Saturday 22 June 2013

သူ့အတွက် အက်ဆေး


သူမေ့နေသည့် ကျွန်တော့်နှလုံးသားရပ်ဝန်းတွင် ယနေ့ ရာသီဥတု အနည်းငယ်ထိုင်းမှိုင်း၍ မိုးရွာသွန်းမှု များပြားသည်။ တိုက်ခတ်နေသောတမ်းတမှုလေပြည်တို့သည် မုန်တိုင်းအဆင့်သို့ရောက်ရန် ရာခိုင်နှုန်းများပြားလျှက်ရှိသည်။
သူသည် ကျွန်တော့်အတွက်တော့ ကမ္ဘာစောင့်နတ်ကလေးဖြစ်သည်။ ကျွန်တော့်ကမ္ဘာ၏ ရာသီဥတုကို သူစိုးမိုးသည်။နောက် ကျွန်တော့်နှလုံးသား၏ ရာသီဥတုကို သူ စိုးမိုးသည်။ ကျွန်တော့်ကမ္ဘာကို ပျော်စေချင်လည်း သူအစွမ်းရှိသည်။ ငိုစေချင်လည်း သူ အစွမ်းရှိသည်။ သူသည် ကျွန်တော်၏ နှလုံးသားစောင့်နတ်ကလေးဖြစ်သည်။

ဒိုင်ယာရီ(၁)
ကျွန်တော်က သူ့လက်သည်းလေးကို ချစ်သည်။ သူ့မျက်ဝန်းတို့ကို မြတ်နိုးသည်။ သူ့စကားသံတို့ကို တန်ဖိုးထားသည်။ သူပြုံးလိုက်တိုင်းပေါ်လာသည့် သူ့ပါးထက်မှ အစင်းရာလေးကို ချစ်သည်။ သူ့မျက်ဝန်းထဲမှ သူ၏ စိတ်ရာသီဥတုတို့ကို မြတ်နိုးစွာ ဖမ်းယူရခြင်းကို မြတ်နိုးသည်။ သူစကားပြောလိုက်တိုင်း အနည်းငယ် ဖြစ်ပေါ်တတ်သော  ရှက်ကိုးရှက်ကန်းအမူအယာလေးကို ချစ်သည်။
ခပ်ကြာကြာမပြုံးတတ်သော သူ့အပြုံးတို့ကို သိမ်းဆည်းထားချင်စိတ်တို့နှင့် ကျွန်တော်ရူးဖူးသည်။ သူ့ရယ်သံ ရှတတတို့ကို ဖမ်းဆုပ်ထားချင်စိတ်ဖြင့် ကျွန်တော်ရူးဖူးသည်။ လမ်းလျှောက်လျှင် ကိုယ်ကို မတ်ထားသော်လည်း အနည်းငယ်ဝနေပြီဖြစ်သည့် သူ့ဗိုက်ကိုကြည့်ရင်း ကျွန်တော်ပြုံးဖူးသည်။ ရေနွေးကြမ်းကိုမှနှစ်သက်သူ သူ့အတွက် ကျွန်တော် ရေနွေးကြမ်းသောက်ခဲ့ဖူးသည်။ စကားပြောလျှင် ကျွန်တော် ကျွန်တော်ဟု သုံးစွဲတတ်သံလေးကိုတော့တကယ်ပင် မြတ်နိုးခဲ့ဖူးသည်။ ယခုချိန်တိုင်လည်း မြတ်နိုးနေဆဲသာ ဖြစ်သည်။


ဒိုင်ယာရီ(၂)
သူသည် ကျွန်တော့်အတွက် ခံစားရခက်သော အက်ဆေးတစ်ပုဒ်ဖြစ်သည်။ စိတ်တို့ ညွတ်နူးစေသည်။ သို့သော် အဓိပ္ပါယ်ကို သေချာရေရာစွာ ရှာဖွေမတွေ့ရှိနိုင်သေး။
ကိုလံဘက်စ်ကဲ့သို့ နယ်မြေသစ်ရှာဖွေတွေ့ရှိသော်လည်း အချစ်ဟု ရဲရဲဝံ့ဝံ့ အမည်မပေးနိုင်သေးသော ကုန်းမြေကလေးတစ်ခုဖြစ်သည်။
သူ ကျွန်တော် ကွာခြားမှုများစွာရှိကြောင်း သတိပေးရင်းကပင် သူသည် ကျွန်တော့်နှလုံးသားကို တတိတိနှင့် တိုက်စားနေသည်မှာ အတော်ပင် အချိန်ကြာမြင့်နေပြီဖြစ်သည်။

ဒိုင်ယာရီ(၃)
ယနေ့ ကျွန်တော့်ကောင်းကင်တွင် တိမ်ညိုညိုတို့ နေရာယူထားကြသည်။ သိပ်မကြာခင် မိုးရွာနိုင်သည်။ သူ ကျွန်တော့်ကို မေ့ထားလေပြီလား။
ကျွန်တော့်အတွက် ရာသီဥတုသာယာစေဖို့ရာ သူ့တွင် တာဝန်မရှိပါ။ သူ့ကိုမှီ၍ ကျွန်တော့်ကမ္ဘာက အရောင်လိုက်ပြောင်းနေသည်ကိုကား ကျွန်တော်လည်း မတတ်နိုင်ပါ။
သူသည်ကျွန်တော်၏ ကမ္ဘာစောင့်နတ်ကလေးအဖြစ် ရာထူးကြီးကြီးရထားချေပြီဖြစ်၏။ သူ့အရိပ်အယောင်ကို မြင်ရရုံလေးနှင့် ပျော်တတ်သော ကျွန်တော်သည် သူ့အတွက် တခါတရံ ပင်လယ်ကြီးဖြစ်လိုက်ချင်၏။ ပင်လယ်ကြီးကမှ သူချစ်သော လမင်း၏ အရိပ်ကို ထွေးပွေ့ခွင့်ရသေးသည် မဟုတ်ပါလား။

ဒိုင်ယာရီ(၄)
သူ့နာမည်ကို ရေရွတ်မိတိုင်း မပီသသော ကိုယ့်အသံဝယ် ကျွန်တော် ရှက်ရွံ့စွာပြုံးမိသည်။ ချစ်မိသူတစ်ယောက်၏ နာမည်ကို ပီသကြည်လင်စွာခေါ်တတ်ချင်ပါသည်။ သူ့နာမည်လေးကို အသံထွက်မှားမှာကို ကြောက်လောက်အောင်ထိပင် ကျွန်တော် သူ့ကို ချစ်သည်။
သူ သိနိုင်လေမလား ဆိုသည့်အတွေးကို ကျွန်တော့်ဦးနှောက်ဝယ် ဖျောက်ထားပါသည်။ အချစ်တစ်ခုသည် တဖက်သားသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ကိုယ့်ဘက်က ချစ်ခွင့်လေးနှင့်ပြည့်စုံသည်မဟုတ်ပါလား။ ပိုင်ဆိုင်လိုစိတ်လေးကို ကျွန်တော် မေ့ထားပါသည်။
ချစ်သူကို လွတ်လပ်စွာ ချစ်ခွင့်ရခြင်း၌သာပျော်ဝင်လျှက်ရှိ၏။

ဒိုင်ယာရီ(၅)
မနေ့ကသူသည် ယနေ့ကျွန်တော်၏ နှလုံးသား၌ အရိပ်ထင်ဆဲဖြစ်သည်။ ယနေ့သူသည် မနက်ဖြန်ကျွန်တော်၏ နှလုံးသား၌ အရိပ်အဖြစ်ထင်ကျန်ခဲ့လိမ့်မည်။ သူ့ပုံရိပ်တို့ကို သိမ်းဆည်းထားရခြင်းကို တကူးတကမဟုတ်ပါပဲ ကျွန်တော့်နှလုံးသားက လုပ်ဆောင်တတ်သည်။ သူ့အသံတို့ကို သိမ်းဆည်းထားတတ်သလို သူ့အပြုံးတို့ကိုလည်း သိမ်းဆည်းထားတတ်ပြန်သေးသည်။
နှလုံးသားစောင့်နတ်ကလေး၏ ပုံရိပ်မှန်သမျှ နှလုံးသားက သိမ်းဆည်းတတ်သည်ကို ကျွန်တော် တားမြစ်နိုင်စွမ်းမရှိ။
ကျွန်တော်ကိုယ်တိုင်ကပင် သူ့ပုံရိပ်တို့ကို မြင်ရကြားရခြင်း၌ နှစ်သိမ့်ကြည်နူးမှုရှိသည်မဟုတ်ပါလား။

ဒိုင်ယာရီ(၆)
သူ့အတွက် စိုးရိမ်ပူပန်မှုတို့ကို လျှော့ချဖို့ ကြိုးစားနေရသည်မှာ ပင်ပန်းလှသည်။ သူ့အသံဖျော့ဖျော့အကြားတွင် သူအဆင်မှပြေပါ့မလား ဟူသည့်အတွေးက အလိုလို နေရာယူသည်။ သူ့အပြုံးဖျော့ဖျော့အမြင်တွင် သူနေမှကောင်းရဲ့လားဟူသည့်အတွေးက အလိုလို ခုန်ပေါက်ရောက်လာသည်။ သူ့မျက်ဝန်းညိုဝယ် ဖျော့တော့မှေးမှိန်သော အရိပ်တို့ကိုမြင်ရလျှင်မူ ကျွန်တော်၏ခြေလက်တို့သည် အားအင်မရှိတော့သယောင် တစ်ကိုယ်လုံးလှဲချမိချင်သည်ထိ စိတ်တို့ ပျော့ကျသွားရသည်။
သူ အဆင်ပြေပါစေ ဆိုသည့် စကားတစ်ခွန်းသည် ကျွန်တော်၏ နံနက်ခင်းတေးသွားဖြစ်၍ သူနေကောင်းပါစေ ဆိုသည့်စကားတစ်ခွန်းသည် ကျွန်တော်၏ညခင်းတေးသွားဖြစ်သည်။
ယခုတလောတော့ သူ့ကို မျက်ကွယ်ပြုနိုင်အောင်ကြိုးစားနေပါသည်။မအောင်မြင်သေးသလို ပင်ပန်းလှပါသည်။

………………
သူနှင့် ကျွန်တော့်အကြား  ၁၅၀၀ ခင်းမထားသော လမ်းလေးကို ကျွန်တော် ဆက်လက်ဖြည့်ဆည်းဖို့ကြိုးစားနေသည်။ သူ့ဘက်မှ ၅၂၈ထက်မပိုလွန်သောလမ်းလေးကို ၁၅၀၀ အပြည့်ဖြစ်အောင် ခင်းဖို့ ကြိုးစားရဦးမည်။
ယခုလောလောဆယ်မှာတော့ ကျွန်တော့်ကောင်းကင်တွင် အနည်းငယ်ကြည်လင်လာပြီဖြစ်၏။ တမ်းတခြင်းကိုစာအဖြစ်ချရေးလိုက်မိ၍လည်း မုန်တိုင်းဖြစ်နိုင်ချေတော့ အတန်ပင်လျော့ပါးသွားပြီဖြစ်သည်။ ထို့အတူ အရှေ့ဘက်တွင်လည်း သူ့အရိပ်အယောင်လေး သမ်းလာပြီမဟုတ်လား။

1 comment:

Anonymous said...

ရေးထားတာလေးက ချစ်စရာကောင်းလိုက်တာနော်။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်