Thursday 27 September 2012

ဒီချစ်ခြင်းနှစ်ခုဆုံဆည်းဖို့ တွန်းအားတစ်ခုလိုချင်မိတယ်

ညနေက ငါအပြင်ခဏလမ်းလျှောက်ထွက်ကြည့်မိတာ စွယ်တော်ပန်းတစ်ချို့ ငိုတ်နေတာငါတွေ့ခဲ့တယ်။ “နင်ကော မနက်ကနေညနေထိ ဆိုင်ထိုင်ရတာ တစ်ယောက်တည်းဆိုတော့ ငိုတ်နေပြီလား” ငါသတိတရ တွေးမိလိုက်သေးတယ်။ လက်ဖက်ရည်သောက်ပြီးပြန်လာတော့ ကုက္ကိုလ်ရွက်တွေ ခြေကုန်လက်ပန်းကျနေတဲ့ပုံနဲ့ ခြေပစ်လက်ပစ်ကို အိပ်မောကျလို့။ “နင်ကော အိမ်အလုပ်တွေနဲ့ မအားမလပ် အနားမယူရသေးဘူးလား“ ငါတွေးမိပြန်တယ်။ ငါအိပ်စက်ဖို့ ကုတင်ပေါ်လှဲချမိပြီး မျက်လုံးကိုမှိတ်လိုက်စဉ်မှာပဲ “ဒီအချိန် နင်စားရင်းတွေ ဖြည့်နေတုန်းပဲ” လို့ တွေးမိပြန်တယ်ဟာ။

ငါ နင့်ကိုမေ့ဖို့ဆိုပြီး အညာဖက်ခရီးထွက်လာတာ တစ်လကျော်ပြီ။ နင့်ကိုမတွေ့ရပေမဲ့ နင်ကအမြဲစိတ်ထဲမှာ ရှိနေတော့ ငါဘယ်လိုမေ့ရမလဲ။ နင်နဲ့ငါ ငယ်သူငယ်ချင်းမဟုက်ခဲ့ပေမဲ့ စသိတုန်းက ငါ နင့်အပေါ် အဖြူရောင်ဆိုတာသေချာပါတယ်။ ပွင့်လင်းရဲဝံ့တဲ့နင့်ကို ငါတော်တော်ကြီးကိုခင်သွားမိတာ။ နင့်ကိုသဘောကျတဲ့သူအချို့မလိုက်ရဲတာက နင့်ရဲ့ ယောင်္ကျာလေးဆန်မှု့ကို ထူးဆန်းနေကြလို့လေ။ ဒါပေမဲ့ ဒီနောတ်ပိုင်း နင့်ကိုကြည့်ရတာ ငါ့ရင်ထဲ ပိုပိုနွေးလာတတ်တယ်။ ငါသိတယ်။ အဲဒါဘာ့လို့လဲဆိုတာ။

ငါက ဆယ်တန်းကတည်းက နင့်ရှေ့မှာ ရည်းစားထည်လဲတွဲပြတတ်တဲ့ကောင်။ တက္ကသိုလ်ရောက်တော့လည်းထူးမခြားနား။ အလုပ်ကလည်း လခစား။ လစာကောင်းပေမဲ့ နင့်လိုဆိုင်ဖွင့်သူနဲ့ ဘယ်ယှဉ်နိုင်မလဲဟာ။ တစ်ဖြည်းဖြည်း ငါ့ကိုယ်ငါသိလာတဲ့နောတ် ငါ ခံစားရမှာကြောက်လာတယ်။ ဖွင့်ပြောရမှာကြောက်လာတယ်။ ငါက ဆေးလိပ်၊ကွမ်း အရက်အကုန်မြည်းဖူးသူ။ ဆေးလိပ်ကိုလည်း စွဲမြဲစွာသောတ်တတ်သူ။ နင်က အဲအရာတွေမုန်းမှန်းငါသိတယ်။ ငါ့ကိုငါပြန်ကြည့်ချိန်မှာ ဘယ်အချိန်က အဲဒါတွေရပ်သွားမှန်း ငါကိုယ်တိုင်တောင်သတိမထားမိဘူး။

နင်နဲ့ငါမတွေ့တာကြာလို့လမ်းကြုံဝင်ကြည့်မိတဲ့နေ့မှာ ငါ့နှလုံးသားတွေ ဗြောင်းဆန်သွားတယ်ထင်တာပဲ။ အဲဒီနေ့က နင်နဲ့ငါလဖက်ရည်ဆိုင်ထိုင်ရင်း သူငယ်ချင်းတွေအကြောင်းမေးရင်း ငါ့ရင်တွေ ဒိတ်ဒိတ်ခုန်နေတာ ငါမှတ်မိတယ်။ အခါတိုင်းလိုပါပဲ။ နင် ဘာမှ ထူးခြားဆန်းပြားမနေခဲ့ပါဘူး။ ရဲ့ဝံ့ပွင့်လင်းတဲ့ ငါ့သူငယ်ချင်းလေးပါပဲ။ ငါဘာ့လို့များ ရင်တွေခုန်သွားတာလဲ။ ငါ မချင့်မရဲစိတ်နဲ့ ဖွင့်ပြောချင်စိတ်ကိုခဏခဏမြိုသိပ်ရင်း နင့်ဆံပင်လေးကို လက်နဲ့ အသာအယာဖွခဲ့မိတယ်။

ဖွင့်ပြောလိုက်ရင် နင်မယုံကြည်နိုင်မှန်း ငါသိတယ်လေ။

သြော်….အိပ်ပါတော့မယ်ဆိုမှ နင့်ကြောင့်ရင်ခုန်ခဲ့တဲ့နေ့ကိုသတိရနေပြီ။ တော်ပြီဟာ…၁ ကနေ ၁၀၀ ထိရေပြီးအိပ်တော့မယ်။

၁.၂.၃……………………….၆၇………………၈၇……………….
……………………………………………………………………………………………………………
…………..


နင်ပျောက်နေတာတော်တော်ကြာပြီနော်။ အဲဒီနေ့က နင်လာတာ ငါဘယ်လောက်ဝမ်းသာသွားလဲ နင်မသိဘူးမဟုက်လား။ နင်ကတော့ထင်မှာပဲ။ ငါက သူငယ်ချင်းတစ်ယောက်လာလို့ ၀မ်းသာတဲ့အနေအထားမျိုးလို့။ ငါကနင့်ကို စတွေ့ကတည်းက ချစ်ခဲ့တာလေ။ နင် ငါတို့အတန်းတည်းကမှန်းမသိပဲ ကျူရှင်မှာ နင်ငါ့ဘေးနားလာထိုင်ပြီး စာတွေလာမေးကတည်းက။ အဲဒီတုန်းက နင်အမြဲပြောတယ်နော်။ “နင်ကတော့ ဆရာကြီးပဲနော် သူများတွေတောင်မတွက်ရသေးဘူး နင်ကအမြဲတွက်ပြီးပြီ..” တဲ့။ နင်မှမသိတာ။ ငါက သင်္ချာကို စိတ်ဝင်စားတဲ့သူလေ။ ဒါပေမဲ့ အခါတိုင်းအဲလောက်မမြန်ပါဘူး။ နင် ငါ့အနားလာထိုင်တော့မှ ငါ့ကိုသတိထားမိအောင် ငါကြိုးစားခဲ့တာလေ။

ဒါပေမဲ့ ငါ ကံမကောင်းခဲ့ပါဘူးဟာ။ နင်အဲဒီအချိန်ကတည်းက ရည်းစားတွေထားလိုက်တာ တက္ကသိုလ်လည်းရောက်သည်ထိ။ ငါ အဲဒါတွေမတွေ့ချင်တော့လို့ နင်နဲ့ဝေးအောင် အဝေးသင်ယူခဲ့တာ နင်မသိဘူးမဟုက်လား။ ငါလည်း အချစ်ရေးမှာ ကံမကောင်းဘူးထင်ပါရဲ့။ နင့်တစ်ယောက်ကလွဲပြီး ဘယ်သူ့ကိုမှ တွေးမကြည့်ခဲ့ဖူးဘူး။ ဒီနေ့ချိန်ထိလေ။
ဘွဲ့ရပြီး ဒီဆိုင်လေးဖွင့်ပြီးကတည်းက ငါ အမြဲမျှော်ခဲ့တယ်။ နင်များ ငါ့ဆီလမ်းမှားလာမလားလို့ပေါ့။ မလာခဲ့ဘူးနော်။ ငါနားးလည်ပါတယ်။ နင့်မိသားစုနဲ့အဆင်မပြေတာတွေ။ ယောက်ဖနဲ့မနေချင်တာနဲ့ အလုပ်မှာသွားနေတော့ ငါတို့သူငယ်ချင်းတွေနဲ့ အဆက်ပြက်တော့တာပဲပေါ့။ ဒါပေမဲ့ သူငယ်ချင်းတွေဆုံတိုင်း နင့်အကြောင်းပြောကြတယ်။ ငါကတော့ နားထောင်ရုံသာ။
ဒီနေ့ ငါ့အတွက်ကံကောင်းတဲ့နေ့ရက်ထင်ပါရဲ့။ နင် ငါ့ဆီရောက်လာခဲ့ပြီ။ “ဧည့်သည်ကို လက်ဖက်ရည်မတိုက်တော့ဘူးလား” ဆိုတဲ့စကားသံလေးကို အလွမ်းပြေကြားရမှ အိပ်မက်မဟုတ်မှန်းသိရတယ်။
တကယ်ပါ ရင်ထဲမှာ တစ်ကယ်ပျော်ရွှင်နေခဲ့တာ။  နင့်စကားသံတွေထဲမှာ ငါ့အတွက်ပျော်ရွှင်ခြင်းတွေပါလာတယ်။ ရင်ခုန်နှုန်းလည်း ပိုပိုမြန်လာပြီ။ နင့်ရည်းစားနဲ့ကွဲသွားပြီတဲ့။ နင့်အတွက် စိတ်မကောင်းပေမဲ့ ငါ့ရင်ထဲက တိတ်တိတ်လေးပျော်ရွှင်သံကို ငါဘယ်လိုမှ တားမရခဲ့ဘူးလေ။ ဒီကြားထဲ နင်က ငါ့ခေါင်းက ဆံပင်ကိုလာလာဖွတာတစ်ခါနှစ်ခါမက။ ငါ့ရင်ခုန်သံတွေ ပိုပိုမြန်လာတာ ငါဘယ်လိုမှတားမရဘူး။ နောတ်ထပ်အခေါတ်ပေါင်းများစွာလည်း နင်လာပါရဲ့။ ဘာမှမပြောဖြစ်ပဲ ထွက်သွားတာချည့်ပဲ။ ငါကတော့ နင့်ကို ပြန်လည်တွေ့ခွင့်ရတဲ့အတွက် ငါ့ကံတရားကိုကျေးဇူးတွေ တင်နေမိတာ………………။
ခု နင်မလာတာတော်တော်ကြာပြီ။ နင် အချစ်သစ်တွေ့ပြန်ပြီလားဟာ။ ငါ့ ကံတရားက နင့်လက်ထဲ မလူးသာမလွန့်သာနဲ့ တိတ်တဆိတ်ရှင်သန်နေတာ နင်မသိဘူးထင်ပါရဲ့။ အကျိုးအကြောင်းလေးသိရအောင် ငါ့ဆီလာပါဦးဟာ။ ဒါမှမဟုတ် နင်နေများမကောင်းလို့လား။ နင်မလာတဲ့ရက်ကစပြီး ငါအလုပ်လုပ်ရတာ စိတ်မပါဘူး။ နင့်ကို သာ သတိရနေမိတယ်။ မနက်ခင်းတွေတိုင်းမှာ နင်လာမလားဆိုတဲ့မျှော်လင့်ချက်နဲ့လင်းလက်နေတဲ့ငါက ညနေတိုင်းမှာ နင် ငါ့ဆီမလာဘူးဆိုတဲ့အသိနဲ့ စိတ်တွေ ခြေကုန်လက်ပန်းကျလို့။
ငါအိပ်ဖို့မျက်လုံးမှိတ်လိုက်တိုင်း နင်မလာတဲ့ အကြောင်းတရားဆီသာ ငါရောက်ရောက်သွားတယ်။ အိပ်မပျော်ဘူးဟာ။ ကျောင်းတုန်းက နင်သင်ပေးတဲ့ နည်းလေးအတိုင်း ၁ ကနေ ၁၀၀ ရေပြီးအိပ်တော့မယ်။ တော်ကြာ မနက်ကျ အလုပ်မလုပ်နိုင်မှာစိုးရတယ် စရေတော့မယ်။
၁.၂.၃.၄…………………………၅၇..၇၇…………………………..
…………………………………………………………………………………………………
ဒီချစ်ခြင်းနှစ်ခု ပေါင်းဆုံဆည်းဖို့ လိုအပ်တဲ့ တွန်းအားတစ်ခု ဘယ်ကနေရနိုင်မလဲကွယ်
…………………………………………………………………………………………………………
……………..


မနေ့က အိပ်မက်ထဲမှာ နင်ပါပြန်ပြီ။ နင်နေမကောင်းဘူးတဲ့။ ငါ နင့်ကိုမမေ့နိုင်တာသေချာသလို နင့်အချစ်ကိုမရနိုင်တာလည်းသေချာပါတယ်။ ဒါပေမဲ့ ငါပြန်လာတော့မယ်ဟာ။ နင် ငါ့ကို မချစ်နိုင်ဘူးဆိုရင်တောင်မှ နင့်ကို ငေးကြည့်နေခွင့်လေးတော့ ငါ့မှာ ရှိသေးတာပဲ။ နင့်အတွက်ငါ သူငယ်ချင်းအနေနဲ့ ဖြည့်ဆည်းပေးနိုင်တာတွေ ရှိသေးတာပဲ။ ငါပြန်လာခဲ့တော့မယ်ဟာ။

နင့်ကိုကျေးဇူးအတင်ဆုံးအရာကတော့ အချစ်စစ်ဆိုတာကြီးကို ခံစားတတ်အောင်နင်သင်ပေးခဲ့လို့ပါ။ ဖွင့်ပြောမိဖို့တော့ မသေချာသေးဘူး။ နင်နဲ့ငါ သူငယ်ချင်းအဖြစ်မရတော့မှာကို ငါကြောက်လို့။ ငါလို ငပေကြောင့် နင့်ရဲ့အဖြူစင်ဆုံးနှလုံးသားလေး စိတ်ညစ်သွားမှာကြောက်လို့ပါ။ ဘာပဲဖြစ်ဖြစ် နင့်ဘေးနားမှာ သူငယ်ချင်းအဖြစ်နေဖို့ ငါပြန်လာတော့မယ်ဟာ။

အတွေးနဲ့ငါပျော်လာပြီ။ နင့်နဲ့တွေ့ဖို့စဉ်းစားမိမှ နင့်ကို ငါဘယ်လောက်ထိ တွေ့ချင်နေတယ်ဆိုတာသိတော့တယ်။ သူငယ်ချင်းရေ ငါပြန်လာပြီနင့်ဆီ လို့ စိတ်ထဲက နောတ်ရွှတ်ရွှတ်ပြောရင်း ကားပေါ်မှာ ငါတစ်ရေးအိပ်လိုက်ဦးမယ်။ အဲဒါမှ ရန်ကုန်ရောက်ရောက်ခြင်း နင့်ဆီ ငါလာဖို့ အားအင်ပြည့်နေမှာ။ အနားယူစရာမလိုမှာလေ။ သြော် အိပ်ပါတော့မယ်ဆိုကာမှ တွေးမိပြန်ပြီ။ အိပ်ပြီဟာ။
ကားကြီးကတော့ ရန်ကုန်-မန္တလေးလမ်းမကြီးမှာ တရွေ့ရွေ့မောင်းနှင်ရင်း………………………….

ဖွင့်ထားတဲ့ ရဲလေးရဲ့သီချင်းသံလေးကလည်း ကားပေါ်မှာ ပျံ့လွင့်လို့…………………………

......................................................
မင်းအနားနားနေပေးပါ ..............ကိုယ့်ဘ၀ရဲ့ နေ့များမှာ................ မင်းတစ်ယောက်ပဲလိုတယ် ကိုယ်မမှားပါဘူး ....................ဘယ်လိုမှလည်းမှားနိုင်

မင်းအနားနားနေပေးပါ ................ကိုယ့်ဘ၀ရဲ့နေ့များမှာ မင်းတစ်ယောက်ပဲလိုတယ် ကိုယ်မမှားပါဘူး

ငါသတိရနေပါတယ် အချစ်ရာ..

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်