့သူဆို လျှော့ရက်နဲ့ ငါးလ၊ ခြောက်လလောက်ပဲ ကျတော့မှာပေါ့။ ဒါဆို..ဒါဆို ဘယ်သူက ကြောက်ပြီး ရပ်ကြမှာလဲ။ ဒီလူမဆန်တဲ့ လုပ်ရပ်ကို ဘယ်သူက ရပ်ကြမှာလဲ။

ဂျာနယ်ထဲမှာ ပါသည့် သတင်းကိုကြည့်ကာ မုန်းလိုက်သည့်ဖြစ်ခြင်း။ ကလေးတွေကို ဖမ်းကာ တောင်းစားခိုင်းသည့် မိန်းမနှစ်ယောက်၏ဓါတ်ပုံမှာ မထင်ရက်စရာ။ တကယ့်ဂုဏ်သရေရှိသိက္ခာရှိ လူကြီးလူကောင်းဟန်အပြည့်။

“ငါ့တူမကြီးရဲ့ ဘာတွေခေါင်းခါနေတာတုန်း”

“ဟုတ်ပါဘူး ဦးလေးရယ် ဂျာနယ်က သတင်းကိုဖတ်ပြီး စိတ်ထဲ မကောင်းလွန်းလို့ပါ”

“ဘာသတင်းလဲ”

“ကလေးတွေ ဖမ်းပြီး တောင်းစားခိုင်းတဲ့ မိန်းမနှစ်ယောက်ကို ထောင်ဒဏ်တစ်နှစ်တဲ့ရှင် စဉ်းစားကြည့်ပါဦး ဒါ ထိုက်သင့်တဲ့ ပြစ်ဒဏ်မှ ဟုတ်ရဲ့လားလို့ ”

“သူတို့မှာလည်း တစ်နှစ်ပဲပေးသင့်လို့ဖြစ်မှာပေါ့ ငါ့တူမရဲ့”

အငှားကားမောင်းသည့် ဦးလေးကြီးစကားအား နားထောင်မိရင်း နားမလည်နိုင်စွာ ထပ်မံ ခေါင်းယမ်းမိပြန်သည်။ ကလေးငယ်ကို မိဘရင်ခွင်ကနေ ခိုးပြီး လူမဆန်စွာတောင်းစားခိုင်းသည့် သူမျိုးဟာ သေဒဏ်နှင့် ထိုက်တန်သည်ဟု သူမ ယူဆသည်။ ခရီးစဉ်တစ်လျှောက် တွေးလာသည်မှာ အိမ်ရောက်သည်ကိုပင် သတိမထားမိတော့သည်ထိ။ ဦးလေးကြီး ကားရပ်ပါမှပင် သတိထားမိတော့သည်။ ကားခထုတ်ယူရန် လက်ကိုင်အိတ်ကိုလှပ်လိုက်ရင်း အတွေးအားလုံးကို ခဝါချထားလိုက်မိတော့သည်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အိမ်ရှေ့ ခြံဝန်းလေးထဲထိုင်ရင်း ခေါင်းမော့ပြီး ကောင်းကင်ကိုမော့ကြည့်တော့ လမင်းက ဝိုင်းစက်လို့။ တိမ်တစ်အုပ်ကတော့ လမင်းကို ဖုံးအုပ်ဖို့ ဘေးနားက စောင့်နေသလိုလို။ လေပြေညှင်းလေးက အသာအယာတိုက်ခတ်သွားချိန် တပါတည်းသူသယ်ဆောင်လာသည့် ခြံဝန်းလေးထဲက နှင်းဆီရနံ့ကစိတ်တို့ လန်းဆန်းစေပြန်သည်။ ခြံပြင်လမ်းမထက်မှာတော့ လူသွားလူလာမပျက်သေး။
အိမ်တွင်းမှ အမေနှင့်အဖေကြည့်နေသည့် ကိုရီးယားကားမှ ကိုရီးယားစကားသံကလည်း ခြံပြင်ထိ တချက်တချက် ဖောက်ထွက်လာသည်။ ထိုအချိန်….နားဝယ် သဲ့သဲ့ကြားမိသည်က……………..

“ထမင်းဖိုးလေးဟင်းဖိုးလေးများ သနားကြပါခင်ဗျာ..ဒီချိန်ထိ ထမင်းမစားရသေးလို့ပါ”

ဟော..ရပ်သွားပြန်သည်။ ထို့နောက် သိပ်မကြာခင်တွင်ပင်….ပြန်ပေါ်လာပြန်သည်။

“ထမင်းဖိုးလေးဟင်းဖိုးလေးများ သနားကြပါခင်ဗျာ..ဒီချိန်ထိ ထမင်းမစားရသေးလို့ပါ”

အသံက အသက်အရွယ်ကြီးရင့်နေသည့်အသံမှန်း သေချာနေသည်။လူကိုတော့ မမြင်ရသေး။ ဘယ်က ထွက်လာသည့်အသံပါလဲ…ဟု ရှာဖွေရင်း မြင်ကွင်းပိတ်နေသည့်ခြုံလေးဘေးမှရပ်ကာ  ခြံပြင်သို့ကြည့်မိလိုက်သည်။
ခပ်လေးလေးလျှောက်လှမ်းလာသည့် တောင်ဝှေးတစ်ခုနှင့် ခြေလှမ်းနှစ်စုံကို ဦးဆုံးမြင်လိုက်ရသည်။ အို….အနည်းဆုံးအသက်ရှစ်ဆယ်ကျော်တာသေချာနေပြီဖြစ်သည့် အဘကြီး အသံစာစာဖြင့်အောနေခြင်းဘေးပဲ။ သူ့ဘေးမှ မြေးဖြစ်ဟန်တူသည့် အသက်ဆယ်နှစ်နီးပါးရှိပြီဖြစ်သည့်ကလေးငယ် က အဘကြီးလက်ကိုဆွဲရင်း ကျန်လက်တစ်ဖက်က ပိုက်ဆံအကြွေတို့ကို ကိုင်လျက် ခေါင်းငိုက်စိုက်ချထားသည်။

တကယ်တမ်း အသက်ရှစ်ဆယ်ဆိုသည့်အသက်အရွယ်မှာ အိမ်တွင် အငြိမ့်သားထိုင်ကာ အကန်တော့ခံ အပြုစုခံနေရမည့်အရွယ်ပေပဲ။ အခုလိုမျိုး လုပ်ကိုင်စားသောက်နေရမယ့် အရွယ်မဟုတ်ဘူးလေ။

အတွေးတချို့ ဖြတ်စီးမှုကြောင့် ရင်ထဲဝယ် အနည်းငယ် ဝမ်းနည်းမိရင်း ငွေတစ်ထောင်ကို ကမန်းကတန်းသွားလှုလိုက်မိသည်။ အချိန်ကိုကြည့်မိတော့ ည ခုနှစ်နာရီပင် ထိုးပေပြီ။ သည်အချိန်ထိ ထမင်းမစားရသေးသော မြေးအဘိုးနှစ်ယောက်ကတော့ သူမ ရှေ့မှ တရွေ့ရွေ့နှင့် ပျောက်ကွယ်သွားချေပြီ။
လောကမှာ ကိုယ့်မိသားစုကိုယ် ပြန်လည် လုပ်ကိုင်ကျွေးနေရဆဲ မိအိုဖအိုတွေ ဘယ်လောက်တောင်များနေပြီလဲ။ မိဘအုပ်ထိန်းမှုလွတ်တဲ့ ကလေးငယ်တွေ ဘယ်လောက်တောင်များ ပျက်စီးနေပြီလဲ။ မိဘရင်ခွင်ထဲက အခိုးခံရတဲ့ ကလေးငယ်တွေ ဘယ်လောက်တောင်များနေပြီလဲ။ အဖြေမဲ့ပုစ္ဆာတို့အတွက် မသိမသာသက်ပြင်းရှိုက်ရင်း ကောင်းကင်မော့ကြည့်မိတော့ တိမ်ဖုံးခံနေရသည့်လမင်းက ညိုးငယ်စွာပြန်ပြုံးပြသလိုလို။ တော်ပါပြီလေ။ သည်နေ့တော့ အမေနှင့်အဖေ့နား အတူတူထိုင်ရင်း ဇာတ်လမ်းသွားကြည့်လိုက်ပါတော့မည်။

ဘာပဲပြောပြောကိုယ့်ကိုယ်ကို ကျေနပ်ရသည်က အမေနှင့်အဖေ့အား အိမ်မှာ အေးအေးဆေးဆေးထိုင်ခိုင်းပြီး ပြုစုပေးနိုင်နေသေးသည်၊ ကန်တော့နိုင်သေးသည်။ အကယ်၍များ သူမ သာမတတ်နိုင်ခဲ့လျှင် ပင်စင်စားမိဘနှစ်ဦးဟာဖြင့် အလုပ်တစ်ခုမဟုတ်တစ်ခု ဆက်လုပ်နေဦးမှာပင်။
မိဘရင်ခွင်ဝယ် သူမ ယနေ့တိုင် လုံခြုံနွေးထွေးစွာရှိသေးသည်ကိုက သူမအတွက် အကြီးမားဆုံးဆုလာဘ်တစ်ခု။ ဘွဲ့ရပြီးယောင်ချာချာဖြစ်နေသော သူမအား ယုံကြည်စွာဖြင့် ပင်စင်ငွေတွေအကုန်အပ်ကာ အလုပ်ပေးလုပ်သော မိဘနှစ်ပါး၏ ကျေးဇူးအား ချစ်ခင်လေးမြတ်စွာရှိခိုးမိရင်း …။
သို့မဟုတ်လျှင် သူမသည်လည်း ယနေ့တိုင် မိဘနှစ်ပါး၏ လုပ်အား အား ကုပ်သွေးစုပ်နေသူဖြစ်လိမ့်မည်ထင့်။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

ရည်ဝေ(ရေနံ့သာသူ)

3 comments:

ချောကလက်ကျူးပစ်လေး said...

လောကရဲ့အဖြေမဲ့ပုစ္ဆာ များအမြန်ဆုံးတွက်ချက်ဖြေရှင်းနိုင်ပါစေ...လို့

Unknown said...

ကိုင်း..အရေးအသားတော့ အထူးပြောစရာမလို... အရင်ဟန်နဲ့ နည်းနည်းကွာသလိုတော့ ခံစားရတယ် ဆုရေ...

ချစ်ခင်လျက်
ဖြူလေး

သတိုး said...

ခဏ.. ခဏ စာလာဖတ်နိုင်ဖို့ လင့်ခ် ယူသွားပါပြီ ခင်ဗျာ..။း)

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်