Wednesday, 10 July 2013

အစွန်းများ

ပေါင်းနုတ်မြှောက်စားနဲ့
အချိန်ကုန်နေရတာကြာလာတော့
စာရေးဖို့စိတ်ကလေးဟာ လူးလူးယိုင်ယိုင်ဖြစ်လာတယ်
သုည ငါးလုံးလေးဟာ
ဘယ်လောက်မှ အသုံးမခံတဲ့အခါ
တကယ်နေနိုင်ပါ့မလား ကိုယ့်ကိုယ်ကိုပြန်သံသယဝင်လာတယ်

လူ

ကိုယ်တိုင်ပျောက်ရှသွားမယ့်
သင်္ခါရမှန်းသိခဲ့တယ်
ခက်တာက
ခုထိစိတ်ကုန်လက်ပမ်းမရှိသေးဘူး
ဘဝကြီးကိုက
အကောင်းဆုံးကစားကွင်း
တစ်ခုပဲ
အဝေးကွင်းမှန်းသိသိနဲ့
အိမ်ကွင်းအဖြစ်အမှတ်မှား
ပရိတ်သတ်အားရှိတယ်ဆိုပြီး
ကစားကွက်တွေချော်တာဆိုးတယ်
ဒါပေမယ့်လည်း
စိတ်ကုန်လက်ပမ်းမကျသေးဘူး
ကိုယ်တိုင်ပျော်ကျတဲ့အထိ
ကစားလို့ကောင်းတုန်း ..,။

ရည်ဝေ(လင်းရောင်ခြည်)

Tuesday, 9 July 2013

မာန နှင့် သံယောဇဉ်ကြား ဗျာများနေရသော ဝေဒနာ

ပါးလျလာသော နားလည်မှုတံတိုင်းကို သူကော ကျွန်တော်ပါ ပြန်မတည်ဆောက်တော့ပါ။ ရှိလက်စနဲ့ရှိပါစေတော့။ ပျက်လက်စနဲ့ ပျက်ပါစေတော့။ မည်သို့ပင်ဆိုစေကာမူ ခင်မင်ခြင်းကတော့ ထာဝရအတွက် တည်ရှိနေမှာအမှန်။ သူငယ်ချင်းသံယောဇဉ်သည် ထုထည်ကြီးမားလားသည့်အခါ မောင်ရင်းနှမပမာ၊ ညီရင်းအစ်ကိုပမာ ဖြစ်တည်သွားတတ်သည်ပင်။ သွေးရင်းတစ်ယောက်ကဲ့သို့ပင် ပြန်လည်ထူထပ်လာမည့် နားလည်မှုတံတိုင်းကို မျှော်လင့်နေပါမည်။ သို့သော် အချိန် လိုဦးမည်ထင့်။

သုညတစ်ကောင်၏ ပြောင်းလဲခြင်း ဖြစ်စဉ်

သုညတစ်ကောင်၏ ပြောင်းလဲခြင်း ဖြစ်စဉ်

ကမ္ဘာကြီးညာသည်။ လှလှပပကြီးညာတတ်သည်။ ကျွန်တော် ကျရှုံးသည်။ ရှင်သန်ဖို့ ကြိုးစားမည်။
            သုညလေး တန်ဖိုးရှိလာတော့ အမြင့်ကိုပဲ မျှော်မိ၊ အကျနာမှာကို ကြောက်တတ်ခဲ့၏။ အရာရာကိုရှောင်ပုန်း အခွံအောက်က လိပ်လေးတစ်ကောင်လို မျက်စိသူငယ်နားသူငယ်နှင့် ရှိလက်စ တန်ဖိုးလေးကျမှာ ကြောက်တတ်ခဲ့သည်။
ဟော ကြောက်ကြောက်ရွံ့ရွံ့နှင့်သုညလေးပြုံးနေပြန်ပြီ။ ပြုံးမိပြန်ပါပြီ။
သုညတစ်ကောင်တွင် တန်ဖိုးရှိပါသလား။ ကျွန်တော်မသိပါ။ သို့သော် ကျွန်တော် သုညတစ်ကောင်ဖြစ်ပါသည်။ ကျွန်တော့်တွင် သူရှိမှ ကျွန်တော်၏ တန်ဖိုးသည် အမြင့်သို့တက်လာသည်ကိုတော့ ကျွန်တော်သိသည်။ သုညတစ်ကောင်အတွက် တန်ဖိုးဆိုသည့်အရာကို မကျွမ်းကျင်မရင်းနှီးပါ။ သုည၏ တာဝန်သည် နောက်ပါးမှ ကပ်နေဖို့သာဖြစ်သည်။ သို့သော် ကျွန်တော် တစ်ကောင်တည်းနေချင်ပါသည်။ သုညလေးတစ်ကောင်တည်းရှိနေလျှင်မူ ဝလုံးဟု သတ်မှတ်ကြကာ သုညလေး၏ တန်ဖိုးသည် စာတစ်လုံးအဖြစ်သို့ ရောက်ရှိလာသည်မဟုတ်ပါလား။ သို့သော် ကျွန်တော် သုညတစ်ကောင်သာဖြစ်သည်။
ဝလုံး အတုအယောင်သာ ဖြစ်နေသေးသည်။
တချိန်မှာတော့ ဝလုံးလေး အစစ်အမှန်အဖြစ်သို့ ရောက်ရှိချင်ပါသည်။

Monday, 8 July 2013

ငယ်

“ငယ်”

ငယ်
အလွမ်းတစ်ခု ဖန်တီးမိတယ် ငယ်
မနေ့က
ဟိုတနေ့က
ဟိုးတလောက
ဟိုးတစ်လက
ငယ်
ပုံရိပ်တွေဟာ နှလုံးသားမှာ ဆန်းသစ်လာ
တကူးတကအလွမ်းဟာ နှလုံးသားကိုစိုက်စိုက်လာ
ရုန်းထွက်တယ်
ငြိ ငြိ ငြိတယ်

Saturday, 6 July 2013

ခရီးဆက်မယ်

“ခရီးဆက်မယ်”

ကမ်းမမြင်လမ်းမမြင်
ဖူးပွင့်နေတဲ့ အိပ်မက်တွေ
လရောင်ဆမ်းတဲ့ လမ်းကိုမှ လျှောက်ချင်နေသတဲ့
ဆက်ပေါ့
လရောင် မခပ်နိုင်သေးခင် ခဏလောက်တော့ ပင်ပန်းလိုက်ဦး
ဖိနပ်ပေါက်သည်ထိ လျှောက်ကြစို့ဦးရဲ့။

ဟိုမှာဒီမှာ
ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် လမ်းချော်သူတွေရှိတယ်
ဟိုမှာဒီမှာ
ကိုယ့်ခံယူချက်နဲ့ကိုယ် လမ်းကျော်သူတွေရှိတယ်
ဒီမှာဒီမှာ
ကိုယ့်ခံယူချက်နဲ့ကိုယ် ဖေါ့ဆို့လို တန့်နေရသူတွေရှိတယ်
ဒါပေမယ့်လည်း နှလုံးသားတွေ ပေါက်ပြဲသည်ထိ ဆက်ကြစို့ဦးရဲ့။

မတွေးမမြင်မသိခြင်းတရား
ဒီသုံးပါးကို သိရင် အားလုံးကျော်ဖြတ်နိုင်တယ်
မတွေးခြင်းကြောင့် အဆုံးသတ်ကို မမြင်
မမြင်တဲ့အတွက် အဆုံးသတ်ကို မသိ
အဆုံးသတ်ကို မသိတဲ့အတွက် ရှေ့ကိုပဲ ခရီးဆက်ချင်နေတယ်
ဆက်ပါလေ
လရောင်ဆမ်းတဲ့ လမ်းလေးက စောင့်နေပါတယ်
ဒို့လက်တွေ ပေါက်ပြဲသည်ထိ ခရီးဆက်ကြစို့ဦးရဲ့။

အဆုံးသတ်ကတော့မမျှော်လည်း ရောက်လာ လိမ့် မယ်။

ရည်ဝေ(လင်းရောင်ခြည်)

မအေးနောက်ဆို လိမ္မာပြီ


အခန်း(၁)
“အမေ သမီး မလုပ်ချင်ဘူး အမေရယ်….အဖေ့ကို ရိုးရိုးသားသားပြောပြီး ဈေးဖိုးပိုတောင်းလိုက်ပါ့လား”
“မရလို့ပေါ့အေ…ငါးထောင်ထဲပါအေ..ညည်းအဖေက သူ့ပိုက်ဆံအိတ်ကို သတ်သတ်မှတ်မှတ်ရေတွက်မထားပါဘူး..ဒီတစ်ခါတည်းပါအေ..အရေးကြီးနေလို့မို့ပါ”
“မိသွားရင် သမီးကို အဖေက ရိုက်မှာ…အဖေအရိုက်ကြမ်းတာလည်း သိရဲ့သားနဲ့”
“မိသွားရင် ငါပြောပေးမယ်အေ..ဒီတစ်ခါတည်းပါဆိုကာမှပဲ”
“ဟင်း….” 
“ဒီတစ်ခါတည်းနော်အမေ ”…
 “အေးပါအေ..ဒီတစ်ခါတည်း..ဒီတစ်ခါတည်း”
ဇွတ်အတင်း မေးလာသော သမီးကို ပြီးလွယ်စီးလွယ်သာ ခေါင်းညိတ်ပြလိုက်ရသည်။ တကယ်က မအေးရင်ထဲလည်း မချိပါ။ သမီးလေးကို ခုလိုခိုင်းလိုက်ရသည့်အတွက် သူမရင်ထဲလည်း ရှက်ရွံ့နေသလို သမီးလေးကိုလည်း သနားနေရသည်မဟုတ်ပါလား။
အခန်း(၂)
အိပ်ပျော်နေသော ဦးဇော်နှင့် မအေး၏ ခြင်ထောင်ထဲသို့ ကလေးလက်ကလေးတစ်ဖက်ဝင်လာသည်။ ထို့နောက် သူမ၏ လက်ချောင်းသေးသေးလေးကို ဦးဇော်၏ခေါင်းအုံးအောက်ထဲ အသာအယာသွင်းကာ ပိုက်ဆံအိတ်ကို ရှာလိုက်သည်။ တွေ့ပါပြီ။ ပိုက်ဆံအိတ်ဇစ်ကို အသာအယာဆွဲကာ အုပ်လေးများထဲက ဟိုတစ်အုပ် တစ်ရွက်၊ ဒီတစ်အုပ်တစ်ရွက် ဆွဲလိုက်သည်။ ပြီး ပြန်ထုတ်ကြည့်လိုက်၏။ ငါးထောင်ပြည့်ပြီ။ ဇစ်ကို အသာဆွဲပိတ်ကာ ပိုက်ဆံအိတ်ကို ဦးဇော်၏ ခေါင်းအုံးအောက် ပြန်သွင်းပေးလိုက်သည်။ ဦးဇော်ကတော့ တခူးခူးနှင့် အိပ်ပျော်လို့။ မအေးကတော့ အိပ်ချင်ဟန်ဆောင်လို့။
 “တော်လိုက်တာဟယ် ညည်းအဖေမသိအောင် ယူတတ်သားပဲ”
သမီးလေးကို ချီးကျူးရင်း မအေး သူမလက်ထဲက ငွေငါးထောင်ကို တရွှမ်းရွှမ်းရေပစ်လိုက်သည်။ ဒါဆိုလျှင်တော့ အကြွေးဖဲ့ဆပ်ရင်း နောက်ထပ်ကံစမ်းလို့ရပြီဟုလည်း တွေးလိုက်မိသေးသည်။
“အမေ့ သမီးကို မုန့်ဖိုးပေးဦး ခါတိုင်းထက်ပိုပေးနော် ခါတိုင်းပေးတဲ့ ၁၀၀ က အသုပ်တစ်ပွဲစာပဲရှိတယ် သမီးက အအေးလည်းသောက်ချင်တာ”
“ရော့ ရော့ ငါးရာယူသွား”
လိုအပ်လျှင် နောက်ထပ်ယူခိုင်းရန် သမီးလေးကို မုန့်ဖိုးဖောဖောသီသီပင် ပေးလိုက်သည်။ ဒါမှသူလည်း ကျေနပ်သွားမည်မဟုတ်လား။
အခန်း(၃)
လက်ကလေးတစ်ဖက် ခေါင်းအုံးအောက်သို့ ဝင်သည့် အကြိမ်အရေအတွက် စိပ်လာသည်။ နောက် မအေးမသိအောင်ပင် ပိုယူတတ်လာခဲ့ပြီဖြစ်၏။ ဦးဇော်ကြီးကတော့ အိပ်ကောင်းတုန်း။ကလေးတစ်ယောက်၏ ပျက်ယွင်းလာသော ကိုယ်ကျင့်တရား၊ ကျောင်းခန်းထဲဝယ် ပိုက်ဆံသုံးနိုင်သူ ကျောင်းသူတစ်ဦးအဖြစ်ကို မက်မောမှု ထိုအရာတို့ကို ထိန်းချုပ်နိုင်မည့်သူ မရှိတော့။။ သို့သော်..
ဦးဇော် စက်ဘီးဘရိတ်ကြိုးကို ခပ်ဆဆချိန်ရင်း သမီးငယ်ကို မေးလိုက်သည်။
“ဘာလို့ယူတာလဲ ခိုးတယ်ဆိုတာ ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လား ဟင်”
ထိတ်လန့်ကြောက်ရွံ့နေသော သမီးငယ်၏ မျက်ဝန်းအစုံက မအေးဆီရောက်သွားတော့ ဦးဇော် အနည်းငယ်ဝမ်းသာသွားသည်။ ကိုယ့်အသိဥာဏ်နှင့်ယူခြင်းမဟုတ်ပါပဲ သူ့အမေခိုင်းခြင်းဟု ဦးဇော် နားလည်ထားသည်။ သမီးလေးတွင် ခိုးတတ်ဝှက်တတ်သည့်အကျင့်မရှိပါ။ ခုတော့ လက်သည်ပျောက်နေသည်မို့ သမီးလေး ဖွင့်ပြောစေချင်သည်။ သူ့အမေဟု ဖွင့်ပြောလိုက်လျှင် မိန်းမကိုလည်း ဆုံးမ၍ ရမည်မဟုတ်လား။
“ဘယ်သူယူခိုင်းတာလဲ မကြောက်နဲ့ သမီး ပြော”
သမီးငယ်ဆီက အသံ ထွက်မလာ။ မအေး၏ မသိမသာ ခေါင်းယမ်းပြခြင်းကို ဦးဇော်မမြင်လိုက်ရ။
 “ရွှမ်း..ရွှမ်း…ရွှမ်း”
……………………
ဦးဇော် အိပ်နေသော သမီးငယ်ကို လှမ်းကြည့်မိရင်း သက်ပြင်းချလိုက်မိသည်။ ရိုက်သာရိုက်ရသည်။ စိတ်မကောင်း။ ဒါ ဘယ်သူ့ကြောင့်လဲ ဆိုတာကိုလည်း သူသိသည်။ သမီးငယ်မှာ ဒီလိုခိုးယူတတ်တဲ့အကျင့်မရှိ။ တစ်ယောက်ယောက်က သင်းပေးခြင်း။ သမီးငယ်ကို ဒီလို လုပ်ဆောင်ဖို့ရာ တွန်းအားပေးနိုင်သူမှာ သူ့မိန်းမတစ်ယောက်သာရှိသည်။ ခက်တာက သမီးငယ်က အရိုက်ခံရတာတောင် သူ့အမေနာမည်မပြောတော့ သူ့မိန်းမသူ ပြောဖို့ရာကလည်း ခက်နေပြန်ပါသည်။ အဲဒီလိုမပြောတဲ့ သမီးငယ်ရဲ့ စိတ်ဓါတ်လေးကိုလည်း ချစ်မိပြန်ပါသည်။
အပြစ်မပေး၍ မဖြစ်သောကြောင့်သာ ပေးလိုက်ရသည်။ တစ်ကယ်ကို စိတ်ထဲဝယ် မကောင်း။
ဘာပဲဖြစ်ဖြစ် ဒီလိုအပြစ်ပေးခြင်းကြောင့် သမီးငယ်လေး၏ စာရိတ္တမဏ္ဍိင်လေးပြန်လည် ထူထောင်နိုင်သွားမည် ဟု သူယုံကြည်သလို ဘယ်သောအခါမှ ပျက်စီးခြင်းမရှိတော့ဟုလည်း ယုံကြည်ထားမိပြန်ပါသည်။
သမီးငယ်စိတ်ထဲ မအေဖြစ်သူကို ငြိုငြင်သွားမလား။ ကလေးတို့သဘာဝ ခဏတော့မှတ်ထားနိုင်ပါသည်။ သိပ်မကြာခင် မအေကိုချစ်သော သမီးငယ်လေးအနေဖြင့် မေ့သွားပါလိမ့်မည်။
ဟော..အအိပ်ကြမ်းသော သမီးငယ် စောင်ကို ခြေနှင့် ကန်ချလိုက်သည်။ စောင်ကိုအသာပြန်ခြုံပေးရင်း တွေးမိသည်ကတော့ မိန်းမဖြစ်သူကို ဈေးဖိုးတိုးပေးရမည်ရယ်လို။ နို့မို့ သူ့သမီးငယ်လေးကို နောက်တစ်ခေါက် အပြစ်ပေးစရာ အကြောင်းရင်း ပေါ်လာမှာ စိုးလှပါသည်။
အခန်း(၄)
ခြင်ဆေးခွေကို ထွန်းညှိရင်း သမီးဖြစ်သူကို ကြည့်မိတော့မနိုးသေး။ ဒီကလေးက အအိပ်မက်သည်လေ။
ကလေးလို့သာ ဆိုရတာ အသက်က ဆယ့်သုံးနှစ်ဆိုတော့ အတန်အသင့်တော့ နားလည်တတ်သည့်အရွယ်ရောက်နေချေပြီ။ မနေ့က ဖအေဖြစ်သူကိုများပြောလေမလားရယ်လို့ မအေးမှာ ကြောက်လိုက်ရတာ။ ပြောခဲ့လျှင်မအေးယောင်္ကျားဖြစ်သူက အရိုက်ကြမ်းသည်မို့ မအေးလည်း အရိုက်ခံရမည်ပင်။ မပြောသည့်အတွက်လည်း ကျေးဇူးတင်သလို သမီးခြေသလုံးသားလေးက အရှိုးရာတွေ တွေ့မိပြန်တော့လည်း စိတ်မကောင်း။
မအေးကို စိတ်ခုနေမှာတော့သေချာပါသည်။ မနေ့က အရိုက်ခံနေသော သမီး၏ မျက်လုံးလေးထဲဝယ် စိတ်နာခြင်းတို့ တွေ့ရသည်။ သူ့အဖေရိုက်နေချိန်ဝယ် မအေး လည်းရှေ့မှ ကာဆီး မတားမြစ်ရဲပါ။ မအေး ခိုင်းတာမှန်းသိ၍ မအေးကိုပါ ရိုက်မည်ကို စိုးရွံ့သည် မဟုတ်ပါလား။ “သမီးရယ် နောက်နောင် အမေ ဘယ်တော့မှ မခိုင်းတော့ဘူးနော်”..ဟု စိတ်ထဲက ပြောရင်းသမီးငယ်ကိုကြည့်မိပြန်တော့ အနည်းငယ် လူးလွန့်နေသည်။ ဒါဆို အိပ်ယာက နိုးပြီ။ မအေး ရှိနေသေး၍သာ မထခြင်း။ မအေး ပြုံးလိုက်မိရင်း ဈေးသို့သွားရန် ခြင်းတောင်းဆွဲထွက်ခဲ့လိုက်၏….။
ယခင် မအေးယောင်္ကျားပေးတဲ့ ဈေးဖိုးက မစို့မပို့။ မည်သည့်နည်းနှင့်မျှ စားမလောက်။ အသားမပါလျှင်လည်း မစားနိုင်။ ဒီလိုနည်းနှင့် နှစ်လုံးထိုးကာ ကံစမ်းသည့်ထဲမအေး ရောက်သွားသည်။ အကြွေးတွေ တဖြည်းဖြည်းနှင့်များလာသည်ကို ယောင်္ကျားဖြစ်သူသိမှာစိုးသဖြင့် တက်နိုင်သလောက်ဆပ်ခဲ့သည်။ မအေးယောင်္ကျားက ကုမ္ပဏီတစ်ခု၏ အရောင်းစာရေး။ တစ်လလျှင် အောက်ဆိုဒ်လေးပါမှ လစာက တစ်သိန်းခွဲသာရသည်။ သို့သော် ပိုက်ဆံကို မအေးကိုမပေး။ သူ့အိတ်တွင်သာထား၍ တစ်နေ့ဈေးဖိုး ၁၅၀၀ သာ။
၁၅၀၀ နှင့် မလောက်ကောင်းလားဆိုတော့ မအေးမှာလည်း လိုချင်သည့်အရာ၊ ဝယ်ချင်သည့်အရာတို့ ရှိသည်။ ဈေးမှာချရောင်းသော အဝတ်အစားထဲက ကြိုက်တာတွေလျှင် ယူချင်သည်. ဝယ်ချင်သည်။ဒီတော့ အိမ်ဘေးက အဒေါ်ကြီးဆွယ်ရာ အလွယ်တကူနှင့် လိုက်ပါမိရင်း နှစ်လုံး၊ သုံးလုံးဆိုသော ပင်လယ်ထဲ လက်ပစ်ကူးခဲ့မိသည့်။
ခုတော့ခုတော့ မအေး မိုက်ခဲ့သမျှ သူမသမီးငယ်လေးက အပြစ်ခံပေးရှာသည်. ဖအေဖြစ်သူကို ဖွင့်မပြောပဲ ကြိတ်မှိတ် အရိုက်ခံရှာ၏။ တော်ပါသေးသည် ။ ဒီနေ့ကစပြီး ယောင်္ကျားဖြစ်သူက ဈေးဖိုး ၂၅၀၀ ပေးမည်တဲ့။ အကြွေးလက်ကျန်လေးကို ဆပ်ရင်း လောင်းကစားမလုပ်တော့…ဟုတွေးရင်း။ နောက်တစ်ခါလည်း သမီးငယ်လေးကို ဒီလိုထပ်ခိုင်းရဦးမည်ဆိုလျှင် မအေးထက် မိုက်မဲတဲ့ မိခင် ရှိမှာ မဟုတ်တော့။ သမီးငယ်လေးလည်း စိတ်နာသွားမည်မှာ သေချာသည်။
“မအေးရေ ဒီနေ့ကော..ဘာထိုးဦးမလဲ…..၂ ကောင်းတယ်နော့”
“တော်ပါပြီရှင်”..ဟုဖြေရင်း အိမ်အပြန်လမ်းသို့။ သို့သော် ခြေလှမ်းတို့က နောက်လှည့်ချင်နေသလိုလို…။
……………………………………………………………..
“အမေ့ ဗိုက်ဆာတယ်…”
ပြောချင်သလိုလို မပြောချင်သလိုလိုနှင့် အနားလာရပ်ကာပြောသောသမီးကိုကြည့်ရင်း မအေး ပြုံးလိုက်မိပြီ။ ဒီနေ့ သမီးစိတ်ကြိုက်တွေချည်း။ ကြက်သည်းမြစ်ကြော်၊ ချဉ်ပေါင်ဟင်း၊ ငရုတ်သီးထောင်း။ ကဲ စိတ်ကြိုက် ထမင်းပွဲလေးပြင်ထားပြီးပြီ။
ထမင်းအုပ်ဆောင်းလေးဖွင့်လိုက်တော့ ကြက်သည်းမြစ်အရမ်းကြိုက်တဲ့ သမီးမျက်လုံးလေး ဝင်းလက်သွားတာကိုကြည့်ရင်း…စိတ်ထဲကတော့ “အမေ တောင်းပန်ပါတယ် သမီးရယ်” လို့။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ရည်ဝေ(လင်းရောင်ခြည်)

သူငယ်ချင်းပေးတဲ့ လက်ဆောင်ကဗျား)

သူဟာ ငှက်ကလေးပေါ့။
လွတ်လပ်ခြင်းတွေကို ကောင်းကင်လို့ သူသတ်မှတ်ထားတယ်။

ကိုယ်ဟာ သစ်ပင်လေးပေါ့။
ငှက်ကလေးခိုနားဖို့ အသိုက်ကို
အချစ်လို့ ကိုယ်သတ်မှတ်ထားတယ်။

ငှက်ကလေးလား..........သူ မာနသိပ်ကြီးတာပေါ့ ။
သစ်ပင်လေးလား..........သူ သိပ်သိုဝှက်လွန်းတာပေါ့ ။

ငှက်ကလေးက သစ်ပင်လေးကို တွယ်တာသတဲ့ ။
သစ်ပင်လေးက ငှက်ကလေးကို မြတ်နိုးသတဲ့ ။

သစ်ပင်လေး စိုးရိမ်တာ တစ်ခုရှိတယ်
ငှက်ကလေးတောင်ပံတစ်ချက်ခတ်တိုင်း
သူ့အနားက ပျံထွက်သွားမှာကိုပေါ့ ။

ငှက်ကလေး စိုးရိမ်တာ တစ်ခုရှိတယ်
သစ်ပင်လေးရွက်ကြွေတွေ ဝေတိုင်း
သူ့အပေါ် စိတ်ပြောင်းသွားမှာကိုပေါ့ ။

ဒီနေ့
မိုးတွေသည်းတယ် လေတွေထန်တယ်
မိုးသည်းထဲက သစ်ပင်လေး
ခိုက်ခိုက်တုန်အောင် ချမ်းနေရှာတယ်လေ ။
ငှက်ကလေးရေ......... ငှက်ကလေး........
မင်း ဘယ် ရောက် သွား တာ လဲ ဟာ ။

မျိုးကို

(သစ်ပင်လို့ ကိုယ့်ကိုကိုယ်နာမည်ပေးထားတဲ့ မရည်ဝေအတွက်) :P

Friday, 5 July 2013

ဂျစ်

ထမင်းသိုးဟင်းသိုးလေးပါလေ
စိတ်လိုလက်ရ ရှိမှ
သတိတရစကားဆိုတတ်တာမဟုတ်လား

ဝေခွဲဖို့လည်းမတတ်ဘူး
ပိုင်းခြားဖို့လည်း စိတ်မဝင်စားဘူး
အရာမဝင်တဲ့နေရာမှာ
အရောင်လက်မပြချင်ဘူး

ဂျင်းစိမ်းနဲ့မိဿလင်လို
မှန်စည်းမျဉ်းကိုပဲနှစ်သက်
ကိုယ့်စိတ်ပျော်ဝင်မှုကိုပဲ
အရောင်လက်စေချင်ခဲ့တာ

မကြမ်းတကြမ်းလမ်းလေးပါ
ဖိနပ်ပေါက်သည်ထိလျှောက်မယ်
အရာဝင်ဖို့တော့မဟုတ်
ကိုယ့်နှလုံးသားကိုယ်
အရောင်လက်စေချင်လို့ပါ။

Thursday, 4 July 2013

ငှက်ကလေးအတွက် ဒိုင်ယာရီ

ကျွန်တော်က ငှက်ကလေးအတွက် ထမင်းသိုးဟင်းသိုးလေးပါ။
တခါတလေမှ သူကကျွန်တော့်ကို သတိရတတ်တာ။
ဒါ သစ်ပင်ရဲ့ ဒိုင်ယာရီစာမျက်နှာ အမှတ်စဉ်တစ်။

ကျွန်တော်က ငှက်ကလေးအတွက် ဘာတစ်ခုမှ ဖြည့်ဆည်းမပေးနိုင်တဲ့ ဖေါ့ဆို့လိုကောင်
အလယ်မှာ ကန့်လန့်ကြီးရပ်နေမိရင်း
ငှက်ကလေးကို သဝန်တိုဖို့သာတတ်နိုင်သူ တစ်ယောက်ပေါ့။

ကျွန်တော်က ငှက်ကလေးအတွက် လွယ်အိတ်လေးဖြစ်ချင်ခဲ့တာ
ဒါပေမဲ့လည်း
ငေးကြည့်နေခွင့်တစ်ခုနဲ့ ကျေနပ်ခဲ့ရ။

ကျွန်တော်က ငှက်ကလေးအတွက် ငှက်ကလေးအတွက် ….

မနေ့က ငှက်ကလေးတွေ ထပ်ထပ်နေတဲ့ဒိုင်ယာရီ
မဆိုင်သူ မဖတ်နဲ့ဗျာ
ဒါကျွန်တော့် ငှက်ကလေးအတွက် သီးသန့်ဒိုင်ယာရီ။
(-)
အိပ်မက်တွေသီချင်တယ်
ငှက်ကလေးကခွင့်မပြုတော့
ငေးကြည့်နှုတ်ဆက်
လက်ပြလိုက်တော့မယ်

သွားတော့နော်
(-)
ငှက်ကလေးရေ
ရှုး တိုးတိုး
အိပ်မက်တွေ မပျက်ပြယ်ဘူး
ထာဝရအသက်ရှင်တယ်
တကွေ့မကြုံတကွေ့ပေါ့
မင်းနဲ့ကိုယ် ဆုံစည်းမဲ့နေ့ရှိတယ်

ငှက်ကလေးရေ
ကိုယ်နည်းနည်းငိုမိတယ်
ငှက်ကလေးကြောင့်မဟုတ်ဘူးကွယ်
ကိုယ့်ဇာတာလေးကြောင့်ပါ

ငှက်ကလေးရေ
ပြုံးပြုံးလေးနေနော်
ကိုယ်ပင်ပန်းလို့ ငှက်ကလေးကိုကြည့်တဲ့အခါတိုင်း
အပြုံးလေးနဲ့အားဖြည့်ချင်လို့ပါ

ငှက်ကလေးရေ
လွမ်းလိုက်တာ

အချစ်အကြောင်း တွေးတဲ့ညမှာမှ
ငှက်ကလေးကပျံသွားတယ်။
(-)
ကိုယ့်ညစ်နေတဲ့ စိတ်တွေဟာ
ငှက်ကလေးရဲ့ စာတစ်ကြောင်းနဲ့ လင်းလက်ရှင်သန်လာ
အရာရာကို ဒူးနဲ့တိုက်ပစ်ရဲတယ်

ကျန်တာမင်းလာရှင်းကွယ်
လျော်စရာရှိ ငှက်ကလေးမင်းလျော်လိုက်

ပျော်ပါစေငှက်ကလေးရေ
ဘဝကြီးကခါးသက်နေတဲ့အချိန်မှာ
မင်းကြောင့်ကိုယ်ပြုံးဝံ့လာ
မင်း ရယ်သံသာကြားခွင့်ရှိရင်
ကိုယ်ကမ္ဘာတစ်ခုလုံး ပြိုးပြိုးပြတ်ပြတ်လင်းလက်နေမယ်ထင်ရဲ့

ငှက်ကလေးရေ ငှက်ကလေးရေ ငှက်ကလေးရေ
ကျေးဇူးကမ္ဘာကွယ်
မင်းအရိပ်ကို မြင်ရုံနဲ့
ကိုယ့်စိတ်တွေနည်းနည်းတော့ ရှင်းလင်းသွားတာအမှန်

ငှက်ကလေးရေ
ကျေးဇူးပါ
လွမ်းတယ်။
(-)
ငှက်ကလေးရေ
လွမ်းလိုက်တာ
ကိုယ့်ဇာတာမှာ အကျဘက်နည်းနည်းရောက်ကိန်းရှိသတဲ

ဇာတာကျကိန်းမှာ လွမ်းခွင့်မရှိဘူးလား

ငှက်ကလေးရေ
စိတ်ချကွယ်
ကိုယ်ပြောတဲ့စကားအခွန်းတိုင်းမှ
မင်းကို အမုန်းစကားမပါဘူး
မျက်စောင်းလေးနဲ့တောင်

ငှက်ကလေးရေ
ပျော်ပျော်နေ
ကိုယ့်ဇာတာအကျပိုင်းမှာ
ငှက်ကလေးရဲ့ ဇာတာစန်းလဂ်တက်ပါစေ
ငှက်ကလေးရေ
လွမ်းတယ်
(-)
ဒီရက်ပိုင်း
မိုးနဲ့ကိုယ်နဲ့
ရေစက်ခဏခဏဆုံတယ်

ငှက်ကလေးရေ
မိုးစလေးအဖြစ်အသွင်ပြောင်းစေချင်ရဲ့။

သိပ်မကြာခင်
အမှောင်ကြီးနိုးထလာတော့မယ်
ငါ့လက်ချောင်းလေးတွေဟာ မလွတ်မြောက်သေးဘူး
အစိမ်းရောင်ခလုတ်ရဲ့ဆွဲဆောင်မှုအောက်မှာ
ပြေးတယ် ဝေးပစ်တယ်
အပြေးသွားမိ အဝေးပြေးမိနဲ့သံသရာလည်နေခဲ့တယ်။

ဆန္ဒ
အတ္တကင်းခဲ့
ငှက်ကလေးပျော်စေချင်ခဲ့
သစ်ပင်လေးရူးဝံ့ခဲ့တယ်

ပန်းနုရောင်ချစ်ခြင်းရဲ့ဖြားယောင်းမှုကြောင့်လေ။

မြောက်ခနဲဝင့်ခနဲ
လွင့်ဝဲနေတဲ့စိတ်တေလေကို
ဖမ်းဆုပ်ဖို့မနည်းကြိုးစားနေမိ
အလွမ်းဖြေဖုန်းလေးခေါ်ဖို့တောင်
ကိုယ်ဟာကြောက်တတ်သူမှန်း
ရိပ်မိစေချင်ရဲ့
လက်ချောင်းလေးတွေတော့
ကြာလာရင်ရူးမယ်
အစိမိးရောက်ခလုတ်လေးနားမှာတစ်ရစ်ဝဲဝဲ
ကြိုးငြိနေတဲ့ စွန်ကလေးများလိုဖြစ်နေလေရဲ့။

ခဏခဏဖတ်ခိုင်းကြတဲ့အချစ်ကဗျာတွေဟာ
မင်းဆိုနေကျစကားသံလောက်တောင်
ရင်ခုန်ဖို့မကောင်းဘူး

သစ်ပင်ကလေး ရူးနေတယ်ဆိုချင်ဆို
ရင်ခုန်သံဆိုတာငှက်ကလေးကြောင့်သာဖြစ်တည်တတ်ခဲ့တယ်။

ပျော်တာပေါ့ ငှက်ကလေးရယ်
မပြည့်စုံတဲ့အိပ်မက်တွေမှာ
ကြိုးစားခွင့်လေးကျန်သေးတယ်
ကိုယ်ယုံကြည်တယ်
တစ်နေ့တော့ ဒိုနှစ်ယောက် ဆုံစည်းဖြစ်မယ်လို့လေ။

ဝေးဆိုတဲ့စကား
ဝလုံးလေးကြောင့်ရှင်သန်ခဲ့
ငှက်ကလေးအတွက်
ဝလုံးတွေဖျက်ပေးချင်မိတာ
သစ်ပင်လေး မရူးပါဘူးနော်။

ပျက်ပြယ်တတ်တဲ့အိပ်မက်အကြောင်း
ကိုယ်မေ့ထားတယ်
သရဲနီဆိုတာ
နောက်ဆုံးမိနစ်အထိ
မျှော်လင့်ခြင်းနှဲ့အသက်ရှင်တတ်သူမဟုတ်လား။

မိုးသည်းတာမဆန်းခဲ့
အပူယောင်ဆောင်ခြင်းကဆန်းတယ်
အိပ်မက်တွေခဏခဏမက်တယ်
ငှက်ကလေးက သစ်ပင်ကို မြတ်နိုးသတဲ့
ဘာပဲဖြစ်ဖြစ်
ဆောင်းအိပ်မက်တွေမှာကိုယ်ပျော်မိခဲ့တယ် ငှက်ကလေးရဲ့။

ခူးသီခွင့်မရှိသော အိပ်မက်များ
အရူးအနှမ်းလေးတစ်ကောင်က
ခပ်တည်တည်နဲ့ ကောက်ကောက်သိမ်း
အိတ်ပေါက်ကြီးမှန်း မေ့ခဲ့
လက်ခုပ်မမြည်သော
လက်ဖျစ်တီးသံတွေနဲ့
ကိုယ့်အချစ်ကို တည်ဆောက်မိခဲ့
ရဲတိုက်ကြီးတစ်ခုလို
မြတ်နိုးခြင်းတံတိုင်းတွေ အထပ်ထပ်နဲ့လေ။
(-)
တစ်နေ့ပေါ့
တစ်နေ့နေ့ပေါ့နော်
ဆုံစည်းကြေးပေါ့

ပျက်ပြယ်သွားတဲ့ အိပ်မက်တွေအကြောင်း
စကားမဆိုတော့ဘူး
ငှက်ကလေး မင်းပျော်ပေးနော်

ကိုယ့်ကမ္ဘာ ကိုယ့်ဘဝ
ငှက်ကလေး မသိနိုင်တဲ့ အကြောင်းတရားများစွာ
ဖြေရှင်းဖို့ လိုအပ်ရင် အသိပေးပါ
တခုတ်တရ ဖိုင်တွဲတစ်ခုစီ ချပြပေးပါရစေ

ကိုယ်မသိတဲ့ ငှက်ကလေးရဲ့ ကမ္ဘာ
ဖြေရှင်းပါတောင်းဆိုခွင့်မရှိမှန်းသိတယ်
ငေးကြည့်နေခွင့်တော့ ရှိတယ်မဟုတ်လား

ငှက်ကလေးရေ
သစ်ပင်က အရူးလေးပါ
အိပ်မက်တွေ ခူးသီခွင့် ရလိမ့်မယ်ထင်တဲ့ အရူးလေးပါ
တကယ်ဆိုကွယ်
အိပ်မက်ဆိုကတည်းကိုက ဖမ်းဆုပ်ခွင့်မရှိဘူးမဟုတ်လား

ဒါပေမဲ့ မျှော်လင့်ချင်သေးတယ်
တစ်နေ့ပေါ့
တစ်နေ့နေ့ပေါ့နော်
ဆုံစည်းခွင့်လေးရချင်တယ်
(-)
တိမ်တွေထဲ ခုန်ပေါက်
ခပ်မြောက်မြောက်ကလေးပါပဲ
သံယောဇဉ် အစွန်းအစတွေမြင်မြင်နေရလား
ကိုယ်တစ်ယောက်ထဲ ရူးတာဖြစ်မယ်
ငှက်ကလေး
ဟုတ်သည်မဟုတ်သည် လာမဖြေနဲ့
ငါ့အတွေးနဲ့ငါ ရူးမယ်

တွေ့လား
ကိုယ့်သံယောဇဉ်တွေ
ကြိုးတွေနွယ်နွယ်ယှက်နေတာ
တခါတခါ ကိုယ်ဟာ သစ်ပင်လား ကိုယ်လား ခွဲခြားမရတော့
ဘာပဲပြောပြော
မင်းကိုချစ်နေရခြင်းမှာ ငါကြည်နူးတယ်

ငှက်ကလေး
အဆင်ပြေရဲ့လား
မဖြေနဲ့ကွယ်
မင်းအသံကို မကြားချင်ဘူး
တစ်ခေါက်ကြားမိတိုင်း
ထပ်ခါထပ်ခါကြားချင်လို့ ရူးမိတယ်

ငှက်ကလေး
မပြုံးနဲ့ကွယ်
မင်းအပြုံးကို မြင်တိုင်းမှာ ကိုယ်ဟာ နစ်မြောလွန်းလို့
ကမ္ဘာကြီးကသက်ဝင်လှုပ်ရှားနေပါ့လား ဆိုတဲ့အတွေးတောင် မေ့တယ်

ငှက်ကလေးရေ
ကိုယ်ပျော်နေပြန်ပြီ
အကြောင်းပြချက်မရှိပြန်ဘူး
ပျော်တယ် ပျော်တယ်
ငှက်ကလေးကို လွမ်းနေရခြင်းမှာ ကိုယ်ပျော်ဝင်နေတယ်

ဟော
သစ်ပင်ရူးလေး
ခုန်ပေါက်နေတယ်
မရီနဲ့ကွယ်။
(-)
တစ်နေ့တာတစ်နေ့တာ အလွမ်းတွေဟာ များသထက်များလာ
ဖြည်ချလိုက်ရင် တကယ်ပြေ ကျသွားမှာလား
ထမ်းထားရတဲ့ နှလုံးသားက အောင့်လှပြီ
ဒါပေမယ့် မဖြည်ရက်နိုင်သေးတဲ့ အလွမ်းများ
တခုတ်တရပဲ ထုပ်ပိုးနေမိခဲ့
ထပ်သတိပေးရဦးမယ်
မဆိုင်သူ မကြည့်ကြေးဗျာ…။

Wednesday, 3 July 2013

သွားတော့နော်

သွားတော့နော်
ကိုယ်နဲ့ မထိုက်တန်မှန်းသိတဲ့အခါ
ငေးနေရမှာကိုတောင်အားနာရှက်ရွံမိလာတယ်

သွားတော့နော်
ကိုယ့်အဝေးမှာနေမှ သူပျော်မယ်ဆို
ဒီကြိုးလေးကို ကိုယ်ကိုယ်တိုင် ဖြတ်ပေးချင်မိလာတယ်

အလွမ်းကြောင့်ရူး

ဖြည်ချလိုက်တဲ့ အလွမ်းမှာ
နာမည်တစ်ခုသာာကျန်ခဲ့
လွတ်လွတ်ကျွတ်ကျွတ်ကြီးရူးတော့မယ်ထင်ရဲ့

အသံစလေးတွေဟာ အလွမ်းမပြေစေဘူး
ဖုန်းကလေးကို ပိတ်လို့ အိပ်ပစ်မယ်
အိပ်မက်မှာ တွေ့ခွင့်ရချင်ရဲ့

နှလုံးသားစောင့်နတ်ကလေးရေ
ကိုယ့်အိပ်မက်ကို လာပါ
ကျေးဇူးပြု၍
ကိုယ့်အလွမ်းကို နှစ်သိမ့်ပါ

ဖျက်ပစ်ဖို့ မေ့နေတဲ့ မန်မိုရီတွေမှာ
နင်သာ နေရာယူထားကြောင်း
ငါဘယ်လိုပြောရမလဲ

ရူးတယ်
လွတ်လွတ်ကျွတ်ကျွတ်
အလွမ်းတွေဟာ လေးသထက်လေးလာ
ကိုယ့်ရင်တစ်ခုလုံး လွတ်ဟာစရာနေရာမရှိခဲ့

ကျေးဇူးပြု၍ ကိုယ့်အလွမ်းတွေကို ဖြေသိမ့်ပေးပါ။

သုညလူ

“သုညလူ”

အိပ်မက်တွေ လက်သိပ်ထိုးရောင်းချင်တယ်
ဟိုတစဒီတစ
မပီပြင်တော့တဲ့ အိပ်မက်နယ်ပယ်များ
ဖြစ်ချင်တာတွေများပြီး ဖြစ်သင့်တာနည်းလာခဲ့
ဘဝမှာ ကိုယ်ဟာ ဆန်ကုန်မြေလေးရုံသက်သက်ရှင်သန်ခဲ့သလား
သိလျှက် လမ်းပျောက်နေတဲ့ အဖြေတွေ
လိုက်မရှာချင်ဘူး
တစ်နေ့ တွေ့မယ်

ကိုယ်မတည်ဆောက်ပေမဲ့
ကိုယ့်ရည်မှန်းချက်အတွက် ဖြစ်လာမယ့် လှေကားတစ်စင်း
လမင်းအလင်းကို ခပ်ဖို့ အသုံးပြုစေတဲ့

လက်ဆုပ်လက်ကိုင်မပြနိုင်သော ပန်းတိုင်များ
အရာရာဟာ စိတ္တဇနာမ်
ဒြပ်မရှိတဲ့ ပန်းတိုင်တွေကိုပဲ ကိုယ်
တစ်ခုပြီးတစ်ခုမျှော်ကြည့်နေမိခဲ့
လမင်းအလင်းကို ခပ်ဖို့ ကြိုးစားနေမိရဲ့။

ရည်ဝေ(လင်းရောင်ခြည်)

လှေကားထစ်(၂)



ကိုယ့်စိတ်နဲ့ကိုယ်ပျိုးခဲ့
မရိုးနိုင်တဲ့ ပန်းတစ်ခင်းဟာ
ခုထိ ဖူးပွင့်ဖို့ခက်နေခဲ့

ဒါပေမဲ့လည်း ဆက်ပျိုးမယ်
အိပ်မက်တွေ အလှဆင်နိုင်တဲ့တစ်နေ့
ငါ
အတော်ဆုံးဥယျာဉ်မှူးအဖြစ်
ဝံ့ဝံ့စားစား
ပေါ့

လှေကားထစ်(၁)

မမြင်ရတဲ့ကံတရားအတွက်
အိပ်မက်တွေကနိမိတ်ပုံ

ပုံအောလောင်းခဲ့မိတဲ့
အိပ်မက်တစ်ခင်း
ဒုံရင်းလေးတောင်မကျန်ရစ်
မျှော်လင့်ချက်တွေရှုံးသွားခဲ့

ကိုယ့်စိတ်ကိုယ်
တည်ဆောက်နေရတာ
ပင်ပန်းချက်
ခုထိမခိုင်မတ်နိုင်သေးဘူး
အိပ်မက်တစ်ခင်းကိုထပ်လောင်းဖို့အတွက်
မျှော်လင့်ချက်တွေတစစီပြန်စုစည်းနေမိတုန်း