Wednesday 12 September 2012

မျှော်လင့်ခြင်း



“ပန်းကလေးများ ပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာ ရွှေရည်လောင်း
ငါတို့စာသင်ကျောင်း”

မပီကလာ အသံလေးများနှင့် လက်ပိုက်ကာ ကဗျာဆိုနေကြသည်မှာ အသံလေးများ မညီ့တညီဖြစ်နေသော်လည်း နားဝင်ပီယံရှိလှသည်။ ထိုအသံလေးများကျော်၍ နောက်အခန်းသို့ဝင်လိုက်ချိန်ဝယ် ကလေးများက ဆရာမရှေ့ စာအံနေသည်ကို တွေ့ရသည်။

သူမကိုခေါ်ဆောင်လာသည့် ဆရာမနှင့် စာသင်နေသည့် ဆရာမတို့ စကားပြောနေစဉ် ကလေးများဘက်လှည့်ကြည့်မိတော့ စိတ်မကောင်းဖြစ်ရပြန်သည်။ ကျောင်းစိမ်းအသစ်မပြောနှင့်။ အဖြူအစိမ်းဝတ်လာသည့် ဦးရေက လက်ချိုးရေ၍ပင်ရသည်။ ထိုရောင်စုံကာလာဝတ်ဆင်သည့် ကလေးများတွင်လည်း အသစ်မဆိုထားနှင့်။ အရောင်ခပ်လတ်လတ်ဝတ်ထားသည့်ကလေးဦရေမှာလည်း ဆယ်ဦးပင် မပြည့်ချင်။ တူညီသည့်အရာကတော့ ကလေးတို့၏ မျက်နှာလေးများသည် သနပ်ခါးကိုယ်စီလိမ်းထားကြပြီး တစ်စုံတစ်ရာကို မျှော်လင့်နေဟန်ရှိသည်။

“ကဲ..ကဲ..စာ ပြီးမှဆက်သင်မယ်..မုန့်ဟင်းခါးစားရမယ့်အချိန်ဖြစ်သွားပြီ..စာအုပ်တွေ သိမ်း သိမ်း..မနေ့တည်းက ပန်းကန်နဲ့ဇွန်းယူလာလို့မှာလိုက်တယ်နော် မပါတဲ့သူရှိလား..ရှိရင်လက်ညိုးထောင်ပါ”

မည်သူမျှလက်ညိုးမထောင်သည့်အခါမှ ထိုဆရာမက သူမကို လက်ညိုးထိုးပြရင်း ကလေးများအား

“ဒါ သားတို့သမီးတို့ကို ဒီနေ့ မုန့်ဟင်းခါးကျွေးတဲ့ အလှုရှင်ပဲ မှတ်ထားကြနော် ဒေါ်ရွက်ဝါ…တဲ့ ”

ကလေးများကတော့ သူမအား တစ်ချက်သာကြည့်နိုင်သည်။ သူတို့၏ အာရုံက ကျောင်းရှေ့ ကွင်းပြင်က မုန့်ဟင်းခါးအိုးများဆီသို့သာ။ အိတ်ထဲမှ ထုတ်ထားသည့် ပန်းကန်နှင့်ဇွန်းလေးများကိုလည်း ကိုင်လိုက်၊ ခုံပေါ်ပြန်ချလိုက်နှင့်။ ကလေးတို့ကိုကြည့်ရင်း သူမပါ ပျော်မြူးလာမိသည်။ တချိန်တုန်းက သူမလည်း ဒီအခန်း၊ ဒီနေရာလေးမှာပဲ ဘယ်အချိန် မုန့်ဟင်းခါးစားရမလဲ ဟူသောအတွေးနှင့် မျှော်ခဲ့ဖူးသည်လေ။

ဟော..တချို့ကလေးတွေကတော့ မုန့်ရပြီး တချို့ကလေးတွေကတော့ မုန့်မရသေး၍ စောင့်ဆိုင်းနေကြပြန်သည်။ ပန်းကန်အသယ်အပို့လုပ်ပေးသည့် သုံးလေးတန်းအရွယ် ကျောင်းသားလေးသုံးယောက်မှာလည်း လက်မလည်အောင်ပင် ဗျာများနေကြသည်။ ကိုယ်ပါဝင်သယ်ပေးမှပဲ ကလေးများမုန့်မြန်မြန်ရတော့မည်ဟူသည့် အတွေးနှင့် စလင်းဘက်အိတ်ကို ခုံပေါ်တင်ရင်း ကလေးတို့ဆီမှ ပန်းကန်ယူကာ မုန့်သယ်ပေးမိတော့သည်။

အိုး..စားနေကြသည်မှာအားရဖွယ်။ တချို့ကလေးများကျ အစားမြန်လှချည့်။ မျက်စိတစ်မှိတ်အတွင်း နှစ်ပန်းကန်ကုန်သွားသည်မှာ ယုံနှိုင်ဖွယ်ရာပင်မရှိ။ ကိုယ်တောင်အဲ့လောက်စားနိုင်ပါ့မလား မသိ ဟုတွေးရင်း ပြုံးမိသေးတော့သည်။ အခန်းပြင်ဘက်လမ်းလျှောက်ထွက်ကြည့်မိတော့ ရင်ဝယ်ကြည်နူးမိရသည်။ မောင်နှမနှစ်ယောက် ပန်းကန်တစ်ချပ်၊ ဇွန်းတစ်ချောင်းနှင့် သူတစ်ဇွန်း၊ ကိုယ်တစ်ဇွန်းစားနေကြသည်မှာ ကြည်နူးဖွယ်ရာပင်။ အစ်ကိုလုပ်သူက ညီမအား ခွံ့ကျွေးလိုက်၊ ပေမှာစိုး၍ ဇွန်းလေးနှင့်အသာအယာ နှုတ်ခမ်းလေးအားသပ်ပေးသည်မှာ သူ့ညီမအား အရမ်းချစ်သည့်ပုံပင်။

တစ်ချိန်တုန်းကတော့ သူမလည်း မုန့်ဟင်းခါးသုံးပန်းကန်ကို ထစ်ထိုင်တည်းစားခဲ့ဖူသည်ဟု အမှတ်ရမိပြန်သေးသည်။ တချို့ကလေးများက မုန့်ထဲပါလာသည့် ဘဲဥခြမ်းများအား အိတ်လေးထဲအသာအယာထည့်သိမ်းတာ တွေ့မိပြန်တော့ မေးစရာမလိုပဲ အဖြေသိမိပြန်ချေသည်။ တချိန်တုန်းက သူမလည်း မုန့်ဟင်းခါးကို ပန်းကန်ထဲအပြည့်ဖြည့်ကာ အမေ့ကိုကျွေးချင်စိတ်နှင့်ယူခဲ့ဖူးသည်ပဲ။

“ဒီမှာလည်း အဝစား..အိမ်ကိုယူသွားချင်လည်း ယူသွားနော် ရတယ်”

ဆရာမများက ကလေးများ မယူရဲမည်စိုးသဖြင့် တတွတ်တွတ် တိုက်တွန်းနေသံကြားရတော့ ပြုံးမိရင်း .သူတို့ခမျာ ကလေးများဘက်က စဉ်းစားပေးရှာသည်..ဟုလည်းတွေးမိပြန်သည်။
ရွက်ဝါ သည်ကျောင်းကြီးမှာ နေခဲ့ဖူးသည်။ ဆရာ၊ ဆရာမတို့၏ မေတ္တာကို အပြည့်အဝခံယူခဲ့ဖူးသည်။
မြင်နေသည့်ကျောင်းဆောင်လေးတို့အားကြည့်ရင်း အတိတ်ကို စောင်းငဲ့လွမ်းမိပြန်သည်။

ကုန်းကမူလေးပေါ်ကအဆောင်လေးက သူငယ်တန်းလေးကနေ တစ်တန်းထိတက်ခဲ့သည့်အဆောင်ပင်။ ထိုအဆောင်တွင် သူမ အစ်ကိုတွေ မြှောက်ပေးသဖြင့် ကျောင်းသားလေးတစ်ယောက်နှင့်ရန်ဖြစ်ဖူးသည်။ နောက်ဆုံးမနိုင်တော့ နားရွက် ဖတ်ကိုက်ဖူးသည်။ ဘေးပတ်ပတ်လည်တွင်တော့ သူမအစ်ကိုတွေကော၊ ထိုကောင်လေး၏ အစ်ကိုတွေကော လက်ဝှေ့ပွဲကြည့်သလို လက်ခုပ်တီးအားပေးလို့။ အတန်းဖော်တွေတောင် အဆစ်ပါသေး။ မှတ်မှတ်ရရ သူငယ်တန်းလေး ပထမဆုံးစတတ်သည့်နေ့။ ရန်ဖြစ်သည့်အတွက် ဆရာမလေးက သတိထားမိသွားသော….ဖိုက်တာလေး..ဟု အသတ်မှတ်ခံရသောနေ့။

ထိုကုန်းပေါ်လေးက ဆင်းလိုက်တော့ မြေပြန့်ပေါ်မှာ ဆောက်ထားသည့် နှစ်ထပ်အဆောင်။ ထိုအဆောင်လေးတွင်ပင် သူမ နှစ်တန်းကနေ လေးတန်းအထိ ပညာသင်ခဲ့ရသည်။ ဒီ အ. .မ. က-၅ ဟူသော မူလတန်းကျောင်းလေးသည် သူမဘဝ၏ သိတတ်ခြင်းအချိန်အနည်းငယ်သာ ကျင်လည်ခဲ့ရသော်ငြား ဘဝ၏အစိတ်အပိုင်းထဲတွင် သူသည်လည်း မေ့မရနိုင်သော အတိတ်များစွာဖြင့်ရံဖန်ရံခါဆိုသလို အိပ်မက်ထဲသို့ ရောက်ခါ ဘဝအမောတွေကို ဖြေပေးတတ်သည်။

…………………………………………………

အိမ်ကနေကျောင်းကို တစ်မျှော်တစ်ခေါ်ကြီး လျှောက်ရသည်။ ပထမကွေ့က တရုတ်သချိ င်္ုင်းရှိသောကွေ့။ နောက် အ.လ.က- ၃ကို ကျော်သောကွေ့။ ပြီးလျှင်တော့ ကျောင်းလေးဆီသွားဖို့ လမ်းမကြီးကနေ လမ်းကွေ့လေးထဲချိုး။ ဟော ရောက်ပါပြီ။ သူမတို့ရဲ့ ကျောင်းတော်ကြီး။

အိုးဘိုကျောင်း ဟူ၍လည်းခေါ်သော၊ ဓါတ်မီးကျောင်း ဟု အမည်တွင်သော၊ အမက ၅ ဟု၍လည်း သတ်မှတ်ထားသော သူမတို့၏ ကျောင်းတော်ကြီး။  ထိုကျောင်းတော်ကြီးတွင် အုပ်ချုပ်သော ကျောင်းအုပ်ဆရာမကြီးမှာ ရာဇဝင်နှင့်။ ဒီမြို့လေး ၊ ဒီရေနံချောင်းမြို့လေးမှာ သူမတို့မတက်ခင် အနှစ်နှစ်ဆယ်ကျော်လောက်ကပင် ဆရာမကြီး အုပ်ချုပ်ခဲ့သည်။ သူမတို့မိဘတွေပင် ဒီဆရာမကြီးဆီမှာ ကျောင်းတတ်ခဲ့ရသည်။ ချစ်ခင်လေးစားရပါသော ဆရာမကြီး ဒေါ်ခင်မကြီး။ ဆရာမကြီး၏ သမီးနှစ်ယောက်လည်း ကျောင်းဆရာမပင်။ သို့သော် သူမတို့နှင့် ရင်းနှီးသော၊ သူမတို့လေးစားချစ်ခင်ရသော ဆရာမကဖြင့် တစ်ယောက်သာရှိသည်။ ဒီကျောင်းတွင်ပင် မူလတန်းပြဆရာအဖြစ်တာဝန်ထမ်းဆောင်နေသော ဆရာမ ဒေါ်ရွှေမမ။

။။။။။

ဆရာမကြီး ဒေါ်ခင်မကြီးက သူမကို တစ်အားချစ်သည်။ ထမင်းစားချိန်ရောက်တိုင်း သူမကို တကူးတက လာခေါ်၍ ခွံကျွေးသည်။ အိမ်မှထည့်ပေးသည့်ထမင်းချိုင့်က ဟင်းမကောင်းသည့်နေ့ဆို ကိုဖြိုးနှင့်ကိုဇော် ကြိတ်မှိတ်စားပေရော့။ သူမကတော့ ဆရာမဒေါ်ခင်မကြီးလည်း ရှိသည်။ သူမကို ဖိုတ်တာဟုခေါ်တတ်သော အတန်းပိုင်ဆရာမလေးလည်းရှိသည်။

အဲ အနောက်ကနေ တရွှတ်ရွှတ်နှင့်။ ကြည့်လိုက်တော့ ကိုဇော်နှင့် ကိုဖြိုး။ ဒီအချိန်က သူမတို့ အင်္ဂလိပ်စာအချိန်။ အသံတိတ်မေးလိုက်သည်။ ဘာလုပ်မလို့လဲ..ပေါ့။ ထွက်ခဲ့..ထပ်ခေါ်ပြန်သည်။ အွန် လွယ်အိတ်ပါယူခဲ့…ဆိုသည့်သဘော။ အိတ်ကိုလက်ညိုးထိုးပြပြန်သည်။ ဆူဆူအောင့်အောင့်နှင့် ပင် လွယ်အိတ်ယူပြီးထွက်လာတော့ နှစ်ယောက်လုံးက သူမလက်ကို တစ်ယောက်တစ်ဖက်စီဆွဲကာ ပုန်းလျှိုးကွယ်လျှိုးနှင့် ကျောင်းလစ်ရန်ပြင်ဆင်ပါတော့သည်။ သူမက ဘာလို့ ဒီလိုပုန်းနေတာလဲ…ဟုမေးသည့်အခါ ကျောင်းလစ်မလို့တဲ့။ ခုမ သူမက ကျောင်းတတ်ရတာပျော်တုန်းရှိသေး။ မလစ်ချင်ပါဘူး။ ဟောဒီ…..လို့ပဲအော်ရသေးသည်။ ကိုဖြိုးက ပါးစပ်ကို ပိတ်၍ ခေါ်လာသည်မှာ ကျောင်းအပြင်သို့ပင် ရောက်လာပြီ။

မြင်းလှည်းနှင့်အပြန် အမေတို့ရုံးရှေ့ကဖြတ်တော့ မြင်သွားမှာစိုးလို့ ခေါင်းကို ပုထားရသေး။ နောက်တစ်နေ့ရောက်ပြန်တော့ ဆရာမကြီးက သူမမှလွဲ၍ အစ်ကိုနှစ်ယောက်လုံးအား ဘောင်းဘီချွတ်ကာ ကြိမ်လုံးနှင့် ဆော်ပလော်တီးလေပြီ။ သူမကတော့ ဆရာမကြီးဘေးနားဝယ် လက်ကလေးပိုက်၍ လူလိမ္မာလေး လုပ်နေချေပြီ။ အစ်ကိုနှစ်ယောက်ကတော့ သူမအား မျက်စောင်းတခဲခဲ။
အဘယ့်ကြောင့်ဆိုသော် ညီမလေးနေမကောင်းလို့ ကျောင်းကနေပြန်တာ ဟူသည့်သူတို့စကားအား သူမက သူတို့လိမ်တာဟူ၍ တိုင်လိုက်သည်ကိုး။

............

ငယ်စဉ်ကပုံရိပ်လေးတွေ ပြန်တွေးမိပြန်တော့ စိတ်မှာခံစားရသည်က ဆရာ၊ဆရာမတို့၏ မေတ္တာရင်ငွေ့ကို ပြန်ခိုလှုံခွင့်သလိုလို။
ခုလည်းကြည့်ပါဦး။ ကလေးတွေအနားမှာ မုန့်ဟင်းခါးဟင်းရည်လိုရင် ပြောနော် ဟု တကြော်ကြော်အော်ပြောနေသော ဆရာမတို့၏ မေတ္တာငွေ့လေးတွေကို မြင်နေရသည်ပဲ။ ဟင်းရည်ထည့်ပေးရန် ချိုင့်လေးများဆွဲကာ ကလေးတို့၏ဘေးနားရပ်နေသည့် ဆရာမလေးများအားကြည့်ရင်း ကြည်နူးမိပြန်သည်။

“ဆရာမ ဒါက ရေထိန်းနံရံလုပ်ဖို့ ဆယ့်နှစ်သိန်းပါဆရာမ.. ဒါကတော့ ကျောင်းခြံစည်းရိုးအုတ်တံတိုင်းကာဖို့ ငါးသိန်း ဆရာမ”
အလှုငွေလက်ခံနေသည့် ဆရာမ၏ မျက်ဝန်းဝယ် ကြည်နူးရိပ်တို့လဲ့ဖြာနေသည်။

“ဝမ်းသာလိုက်တာ သမီးရယ် မေမေသိရင်လည်းဝမ်းသာမှာ သူ့တပည့်တွေ ဒီလိုမျိုးကျောင်းကို လာလှုသွားမှန်းသိရင် ……ဒီကျောင်းကထွက်တွေထဲမှာ အဆင်ပြေနေတဲ့သူတွေအများကြီးရှိပေမယ့် သမီးတို့လို ကိုယ့်ကျောင်းကိုယ် ပြန်ကြည့်တဲ့သူက သုံးလေးယောက်လောက်ပဲရှိတာ”

ဆရာမကို ခေါင်းငြိတ်ပြလိုက်ရင်း သူမ ရင်ထဲမလည်းကြည်နူးနေမိသလို ဂုဏ်ယူနေမိသည်ပဲ။ တချိန်တုန်းက တက်ခဲ့သည့် ကိုယ့်ကျောင်းကို မမေ့မလျော့စွာ တတပ်တအားကူညီနေရသည်ကို တကယ်ပင် ဂုဏ်ယူမိပေသည်။

အလှုငွေများပေးအပ်ပြီး ကျောင်းမှပြန်ထွက်လာတော့ ခြေလှမ်းတို့က သွက်လက်နေသည်။ ကိယ့်ကျောင်းကိုယ် ကူညီခွင့်ရလေခြင်းဟု။
ဘဝဝယ် အဆင်ပြေသည်လည်းရှိမည်။ အဆင်မပြေသည့်အချိန်လည်းရှိပေမည်။ ယခုလိုအဆင်ပြေသည့်ကာလတွင် ကိုယ့်မြို့နယ်က ကိုယ့်ကျောင်းအား တတပ်တအားကူညီနိုင်ခြင်းသည် သူမအတွက်တော့ ထူးကဲသည့် ကုသိုလ်ဟုပင် ခံယူထားမိသည်။ တက်နိုင်မည်ဆိုလျှင်တော့ မီးမှန်မှန်မလင်းသော သူမ၏ ရေနံချောင်းမြို့လေးအား နှစ်ဆယ့်လေးနာရီ မီးပေးနိုင်ရန် စွမ်းဆောင်ချင်လှသည်။ မီးလာသည့်အခါမှာလည်း ခရမ်းချဉ်သီးလောက်သာလင်းသည့်မီးအားကို ဆယ်ဆတိုးလင်းပေးချင်မိသည်။

တချိန်တချိန်မှာတော့ သူမ၏ရေနံချောင်းမြို့လေးသည်လည်း ရန်ကုန်မြို့ကြီးနည်းတူ ထွန်းတောက်လာပေလိမ့်မည်။ ယခင်ကျောင်းတက်ခဲ့သော၊ ရေနံချောင်းမြို့သူတစ်ဦးဖြစ်သူ သူမက ကိုယ့်မြို့ကို မမေ့သကဲ့သို့ ကိုယ့်မြို့ကိုချစ်တတ်သော၊ ကိုယ့်ကျောင်းကိုချစ်တတ်သော၊ ကိုယ့်လူမျိုးကိုချစ်တတ်သော သူတို့သည်လည်း ယခုကျောင်းတက်နေသူများထဲမှပေါ်ထွန်းလာသည့်အခါ သူမ၏ ရေနံချောင်းမြို့လေးအား ထွန်းတောက်လာအောင်ကြိုးစားကြပေလိမ့်မည်။
တချိန်ကျလျှင်တော့ ရေနံချောင်းမြို့လေးသည် မြန်မာနိုင်ငံ၏ ပထမမြို့တော်မဖြစ်လင့်ကစား ရန်ကုန်မြို့ကဲ့သို့ပင် သွားရေးလာရေးသာ၍ လုပ်ငန်းများပေါများလာပေလိမ့်မည်။ ယုံကြည်ပါသည်လေ။ သူမလိုပင် ကိုယ့်မြို့ကို မမေ့သော ကျောင်းသားလူငယ်လေးများပေါ်ထွန်းလာမည်ဟု။ အတွေးနှင့်အတူ ကြည်နူးစွာပြုံးမိတော့ နားထဲဝယ် ကလေးတို့၏ စာအံသံလေးများလျှံလာသလိုလို။

“ပန်းကလေးများပွင့်တော့မည်
ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း
ငါတို့စာသင်ကျောင်း”

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရည်ဝေ(ရေနံ့သာသူ)

1 comment:

မိုးနတ်ကြယ်စင် said...

ဇာတ်အိမ်ကောင်းကောင်းလေးနဲ့ ၀တ္ထုတိုလေး ခံစားအားပေးသွားတယ် ရည်ဝေရေ....ဆက်လက်ပြီး ထုဆစ်နိုင်ပါစေ..
ခင်မင်နေတဲ့..မိုးနတ်

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်