Wednesday 12 June 2013

လူ

ရှုပ်ထွေးညစ်ပုတ်နေတဲ့ စိတ်တွေကိုပဲ မြင်နေရတာ၊ ရှုပ်ထွေးညစ်ပုတ်နေတဲ့ မျက်နှာတွေကိုပဲ မြင်နေရတာ ခေါင်းရှုပ်လာတယ်။ အဲဒီစကားဝိုင်းဘေးကနေ ထထွက်ပစ်ဖို့ကြိုးစားလိုက်တယ်။ မရဘူး။ ဒီစကားဝိုင်းကနေထွက်လို့ မရဘူး ဆိုတဲ့ သတိပေးမှုက ဦးနှောက်ထဲမှာ ဒိတ်ဒိတ် ဒိတ်ဒိတ်နဲ့ တိုးဝှေ့နေတယ်။

            ဒီစကားဝိုင်းကနေ တစ်ခုခု တောင်းဆိုရဦးမယ်။ ဒီစကားဝိုင်းကို စတင်သူဟာ တော်လှန်လို့မရတဲ့ အကြီးအကဲ တစ်ယောက်ဖြစ်နေတယ်။ စကားဝိုင်းကို ဦးဆောင်နေသူရဲ့ မျက်နှာမှာ အရောင်တစ်ခုလွှမ်းနေတယ်။ ဟုတ်တယ်။ အားလုံးကို တစ်စုံတစ်ခု သိစေချင်နေတာ။ ဒါမှမဟုတ် တစ်စုံတစ်ခုကို ဖုံးလွှမ်းထားချင်နေတာလား။ သူ့စကားကို နားထောင်နေတဲ့လူတွေကို ကြည့်လိုက်တော့ အပြိုင်အဆိုင် ရောင်စုံမျက်နှာတွေ ခင်းကျင်းထားလိုက်ကြတာ။ ညှီစို့စို့နဲ့ လှိုင်နေတဲ့ အနံ့တွေဟာ သူတို့စိတ်ရဲ့ အနံ့တွေဖြစ်မယ်။ သူတို့ဆီက ထွက်လာတဲ့ အသံတွေမှာလည်း အရောင်တွေ စုံနေတယ်။ ဟုတ်တယ်။ အသံတွေထဲမှာ အရောင်တွေရှိတယ်။ တချို့အရောင်တွေက ခပ်ပါးပါး။ တချို့အရောင်တွေက ခပ်ထူထူ။ ဒါပေမဲ့ အဖြူရောင်မပါဘူး။
အသံတွေမှာ၊ မျက်နှာတွေမှာ ဖြူစင်မှုကို အမောတကောလိုက်ရှာတော့ ခုမှ လူ့လောကကို ရောက်ကာစ သကောင့်သားကတောင် မြိန့်မြိန့်ကြီးပြုံးနေတယ်။ သူလည်း မဖြူစင်ဘူး။ ဒါဆို ဘယ်မှာရှာရမလဲ။ ဖြူစင်မှု။ ဖွင့်ထားတဲ့ ရုပ်မြင်သံကြားမှာ သမ္မတကြီးမိန့်ခွန်းမပြီးသေးဘူး။ အပုတ်နံ့တွေ လှိုင်နေတဲ့ စကားဝိုင်းလည်းမပြီးသေးဘူး။ မွေးကင်းစကလေးငယ်ရဲ့ မျက်နှာဟာလည်း ချိုတလှည့် ချဉ်တစ်လှည့်။ သေချာစဉ်းစားကြည့်တော့ ဖြူစင်မှုဆိုတဲ့ ရိုးသားမှုကို ကောင်းကင်ကြီးကတောင် မပိုင်ဆိုင်ဘူး။ တကယ်ဆို သူဟာ အမည်းရောင်၊ အနက်ရောင်ပေမယ့် ကျွန်တော်တို့ တကယ်တမ်းမြင်ရတော့ အပြာရောင်ပဲ မြင်ရတယ် မဟုတ်လား။
ကဲဖြူစင်မှုကို ဘယ်မှာရှာရမလဲ။ ဖြူဖြူစင်စင်သန့်သန့်ရှင်းရှင်း ပကတိအရှိတရား ဆိုတာ ဘာလဲ။
ဖြူစင်မှုဆိုတာ ကျွန်တော်တို့နဲ့ အရင်းနှီးဆုံးအရာဖြစ်ခဲ့မယ်လို့တော့ ထင်ပါတယ်။
ဖြူစင်မှု။ ဟုတ်တယ်။ တွေးတောဆင်ခြင်တတ်တဲ့ အသိဥာဏ်ဆိုတာကို ပြည့်ပြည့်စုံစုံမရသေးခင်မှာ ကျွန်တော်တို့ ဖြူစင်ခဲ့ကြတယ် လို့ ပြောရင်မှန်လေမလားပဲ။ မှန်မှာသေချာပါတယ်။ လူတစ်ယောက်ကို ဘာအကျိုးအမြတ်မှမပါပဲ ပြုံးပြဖူးခဲ့တဲ့ အချိန်ရှိခဲ့ဖူးသလား။ သေချာဆန်းစစ်ကြည့်ရဦးမယ်။ ရှိခဲ့ရင် အဲဒီအချိန်လေးကို တသသ ခံစားကြည့်ပြီးတော့ကို ကိုယ့်ကိုယ်ကို ဂုဏ်ယူပစ်လိုက်မယ်။ ကျွန်တော်တို့ မနက်ခင်းနိုးပြီဆိုတာနဲ့ သိတတ်၊ဆင်ခြင်တတ်တဲ့ ဦးနှောက်က အလုပ်တွေ တပုံကြီးခိုင်းတာ့တာပဲ။ ဒီလူကို ဒီလောက်ထိ ရောရောနှောနှောမနေနဲ့။ ဒီလူ့ကိုတော့ ရိုသေလေးစားမှုနဲ့ စကားပြော၊ ဒီလူ့ကိုလှည့်မကြည့်လည်းဖြစ်တယ်၊ ဒီလူကတော့ စကားလုံးဝမပြောသင့်တဲ့ အမျိုးအစားပဲ စသဖြင့်တွက်ချက်နေလိုက်တာ ကျွန်တော်တို့အတွက် တစ်နေ့တာကို ပုံသေနည်းတွေနဲ့ ဖြတ်သန်းစေတယ်။ ဒါဆို ဦးနှောက်ရဲ့အသိဥာဏ်ပြည့်စုံလေလေ ဖြူစင်ရိုးသားမှု ပျောက်ဆုံးလေလေများလား။
ခု ရုပ်သံမှာလာနေတဲ့ နိုင်ငံတော်သမ္မတကိုပဲကြည့်ပါဦး။ သူ ပညာတွေ တတ်သလောက် မာယာကြွယ်တဲ့ စကားတွေချည်းသုံးနေရတယ်။ ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည်လည်း ဘာထူးလဲ။ တစ်နေ့တစ်နေ့ သူပြောရတဲ့ စကားတွေမှာ အလိမ်အညာမဟုတ်ပေမဲ့ ရယူလိုမှုနဲ့ ပြောနေရတဲ့ စကားတွေ ဘယ်လောက်ထိပါမလဲ။ နှစ်ယောက်လုံးဟာ ဘယ်လောက်ပဲ ကောင်းစေချင်တဲ့ စိတ်၊ စေတနာနဲ့ပါလို့ပြောပြော ဖြူစင်ရိုးသားမှုတော့ ပျောက်ဆုံးနေကြရတာပဲမဟုတ်လား။ သူတို့ရဲ့ ဦးနှောက်ကြီးတွေက ပညာတတ်လေလေ၊ သူတို့ဟာလှည့်ကွက်၊ ပရိယာယ်၊ ဗျူဟာ ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးနေကြရတာပဲမဟုတ်လား။
သူတို့ က ထားပါတော့။ အခု ကျွန်တော်လည်း လက်ရှိ ပကတိတရားကို ချမပြနိုင်ဘူး။ ဟုတ်တယ်။ ဒီစကားဝိုင်းကနေထွက်ပြေးချင်နေတယ်။ ခြေထောက်တွေက မသွားဘူး။ ဦးနှောက်က စေခိုင်းထားတဲ့ အသိနဲ့ ဒီခြေထောက်တွေက မသွားဘူး။
ဒီစကားဝိုင်းကနေ ကျွန်တော် တောင်းဆိုရဦးမယ်။ တောင်းဆိုစရာရှိသေးတယ်။ ဒီစကားဝိုင်းမှာ ကျွန်တော့်လို ပုတ်သင်ညိုတွေ အများကြီးပါပဲ။ ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ် ဆိုတဲ့ စကားစလေးလိုပဲ အကျိုးအမြတ်တစ်စုံတစ်ရာကို မျှော်ကိုးရင်း ညိတ်ပြနေကြရတဲ့ ခေါင်းတွေ၊ ဒီခေါင်းတွေကို တချို့ကတော့ ပြောကြသား။ ပုစွန်ဦးနှောက်ပိုင်ရှင်တဲ့။ တကယ်ဆို အပူဦးနှောက်ပိုင်ရှင်တွေလို့ ခေါ်သင့်တာ။ ဟုတ်တယ်။ ခေါင်းညိတ်ပြနေကြတဲ့ကျွန်တော်တို့ ဦးနှောက်ထဲကို သူတို့ဝင်မကြည့်ဖူးပဲနဲ့ ပုစွန်ဦးနှောက်လို့ စွပ်စွဲတာ တဆိတ်တော့ လွန်မနေဘူးလားဗျာ။
တစ်ခုတော့ ဝန်ခံမိတယ်။ ဖြူစင်ရိုးသားမှု ပျောက်နေတဲ့ ဦးနှောက်ပိုင်ရှင်တွေ။ စိတ်စေတနာကောင်းသူရှိသလို မကောင်းသူလည်းပါနိုင်တယ်။ ဒါပေမဲ့ သေချာနေတာကတော့ ဖြူစင်ရိုးသားမှုပျောက်နေတဲ့ သူတွေ။
ဟော ကျွန်တော့်အကြီးအကဲကြီးကတော့ စကားဝိုင်းကနေထွက်တော့မယ်။ အားလုံးကို နှုတ်ဆက်နေပြီ။ ရောင်စုံမျက်နှာပိုင်ရှင်တွေကလည်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားဖို့ပြင်နေကြပြီ။ တောင်းဆိုစရာရှိတာ တောင်းဆိုဖို့ ကျွန်တော် စာရွက်လေးတစ်ရွက်ကိုင်ရင်း အကြီးအကဲနားသွားမိတယ်။ မှတ်မှတ်ရရ ရုပ်သံကိုကြည့်မိတော့ ကျွန်တော်တို့သမ္မတကြီးမရှိတော့ဘူး။ တွန့်လိမ်ကောက်ကွေးနေတဲ့ မင်းသမီးလေးတစ်ယောက်  အိင်္ကျီကြေငြာနေတာပဲ တွေ့ရတယ်။ ရင်ဘက်လေးကို ပုတ်ပုတ်ပြပြီး ကြေငြာနေတာ။
ကျွန်တော့်လိုပဲ စာရွက်လေးကိုယ်စီနဲ့ သူ့ထက်ငါအပြိုင် သွားနေကြသူတွေလည်းအများသား။ ဒီချိန်မှာ ကျွန်တော် သတိထားလိုက်မိတာက ပူလောင်မှု။ ဟုတ်တယ်။ ပူလောင်လာတယ်။သူတို့ရဲ့ မျက်နှာတွေမှာ ပူလောင်နေတယ်။ စာရွက်ကိုယ်စီနဲ့ တွန်းတိုက်နေတဲ့သူတို့ရဲ့ မျက်နှာတွေမှာ နွမ်းလျတဲ့ ပူလောင်မှု၊ ပြင်းပြတဲ့ ပူလောင်မှု အစုံရှိနေကြတယ်။ ညှီစို့စို့အနံ့ဟာ တဖြည်းဖြည်းနဲ့ ပြင်းလာတယ်။ လှောင်အိုက်မှုပါ ပိုလာတယ်။ ဒီပူလောင်မှုက လောဘ ဆိုတဲ့ အရာဖြစ်မယ်ဆိုရင်…..။
            ကျိုးတို့ကျဲတဲ ဆံပင်တွေကို အသာအယာ သပ်တင်လိုက်ရင်း ကျွန်တော်ကတော့ လောဘစီးနေတဲ့ မျက်နှာမပေါက်လောက်ပါဘူးလို့ တွေးမိသေးတယ်။ ဟုတ်တယ်။ ကျွန်တော်က ဒီတောင်းဆိုမှုကို တာဝန်အရ လုပ်ရတာမဟုတ်လား။ ဘယ်သူ့အတွက်မှမဟုတ်ခဲ့ဘူး။ ကိုယ့်ကိုယ်ကို ကျေနပ်ပြုံးလေးနဲ့ပဲ ရှေ့ကို ရောက်အောင်တိုးသွားလိုက်မိတယ်။
            “ဟယ် ယောင်္ကျားကြီးတန်မဲ့ တိုးနေလိုက်တာ ရှေ့မှာအမျိုးသမီးတွေရှိတယ်ဆိုတာကိုလည်း ဆင်ခြင်ပါဦး”
            ကျွန်တော့်ကိုလှည့်ကြည့်ပြီး ကက်ကက်လန်အောင်ရန်တွေ့နေတဲ့ မိန်းမကို ပြန်ပြောချင်ပေမဲ့ မပြောပါဘူး။ သူက လောဘ စီးခံနေရတဲ့သူမဟုတ်လား။ ကိုယ့်လို စိတ်ရှင်းရှင်းနဲ့ လာသူမဟုတ်ဘူးလို့ တွေးပြီးတော့ပဲ ငြိမ်နေလိုက်တယ်။ အဲဒီအချိန်မှာပဲ ကျွန်တော် ကြက်သေ သေသွားတယ်။ ဟုတ်တယ်။ ကြက်သေ သေသွားတယ်။
            ဘာ့ကြောင့်လဲဆိုတော့ အခန်းထဲက မှန်တစ်ချပ်ကြောင့်။ အဲဒီမှန်မှာ ကျွန်တော့်ပုံပေါ်နေတယ်။ အဆီတဝင်းဝင်းနဲ့ မျက်လုံးတွေဝင်းလက်နေတဲ့ ကျွန်တော့်ပုံက ကျွန်တော့်ကို ကြက်သေသေသွားစေတယ်။ တစ်ခုတော့ လက်ခံလိုက်မိတယ်။
            လောဘဆိုတဲ့ အရာဟာ တာဝန်အရ ပေါက်ဖွားလာတတ်သေးတယ် လို့။ တစ်ခုတော့ မကျေမနပ်ဖြစ်မိသား။ ဘယ်နေရာမှာမဆို ထောက်ခံစာ ဆိုတာကြီးက ဘာ့ကြောင့်များလိုအပ်နေတာလဲ လို့ပါ။ နိုင်ငံတော်ရဲ့ မြန်မာ့စီးပွားဘဏ်မှာ ငွေစုစာအုပ်လုပ်မယ်ဆို တစ်စုံတစ်ယောက်က ထောက်ခံပေးရသတဲ့။ အလုပ်လျှောက်တော့မယ်ဆို လာပါပြီ။ ရဲစခန်းထောက်ခံစာ၊ ရပ်ကွက်ထောက်ခံစာ။ ဒါဆို မှတ်ပုံတင်တစ်ခုဟာ အရာရာကို ကိုယ်စားမပြုနိုင်ဘူးလား။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော့်သမီးလေး ဒီကုမ္ပဏီကြီးမှာ အလုပ်ရဖို့ ဒီလျှောက်လွှာမှာ ဒီအကြီးအကဲရဲ့ လက်မှတ်လိုအပ်တယ်။။ ဒီအကြီးအကဲရဲ့ ထောက်ခံပါသည် ဆိုတဲ့ လက်မှတ်လေးက ကျွန်တော့်အတွက် ဖခင်တစ်ယောက်ရဲ့ တာဝန်အရ လိုအပ်နေတဲ့ လောဘတစ်ခုပါပဲ။
ဟုတ်တယ်။ တာဝန်အရ လိုအပ်နေတဲ့ လောဘတစ်ခုမို့ တိုးဝှေ့ယူရဦးမယ်။

ရည်ဝေ(လင်းရောင်ခြည်)

1 comment:

yatuthit said...

(ညစ်ပုတ်/ညစ်ပုပ်။အပုတ်နံ့/အပုပ်နံ့။ယောင်္ကျား/ယောက်ျား။အိင်္ကျီ/အင်္ကျီ။)
စာလုံးပေါင်းတွေပြင်ဦး။ပြော/ ပြချင်ဇောအားကြီးပြီးလိုရင်းကိုဒဲ့ထိအောင်မပစ်နိုင်သေးသလိုခံစားရတယ်။ တချို့သဘောတရားတွေမှာလည်းအားနည်းချက်တွေတွေ့ရ။အရေးအသားသွက်လို့ဖတ်ရတာတော့အဆင်ပြေ ။ ဒီ့ထက်ကောင်းမဲ့အတွေးသစ်တွေဖြန့်ဝေနိုင်ပါစေလို့ဆန္ဒပြုပါတယ် ။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်