Tuesday 18 June 2013

ငှက်ကလေးတစ်ကောင် သစ်ပင်တစ်ပင် ကောင်းကင်တစ်ခုအောက် အတူရှိခဲ့ဖူးပါသည်။။။


“ငှက်ကလေးတစ်ကောင် အတွက်”
ဟော့ဒီ့နေရာလေးက သဲမွမွလေးတွေနဲ့ ဖုံးအုပ်ခံထားရတဲ့ မြေပြင်။ ဟော့ဟိုနေရာလေးမှာက ပုရွက်ဆိတ်လေးတွေ အုံဖွဲ့လို့ တက်ညီလက်ညီ လမ်းလျှောက်နေကြတာ။ အသိုက်ဆီ လျှောက်လိုက်၊ အစာရှာလိုက်နဲ့လေ။
ဟော့ဒီမှာက ကျွန်တော်။ ကျွန်တော် ဆိုတဲ့ သစ်ပင်။ ကျွန်တော့်လက်တွေမှာက လူကြီးတစ်ယောက်ရဲ့ လက်မလောက်ရှည်တဲ့ အဆူးတွေ ပြည့်နှက်နေတယ်။ အဆူး တိုတိုလေးတွေလည်း ရှိတာပါပဲ။ ကျွန်တော့် ခန္ဓာကိုယ်ရဲ့ အရွက်တွေက ရှည်လျားလျားတွေ။ ကလေးတချို့ပြောကြတာတော့ ဘာတဲ့။ စိန်ပန်းပင်ရဲ့ အရွက်လိုပဲ။ ကျစ်ဆံမြီးကျစ်ဆော့လို့ရသတဲ့။


ဟော ကျွန်တော် မျှော်ကြည့်နေကြ အချိန်တစ်ခုရောက်လာပြီ။ နံနက်ခင်းက သယ်ဆောင်လာတာလား။ဒါမှမဟုတ် နံနက်ခင်းကို သယ်ဆောင်လာတဲ့သူလို့ပဲ ပြောရမလား မသိတဲ့ နေမင်းကြီးဟာကောင်းကင်ပေါ်ကို တစစနဲ့ တက်သွားနေတာ လှလိုက်တာ။ ဒီမြင်ကွင်းလေးဟာ လှလွန်းလို့ ကျွန်တော့်လိုပဲ လေပြေလေးတွေတောင်  ရပ်တန့်ငေးမောနေလေရဲ့။ လှလိုက်တဲ့ နံနက်ခင်းကြီးရေ ကြိုဆိုပါတယ်လို့လည်း ကျွန်တော် တိုးဖွဖွရွတ်ဆိုမိလိုက်သေးတယ်။

(က)
အချိန်က တဖြည်းဖြည်းနဲ့ နီးကပ်လာတာနဲ့ အမျှ ကျွန်တော့်နှလုံးသားလေးလည်း တဒိုင်းဒိုင်းနဲ့ အခုန်မြန်နေပါပြီ။ ဟော … ဒီချိန်ဆို ကျွန်တော်နှလုံးသားရဲ့ လိုအပ်ချက်လေး ရောက်လာတတ်ပြီ။
အတောင်ပံလေး တဖျတ်ဖျတ်ခတ်လို့ သူလေ လေဟုန်စီးနေတဲ့အတိုင်း ကျွန်တော့်ကောင်းကင်ပေါ်ကနေ ဖြတ်သွားတယ်။ လှလိုက်တာ ငှက်ကလေးရယ်။ လည်တံလေး ဆန့်ကာဆန့်ကာနဲ့ ဟိုဒီလှည့်ကြည့်နေလိုက်သေး။ ငှက်ကလေးရယ် မင်းအကြည့်တွေ ငါ့ဘက်ကို လှည့်မလာနဲ့။ လှည့်မလာပါနဲ့ကွယ်။
အိုး..ရင်ထဲမှာ ဟာခနဲ။ ငှက်ကလေးရဲ့ အကြည့်လေး ကျွန်တော့်ဆီရောက်လာတယ်။ ဒီအကြည့်ချင်းဆုံလိုက်တဲ့ အချိန်ဟာ ကျွန်တော့်ရှင်သန်ခြင်းတွေကို ရပ်တန့်သွားစေမှန်း ငှက်ကလေးသတိမမူလိုက်ဘူး။ သူ… ဆက်ပြီးတော့ ပျံသွားတယ်။
ငှက်ကလေး ရေ.. ငှက်ကလေးရေ ။ ကျွန်တော် လှမ်းခေါ်နေပေမယ့် သူ မကြားဘူး။ မကြားတော့ဘူး။ သူ နက်ဖြန်လည်း ဒီနေရာကို လာမှာပါ။ ကျွန်တော် ဒီလိုပဲ မျှော်လင့်ချင်နေတယ်။ ဘဝခြင်းမတူရင် ချစ်ဖို့ အခွင့်မရှိဘူးလား။ ဒီလိုတော့မသတ်မှတ်ကြပါနဲ့။ တကယ်ဆို ချစ်မိတဲ့ နှလုံးသားမှာလည်းအပြစ်မှ မရှိတာပဲလေ။ တကယ်ဆို ဘဝတွေကအပြစ် ဖြစ်နေမယ်ထင်ပါရဲ့။ ကျွန်တော်လေ သူနဲ့ အတူတူ ပျံချင်လိုက်တာ။
ဒါပေမယ့်လည်း ကျွန်တော်က သစ်ပင်။
(ခ)
သူ့ကို စတွေ့တုန်းက သူဟာ မထင်မရှားလေးပါ။ အလိုမကျမှုတွေနဲ့ စူပုတ်ပုတ်ဖြစ်နေတဲ့ ငှက်ကလေးတစ်ကောင်။ တချို့အရာတွေကို ဟာသစွတ်ပြီး ကျီကျလိကျီကျီ ဆိုပြီး အော်နေတတ်ပေမယ့် သူတကယ် နာကျည်းပြီး ပြောနေတာလို့ ကျွန်တော် ခံစားမိ။ ကျွန်တော့်ကို ပြောတာမဟုတ်ပါဘူးလေ။ ကံကောင်းထောက်မစွာနဲ့ပဲ သူက ကျွန်တော့်ရှေ့က သဲပြင်မှာ လာပြောနေခဲ့တာ။ ရေထဲက သူ့အရိပ်လေးကို မကြာမကြာလှမ်းကြည့်ရင်း သက်ပြင်းတွေ ချလားချရဲ့။ အဲ့ဒီ့တုန်းကလည်း သူဟာ ကျွန်တော့်နှလုံးသားထဲထိ တိုက်ရိုက်ရောက်မလာသေးဘူး။ ဟုတ်တယ်။ ရောက်မလာခဲ့သေးပါဘူး။
ဒုတိယမြောက်ဆုံစည်းခြင်းမှာ ကျွန်တော့်နှလုံးသားတစ်ခုလုံး ပွင့်ထွက်သွားလောက်အောင်ထိ သူ ကျွန်တော့်ကို စွဲဆောင်နိုင်ခဲ့တယ်။ သူလေ အဲ့ဒီ့နေ့က ကျွန်တော့်အခက်အလက်တစ်ခုပေါ်မှာ လာနားဖြစ်ခဲ့တယ်။ နောက် ကျွန်တော့်ကို မိတ်ဆွေဆန်ဆန် သူ စကားပြောခဲ့တယ်။ သူ့အမူအယာလေးတွေဟာ ငှက်ကြီးငှက်ကောင်း ဆန်ပြတဲ့ အခါလေးတွေလည်း ရှိရဲ့။ ငှက်ကလေး ဆန်တဲ့ အခါတွေလည်း ရှိရဲ့။
ဘာမှ ပြန်မပြောဖြစ်ပဲ နားထောင်သမားသတ်သတ်ဖြစ်နေတဲ့ ကျွန်တော့်ကို ငှက်ကလေးက စူးစူးစိုက်စိုက် ကြည့်နေတယ်။ နောက် ရုတ်တရက် ထပြန်သွားခဲ့ချိန်မှာ ကျွန်တော့်နှလုံးသားတစ်ခုလုံး ဟာသွားတယ်။ အဲ့ဒီ့အချိန်မှာပဲ သိလိုက်ရလေရဲ့။ သူဟာ ကျွန်တော့်နှလုံးသားထဲကို ဝင်ရောက်လာခဲ့ပြီ။ အဲ့ဒီ့အချိန်ကစပြီးတော့ ကျွန်တော်လေ………. သူ့ကို လွမ်းတတ်မိသွားတယ်။
ဘယ်သောအခါမှ ဒီငှက်ကလေးကို အရှုံးတွေ မတွေ့စေချင်ဘူး လို့ တွေးတောမိတဲ့ထိ ဖြစ်လာခဲ့ပြီ။ ဒီငှက်ကလေးရဲ့ အတောင်ပံတွေကို ရိုက်ချိုးပစ်မယ့်သူ ပေါ်လာလေမလား စိုးရိမ်တတ်ခဲ့ပြီ။ ဒီငှက်ကလေးအတွက် ဓါတ်ကြိုးတွေကို ခလုတ်တိုက်မိလေမလား စိုးရိမ်တတ်ခဲ့ပြီ။
ငှက်ကလေးရေ လမ်းရှင်းခွင့် ပေးပါ၊ ကာကွယ်ခွင့်ပေးပါ လို့ တောင်းဆိုချင်တတ်ခဲ့ပြီ။ ဒါပေမယ့်လည်းကွယ် ကိုယ်က သစ်ပင်။ ကိုယ့်အခတ်အလက်တွေပေါ်မှာ ငှက်ကလေး လာနားဖို့သာ မျှော်ခွင့်ရှိတဲ့ သစ်ပင်။ သစ်ပင်တစ်ပင်ရဲ့ အလွမ်းကို ငှက်ကလေးနားလည်တတ်မယ်ဆိုရင် ကောင်းမှာပဲ။ သစ်ပင်တစ်ပင်ရဲ့ မျှော်လင့်ချက်ကို ငှက်ကလေး နားလည်မယ်ဆိုရင် ကောင်းမှာပဲ။
ကျွန်တော် သူ့ကို ဘယ်လောက် ချစ်တယ်ဆိုတာ သူသိရင် ကောင်းမှာပဲနော်။
(ဂ)
ဒီနေ့ငှက်ကလေးရဲ့ ဘေးမှာ ငှက်ကလေးတစ်ကောင်။ ကျွန်တော် ငေးကြည့်နေမိတယ်။ ဝန်မခံချင်လည်း ဝန်ခံရတော့မှာပါပဲ။ ပိုင်ဆိုင်ခွင့်မရနိုင်မှန်းသိပေမယ့် ဒီမြင်ကွင်းဟာ ကျွန်တော့်ကို တော်တော်ဆွေးသွားစေတယ်ဆိုတာ။
နောက် ကျွန်တော် အဲ့ဒီ့နေ့တစ်နေ့လုံး အရွက်တွေ ငိုက်ပစ်တယ်။ အခက်အလက်တွေကို နှိမ့်ချပစ်မိတယ်။ ကျန်တော်ဟာ ပင်နိမ့်ပါ ငှက်ကလေးရေ။ လှည့်မကြည့်ပါနဲ့။ မကျီစားပါနဲ့ လို့ တိုးတိုးတိတ်တိတ်ရွတ်ဆိုမိနေသေးတယ်။

ဒီနေ့ ငှက်ကလေး လာချိန်တန်တာတောင် မလာဘူး။ ကျွန်တော်လေ လွမ်းလိုက်တာ။
ငှက်ကလေး အတောင်ညောင်းနေလို့များ ခေတ္တရပ်တန့်နေသလားကွယ်။ ဒါဆိုလည်း ကျွန်တာ့်အကိုင်းအခက်ပေါ်မှာ လာနားလှည့်ပါ့လားလို့သူမကြားနိုင်မှန်းသိပေမယ့် ပြောမိသေးတယ်။ ဒါပေမယ့်လည်း အဲ့ဒီ့အပြောမှာတင် ကိုယ့်ကိုယ်ကို ဝမ်းနည်းလိုက်ရ။ ဆူးရိုင်းတွေ အပြိုင်းပြိုင်းပွင့်ဖူးနေတဲ့ ပင်စည်ဟာ ငှက်ကလေးအတွက် ဒဏ်ရာ ရစေတတ်ကြောင်း သတိပြုမိချိန်ခဏ ကြေကြေကွဲကွဲ ပြုံးလိုက်မိရဲ့။ ဒါ့ကြောင့်ကို ငှက်ကလေးဟာ ကိုယ့်ဆီ တစ်ခေါက်မှ မလာတော့တာမဟုတ်လားလေ။ ကိုယ်နေတဲ့ နေရာဟာ ငှက်ကလေး မုန်းတဲ့ နေရာ၊ ငှက်ကလေး လိုအင်တွေ တစ်ခုမှ မရှိတဲ့ နေရာ။ ဗီလိန်ခဏခဏလုပ်ပြနေရတဲ့ ဇာတ်ရုပ်ဟာ ငှက်ကလေး မြင်ရတဲ့ ကိုယ့်ဇာတ်ရုပ်၊ ဟော့ဒီရင်ထဲက သံယောဇဉ်ကြိုးရှင်းရှင်းကို မြင်တတ်ဖို့တော့ ငှက်ကလေး မေ့လျော့ခဲ့တယ်။
ငှက်ကလေးရယ် ငှက်ကလေးကို လွမ်းရင်း ဒီနေ့ည အိပ်စက်လိုက်ရတယ်။ အိပ်မက်ထဲမှာတောင် ငှက်ကလေးဟာ ကျွန်တော့်ကို ပြုံးမပြဘူး။
(ဃ)
တဖြည်းဖြည်းလွင့်ပါးလာတဲ့အမှောင်ထုဟာ
အလင်းကမ္ဘာနဲ့အတူ
အလွမ်းတွေကိုပါ ခေါ်ဆောင်လာခဲ့တယ်
...........
လွင့်..လွင့်....ဝဲ.........ဝဲ....
လွမ်းတယ်
နွေရဲ့ ပုံရိပ်က
နှလုံးသားမှာ ရင်ထဲမှာ
(သံယောဇဉ်အငွေ့အသက်မပါတဲ့)
ပြောနေကျစကားတွေ လွမ်းတယ်
ငှက်ကလေးရ ဒီနေ့ နံနက်ခင်းဟာလည်း ငှက်ကလေးကို လွမ်းရင်းနဲ့ နိုးထရတဲ့ နံနက်ခင်းပါပဲ။ ငှက်ကလေး မလာတာ မှတ်မှတ်ရရ ၃ ရက်တောင် ရှိခဲ့ပြီ။ တိုးတိတ်ညင်သာတဲ့ လေပြေလေးရဲ့ လမ်းလျှောက်သံမှာတောင် ကျွန်တော်ဟာရူးပေါ့။ လေပြေနဲ့အတူ သစ်၇ွက်ဝါတွေ ရှပ်တိုက်လျှောက်ချိန်တိုင်းမှာ ကျွန်တော်က ငှက်ကလေးရဲ့ တောင်ပံခတ်သံကို ကြားယောင်မိပြီး မွတ်မွတ်သိပ်သိပ် လွမ်းတယ်။
ငှက်ကလေးက ကျွန်တော့် ကိုမေ့တယ်။ ကျွန်တော်က…။ ဒီလိုပါပဲ ဘဝဆိုတာ လိုတရအမွှေးတိုင်ထွန်းလိုက်တိုင်း လိုတာရတာမှ မဟုတ်တာ။ ကျွန်တော်ကိုယ်တိုင် နားလည်တဲ့ သဘောတရားတစ်ခုမှာ အပြုံးမပျက် ရင်ဆို့တုန်း။ ငှက်ကလေးရေ......မွတ်မွတ်သိပ်သိပ်...လွမ်းတယ် လို့လည်း တိုင်တည်မိလိုက်သေးရဲ့။

ကျွန်တော့်ကို ခပ်ဖွဖွ ဖြတ်ပြီး ပြေးတဲ့ လေပြေလေးကိုတောင် မှာလိုက်မိသေး။ ငှက်ကလေးရဲ့ ရနံ့တွေကို သယ်ဆောင်လာပေးပါလို့။ တခါတရံလည်း မဖြစ်နိုင်မှန်း သိရက်နဲ့ စိတ်ကူးလိုက်မိ။ တိမ်တွေလွင့်ရာနေရာတိုင်းမှာ အမြင်လွှာကို အငှားချထားချင်မိခဲ့တယ်။ ကျွန်တော့်ချစ်သူရဲ့ ပုံရိပ်လွှာကို မြင်ခွင့်ရချင်လို့ပါ…လို့။
ဒီချိန်မှာ ဘာဖြစ်ချင်လဲ လာမေးစမ်းပါ တန်ခိုးရှင်ရယ်။ ကျွန်တော် အဖြစ်ချင်ဆုံးက ကောင်းကင်။ ဟုတ်တယ်။ ကောင်းကင်ဖြစ်ချင်လိုက်တာ။ ငှက်ကလေးရဲ့ ပုံရိပ်တွေနောက် တကောက်ကောက်လိုက်ရင်း ငှက်ကလေးကို ထွေးပွေ့ထားချင်လို့ပါ။ ငှက်ကလေးရဲ့ ဒဏ်ရာတွေကို ဖြေဖျောက်ပေးချင်လို့ပါ။
လွမ်းတယ်။ ငှက်ကလေးရဲ့ ပုံရိပ်ကိုမြင်ခွင့်မရတဲ့ နေ့တွေဟာ ကျွန်တော့်အတွက်တော့ ငရဲပါပဲ။ ငှက်ကလေးရေ နေကောင်းရဲ့လား။ ငှက်ကလေးရေ.. ငှက်ကလေးရေ.. သူမကြားနိုင်မှန်း သိပေမယ့် ကျွန်တော် မရပ်မနား အော်ခေါ်နေမိတယ်။
ငှက်ကလေးရေ………….လို့။
 (င)
အိုးး ပျော်လိုက်တာ။ ငှက်ကလေးလေ အတောင်ပံကို တဖျတ်ဖျတ်ခတ်ပြီး ကျွန်တော့်ကောင်းကင် ဖြတ်သွားတော့မယ်။ ကျွန်တော် အဲ့ဒီ့အချိန်ခဏလေးကို သိမ်းခွင့်ရှိရင် သိမ်းထားချင်လိုက်တာ။  သူ့အတောင်ပံခတ်ဟန်လေးက ကြီးကျယ်မြင့်မြတ်တဲ့ ငှက်တစ်ကောင်နဲ့ ဆင်တယ်။ အဝေးကနေ ငေးကြည့်လာတဲ့ ငှက်ကလေးရဲ့ မျက်ဝန်းလေး။ သံယောဇဉ်အငွေ့အသက်မပါမှန်းသိပေမယ့် ကျွန်တော့် ရင်တွေ တဆတ်ဆတ်ခုန်လို့။ ဝင်သက်ထွက်သက်မှန်သမျှ ရပ်တန့်သွားသလိုပဲ။ လမ်းကြုံအကြည့်တစ်ချက်မှာတောင် အသက်ရှုရပ်ရတဲ့ ကန္တာရပင်မှန်းမသိဘူးလား ငှက်ကလေးရယ်။ ကျီစားရက်နိုင်လွန်းတယ်။
လေပြေရေ ငှက်ကလေးရဲ့ ရနံ့တွေကို သယ်ဆောင်ဖြစ်တဲ့အခါတိုင်း ငါ့နယ်မြေကို အရောက်လာခဲ့ပါ။
လေပြေရေ ငှက်ကလေးရဲ့ အတိတ်ကို ခနခန သွားမတူးဆွနဲ့သူ့ဒဏ်ရာတွေ မကျက်ပဲနေလိမ့်မယ်။
လေပြေရေ သူ့ကြေကွဲမှုရနံ့တွေကို ငါ့ဆီ ခနလောက်သယ်ဆောင်ပေးခဲ့ သူ့ကို ငါနားလည်ချင်လို့ပါ။
လေပြေရေ... ငှက်ကလေး ရဲ့ အပြုံးရနံ့ကို သယ်ဆောင်နိုင်မလား သူ့အပြုံးလေးကို......လွမ်းတယ်။
လေပြေရေ..
လေ...ပြေ....ရေ။
လေပြေကတော့ ကျွန်တော့်ရဲ့ မပြီးနိုင်မစီးနိုင် မှာကြားမှုတွေကို လှောင်ချင်တဲ့ ဟန်နဲ့ ခပ်ပြုံးပြုံးကြည့်ရင်း ထွက်သွားတယ်။ ကျွန်တော် မရှက်ပါဘူးလေ။ တကယ်ဆို ချစ်ခြင်းရဲ့ ဒဏ်ရာဆိုတာ ချစ်တတ်သူမှသာ နားလည်တတ်တာမဟုတ်လား။
(စ)

ကောင်းကင်ဖြစ်ချင်သူတစ်ယောက်
ငှက်ကလေးတစ်ကောင်
ဖြူလျော်လျော်ကမ္ဘာ
(စိတ်အစာ၊ နှလုံးသားအစာ)
အစာမဝတဲ့ နေ့တာဟာ ပိုရှည်လျားနေခဲ့တယ်

ငှက်ကလေးရေ ပျော်ပါ ရယ်ပါ တခါတရံ ငိုကြည့်ပါ။ ဘဝရဲ့ ရသဆိုတာ စုံအောင်ခံစားကြည့်ရတယ် ငှက်ကလေးရဲ့။ ငှက်ကလေးရဲ့ အပျော်ကို တိတ်တခိုးငေးကြည့်ဖြစ်ရင် စိတ်မဆိုးနဲ့ ငှက်ကလေးရေ။ ကျွန်တော်က ငှက်ကလေးပျော်တာမြင်ရုံနဲ့ ရင်တစ်ခုလုံး လွင့်ထွက်မတက်ပျော်တဲ့သူ။ ငှက်ကလေးရဲ့ အရယ်နဲ့အတူ တိတ်တခိုး လိုက်ရယ်မိရင် စိတ်မဆိုးနဲ့ ငှက်ကလေးရေ။ ကျွန်တ်ာက ငှက်ကလေးရဲ့ ရယ်သံလွင်လွင်မှာ စိတ်တစ်ခုလုံး နူးညံ့ချိုမြတတ်တဲ့သူ။ ငှက်ကလေးရေ..ငှက်ကလေးရေ ကျွန်တော် တမ်းတတိုင်းသာ ကြားမယ်ဆို ငှက်ကလေးနားညည်းတော့မှာပဲ။ ဒါပေမယ့်လည်း..ကွယ် လွမ်းတယ် ငှက်ကလေးရယ်…။
သူအမှတ်နဲ့ ကောင်းကင်ကို မော့ကြည့်ရင်းစကားဆိုမိစဉ်မှာ ကျွန်တော့်ရင်တွေ တဆတ်ဆတ်ခုန်တယ်။ ငှက်ကလေးရယ်လေ သူနဲ့ ဘဝတူငှက်ကလေးတစ်ကောင်နဲ့ ပျော်နေလိုက်တာ။ ကျွန်တော့်ကို ငုံကြည့်ဖို့တောင် သူ မေ့နေခဲ့တယ်။
ရက်စက်လိုက်တာ ငှက်ကလေးရယ်။
(ဆ)
ငှက်ကလေးရေ ပျံစမ်း........
ငေးကြည့်ဖို့သာ တတ်နိုင်သူတစ်ယောက်ရှေ့မှာ မြင့်မြင့်မားမား ပျံပြလိုက်စမ်း
မုဒိတာနဲ့ ပြုံးကြည့်နေပါရစေ။
ငှက်ကလေးရေ..ပျော်ရဲ့လား
အတောင်ပံနှစ်ဖက်ကို လေထဲဝင့်ဝင့်
လွင့်လွင့်ဝဲဝဲ ပျံ
မြင့်မြင့်မားမားရောက်အောင်ပျံ
ငါရှိရာနေရာကို ယောင်လို့တောင် ငုံ့မကြည့်နဲ့
မင်းအကြည့်တစ်ချက်မှာ
ငါ့အလွမ်းတွေ ပုံအောပစ်ချလိုက်မိရင်
ငါ..........သေနိုင်တယ်...........။
ငှက်ကလေးရေ ကျွန်တော်ဟာ ငှက်ကလေးကို ချစ်နေသူဖြစ်ကြောင်း ငှက်ကလေးတော့ သိစေချင်သေးတယ်။ ကျွန်တော့်အလွမ်းတွေ သိစေချင်သေးတယ်။ ကျွန်တော့်မျှော်လင့်ချက်တွေ သိစေချင်သေးတယ်။ ငှက်ကလေးရေ. ချစ်တယ် လို့ အသံကုန်အော်မိတော့ လေပြေက ဟားတိုက်တယ်။ လှောင်စမ်းကွယ်။ တကယ်ဆို နှလုံးသားရှိသူမှ ခံစားရတာဆိုတဲ့ အသိနဲ့ ကျွန်တော့်အချစ်ကို ကျွန်တော် ဂုဏ်ယူပစ်လိုက်တယ်။
ငှက်ကလေးရေ ချစ်တယ်။။။။။
ကောင်းကင်ဖြစ်ချင်သူတစ်ယောက်
ငှက်ကလေးတစ်ကောင်
ဖြူလျော်လျော်ကမ္ဘာ
(စိတ်အစာ၊ နှလုံးသားအစာ)
အစာမဝတဲ့ နေ့တာဟာ ပိုရှည်လျားနေခဲ့တယ်
မပြည့်နိုင်မှန်းသိပေမယ့်လည်း
ဒီဆန္ဒဟာ ကြာရှည်နေခဲ့
နေ့တာရှည်တွေကို မင်းအတွက်နဲ့ ပိုင်ဆိုင်နေခဲ့မိတယ်
ငှက်ကလေးရေ
လွမ်းတယ်........။
………………………
ငှက်ကလေး တစ်ကောင်အတွက်..(၂)

(က)
ငှက်ကလေးရေ။။။။။။။။။။။။။။။
သစ်ပင်လေးတစ်ပင်က လွမ်းနေကြောင်း ငှက်ကလေး သိပါစေ။ တခါတခါကျ ကိုယ့်အလွမ်းကြောင့် ငှက်ကလေးများ စိတ်အနှောင့်အယှက်ဖြစ်လေမလား။ အားနာမိသားကွယ်။ ဒါပေမယ့်လည်း အလွမ်းဆိုတာ တားဆီးရနိုင်ကောင်းတဲ့ အထဲမှာမှ မပါတာ။ ကိုယ် လွမ်းနေပါရစေ။
ငှက်ကလေးရေ။ ငှက်ကလေးနဲ့ ကိုယ်နဲ့ တွေ့ဆုံခြင်းမှာ မာယာမပါခဲ့မှန်းတော့ ငှက်ကလေး သိလိမ့်မယ်။ ရိုးသားမှုတစ်ခုရယ်၊ တားဆီးဖို့ မေ့လျော့သွားတဲ့ သံယောဇဉ်အမျှင်တန်းမှုရယ်။ နောက် ငှက်ကလေးနဲ့ကိုယ်ရဲ့ ဘဝဖြစ်စဉ်တွေ ဖလှယ်ခဲ့မိကြတယ်။ ဒါပါပဲ။ တွေ့ဆုံမှုမှာ ရည်ရွယ်ချက်ရှိရှိနဲ့ လိမ်ညာမှုတွေ၊ လှည့်စားမှုတွေ ဘာအဓိပ္ပါယ်မှ မပါခဲ့ဘူး။ ရိုးသားမှုတွေ ကိုယ်စီနဲ့ တစ်ချက်တစ်ချက်အသံမြည်လိုက်၊ တစ်ချက်တစ်ချက် တိတ်ဆိတ်သွားလိုက်နဲ့ သံစဉ်မညီတဲ့ စကားဝိုင်းတစ်ခု။ အဲ့ဒီစကားဝိုင်းမှာ ကိုယ်ဟာ နှလုံးသားကို မြုပ်နှံမိခဲ့တယ်။

(ခ)
ငှက်ကလေးရေ…။။။။။။။
တို့တွေသွားတဲ့လမ်းဟာ ဦးတည်ရာဆန့်ကျင်ဘက်။ တစ်ယောက်က ဝါသနာကိုအမွှမ်းတင်နေတဲ့ အချိန်မှာ တစ်ယောက်က ဝမ်းစာကို ဖြည့်ဖို့ ပိုအရေးကြီးတယ်ထင်တယ်။ တစ်ယောက်က တည်ငြိမ်ရင့်ကျက်မှုက အဖိုးတန်တယ်ထင်ချိန်မှာ တစ်ယောက်ကဟန်ဆောင်ပန်ဆောင် တည်ငြိမ်ပြနေရတာထက် စိတ်ခံစားမှုကို ရိုးသားစွာနဲ့ ဖွင့်ဟပြချင်တယ်။ ဒီလိုပါပဲ။ ဒီလိုနဲ့ ဒို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်ဝေးကွာနေလိုက်ကြပုံများ…… တိုင်းခြားပြည်ခြားဝေးနေရသူတွေထက် ပိုကြောက်စရာကောင်းတဲ့ စိတ်ချင်းဝေးစပ်မှုမျိုး ပိုင်ဆိုင်နေခဲ့ကြရတယ်။ တကယ်ဆိုကိုယ်က ငှက်ကလေးအတွက် တံတိုင်းဖြစ်ချင်မိခဲ့တာ။ တခါတလေ ရိုးသားတဲ့ လွဲချော်မှုအမှားများစွာနဲ့ပဲ ကိုယ်ဟာ ငှက်ကလေးအတွက် ကပ်ပါးပင်သာ ဖြစ်ခဲ့ရတယ်။
ငှက်ကလေးက အချစ်ကို နားလည်တယ်။ ဒါပေမယ့် သစ်ပင်ကို မချစ်ဘူး။ သစ်ပင် ဆိုတဲ့ ကိုယ်ကတော့ ငှက်ကလေးကို ချစ်နေမိလိုက်တာ ရင်တစ်ခုလုံးပွင့်မတက်။
ဟယ်.. ကြား ကြားဖူးပေါင်တော် သစ်ပင်က ငှက်ကို ချစ်သတဲ့ဆိုတဲ့ အတင်းစကားတွေကြားမှာ ကိုယ်ဟာ လက်မထောင်လို့ ကိုယ့်နှလုံးသားအတွက် ကိုယ် ဂုဏ်ယူပြခဲ့တယ်။ ဂုဏ်ယူမိခဲ့တယ် ။
(ဂ)
ငှက်ကလေးရေ……။.။။။။
မင်းအတိတ်ကို ခဏခဏအမွှန်းတင်မပြစမ်းနဲ့။ ကြေကြေကွဲကွဲတေးသီနေတတ်တဲ့ မင်းအသံက ငါ့အသဲကို ဓါးနဲ့ မွှန်းသလိုပဲ။ ခံစားရ ခက်တယ်။
ငှက်ကလေးဟာ ကိုယ့်အတွက် ကမ္ဘာသစ်တစ်ခုတည်ဆောက်ပေးခဲ့တယ်လို့ ပြောရင် မင်း မရယ်နဲ့ကွယ်။ ဟုတ်တယ်။ ကိုယ့်ရဲ့ အတိတ်မှာ ကိုယ်ဟာ သာမန်ကြီးပြင်းမှုတစ်ခုကိုသာ ထူးဆန်းတယ်ထင်ခဲ့တဲ့ သစ်ပင်ငယ်။ ကိုယ့်အရပ်တွေ ရှည်လာတာကို ထူးဆန်းတယ်ထင်ခဲ့တယ်။ ကိုယ့်အကိုင်းအခက်တွေ ပိုပြည့်စုံလာတာကို ထူးဆန်းတယ်ထင်ခဲ့တယ်။
အခုမှ ငှက်ကလေးအတွက်နဲ့ ကိုယ့်ကောင်းကင်ဟာ မှောင်မည်းလိုက်၊ လင်းလက်လိုက်။ တစ်နေ့တည်းနဲ့ ရာသီဥတုတွေ ပြောင်းလဲနေပုံများ။ ငှက်ကလေးကို ချစ်မိတဲ့ အချစ်တွေကြောင့် ငါ့ကောင်းကင်က ဝင်းဝင်းလက်လက်။ ငှက်ကလေးကို လွမ်းတဲ့ အလွမ်းတွေ ပြင်းပြလွန်းတဲ့အခါ ငါ့ကောင်းကင်ဟာ တိမ်ညိုတွေနဲ့ အုံ့အုံ့မှိုင်းမှိုင်း။ ငှက်ကလေးကိုကြည့်ရင်း ပျော်မြူးမိတဲ့ အခါ ငါ့ကောင်းကင်က သာယာတယ်။ ငှက်ကလေးရဲ့ ငှက်ကလေးကို မြင်ရတဲ့ အခါတိုင်းမှာတော့ ငါ့ကောင်းကင်ဟာ ရုတ်ခြည်း အမှောင်ကျတတ်တယ်။
ငှက်ကလေးရေ သိလား။ သိရဲ့လား လို့ အော်မေးပစ်ချင်စမ်းရဲ့။
(ဃ)
ငှက်ကလေးက ကျွန်တော့်ရဲ့ ကမ္ဘာသစ်ပါ
သူ ရှိတဲ့နေရာမှာ ကျွန်တော်ပျော်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ မှော်ဆရာပါ
သူပြုစားသမျှ ကျွန်တော် ကျေနပ်တယ်
ငှက်ကလေးက ကျွန်တော့်ရဲ့ အိပ်မက်သခင်ပါ
သူပါမှ အိပ်မက်တွေဟာ ပိုလှလာတယ်

ဒီလိုကဗျာလေးတွေ ကိုယ်ရွတ်တဲ့အချိန်မှာ ငှက်ကလေးကြားနိုင်မလား။ ကြားစေချင်ရဲ့ ငှက်ကလေးရယ။် ကြားစေချင်သူက မကြားနိုင်တဲ့ဘဝမှာ သစ်ပင်အဖြစ်ကို စိတ်ကုန်မိရဲ့။ အရာရာကို ဆွံ့အခြင်းများစွာနဲ့ နားထောင်ခွင့်ပဲရှိတယ်။ ကိုယ်ပြန်ပြောခွင့်ရတာဆိုလို့ လေပြေနဲ့အတူ သစ်ခတ်လေးတွေ ယိမ်းနွဲ့ရင်း လှုပ်ခတ်လိုက်ရတဲ့ အသံပါပဲ။
(င)
ငှက်ကလေးရေ..။။။။။
ငှက်ကလေးကို ငေးနေမိတဲ့ ကိုယ်က မေခနဲ့ မလိခကိုအားကျတယ်။ သူတို့တွေ ပေါင်းဆုံသလို တချိန်ချိန်တော့ ငှက်ကလေး ကျွန်တော့်လက်ဖျံမှာ လာနားမယ်ထင်မိတယ်။ ငှက်ကလေးကို တမ်းတနေတဲ့ ကျွန်တော်က i will be right here သီချင်းလေးကို တိုးတိုးလေးဆိုညည်းချင်နေမိ။ တချိန်ချိန်တော့ ငှက်ကလေးကြားလိမ့်မယ် ယုံကြည်တယ်။ ငှက်ကလေးကို မြတ်နိုးလွန်းတဲ့ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် အလောင်ကျွမ်းခံချင်မိရင်း ငှက်ကလေးအတွက် အနွေးဓါတ်ပေးချင်ခဲ့တယ်။
ငှက်ကလေးရေ..။။။။။
 ငှက်ကလေးကို တမ်းတခြင်းဟာ ဘာလိုအင်ဆန္ဒပါလဲ စဉ်းစားတော့ ပြုံးမိသား။ အချစ်မှာ လိုအင်ဆန္ဒမပါရင် ပျင်းဖို့ကောင်းသတဲ့။ ကျွန်တော် ငှက်ကလေးရဲ့ ချစ်ခြင်းကို လိုအပ်တယ်။ ဟုတ်တယ်။ ငှက်ကလေးရဲ့ ချစ်ခြင်းကိုလိုအပ်တယ်ဆိုတာကတော့သေချာပါတယ်။
(စ)

တိတ်ဆိတ်နေတဲ့ နေ့ခင်းက ငှက်ကလေးကို ပိုပြီးတမ်းတစေတယ်။ ငှက်ကလေးရေ အလွမ်းဆိုတာ တားခွင့်မရှိတဲ့ မြစ်ပါပဲ။ သူစီးချင်သလောက်စီး၊ အရှိန်အဟုန်ကို နှလုံးသားကထိန်းချုပ်တယ်။ ခုတော့ ငှက်ကလေးကို လွမ်းတယ်။
ငှက်ကလေးက ကျွန်တော့်အတွက် ကမ္ဘာတစ်ခုတည်ပေးခဲ့တဲ့အကြောင်း ထပ်ပြောပြချင်သေးတယ်။
ရိုးးသားတိတ်ဆိတ်လွန်းတဲ့ ကိုယ့်ကမ္ဘာဟာ ငှက်ကလေးအတွက်နဲ့ အလွမ်းတွေ ညှို့ဆိုင်းလာရ? အချစ်တွေ နဲ့ ဝင်းလက်လာရ၊ ကြေကွဲမှုတွေနဲ့ ဖျော့တော့လာရ ..ဒီလိုနဲ့ပဲ အရောင်စုံတဲ့ကမ္ဘာသစ်တစ်ခု ဖြစ်တည်လာခဲ့တယ်။ တကယ်ဆို ကိုယ်ဟာ သစ်ပင်အဖြစ် ဖြစ်တည်မှုကို မေ့နေခဲ့ကြောင်း(မေ့ထားခဲ့ကြောင်း) ဝန်မခံချင်ခဲ့ဘူး။ နှလုံးသားက ကမ္ဘာသစ်ကို ဖျက်ပစ်ရမှာကြောက်တယ်။ ဒီကမ္ဘာသစ်က ငှက်ကလေးနဲ့မှ ဖြစ်တည်ခဲ့ရတာ၊ ဒီကမ္ဘာသစ်က ငှက်ကလေးက ကိုယ့်ကို ဖန်တီးပေးခဲ့တာ။ ဘယ်လောက်ပဲ အလွမ်းတွေ ညှို့ဆိုင်းနေပါစေ။ ငှက်ကလေးဖန်တီးပေးတဲ့ ကမ္ဘာသစ်ဟာ ကိုယ့်ရဲ့ သုခ နန်းတော်ပါပဲ.....။
အချစ်မရှိတဲ့ ကမ္ဘာထက် ချစ်သူကို လွမ်းနေရတဲ့ကမ္ဘာက ပိုပြီး ပြည့်စုံတယ်။ ငှက်ကလေးရေ...... တိတ်တိတ်လေးပဲ လွမ်းတယ်။
(ဆ)
ငှက်ကလေးရေ…။။။။။။။
ငှက်ကလေးက ၊ငှက်ကလေးက ကလေးဆန်တယ်။ မရယ်နဲ့ ငှက်ကလေးရယ်။ တကယ်ဆို ချစ်မိတာကိုက ကလေးဆန်နေတာဖြစ်မယ်။ ဒါမှမဟုတ်
အချစ်ကိုက စိတ်တွေ နုပျိုစေတာဖြစ်မယ်။ ငှက်ကလေးနဲ့ အချစ်က ကလေးဆန်တာ သေချာတယ်။

ငှက်ကလေးဟာ ငှက်ကလေးပါပဲ။ ကျွန်တော့်ကို ရူးအောင်ပြုစားနိုင်တယ်။
ကောင်းကင်က ကြယ်ကိုလိုအပ်တယ်။ နေကိုလိုအပ်တယ်။ လမင်းကို လိုအပ်တယ်။ လိုအပ်တယ်လို့
စကားတွေမဆိုမိဘူး။ ကောင်းကင်ခမျာ ကမ္ဘာကြီးကို မိုးပေးဖို့ လုံးပမ်းနေမိလို့ပါ။
ငှက်ကလေးရေ ကိုယ်လည်း ငှက်ကလေးကိုလိုအပ်တယ်။ ဒါပေမယ့် လိုအပ်တယ်မဆိုမိဘူး။ ငှက်ကလေးစိတ်ရှုပ်သွားမှာ စိုးရိမ်မိလို့ပါ။

ငှက်ကလေးက တေးဆိုရင် တေးဆိုသံထဲက ခံစားချက်တွေကို ကိုယ်က ဖမ်းယူနေကျ။ ငှက်ကလေးက ပြုံးနေရင် အပြုံးထဲက ခံစားချက်အငွေ့အသက်တွေကို ကိုယ်က ဝေခွဲကြည့်နေကျ။ ဘာ့ကြောင့်ဘာ့အတွက်၊ ပျော်ရွှင်မှု၊ လွမ်းဆွေးမှု၊ ဝတ်ကျေတမ်းကျေ အရာရာကို ကိုယ် ဖမ်းယူတတ်ခဲ့တယ်။
တကယ်ဆို ငှက်ကလေးရယ် ကိုယ်က သစ်ပင်ဖြစ်နေခဲ့တယ်။ ငှက်ကလေးကို ဘယ်လောက်ချစ်ကြောင်း ဖွင့်ဟပြောစရာစကားလုံးမရှိဘူး။ တိုးတိတ်ဆွံ့အ နာခံရုံသတ်သတ် ဖြစ်တည်ခဲ့ရတဲ့ ဘဝ သစ်ပင်ဘဝက ခေတ္တလွတ်မြောက်ချင်တယ်။  ငှက်ကလေးရေ အခွင့်ရှိရင် ငှက်ကလေးရဲ့ ချစ်ခြင်းကို လိုအပ်ကြောင်း တေးဆိုခွင့်ရချင်တယ်။
(ဇ)
ငှက်ကလေးရေ..။။။။။
အချစ်ကို ငှက်ကလေးက နင့်နင့်နဲနဲ ယုံကြည်ကိုးစားဖူးကြောင်းသိလိုက်တဲ့ နေ့မှာ ကျွန်တော့်လက်ဖျံတွေ အဝါရောင်ပြောင်းသွားခဲ့တယ်။ ဟုတ်တယ်။ ငှက်ကလေးရဲ့ ချစ်သူအပေါ် စိတ်ကူးယဉ်ဆန်ဆန်ချစ်တတ်မှုက ကျွန်တော့်ရဲ့ မနာလိုစိတ်ကို နှိုးဆွတယ်။ ငှက်ကလေးရယ် သဝန်တိုတာရှိရင် တကယ်ချစ်တယ်ခေါ်သလား။တကယ်ချစ်ပေမယ့် သဝန်မတိုတတ်ချင်ဘူး။ ကျွန်တော့်စိတ်ရဲ့ ကြီးမြတ်မှုတွေ ဖန်ဆင်းပေးပါ။ ငှက်ကလေးရဲ့ အတိတ်အကြောင်း တစွန်းတစတောင် မသိချင်တော့ဘူးကွယ်။
ငှက်ကလေးရေ..။။။။
အချစ်ကို အချစ်လို့ပဲ ကျွန်တော် သတ်မှတ်တယ်။ ဟုတ်တယ်။ အချစ်ကို ဖွင့်ဟပြောဖို့ မလိုအပ်ဖူးဆိုရင်တောင်မှ ချစ်ခြင်းကြောင့်ဖြစ်တည်လာတဲ့ ဂရုစိုက်ခြင်းတွေကိုတော့ ထိန်းချုပ်မထားချင်ဘူးကွယ်။ ကြာလာရင် သိမ်းထားရတာများလို့ ရင်နင့် သေနိုင်တယ်။
(ဈ)
ငှက်ကလေးရေ…။။။။
ငှက်ကလေးမကြားနိုင်မှန်းသိပေမယ့်ထပ်ထပ် တေးသီနေမိဦးမယ့် ကျွန်တော့်နှလုံးသားတေးသံကို တစ်ခါလောက်တော့နားစွင့်ပေးကွယ်။ ကြားစေချင်သူက မကြားတဲ့အခါ အော်ရတဲ့သူအတွက် ပိုပင်ပန်းတယ်။ ခု ကျွန်တော့်နှလုံးသားဟာ အသံအိုးမကောင်းတော့ဘူးတဲ့လေ။ ငှက်ကလေးတစ်ကောင် ကိုက်ဖြတ်ထားလို့ ဆိုလားပဲ ။

ရည်ဝေ
ငှက်ကလေးတစ်ကောင်အတွက် ..(၃)


(၁)
ဟော့ဒီကောင်းကင်အောက်မှာ ငှက်ကလေးတစ်ကောင်၊သစ်ပင်တစ်ပင် မရည်ရွယ်ပဲ တွေ့ဆုံဖူးခဲ့တယ်။ ငှက်ကလေးကတော့ ခဏ လာနားတာပါပဲ။ သစ်ပင်လေးကတော့ တစ်သက်တာအတွက် ငှက်ကလေးကို မြတ်နိုးသွားမိသတဲ့။
သစ်ပင်အတွက် ငှက်ကလေးက အရာရာကိုရင်ဆိုင်နိုင်တဲ့ သူရဲကောင်း မှတ်ခဲ့မိတယ်။ နောက် သူရဲကောင်း ဖြစ်စေချင်ခဲ့တယ်။
တကယ်လည်း ငှက်ကလေးဟာ သူရဲကောင်းဖြစ်ခဲ့ပါတယ်။ သစ်ပင်လေး မြင်ခဲ့သမျှ အပြုအမှုတိုင်းမှာ ငှက်ကလေးဟာ သူရဲကောင်းဆန်တယ်။ ရင့်ကျက်တယ်။တွေးတတ်တယ်။ သားကောင်ရဲ့အနေအထားသိတဲ့ သိန်းစွန်ရဲတစ်ကောင်လို ရဲရင့်ခဲ့တယ်။ လင်းယုန်လို ကျက်သရေကြီးခြင်းများစွာနဲ့ မြင့်မြတ်ခဲ့တယ်။ ဒါပေမယ့် သစ်ပင်လေး မှားခဲ့တယ်။ ငှက်ကလေးကို အရိပ်လို လိုက်ကြည့်နေမှုဟာ ငှက်ကလေးရဲ့ စိတ်အားငယ်မှုတွေကို ထွင်းဖေါက်မြင်တတ်ခဲ့တယ်။ ငှက်ကလေးကို အရိပ်လို လိုက်ကြည့်နေမှုဟာ မှားခဲ့တယ်။ တကယ်ဆို ငှက်ကလေးဟာ သူ့ဝမ်းနည်းမှုတွေကို တခြားသူတွေကို မြင်စေချင်ရဲ့လား။ မမြင်စေချင်ပဲ သစ်ပင်လေးက မြင်ခဲ့တာဆိုရင်....။ သစ်ပင်လေးဒီအတွေးကြောင့် တကယ်ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် သစ်ပင်လေး ပျော်တယ်။ ချစ်တဲ့သူရဲ့ စိတ်ခံစားချက်ကို သိခွင့်ရလိုက်တဲ့အတွက် သစ်ပင်လေး ပျော်မိတယ်။
ဟုတ်တယ်။သစ်ပင်လေး ပျော်မိပါတယ်။


(၂)
တကယ်ဆို သစ်ပင်လေးရဲ့ ဘဝဟာ ရိုးရှင်းလွန်းပါတယ်။ ဟော့ဒီမြေ၊ ဟော့ဒီကောင်းကင်အောက်မှာ သစ်ပင်လေးအတွက် တစ်ခုတည်းသော အလုပ်က အသက်၇ှင်နေမှု။ ဟုတ်တယ်။ အသက်၇ှင်သန်နေမှုပဲ ၇ှိတယ်။
သာမန်ရှင်သန်နေထိုင်မှု ဘဝမှာ ခံစားချက်ဆိုတာကို မတို့မထိခဲ့ရတဲ့ သစ်ပင်လေးဟာ သူ့လက်ဖျံမှာ လာနားတဲ့ ငှက်ကလေးတစ်ကောင်ကို အမြင်မှာ ခံစားချက်တွေ သီးပွင့်လာတယ်ဆိုရင် ငှက်ကလေးယုံပါ့မလား။
သစ်ပင်လေးက ကိုယ့်ပတ်ဝန်းကျင်ကို ငေးကြည့်ဖို့တောင် စိတ်မဝင်စားခဲ့သူ။ ဒါပေမယ့်လည်း ခုတော့ ကောင်းကင်ကို မကြာခဏ မျှော်ကြည့်နေတတ်ပြီ။ ငှက်ကလေးများ ပျံသန်းသွားမလားလို့လေ။ ငှက်ကလေးပျံသန်းသွားချိန်ကို မမြင်ရမှာကို သစ်ပင်လေး အရမ်းကြောက်တယ်။
ငှက်ကလေး အိပ်နေချိန်ဆို သစ်ပင်လေးက စိတ်ပူတတ်တယ်။ ငှက်ကလေးမမြင်ရပဲနဲ့ တစ်စုံတစ်ခုရဲ့ ထောင်ချောက်တွေထဲကျသွားမလားလို့။ငှက်ကလေး လေလှိုင်းပေါ်ပျံသန်းနေချိန်ဆို သစ်ပင်လေး တွေးပူတတ်တယ်။ ကြားမှာ ကာဆီးထားတဲ့ အပိတ်အဆို့တွေကို မမြင်ပဲဝင်တိုက်မိရင် ငှက်ကလေးဒဏ်ရာရနိုင်တယ်။
ငှက်ကလေးရေ သစ်ပင်က ငှက်ကလေးကို တွေ့ချင်ရင် ကောင်းကင်ကို မော့ကြည့်လိုက်တယ်။ တိမ်တွေက ငှက်ကလေးရဲ့ အသွင်ပြောင်းသွားတယ်။ ငှက်ကလေးရေ သစ်ပင်က ငှက်ကလေးကို တွေ့ချင်ရင် မြေပြင်ကို ငုံ့ကြည့်လိုက်တယ်။ မြေပြင်ဟာကောင်းကင်ဖြစ်လို့ ငှက်ကလေးပျံသန်းနေသတဲ့။
ငှက်ကလေးရေ အချစ်ဆိုတာ ဖွင့်ဟပြောမှ ချစ်လို့ရကြေးလား။ ကိုယ့်မှာက ဖွင့်ပြောစရာ အသံမှ မရှိတာ။ ဒါပေမယ့်လည်း ငှက်ကလေးကို ကိုယ် ချစ်တယ်။
သစ်ပင်တစ်ပင်က ငှက်ကလေးတစ်ကောင်ကို ချစ်နေပါတယ်။
အကျယ်ကြီးအော်ပစ်လိုက်တော့ ရှဲ..ရှဲ...ရှဲတဲ့လေ။ သစ်ခက်လေးတွေ လေတိုက်လို့ လှုပ်တဲ့အသံပဲ ထွက်လာတယ်။ ငှက်ကလေးရေ.. စိတ်မောလိုက်တာ။

(၃)
ငှက်ကလေးနဲ့ သစ်ပင်ရဲ့ ကြားထဲမှာဘာတွေခြားထားသလဲ။
ရှာဖွေကြည့်မိတယ်။
နေထိုင်ရှင်သန်ရာဘဝမတူညီကြဘူးနော်။ နောက် စိတ်ကို အလိုလိုက်ပုံခြင်း မတူညီကြဘူး။ ငှက်ကလေးက သူ့နှလုံးသားကို သူအလေးထားတယ်။ သူ့စိတ်ကလိုအပ်တဲ့ အစာအာဟာရကို အလေးထားတယ်။ ဖြည့်ခွင့်ရဖို့ပဲ ကြိုးစားနေတယ်။ သူ့ဝါသနာကို အထပ်ထပ်မွမ်းမံတယ်။
သစ်ပင်က ၊ သစ်ပင်ကဝါသနာဆိုတာကို မသိခဲ့ဘူး။ အသက်ရှင်နေလို့သာအသက်ရှုနေမိတာဆိုတဲ့အတွေးမျိုးကို တွေးရင်းနေထိုင်မိခဲ့သူ။ သစ်ပင်လေးက နှလုံးသားက လိုအပ်တဲ့ အစာအာဟာရဆိုတာကို တခါမှ မတို့ထိဖူးခဲ့တဲ့သူ။ ဒီဆန့်ကျင်ဘက်နှစ်ခု ဘယ်လိုများဆုံစည်းလေမလဲကွယ်။
ခုတော့ နှလုံးသားက လိုအပ်တဲ့ အစာအာဟာရဆိုတာ ငှက်ကလေးလို့ သိတတ်ခဲ့ပြီ။ အချစ်ဆိုတာကို ခံစားဖို့ မင်းမှာ နှလုံးသားရော ပါရဲ့လားကွာ တဲ့.. ကိုယ့်သူငယ်ချင်းတစ်ချို့ မေးကြတယ်။ ကိုယ်ပြုံးပြုံးလေးပဲ ပြန်ဖြေမိတယ်။ တကယ်ချစ်တတ်သူအတွက် နှလုံးသားမရှိပေမယ့် နှလုံးသားရှိသူတွေထက် ခံစားတတ်တယ်လို့။ သူတို့ တစ်နေ့ချစ်တတ်ရင် သိလိမ့်မယ်။ အချစ်ဆိုတာ ဘယ်လောက်ထိ ကြည်ကြည်နူးနူးနဲ့ နာကျင်ရတဲ့ အကြောင်း ကို။

ငှက်ကလေးက သစ်ပင်လေးရဲ့ ကောင်းကင်ကို တစ်နေ့မှာတစ်ခါပဲ ပျံသန်းတတ်တယ်နော်။ တကယ်ဆို အဲ့ဒီ့အချိန်မှာ ငှက်ကလေးဟာ အိပ်ပျော်နေတတ်ပြီ။ ဒါမှမဟုတ် ပျင်းပျင်းရိရိနဲ့ စမ်းချောင်းလေးကို ငေးကြည့်ရင်း သမ်းဝေနေတတ်ပြီ။ ခုတော့ အဲ့ဒီ့အချိန်တိုင်း ငှက်ကလေးကိုပဲ ကြည့်နေမိလို့ ကိုယ့်ရှေ့က စမ်းချောင်းလေးတောင်ပြောနေတတ်ပြီ။ မင်းက ငှက်ကလေးမလာမှ ငါ့ကိုကြည့်တာပါကွာ..တဲ့။ ကိုယ့်သူငယ်ချင်းတချို့ကိုတောင် မျက်နှာလွဲသလိုဖြစ်လို့ ကိုယ့်ကို စိတ်ဆိုးနေကြပြီ။
ဒါပေမယ့်လည်း ငှက်ကလေးရယ် ကိုယ့်ရဲ့ တစ်နေ့တာမှာ ကိုယ့်ရဲ့ အပျော်ဆုံးအချိန်ဟာအဲ့ဒီအချိန်ပဲဆိုတာ သူတို့မှ မသိတာပဲလေ။
ဟော ပြောရင်းဆိုရင်းပဲ ငှက်ကလေးကို လွမ်းမိနေပြန်ပြီမို့ စမ်းချောင်းလေး နှုတ်ခမ်းစူသွားပြန်ပြီ။ မတတ်နိုင်ဘူးကွယ်။ ငှက်ကလေးအကြောင်းတွေးနေရတဲ့ အချိန်တွေဟာ ကိုယ့်အတွက် စိတ်အချမ်းသာဆုံးအချိန်တွေ ဖြစ်ကြောင်း ကိုယ်ထပ်မပြောချင်တော့ပါဘူး။
ငှက်ကလေးရေ လွမ်းလိုက်တာ။

(၄)
အဲ့ဒီ့နေ့က သစ်ပင်အတွက် ကောင်းကင်ပြိုသလို ဖြစ်တဲ့နေ့ပေါ့။
ငှက်ကလေးရယ်လေ တခြားငှက်ကလေးတစ်ကောင်နဲ့ ကိုယ့်ကောင်းကင်ပေါ်ကနေ ပျံသန်းသွားတယ်။ မြင်လိုက်ရတာဟာ အရိပ်အယောင်လာက်ပါပဲ။ ဒါပေမယ့် ကိုယ့်ခန္ဓာကိုယ်တစ်ခုလုံး အလဲလဲအပြိုပြို။ ငှက်ကလေးသတိထားမိရင် သိလိမ့်မယ်။ အဲ့ဒီ့နေ့က ကိုယ်ကောင်းကင်ကို မော့မကြည့်ခဲ့ဘူး။
အဲ့ဒီ့နေ့ကစလို့ ကိုယ် ငိုတတ်ခဲ့တယ်။
ငှက်ကလေး သတိထားမိရင် သိလိမ့်မယ်။ အဲ့ဒီ့နေ့ ကိုယ်တိတ်ဆိတ်ခဲ့တယ်။

ဒါပေမယ့်လည်း မထူးပါဘူး ငှက်ကလေးရယ်။ ချစ်သူရှိလို့သာ မေ့ပစ်ကြေးဆို ဒီကမ္ဘာမှာ အသဲကွဲသမားမရှိနိုင်ဘူး။ ဒီတော့ကိုယ်လည်း သမရိုးကျအသဲကွဲသမား ဖြစ်ပစ်လိုက်တယ်။ ကိုယ် အသဲကွဲပစ်လိုက်တယ်။

ငှက်ကလေးရေ လွမ်းတယ်။ ချစ်ခြင်းတစ်ခုဟာမပြည့်စုံနိုင်မှန်း ပိုသေချာလာလေလေ၊ ငှက်ကလေးကို ချစ်ခွင့်ရနိုင်မယ့်(တဲ့) ရက်တွေကို ပိုပို တန်ဖိုးထားမိလေပါပဲ။ အလွမ်းတစ်ခုကို ဖွင့်ဟဝန်ခံဖို့ ဆုံးဖြတ်လိုက်မိတော့ စမ်းချောင်းလေးက ပြုံးတယ်။ “မင်းက သစ်ပင်လေ မင်းစကားမပြောနိုင်ပဲနဲ့ငှက်ကလေးကို ဘယ်လိုပြောမှာလဲ သစ်ပင်ကမ္ဘာပျက်အောင်တော့ မလုပ်ပါနဲ့ကွာ သစ်ပင်ဆို ဖွင့်ဟပြောဆိုလို့မရတဲ့သူပဲကွ နားထောင်ခွင့်ပဲရှိတယ်” တဲ့လေ။ သူကတော့ အဲ့ဒီလိုပြောပြီး ဆက်လျှောက်သွားတယ်။ ကိုယ့်မှာသာ.. အတွေးတွေတသီကြီးနဲ့ကျန်ခဲ့။
ပိုင်ဆိုင်ခွင့်မရှိတဲ့ ချစ်ခြင်းကို ဘာတွေနဲ့၊ ဘယ်လိုနည်းနဲ့ ဖွင့်ပြောရမလဲ။ ကိုယ်တော်တော်ခေါင်းခြောက်နေပါပြီ ငှက်ကလေးရယ်။ ကိုယ့်အိပ်ချိန်တွေကို ဖဲ့ပစ်ပြီး ကောင်းကင်က ငှက်ကလေးကို ခိုးကြည့်တဲ့ နေရ့ရက်တွေ များများလာလေလေ၊ ငှက်ကလေးကို မြတ်နိုးမိတဲ့ စိတ်က တိုးလာလေလေ။
ငှက်ကလေးရေ မြတ်နိုးမှုကို တိုင်းတာတဲ့ စက်တွေရှိရင် ကိုယ့်ဆီခဏယူလာခဲ့စမ်းပါ။ ငှက်ကလေးကို ကိုယ်ဘယ်လောက်ထိ မြတ်နိုးကြောင်း တိုင်းတာပြချင်လို့ပါကွယ်။

“ကိုယ့်ဘဝကိုယ် မသိတဲ့သစ်ပင်ကို
အပြစ်ဆိုချင်လည်း ဆိုပါတော့
ချစ်ခွင့်တော့ရချင်နေသေးတယ်” ငှက်ကလေးရယ်။
တချိန်ချိန်ပေါ့။ တန်ခိုးရှင်နဲ့ တွေ့ချင်တယ်။ ငှက်ကလေးကို ဖွင့်ပြောဖို့အတွက်လေ။
(၅)
မနေ့ညက အိပ်မက်တယ်။
ငှက်ကလေးက ကိုယ့်ကို ကြည့်ရင်းစကားဆိုတယ်။ “မြတ်နိုးတယ်” တဲ့လေ။ ကိုယ်ပျော်သွားလို့ ထခုန်မိတော့ စမ်းချောင်းလေးက အော်တယ်။ တိတ်တိတ်နေစမ်းကွာတဲ့။ ကျန်တဲ့ သူငယ်ချင်းတွေကလည်း ဆိုတယ်။ အိပ်ချိန်ကြီးမှာ ဆူညံနေသတဲ့။ ကွယ်.. ခက်လိုက်တာ။ အိပ်မက်ထဲ ပျော်တာတောင် လွတ်လွတ်လပ်လပ်ပျော်ခွင့်မရတဲ့ ဘဝမျိုး။
အိပ်မက်က အပျော်တွေနဲ့  ကိုယ်ဟာ ဒီနေ့တစ်နေ့လုံး ငှက်ကလေးကို မျှော်နေမိတယ်။ ငှက်ကလေး ဘာအဆင်အသွေးကို ဆင်လာမလဲ။ ဘယ်လိုပုံစံတေးဆိုမလဲ။ ငှက်ကလေးဘာတွေကို ရှာဖွေဦးမလဲ။ငှက်ကလေးအကြောင်း တွေးနေရင်းနဲ့ မျှော်နေမိတယ်။
https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-prn1/417741_425840260838309_1259787199_n.jpg
အို…. ငှက်ကလေးရယ်လေ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ပျံသန်းလာတာ၊။ ပြီးတော့ ကိုယ့်ရှေ့က သဲသောင်ပြင်မှာ လာရပ်တော့ စိတ်မကောင်းစွာနဲ့ပဲ ပျော်မိတယ်။ ငှက်ကလေးအတွက် စိတ်မကောင်းပေမဲ့ ငှက်ကလေးကိုယ့်ရှေ့မှာ ရပ်နေတဲ့ အတွက် ပျှော်ရွှင်မှုကိုတော့ ထိန်းမရခဲ့ဘူး။
အို.. ငှက်ကလေး ဘာတွေ လုပ်နေတာလဲ။ မြေပြင်ပေါ်မှာ နှုတ်သီးလေးနဲ့  ဆွဲတဲ့ဝလုံးဝိုင်းဝိုင်းလေးတွေ။ဘာ့အတွက်လဲ။ ဘာ့ကြောင့်လဲ။ မေးချိန်မရလိုက်ဘူး။ ငှက်ကလေးပျံသန်းသွားတယ်။ ဘာဆိုဘာမှမသက်ဆိုင်ပါပဲနဲ့ဝလုံးလေးတွေကို ကိုယ်မုန်းမိသွားတယ်။ ငှက်ကလေးစိတ်ညစ်နေတာဟာ ဒီဝလုံးလေးတွေနဲ့ ဆိုင်လိမ့်မယ်။
ငှက်ကလေးရေ.. အားမလျော့နဲ့။ မာန်တင်းစမ်းပါ။ ငှက်ကလေးဟာ ကိုယ့်ရဲ့သူရဲကောင်းလေ။ ငှက်ကလေးစိတ်ညစ်နေရင် သူရဲကောင်းကို အားကိုးတဲ့ ပြည်သူတွေ စိတ်ညစ်သလို ကိုယ်လည်း စိတ်ညစ်တယ်။ ငှက်ကလေးငိုရင် ကိုယ်လည်း ငိုချင်တယ်။ ငှက်ကလေး မပျော်ရင် ကိုယ်လည်း မပျော်ရွှင်ဘူး။ ငှက်ကလေးရေ ပြုံးပါ။ ကျေးဇူးပြုပြီး ပြုံးပါ။
ငှက်ကလေးရဲ့ ပျောက်ရှသွာတဲ့အားမာန်တွေကို ကိုယ် ပြန်ရှာပေးချင်လိုက်တာ။ ငှက်ကလေးရေ အားတင်းထား။
အားငယ်နေတဲ့မျက်လုံးတွေကို သူရဲကောင်းမာန်နဲ့ ခပ်ဝင့်ဝင့်ကြည့်ပစ်လိုက်။ ပျင်းတိပျင်းရွဲခတ်နေတဲ့ အတောင်ပံတွေကို အင်ဂျင်တပ်ပစ်။ ဘယ်တော့မှ စိတ်အားမငယ်ကြေး။ ဟော့ဒီကမ္ဘာမှာ၊ ဟော့ဒီကောင်းကင်အောက်မှာ ငှက်ကလေးကို အားပေးနေမယ့် သစ်ပင်လေးတစ်ပင်ရှိတယ်။

ဘယ်သူတွေဘာပြောပြော ငှက်ကလေးက ကိုယ့်ရဲ့သူရဲကောင်း။
(၆)
ငှက်ကလေးရေ ဒီနေ့လာရင် ရွှင်ရွှင်လန်းလန်းနဲ့လာခဲ့ဟာ။ ငှက်ကလေးသိမှာမဟုတ်ပေမယ့် ငှက်ကလေးကို သစ်ပင်လေး တီးတိုးစကားတွေဆိုနေမိတယ်။ သူ့မျက်နှာမရွှင်မလန်းဖြစ်ခြင်းမှာ ကိုယ့်စိတ်တွေ ဘယ်လောက်ထိ လေးပင်ထိုင်းမှိုင်းရတယ်ဆိုတာ ကိုယ်သာသိတာလေ။ ခုတလော မှိုင်မှိုင်နေတဲ့ ငှက်ကလေးကို မြင်ရတာ သစ်ပင်လေး ငိုချင်တယ်။
“သစ်ပင်ရယ် မရူးစမ်းပါနဲ့..”လို့ စမ်းချောင်းလေးက သတိပေးလည်း ကိုယ် မရူးပဲမနေနိုင်ဘူး။ အချစ်ဆိုတာကိုယ်က ရူးသွပ်ခြင်းတစ်မျိုးဆိုလားပဲလေ။ ဒီတော့ကိုယ်ဆက်ရူးနေပစ်လိုက်တယ်။
တကယ်ဆို စမ်းချောင်းနဲ့မှ အမူအယာချင်းစကားပြောလို့ရသေး၊ ငှက်ကလေးဆိုတာက ကိုယ်ပြုမှုလိုက်တဲ့ အပြုအမှုတိုင်းကို သက်မဲ့တစ်ခုလို့ပဲ ယူဆထားမယ့်သူ။ ဒီလိုလူကိုမှ ချစ်ခဲ့မိတာ သစ်ပင်လေးမှားပြီထင်ရဲ့။ ဘဝနှစ်ခုကကပြောင်းကပြန်ဖြစ်နေတော့ ကိုယ့်အချစ်ကိုယ် သံသယဖြစ်ချင်လာမိပြီ။ ဒါပေမဲ့ကွယ် မချစ်သင့်လို့ မချစ်နဲ့ ခိုင်းလို့ရကြေးသာဆို ဒီကမ္ဘာမှာ “Lonely” ဆိုတဲ့ စကားပေါ်လာမယ်မထင်ဘူး။
 ကိုယ်စိတ်တိုတိုနဲ့ ရွက်ဝါတွေတစ်ရွက်ပြီးတစ်ရွက်ခြွေပြီး ငှက်ကလေးအတွက် ကဗျာတွေရေးနေမိတယ်။။ တကယ်လို့များ တိမ်ပေါ်မှာ ရွက်ဝါလေးတွေ  တွေ့ရင် ကျော်မသွားပါနဲ့ ငှက်ကလေးရယ်။ မင်းအတွက် ကိုယ်ရေးထားတဲ့ကဗျာလေးတွေ ပါနိုင်တယ်။ လွမ်းလွန်းလို့ရေးတဲ့ ကဗျာ သိစေချင်သူ မမြင်တော့ ခြွေချခံရတဲ့ ရွက်ဝါလေးတွေက ငိုချင်တယ်တဲ့။
“မငိုကြပါနဲ့ ရွက်ဝါလေးတို့ရယ်။ ကိုယ်လည်း ငိုချင်နေလို့ပါ။
ကိုယ်ချစ်တာ ငှက်ကလေး မသိဘူး ရွက်ဝါတို့ရဲ့။ ကိုယ်ချစ်တာကို သူမသိဘူး။ ကောင်းကင်ကြီးရယ် ခဏငိုပေးစမ်းပါ။ ကျွန်တော့်မျက်ရည်တွေ ကို ပါ ရောပါသွားစေချင်လို့ပါ။”
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMuTWxtSOQtROzOYPlzu6Kbz6qiVDie2msPgOFApPwZbcgSytKm3m4BXQRlklZec6TAbifHMY2zVju2F_pUCb6Oz_2A7Q_HX9DPZ4rrbxyJkq8m5FjKlWlN6s0c1DOhAL8LCLctCQLJIM/s1600/t1.jpg

စကားတွေဆိုနေတဲ့ သစ်ပင်လေးကို စမ်းချောင်းလေးက သနားတဲ့ဟန်နဲ့ကြည့်သွားတယ်။ မတတ်နိုင်ဘူးကွယ်။ ရူးလက်စနဲ့ ရူးပါရစေ။ ငှက်ကလေးရေ လို့ တမ်းတလိုက်မိတိုင်းမှာ ရင်တစ်ခုလုံးနွေးထွေးသွားတာဟာ အချစ်ရဲ့ စွမ်းအားတဲ့လေ။ သူမသိ၊ သူမချစ်ရင်တောင် ချစ်ခွင့်ရနေချင်သေးတယ်။
ချစ်ခွင့်ရနေပါရစေ……လို့တကြော်ကြော်အော်နေတဲ့ သစ်ပင်လေးရဲ့ အသံကို ငှက်ကလေး ကြားနိုင်ပါ့မလား။ သစ်ပင်လေး အမြဲတမ်းပြောနေပါတယ်။ သူ ကြားပါစေ။
ငှက်ကလေးတစ်ကောင်အတွက်...၄ (ဝါ) ဆုံစည်းခွင့်ရှိလိမ့်မည်
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlNQGOURAkTIW1uZiYgekPnQHN_ihMKgUV4Urx-WmJImDPuDva2oRUZDbhBCDmTH0-lZ6fSVDsUZh9AjzJCAuFO11UWCgqQc-G0jNpR5ft5r8ZqWnNTJiSUsQF3GJDPXWFGnF8h6TqjWk/s1600/b60.jpg
ကျွန်တော့်ငှက်ငယ်အတွက် သစ်ပင်အဖြစ်မှ လွတ်မြောက်ဖို့ရာ ကြိုးစား၏။ မည်မျှပင်ရုန်းပစေ။ မြေကြီးထဲ နစ်ဝင်နေသော အမြစ်တို့ကို ဆွဲထုတ်ဖို့ရာမတတ်နိုင်တော့။ သို့သော်လက်မလျှော့နိုင်သေး။ ငှက်ငယ်လေးအတွက်၊ ငှက်ငယ်ဆီအရောက်သွားဖို့အတွက် ကောင်းကင်သို့ ပျံတက်ရန် အားအင်တို့ ဖြည့်ဆည်းဖို့ရာ ကြိုးစားနေပါသည်။
ဟိုးအဝေးတစ်နေရာဆီဝယ် ငှက်ငယ်လေးရှိနေပါသည်။ သူအားငယ်နေပါသလား။ သို့မဟုတ် သူဝမ်းသာနေပါသလား။ ကျွန်တော် မသိပါ။ သို့သော် သူ့အပါးသို့ သွားခွင့်မရှိတောင် အဝေးတစ်နေရာမှ ငေးကာကြည့်နေချင်သေးသည်။
(၁)

သူ ဒီချိန်ဆို ဘယ်နေရာသို့ ရောက်ရှိနေလေမလဲ။ ငှက်ဖြစ်ကာ ကောင်းကင်သို့ အရှိန်အဟုန်နှင့် ထိုးတက်လိုက်ချင်စိတ်တို့သည် စိတ်၌ တဖွါးဖွါးဖြစ်ပေါ်နေသည်။ ငှက်ငယ်သည် ဒီချိန်ဆို သူ့ငှက်ငယ်လေးနားတွင်ရှိနေလေမလား အသိက ရင်ကို ပူလောင်စေသည်။ အချစ်ဆိုသည်မှာ မမြင်ရသော အဆိပ်ခွက် ဖြစ်လေသလားမသိ။ ကျွန်တော့် လက်ဖျံတို့သည် အဝါရောင်သို့သမ်းလာချေပြီ။ ရွက်ဝါတို့သည်လည်း စိတ်မှ ခွင့်မပြုပါပဲ နှလုံသားမှ အလိုဆန္ဒကြောင့်ကဗျာတို့ ပိုက်ကာ တိမ်ပေါ်သို့ တစ်ရါက်ပြီးတစ်ရွက် တက်သွားချေပြီ။
“ခဏနေပါဦး။ငါ ကြိုးစားပါရစေဦး။ အမြစ်တွေကို ဆွဲနှုတ်ပြီး ကောင်းကင်ပေါ် ပျံကြည့်ပါရစေဦး။”
ကျွန်တော်ဆိုနေသည့် စကားတို့ကို သူတို့အလေးမထား။ ကောင်းကင်ဆီသို့ဦးတည်၍ ပျံသန်းသွားကြသည်။
ငှက်ငယ်သည် ကျွန်တော့်အတွက် အဆိပ်ခွက်ကို သယ်ဆောင်လာသူ ဖြစ်လေသလား။ သို့သော် မမုန်းပါ။ အချစ်သည် အဆိပ်ဟု ဆိုဦးတော့။ နူးညံ့ချိုမြခြင်းများစွာနှင့် သေဆုံးရခြင်းကို ကျွန်တော် နှစ်သက်ပါသည်။
ငှက်ငယ်လေးနှင့် ကျွန်တော် တစ်နေရာရာတွင် ဆုံစည်းနိုင်ပါလိမ့်မည်။ သေဆုံး၍ သစ်ခြောက်ပင်ဖြစ်နေပြီဖြစ်သောကျွန်တော့် ခန္ဓာကိုယ်ပေါ်ဝယ် ငှက်ငယ်လေး မျက်စိလည်လမ်းမှားကာ လာရောက်နားနိုင်ပါသည်။ ထိုအချိန်တွင် ရောက်ရာဘဝမှနေ၍ ငှက်ငယ်လေးကို လာကြည့်ချင်ပါသည်။ခုတော့ ငှက်ငယ်သည်ဘယ်ဆီဘယ်မှာမသိ။ လွမ်းသည့်စိတ်တို့က အခံရခက်လှသည်။ အချစ်သည်အဆိပ်ဟု ဆိုလျှင် အလွမ်းသည် အခါးအရသာကို ပိုမိုခါးအောင်ကူမပေးထားသောထောက်ပံ့ ပစ္စည်းဖြစ်ပေလိမ့်မည်။ သို့သော် ထိုအခါးအရသာကပင်လျှင် စွဲမက်ဖွယ်ကောင်းလွန်းလှသည်။ ငှက်ငယ်လေးအား လွမ်းနေရခြင်းကို ကျွန်တော် နှစ်သက်လှပါသည်။
အလွမ်းကြောင့် သေဆုံးသူရှိသည် ဟုဆိုလျှင် ထိုသူသည် ကျွန်တော်သာ ဖြစ်ပေလိမ့်မည်။
(၂)
ငှက်ငယ်လေးသည် တစ်ချိန်ချိန်တွင် ကောင်းကင်တစ်ခုလုံးအား အပိုင်သိမ်းကာ ဟိုဒီဝဲပျံပစ်ဖို့ စိတ်ကူးရှိသူဖြစ်သည်။ ငှက်ငယ်လေး၏ တွဲဘက်ကား ငှက်ငယ်လေးကဲ့သို့ပင် ငှက်လေးတစ်ကောင်ဖြစ်နေသည်မှာ အံ့သြစရာမရှိပါ။သို့သော်ကျွန်တော် မုန်းလွန်းလှသည်။ မယုံမရှိပါနှင့်။ သစ်ပင်တစ်ပင်တွင်လည်း မနာလိုစိတ်ရှိ၏။
ကျွန်တော်သည်လည်း ငှက်ငယ်လေး၏ တွဲဘက်ဖြစ်ချင်လှပါသည်။ သို့သော် ပန်းချီကားတွင်ဖြစ်စေ၊ ဓါတ်ပုံတွင်ဖြစ်စေ ငှက်သည် ကောင်းကင်နှင့်သာ လိုက်ဖက်၍ သစ်ပင်တွင်နားနေသောငှက်ကိုမူ ရိုက်ဖို့စိတ်မပါကြ။ ထို့အတူ ကျွန်တော် သစ်ပင်သည်လည်း ငှက်ငယ်လေး၏ တွဲဘက်ကောင်းမဟုတ်တော့။ အဘယ့်ကြောင့်ဆိုသော် ငှက်ငယ်လေးသည် ကျွန်တော့်လက်ဖျံတွင်နားရန် မေ့နေတတ်သောကြောင့် ဖြစ်၏။
ကျွန်တော်သည် ငှက်ငယ်ကို ချစ်သော သစ်ပင်ဖြစ်၏။
(၃)
ငှက်ငယ်လေးသည် ရံဖန်ရံခါ စကားလာဆိုတတ်သော်လည်း သူဆိုသမျှ စကားတိုင်းကို ကျွန်တော် အကောင်းမမြင်နိုင်ပါ။ သူစကားဆိုချိန်တိုင်းဝယ် သူနှင့် သူ့ငှက်ကလေးတို့ ကောင်းကင်ဝယ်ပျံသန်းခဲ့သမျှကို ကြည့်ခဲ့ပြီးစအချိန်သာဖြစ်နေတတ်သည်။ ထိုအချိန်သည်ကျွန်တော့်မျက်ဝနိးမှ မျက်ရည်တို့ ကျဆင်းနေဆဲအချိန်ဖြစ်သည်။
အချစ်က သေစေနိုင်သော အဆိပ် ဟူသည့် အဆိုထက် သဝန်တိုမှုက ပို၍ ပူလောင်ပြင်းပြသော အဆိပ်ဟု ဆိုချင်ပါသည်။ ထိုအချိန်တိုင်းဝယ် ကျွန်တော်သည် ရုတ်ချည်းလဲကျ၍ သေဆုံးချင်ပါသည်။ ငှက်ငယ်လေးနှင့် သူ့ငှက်ကလေးတို့ ပျော်ရွှင်ပုံများကို ကျွန်တော် မမြင်လိုပါ။
ကျွန်တော့် နှလုံးသားသည် နုလွန်းပါသည်။ ချစ်လွန်း၍များ ပို၍နုနယ်သွားလေသလား။
ကျေးဇူးပြု၍ ငှက်ငယ်လေး တေးဆိုပါ။
ကောင်းကင်မှ သဲ့သဲ့ကြားရသော အသံတို့ကို ငှက်ငယ်၏ တေးဆိုသံအဖြစ်နှင့် နားဆင်ကြည့်မိတော့ အလွမ်းတို့ပျောက်ကာ ကြည်နူးမိသွား၏။ သို့သော် စိတ်ကူးသည် စိတ်ကူးသာဖြစ်၍ လက်တွေ့ဝယ် ငှက်ငှယ်၏ တေးဆိုသံကို ကျွန်တော်မကြားရသေး။
လွမ်းသည် ငှက်ငယ်။ လွမ်းလွန်းလှသည်။
နှလုံးသားမှ ထုဆစ်သော ကဗျာတို့အား သယ်ဆောင်သွားသော ရော်ရွက်ဝါလေးတို့ကတော့ ဖြင့် တိမ်တို့ဆီ အရောက်သွားနိုင်ပါရဲ့လား။ ငှက်ငယ်လေး မြင်သွားပါရဲ့လား။
(၄)
ငှက်ငယ်သည် ဒီချိန်ဆို လိုအပ်သော အစာအာဟာရကို ဖြည့်တင်းနေလေမည်လား။ နေ့ခင်း ထမင်းစားချိန် ရောက်နေပြီဖြစ်သည်။ သို့မဟုတ် ကောင်းကင်တွင်သာ ပျံသန်းရင်း အစာအာဟာရ ဖြည့်ဆည်းဖို့ မေ့နေလေမည်လား။ ကျွန်တော်သတိပေးချင်လှသည်။ ငှက်ငယ် ကျေးဇူးပြု၍ ကျန်းမာရေးကို ဂရုစိုက်ပါ။
ငှက်ငယ်သည် ကျွန်တော့်စိတ်ကူးတို့ကို တစ်သက်လုံးအတွက် အပိုင်သိမ်းထားသူဖြစ်၏။ ကျွန်တော့်အခက်အလက်တို့ကို ကောင်းကင်သို့ထိုးထွက်ရန်ကြိုးစားမှုသည် ငှက်ငယ်လေးအား ထင်ထင်ရှာှးရားမြင်လိုခြင်းကြောင့် ဖြစ်သည်ဟု ဆိုလျှင်လည်း မမှားပါ။
ငှက်ငယ်လေး သိမည်မထင်သော ကျွန်တော့် အကြောင်းအရာတချို့အား ငှက်ငယ်လေးဆီသို့ ကဗျာတို့ပါးရင်းပြောကြည့်သည်။ ငှက်ငယ်လေးသည် ကျွန်တော့် ကဗျာရွက်ဝါတို့ကို မမြင်။ သူသည် အစဉ်ကျော်သွား၏။ရံဖန်ရံခါ ကြည့်သောကဗျာရွက်ဝါတို့ကိုလည်း သူအလေးမထား။
ကျွန်တော့် ခန္ဓာကိုယ်တွင်တော့ လက်ဖျံတို့ ဝါ၍ ရွက်စိမ်းတို့ တုန်းလုပြီဖြစ်၏။
(၅)
ငှက်ငယ်လေးသည် တေးဆိုတတ်သည် ဟူသည့် စကားကိုသာ  ထပ်ခါထပ်ခါဆိုချင်သည်။ မည်သို့ တေးဆိုတတ်သနည်းဆိုသော် ငှက်ငယ်လေးအား မုန်းသူမရှိလောက်အောင်ပင် တေးဆိုကောင်းလှသည်။ လူ့ဘောင်စကားသုံးရလျှင် ပီယဝါစာ ချစ်ဖွယ်စကားဆိုတတ်သူဟု သုံးရမည်ထင့်။ သို့သော် ကျွန်တော့်အမြင်တွင်မူ ငှက်ငယ်သည် တခါတရံဂျစ်ကန်ကန်နိုင်လွန်းလှသည်။
ငှက်ငယ်လေးသည် သူမကျေနပ်သည့်အရာတွေ့လျှင် သူကိုယ်တိုင်မသိလိုက်ပါပဲ နှုတ်ခမ်းစူသွားတတ်၏။ သူ့စကားသံတို့သည် တိတ်ဆိတ်သွားတတ်၏။ သူ့အပြုံးတို့သည် ခြောက်ကပ်သွားတတ်၏။  တခါတရံကျတော့ သူ့ကိုယ်သူ မသိလိုက်ပါပဲ ကြီးမြတ်သော နှလုံးသားရှိကြောင်းပြသတတ်၏။ သို့သော်သူကိုယ်တိုင်ကတော့ မထင်မှတ်ပဲ ပြုလုပ်လိုက်သောအပြုအမှုဟုသာ ဆိုတတ်သူဖြစ်၏။
ငှက်ငယ်သည် ထိုသို့ ရိုးရှင်းကြီးမြတ်သူ ဖြစ်သည်ဟု ဆိုချင်ပါသည်။
ထို့ကြောင့်ပင် ကျွန်တော်သည်ငှက်ငယ်အား စစ်မှန်သော ချစ်ခြင်းဖြင့် ချစ်မိသွားသည်မဟုတ်ပါလား။
(၆)
ငှက်ငယ်ကို ချစ်မိခြင်းတွင် လိုအင်ဆန္ဒမပါဘူးလားဟု မေးသော် ကျွန်တော် ရဲရဲတင်းတင်း ပြန်ဖြေပါမည်။ ပါသည်။ ငှက်ငယ်ကို ချစ်မိခြင်းတွင် လိုအင်ဆန္ဒမပါခဲ့သော်လည်း ချစ်ပြီးတွင်တော့ ငှက်ငယ်ထံမှ ချစ်ခြင်းကို မွတ်မွတ်သိပ်သိပ် လိုအပ်နေပါသည်။
ငှက်တစ်ကောင်သည် သစ်ပင်တစ်ပင်၏နှလုံးသားကို မြင်နိုင်စွမ်းရှိလေသလား။ ထိုပုစ္ဆာကို တစ်နေ့တော့ ကျွန်တော်အဖြေရှာကြည့်ပါဦးမည်။
ငှက်တစ်ကောင်ကို စွဲလန်းမိသည့်သစ်ပင်တွင် အပြစ်ရှိသည်ဟု အမိန့်ချမှတ်ပေးပါရန် တောစောင့်နတ်အား သစ်ပင်အပေါင်းတို့က ဝိုင်းဝန်းပြောဆိုကြသည်။ အပြစ်ပေးလျှင် ကျွန်တော် လက်ခံပါမည်။ ချစ်မိသော နှလုံးသားရှိ၍ အပြစ်ရှိသည်ဟု ဆိုလျှင်တော့ လက်မခံနိုင်ပါ။
ချစ်ခြင်းမှန်သမျှသည် အပြစ်ကင်းပါ၏။ သို့သော် ရိုးသားဖို့တော့ လိုလိမ့်မည်။ ကျွန်တော် ငှက်ငယ်ကို ရိုးသားစွာချစ်မိပါသည်။ ထို့အတွက် ကျွန်တော့်တွင် အပြစ်မရှိပါ။
(၇)
ယခု ကျွန်တော် ကြိုးစားနေပါသည်။အမြစ်တို့ကို မြေမှ ထုတ်၍ ကောင်းကင်ဆီသို့ ငှက်ငယ်နှင့် တူတူပျံသန်းရန် ကြိုးစားအားထုတ်နေပါသည်။ သို့သော် ငှက်ငယ်သည် ကျွန်တော့်ချစ်ခြင်းကို မသိသေး။ ကျွန်တော်သည်လည်း မြေပြင်မှ အမြစ်တို့ကို ဆွဲမထုတ်နိုင်သေး။ ကျွန်တော့် ကဗျာရွက်ဝါတို့ကတော့ဖြင့် ငှက်ငယ်ထံသို့ အသိပေးရန် လေလွှင့်လေပြီ။
ကျွန်တော့် လက်ဖျံဝါဝါတို့သည်လည်း ဆက်လက်ကြိုးစားရန် တိုက်တွန်းနေချေပြီ။
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ငှက်ငယ်နှင့် ကျွန်တော် ဆုံစည်းနိုင်ပါသည်။
ဆုံစည်းခွင့် ရှိပါလိမ့်မည်။
တစ်ခုတော့ ကမ္ဘာလောကကို တောင်းဆိုချင်သည်။ ထိုသို့ဆုံစည်းချိန်ဝယ် ကျွန်တော်၏ အသိစိတ်အား ခေတ္တလွှတ်ပေးရန်ပင် ဖြစ်၏။ သို့မှသာ ငှက်ငယ်နှင့် ကျွန်တော်၏ ဆုံစည်းခွင့်ကို မြင်နိုင်မည် မဟုတ်ပါလား။
ငှက်ကလေးတစ်ကောင်အတွက်၅ (ဝါ) ကျေးဇူးတင်တယ်
https://fbcdn-sphotos-e-a.akamaihd.net/hphotos-ak-ash4/388380_428203870601948_1588114617_n.jpg
ငှက်ကလေးအတွက်အိမ်လေးကို ကိုယ်ဆောက်ပေးချင်ခဲ့တာ။ ခုတော့ ဆောက်ပေးခွင့်မရှိတာဟာ တဖြည်းဖြည်း သေချာလာခဲ့ပြီ။ ကျေးဇူးပါ ငှက်ကလေးရေ။ ကိုယ်ပျိုးမိတဲ့ အချစ်ကို ကိုယ်ကိုယ်တိုင် ရိတ်သိမ်းကြည့်လိုက်ဦးမယ်။ ရိတ်သိမ်းတဲ့ အခါ အလွမ်းနဲ့ ကြေကွဲမှုတွေ မပါဖို့ ဆုတောင်းပေးပါ။

(၁)
ငှက်ကလေးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ ကံကို ကိုယ်ကျေးဇူးတင်တယ်။ ဒီလိုပြောတော့ ငှက်ကလေး ရယ်လေမလား။ မရယ်နဲ့ ငှက်ကလေးရယ်။ တကယ်ပြောတာ။ ငှက်ကလေးနဲ့ တွေ့ဆုံပြီးမှ ကိုယ့်ဘဝဟာ အဓိပ္ပါယ်ပြည့်စုံခဲ့တာ။ ငှက်ကလေးကို ငေးကြည့်နေရတဲ့ ဘဝကို ခံစားတတ်ခဲ့တာ။
ဒါအချစ်ပေါ့။ ဒါအလွမ်းပေါ့။ ဒါကြေကွဲမှုပေါ့။ ဒါ ဝမ်းနည်းအားငယ်မှုပေါ့။ ဒါ....။ ငှက်ကလေးနဲ့ တွေ့မှ ခံစားချက်တွေကို အရောင်စုံစုံ မြင်တတ်ဖူးခဲ့တာ။ ငှက်ကလေးရေ အချစ်က အချစ်ကို တဆင့်မြှင့်တဲ့ အခါ အလွမ်းတွေပျောက်သွားသတဲ့။ သဝန်တိုမှုတွေပျောက်သွားသတဲ့။ ကိုယ်အဲ့ဒီလိုထင်ဖူးတယ်။ ဒါပေမယ့် မဟုတ်ဖူးကွယ်။ ချစ်လွန်းတဲ့အခါ လွမ်းနေပါ့လားဆိုတာတောင် မသိလောက်အောင် ကို အလွမ်းက ပါးလျသွားတာ။ချစ်လွန်းတဲ့အခါ သဝန်တိုဖို့ထက် မျက်စိမှိတ်ယုံကြည်ပစ်လိုက်ချင်စိတ်တွေ ပေါက်သွားတာ။
ငှက်ကလေးရေ အချစ်ဆိုတာကို ခံစားစေခဲ့လို့ ကျေးဇူးကွယ်။

(၂)
ငှက်ကလေးက ငှက်ကလေးတစ်ကောင်ကို ငေးကြည့်နေတယ်လို့ သိရတဲ့အခါကိုယ်မရည်ရွယ်ပါပဲ ငိုမိတယ်။ ငှက်ကလေးရေ မပိုင်ဆိုင်နိုင်မှန်းသိပါလျှက် တားမြစ်မရတဲ့ နှလုံးသားကို ဓါးနဲ့ခြမ်းပစ်လိုက်ရမလား။  ဒါဆိုရင် ငှက်ကလေးကို ချစ်မိတဲ့ အချစ်တွေ ပျောက်သွားလေမလား။ ဘာပဲဖြစ်ဖြစ် ငှက်ကလေးရေ အချစ်တစ်ခုက ဖြစ်တည်ပြီးရင် ဖျက်ဖို့မလွယ်တော့ ကိုယ် အခု လုပ်စရာတစ်ခုပဲရှိတော့တယ်။ အချိန်ဆိုတဲ့ သမားတော်ကို စောင့်ဖို့ပဲ တတ်နိုင်တော့တယ်။
ငှက်ကလေးက ကိုယ့်ကို တစ်ခါတစ်ရံလှည့်ကြည့်တဲ့အခါ ကိုယ့်စိတ်တွေ ကောင်းကင်ထိလွင့်ထွက်သွားအောင်ပျော်မှန်း ငှက်ကလေးမှ မသိတာ။ ငှက်ကလေးက ကိုယ့်ကို ပြုံးပြတဲ့အခါ အဲ့ဒီ့အပြုံးကိုကြည့်ဖို့ ကိုယ့်စိတ်ကိုယ်ဘယ်လောက်ထိ အားမွေးရတယ်မန်း ငှက်ကလေးမှ မသိတာ။ ကိုယ်က ငှက်ကလေးနဲ့ ပတ်သတ်လာရင်အရာရာကို ၇ူးတဲ့သူ။ ငှက်ကလေးသဘောကျတဲ့ဝလုံးလေးတွေ ကို တောင် မုန်းတဲ့သူ။ ဝ လုံးလေးတွေဟာ ငှက်ကလေးရဲ့ အချစ်နဲ့ပတ်သတ်တယ်လို့ သိလိုက်ရတဲ့ အခိုက်အတန့်မှာပဲ ကိုယ်ဟာ ဝလုံးလေးတွေကို ဝိုင်းအောင်ရေးဖို့ထက် လေးထောင့်ကျကျ ရေးတတ်ဖြစ်ခဲ့တာ။ ငှက်ကလေးနဲ့ပတ်သတ်လာရင် ကိုယ်က အဲ့ဒီ့လောက်ထိ ရူးတဲ့သူ။
ငှက်ကလေးရေ သဝန်တိုတယ်ဆိုတဲ့ခံစားချက်ကို ခံစားစေခဲ့လို့ ကျေးဇူးကွယ်။
(၃)
ဟော့ဒီ့ဝဲဘက်ရင်အုံက တဆစ်ဆစ်နဲ့ အောင့်ကိုက်နေတုန်း။ ငှက်ကလေးနဲ့ကိုယ့်ကြား စိတ်အကွာအဝေးကို တွေးမိလိုက်ရုံနဲ့ ရင်တစ်ခုလုံးနာတယ်။
ငှက်ကလေးနားမလည်တဲ့ ကိုယ်ဟာ အချစ်ရူးပါ။ ငှက်ကလေးအတွက်နဲ့ ရူးနေတဲ့ အချစ်ရူး။ တစ်ခါဖူးမှ မခံစားရသေးတဲ့ခံစားချက်အရောင်စုံစုံကို ငှက်ကလေးကြောင့် ခံစားမိလိုက်ရုံနဲ့ ငှက်ကလေးအပေါ် ရင်တစ်ခုလုံးပြိုမိခဲ့သူ။ စိတ်တစ်ခုလုံး ပုံအပ်မိသူ။ နှလုံးသားတစ်ခုလုံး ဆံတစ်ခြည်မျှင်စာနေရာတောင်မကျန်အောင် ငှက်ကလေးကို ထည့်ထားမိသူ။
ခုတော့ ဒီစိတ်အကွာအဝေးကို နီးအောင်လုပ်ဖို့ ကိုယ်လည်း တတ်နိုငမယ် မထင်ဘူး။
သံယောဇဉ်ဆိုတာ အသွားအပြန်ရှိသလား။ ဒီချိန်မှာတော့ ကိုယ် နယူတန်ကို ပြင်းပြင်းပြပြကို ယုံကြည်ချင်နေမိတယ်။ သူပြောတဲ့စကားက သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိသတဲ့။ ငှက်ကလေးရေ ငါ့ချစ်ခြင်းတရားရဲ့ ဆယ်ပုံတစ်ပုံလောက် ငါ့အပေါ်သက်ရောက်ပေးခဲ့ရင်ကောင်းမယ်။ ခုတော့ကွယ်….။
ဘာပဲဖြစ်ဖြစ်ပေါ့ ငှက်ကလေးရယ်။ ကြေကွဲဝမ်းနည်းမှု ဆိုတဲ့ ခံစားချက်ကို ရခဲ့လို့ ကျေးဇူးတင်တယ်။
(၄)
ငှက်ကလေးရေ၊ ငှက်ကလေးရေ လို့ အော်မြည်တမ်းတနေမှုမှာ ငှက်ကလေးဆီက လိုချင်ဆန္ဒမပါဘူးလို့ ကိုယ်ထင်ထားခဲ့မိတာ။ မဟုတ်ဘူး။ မဟုတ်ဘူးကွယ်။ ငှက်ကလေးဆီက ပြင်းပြင်းပြပြ လိုအပ်နေမှုက ငှက်ကလေးဆီက ချစ်ခြင်းတရားတဲ့လေ။ ငှက်ကလေးရေ ကိုယ်သာ ကလေးလေးဆိုရင်လေ ဖိုးလမင်းဆီက ထမင်းဆီဆမ်းတောင်းသလိုမျိုး ငှက်ကလေးဆီက ချစ်ခြင်းကိုတောင်းခံမိမှာ။ ခုတော့ ကိုယ့်မှာ သိစိတ်တွေရှိနေတယ်။ အသိတရားတွေရှိနေသတဲ့လေ။
ငှက်ကလေးကို ချစ်တယ်လို့ပဲ ခပ်တိုးတိုးလေးရေရွတ်နေမိတယ်။ ငှက်ကလေး မကြားနိုင်မှန်းလည်း သိပါရဲ့။ ကိုယ့်အပေါ်ကို ပြန်သက်ရောက်မလာမယ့် ချစ်ခြင်းတစ်ခုမှန်းလည်း သိပါရဲ့။ ဒါပေမယ့်လည်း ကိုယ် မတားမြစ်နိုင်ဘူး။ မတားမြစ်နိုင်ဘူးလေ။
ခု ကိုယ်စောင့်နေတဲ့ အရာက အချိန်။ ဟုတ်တယ်။ အချိန်ဆိုတဲ့ သမားတော်က ကိုယ့်နှလုံးသားကို ကုစားပေးမယ်ထင်တာပဲလေ။ အချိန်ကို တိုက်ခိုက်နိုင်တဲ့သူ ဘယ်သူမှ မရှိသေးဘူးတဲ့။ သေသောသူကြာလျှင်မေ့ ဆိုတဲ့စကားလေးနဲ့ အချိန်ကို အထူးပြုထားကြတယ်။
ဒါဆိုရင် အချစ်က အချိန်ကို တိုက်ခိုက်နိုင်တဲ့ အရာတစ်ခုလား။
မကြာမြင့်တဲ့ တွေ့ဆုံခွင့်တစ်ခုမှာ အချစ်တစ်ခု ဖြစ်တည်တယ်ဆိုကတည်းက အချစ်က အချိန်ကို တိုက်ခိုက်နိုင်သူပေါ့နော်။  ဒါဆို ဒီတစ်ခါလည်း အချစ်ကပဲ နိုင်မယ်ထင်ပါရဲ့။ ဒါမှမဟုတ် အချိန်က နိုင်လေမလား။
ကိုယ်တို့ အချိန်တစ်ခုလောက်စောင့်ပြီး ဘယ်သူနိုင်မလဲ ကြည့်ကြတာပေါ့။
ငှက်ကလေးရေ ထပ်ပြောပါရစေ။ ကျေးဇူးတင်တယ်လို့။
အချစ်ကို ခံစားစေခဲ့လို့ပါ။
ငှက်ကလေးတစ်ကောင်အတွက်(၆)
https://fbcdn-sphotos-f-a.akamaihd.net/hphotos-ak-ash3/600374_431516903603978_1465170865_n.jpg
တခါတလေမှာဟာသက

ရင်နာနာနဲ့ ရယ်စေသတဲ့

ငှက်ကလေးနဲ့သစ်ပင်ကြားမှာ

အဲ့လို ဟာသမျိုး အများကြီးရှိတယ်
သစ်ပင်အတွက်ပါ
ငှက်ကလေးအတွက်ကတော့ မသိလိုက်မသိဘာသာ
ကျော်ဖြတ်သွားမယ့်ဟာသမျိုး
သစ်ပင်အတွက်ကတော့
မျက်ရည်နဲ့ရယ်နေရမယ့် ဟာသမျိုးလေ။


(၁)

သစ်ပင်လေးတစ်ပင်ဟာ တိတ်ဆိတ်ငြိမ်သက်မှုတွေကို အပိုင်ယူရင်း အမှောင်ထဲကနေ ငှက်ကလေးတစ်ကောင်ကို ငေးကြည့်နေမိတယ်။ငှက်ကလေးနဲ့ သူ့ကြားမှာ ခြားထားတာတွေဟာ အမှောင်နဲ့ လေထုတင်မကပဲ တချို့သောအရာတွေပါ ပါတယ်လို့ တွေးလိုက်မိတဲ့အခါ မရည်၇ွယ်ပါပဲ သက်ပြင်းတွေ ချလိုက်မိရဲ့။

ငှက်ကလေးရေ
မင်းငေးကြည့်နေတဲ့ ဘက်မှာ
ကိုယ်ရှိမလား
အဖြေသိရက်နဲ့
မေးမိတာလည်းအခါခါ
ငှက်ကလေးရေ
ကိုယ့်ချစ်ခြင်းကို စိတ်ရှုပ်တဲ့အခါ
ကိုယ့်ကောင်းကင်ကို
ဖယ်ခွါပါ။

(၂)

ငှက်ကလေးနဲ့ သစ်ပင်တို့ တွေ့ဆုံမှုက ဆန်းလွန်းတယ်။ မှားသွားတဲ့ဖုန်းနံပါတ်လေးတစ်ခုမှာ အသံချင်းချိတ်မိကြတဲ့ လူတွေလိုမျိုး သစ်ပင်က လက်တွေကို ဆန့်တန်းဖို့ပြင်နေချိန်မှာ အတောင်စုံတဲ့ ငှက်ကလေးက သစ်ပင်ရဲ့ လက်ဖျံမှာလာနားခဲ့တယ်လေ။ ဒီတွေ့ဆုံမှုမှာပဲ သစ်ပင်ဟာ ငှက်ကလေးကို လေးစားအထင်ကြီးမှုများစွာနဲ့ မြတ်နိုးသွားမိရဲ့။ သစ်ပင်သာ ငှက်ကလေးဖြစ်ခဲ့ရင် ငှက်ကလေးလို အတောင်အလက်စုံနိုင်ပါ့မလား လို့လည်း တွေးမိရဲ့။ ငှက်ကလေးဘက်ကတော့သစ်ပင် ဟာ သာမန်သစ်ပင်ငယ်လေးတစ်ပင်လို့ပဲ ယူဆမယ်ထင်မိတယ်။
ဟုတ်ပါတယ်။ ငှက်ကလေးအတွက်တော့သစ်ပင်နဲ့တွေ့ဆုံမှုဟာ သာမန်တွေ့ဆုံမှုပဲ ဖြစ်ခဲ့တယ်။

(၃)

ငှက်ကလေးရေ
အချစ်က ပူလောင်သတဲ့လား
တစ်ခါ ချစ်ဖူးတော့ပျဉ်ဖိုးနားလည်တဲ့ မင်း က
ဒီစကားပြောတာ မဆန်းဘူးကွယ်
ကိုယ့်အတွက်တော့
အချစ်ဟာ အညိုရောင်သမ်းပေမယ့်
အေးမြတဲ့အရာ
ဟုတ်တယ် ငှက်ကလေးရေ
ငှက်ကလေးကို ချစ်ခွင့်ရခြင်းမှာ ကိုယ်ဟာ
အလွမ်းကြောင့် နှလုံးသားက အညိုရောင်ပြောင်းတယ်
ဒါပေမယ့်လည်း စိတ်တစ်ခုလုံးအေးချမ်းတယ်။

ငှက်ကလေးတစ်ခါ ပြောဖူးတာ သစ်ပင်သတိရတယ်။ အချစ်က ပူလောင်တယ်တဲ့။ ငှက်ကလေးက အချစ်ကို အရှုံးအနိုင်သွားတွက်လို့ ပူလောင်တာဖြစ်မယ်။ သစ်ပင်အတွက်တော့ အချစ်ဟာ အချစ်ပါပဲ။ အချစ်ဆိုတာကို အဓိပ္ပါယ်ဖွင့်ဆိုဖို့ မကြိုးစားတဲ့အခါ အချစ်ရဲ့ အဓိပ္ပါယ်ဟာ ငှက်ကလေးဖြစ်လာတယ်။
အချစ်ဟာ သစ်ပင်အတွက်တော့ ခြောက်သွေ့လွန်သွားတဲ့ သစ်ရွက်လေးတွေလို အညိုရောင်သမ်းပေမယ့် အေးမြတဲ့အရာ။ ဟုတ်တယ်။
ငှက်ကလေးကို ချစ်မိတဲ့ အချစ်တွေက ငှက်ကလေးအကြောင်းအချိန်ပြည့် တွေးမိစေတယ်။ ငှက်ကလေးအကြောင်းအတွေးတွေဟာ ပိုင်ဆိုင်ခွင့်မရတဲ့ အကြောင်းအရာဖြစ်နေခဲ့တာတောင်မှ ရင်ကို ငြိမ်းအေးစေတယ်။
ငှက်ကလေးရေ သစ်ပင်အတွက်တော့ အချစ်ဟာ ငှက်ကလေးပါပဲ။ ဒီထက် တိကျတဲ့အဖြေတောင်ဒီလောက်မတိကျတော့ဘူး။

(၄)

ငှက်ကလေးရေ
တိတ်ဆိတ်နေတဲ့ ငှက်ကလေးက
ကိုယ့်အတွက်
ကြေကွဲနေတဲ့ မင်းသားလေးတစ်ပါး
ပြုံးရီနေတဲ့ငှက်ကလေးက
ကိုယ့်အတွက် ပျော်ရွှင်နေတဲ့ ဘုရင်ကြီးတစ်ပါး
ငှက်ကလေးရေ
အချစ်က ထူးဆန်းတယ်
ပိုင်ဆိုင်ဖို့ မလွယ်မှန်းသိလေလေ
ပိုမြက်နိုးလေလေတဲ့လေ
ကိုယ်က ငှက်ကလေးကို သက်ဆုံးထိ မြတ်နိုးမယ့်သူဆိုတာ
တဖြည်းဖြည်း သေချာလာခဲ့ပြီ။

ငှက်ကလေးက ရံဖန်ရံခါမှာ တိတ်ဆိတ်နေတတ်တယ်။ အဲ့ဒီအချိန်မှာ သစ်ပင်ဟာ ငှက်ကလေးကို အကြောင်းမဲ့ သနားနေမိတယ်။တခါတရံ ငှက်ကလေးပျော်နေတဲ့ အချိန်တွေမှာ သစ်ပင်ဟာ ငှက်ကလေးရဲ့ အပျော်တွေကို ငေးနေမိရင်း သူပါ လိုက်ပျော်နေမိတယ်။
အဲဒီနေ့ကပေါ့။ အချစ်ကိုကြောက်တဲ့ ငှက်ကလေးဟာ ငှက်ကလေးတစ်ကောင်ကို ငေးမောနေခဲ့တယ်။ သစ်ပင်ရဲ့ ရင်ဟာ ဗြန်းခနဲ ကွဲထွက်မတက် အထိတ်တလန့် ခံစားလိုက်ရတယ်။
ဒါပေမယ့်လည်း ငှက်ကလေးကို မြတ်နိုးမှုဟာ ဖြေလျော့ဖို့ မလွယ်တော့ဘူး။ ဒီကြိုးဟာ တဖြည်းဖြည်း တင်းကျပ်လာတာ သေရာပါမယ့်ထိဆိုတာ သစ်ပင်အတွက် သေချာနေခဲ့ပြီ။
ငှက်ကလေး ရေ ချစ်တယ်ဟာ.. လို့ ရေရွတ်မိတတ်တာ သစ်ပင်လေးရဲ့ ညနေခင်း တေးသံ။ ငှက်ကလေးရေ သတိရတယ်ဟာ.. လို့ ရေရွတ်တတ်တာဟာ ငှက်ကလေးရဲ့ ညခင်းတေးသံ။ ငှက်ကလေးရေ လွမ်းလိုက်တာ လို့ ရေရွတ်မိတတ်တာကိုက မနက်ခင်းနိုးထဟန်ပါပဲ။
ဒီလိုနဲ့ပေါ့ ။ သစ်ပင်လေးတစ်ပင်ဟာ ငှက်ကလေးတစ်ကောင်ကို ချစ်မိမှန်း တိတ်တိတ်လေး ဝန်ခံနေခဲ့တယ်။ ကမ္ဘာလောကကြီးကို။

(၅)

သူမမြင်မသိပေမဲ့
စိတ်ထဲမှာအမြဲငြိတွယ်
ပုန်းကွယ်ရန်ခက်ပေမဲ့
မလုံ့တလုံလေး ဖုံးပါဦးမယ်
သံယောဇဉ်အမျှင်တန်းမှုလေးတွေဟာ
တစွန်းတစများ သိသာစေခဲ့ရင်
သစ်ပင် ရင်ကွဲရချေရဲ့
သိသာသိ မမြင်မိယောင် ဆောင်ပေးမလား
ငှက်ကလေးရေ တောင်းဆိုမိချင်သေးရဲ့။
ရံဖန်ရံခါ ရေးမိတဲ့ ကဗျာတွေမှာ ငှက်ကလေးနဲ့ သစ်ပင်အကြောင်း တစွန်းတစဖေါ်ပြထားမိတတ်တယ်။ အဲ့ဒီကဗျာတွေကို ဖန်မိခဲ့ရင် သစ်ပင်တစ်ပင်ရဲ့ စိတ်ဟာ ဘယ်လောက်ထိ ကလေးဆန်လဲ မတွေးနဲ့ ငှက်ကလေးရေ။ တကယ်ဆို ချစ်မိသွားလို့ ကလေးဆန်တတ်ခဲ့တာ။ တခါတလေလည်း တွေးမိသေးရဲ့။ ကောင်းကင်တစ်ခုအောက်မှာ အသက်ရှင်နေထိုင်သူတွေချင်းတူတူ သစ်ပင်ကိုများ ငှက်ကလေး သတိထားမိလေမလားလို့။
တခါတခါကျပြန်တော့ ငှက်ကလေးဟာ ကိုယ့်သံယောဇဉ်အစွန်းအစတွေကို များ တွေ့သွားလေမလား စိုးထိတ်မိသေးရဲ့။
ငှက်ကလေးရေလို့ တမ်းတနေတတ်တဲ့စိတ်ကို သိမ်းဖို့ သစ်ပင်ကြိုးစားနေတယ်။တကယ်လို့များသတိထားမိခဲ့ရင် ငှက်ကလေး စိတ်ရှုပ်ရှာမယ်ဆိုတဲ့ အတွေးနဲ့ပါ။

ငှက်ကလေးရေ ဒီအလွမ်းတွေသိမ်းဖို့ ကြိုးစားနေတဲ့ သစ်ပင်ကို ခဏလောက်မမြင်ချင်ယောင်ဆောင်ပေးပါ။

“ငှက်ကလေးတစ်ကောင်အတွက်(၇)”

ပျော်နေလား။ ပျော်ရဲ့ လား။ ပျော်နေရဲ့လား။

မေးချင်တဲ့ စကားတွေက ပြင်ပကမ္ဘာကို ထွက်မလာခဲ့ဘူး။ ဟောဒီရင်မှာ အပြင်းဆုံးမီးတွေ လောင်ကျွမ်းနေတယ်။
ပြောပြချင်တယ် ငှက်ကလေး။ ပြောပြပေးပါ ငှက်ကလေး။ မင်း ဝလုံးလေးကို ယူထားတုန်းပဲလား။ မင်း ကိုယ်ပိုင်ခံစားမှုကို ဖန်တီးသင့်ပြီ။ မင်း ဝလုံးလေးတွေကို မချစ်တတ်နဲ့တော့။
ရင်ကွဲအောင် အော်ပြောနေခဲ့တယ်။ သူ မကြားဘူး။ သူ တယတယနဲ့ပျိုးထားတုန်းပဲလား။ ကိုယ်သိချင်နေမိတယ်။
ငှက်ကလေးရေ လို့ ရင်ထဲမှာတမ်းတမိလိုက်တိုင်းမှာ နှလုံးသားက အခုန်မြန်တယ်။ ဟိုးအဝေးကိုကြည့်နေတဲ့ မင်းမျက်ဝန်းတွေဟာ ကိုယ့်ဘက်လှည့်လာဖို့ မမျှော်လင့်ပါဘူး။ ဒါပေမယ့်ကျေးဇူးပြုပြီး ပျော်နေပါ။ ကျေးဇူးပြုပြီး ဝလုံးလေးတွေကို မေ့ပေးပါ။ ကျေးဇူးပြုပြီး ခံစားမှုတွေ ဖန်တီးပါ။
ကိုယ် မျက်ရည်နဲ့ ပြောနေတဲ့စကားတွေကိုမင်းကြားရဲ့လား။ အက်ကွဲကွဲတစ်ချက်အော်ပစ်တော့ စမ်းချောင်းလေးက တဆတ်ဆတ်ခုန်တယ်။ နားညည်းတယ် မအော်စမ်းနဲ့ တဲ့။ ငှက်ကလေးရေ ဒို့တွေ တွေ့ဆုံခြင်းဟာ အမှားတစ်ခုလို့ မယုံချင်ဘူး။ မင်းအတွက် စိုးရိမ်နေရတဲ့ ကိုယ့်နှလုံးသားကို တကယ်မုန်းနေမိပြီ။
(၁)
ဟိုးအဝေးကို မျှော်နေတဲ့ ငှက်ကလေးကို ကြည့်ရင်း ကျွန်တော့်ရင်တွေ ကွဲအက်လာတယ်။ သစ်ပင်တစ်ပင်ရဲ့ ရင်အက်သံကို သူမကြားဘူး။ မကြားသေးဘူး။
ကျွန်တော်သူ့ရှေ့ကို ကဗျာသံလေးတွေ မြည်အောင် ရွက်ဝါလေးတွေလွှင့်လိုက်တယ်။ သူမမြင်ဘူး။ မမြင်ပြန်ဘူး။ သူ့မျက်ဝန်းထဲမှာဘာတွေမြင်နေရလဲ။ ကျွန်တော် စိတ်ပူလာပါပြီ။ ငှက်ကလေးရေ ကိုယ် စိတ်ပူနေမိပြီ။ ပျော်အောင်နေပါ။ လက်ရှိကမ္ဘာကို တိုးဝင်လာခဲ့ပါ။ အတိတ်ကို ကုန်အောင်မော့သောက်ပစ်လိုက်။
ကိုယ်ပြောနေတဲ့ စကားတွေကို ကျေးဇူးပြုပြီးတော့ ကြားပေးပါ။
သူ ကျွန်တော့်ကို မျက်လုံးလေးတစ်ချက်တောင်လှန်မကြည့်ခဲ့ဘူး။ သူ့အကြည့်အားလုံးက ဟိုးအဝေး ....။ အတိတ်ရာသီမှာ။
နာနာကျည်းကျည်းမုန်းပစ်မိတယ်။ သူကိုင်ထားတဲ့ဝလုံးလေးကို။
ကိုယ့်သစ်ပင်မှာ ဝလုံးတွေကို ဘယ်တော့မှ ဖူးပွင့်ခွင့်မပြုဘူး။
နာနာကျင်ကျင်ပဲ ကျိန်ဆိုပစ်လိုက်တယ်။
(၂)
ငှက်ကလေး တေးဆိုနေပါ။ ငှက်ကလေး ပျော်နေတယ်။ သူ့အသံမှာ ပျော်ရွှင်ခြင်းတွေဟာ လှိုင်းလုံးတွေ ဆင့်ထားသလိုပဲ။ ကိုယ်ပျော်တယ်။ ငှက်ကလေးပျော်ရင် ကျွန်တော်ပျော်တယ်။
ငှက်ကလေးရဲ့ ဘေးမှာ ငှက်ကလေးတစ်ကောင်ရှိနေတယ်။
ရပါတယ်။ ရင်အက်သံဟာ တိုးတိုးရှရှ။
ရှုး.. ငှက်ကလေး မကြားစေနဲ့လို့ ဆိုရင်း ကိုယ့်ရင်ဘက်ကို ပြန်ဖိမိတယ်။

ငှက်ကလေး ကျွန်တော့်လက်ဖျံမှာ လာနားတယ်။ ကျွန်တော့် နှလုံးသားဟာ ကြည်ကြည်နူးနူး ရှတတနဲ့ စပ်ဖျဉ်းဖျဉ်းခံစားနေရတယ်။ ငှက်ကလေး ကျွန်တော့်လက်ဖျံမှာ လာနားတဲ့အတွက် ကျွန်တော်ပျော်တယ်။ သူ့အပျော်တွေနဲ့ သီထားတဲ့တေးဟာ ကျွန်တော့်စိတ်ကို ပြုံးပျော်စေတယ်။ ကြည်နူးစေတယ်။ နောက် ဝမ်းနည်းသိမ်ငယ်စေတယ်။
ဒီအကြောင်းတွေ ငှက်ကလေး မသိစေရ စာတန်းနဲ့ ရင်ဘက်ထဲ ထည့်သိမ်းပစ်လိုက်တယ်။ရင်အက်သံဟာ ပိုပို ကျယ်လောင်သွားတယ်။
(၃)
ငှက်ကလေး ကိုယ်လွမ်းနေတယ်။ မင်း ကိုယ့်ကို သတိရရင် တေးတစ်ချက်လောက်သီပါ။ ဘယ်သူ့အတွက်မှ မရည်ရွယ်ပဲ ကိုယ့်တစ်ယောက်တည်းကိုပဲ ရည်ရွယ်တဲ့ တေးသံ။ အဲ့ဒီတေးသံကိုသာ နားဆင်ခွင့်ရရင် ကိုယ်တကယ်ပျော်မိမှာ။
မင်း ပျော်နေမှန်း ကိုယ်သိတယ်။ ငှက်ကလေးနဲ့ သူ့ချစ်သူရဲ့ ပုံရိပ်တွေ။ ကောင်းကင်မှာ အလင်းပြန်နေတယ်။ ကျွန်တော် အဲ့ဒီပုံရိပ်တွေမြင်ရတိုင်း ရင်ထဲမှာ ငိုမိတယ်။ ဟုတ်တယ်။ တကယ်ငိုမိတယ်။
ငှက်ကလေးကတော့ ကျွန်တော့်ကို သတိမရဘူး။
ငှက်ကလေးနဲ့ ကျွန်တော့်ကြား ဆက်သွယ်ထားတဲ့ လေလှိုင်းလေးဟာ ဝိုးတိုးဝါးတား။ ကျွန်တော့်ကောင်းကင်ကနေသူ ဖြတ်ပျံသွားတတ်ပေမယ့် တစ်ကောင်တည်းမဟုတ်ဘူး။
သူ့အတောင်ခတ်သံကြားမှာ တခြားငှက်တစ်ကောင်ရဲ့ အတောင်ခတ်သံကိုပါကြားရတာ ရင်နာတယ်။
ငှက်ကလေးရေ ကိုယ်ငိုသံကို ကြားရဲ့လားလို့ ကျွန်တော် ယောင်ယောင်ကန်းကန်း လှမ်းမေးမိလိုက်သေးတယ်။ သူမသိဘူး။ မဟုတ်ဘူး။ သူမသိချင်ယောင်ဆောင်နေတာ ဖြစ်မယ်။
နေ့လေးတစ်နေ့မှာ ကျွန်တော် မေးခဲ့တယ်။
ငှက်ကလေး အချစ်တစ်ခုဟာ ဘယ်ကစဖြစ်တည်လာတာလဲ မသိချင်ဘူးလား။ မင်းသိချင်ရင် ကိုယ်ပြောပြမယ်။ သူစကားမဆိုဘူး။ အဲဒီနေ့က သူ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ပြန်သွားခဲ့တယ်။
သူစိတ်မဝင်စားတဲံ သစ်ပင်တစ်ပင်ရဲ့ ချစ်ခြင်းကို သူ သိဖို့ မကြိုးစားခဲ့ဘူး။ သိလည်း မသိချင်ခဲ့ဘူးတဲ့လေ။
“ဝုန်း..ဒိုင်း” ဆို ကျွန်တော့် ရင်အက်သံဟာ ရုတ်တရက် ထမြည်လာခဲ့။ အဲဒီအသံမှာပဲ
ငှက်ကလေးရေ ချစ်တယ် ဆိုတဲ့ အသံဝါးတားတားဟာလည်း မပီမသ ပါဝင်နေခဲ့တယ်။
(၄)
ငှက်ကလေး အသံတွေဟာ ဝင်းလက်နေတယ်။ သူ ပျော်စရာတစ်ခုခုရှိလို့ဖြစ်မယ်။ ဟေးငှက်ကလေး ကောင်းကောင်းပျော်နေနော်။ ကောင်းကင်က ငှက်ကလေးကို ကျွန်တော်အော်ပြောလိုက်မိတယ်။ သူ ခေါင်းညိတ်ပြသလား၊ ခေါင်းခါပြသလား ကျွန်တော့်အမြင်မှာ ဝါးတားတားနဲ့။ဘာပဲဖြစ်ဖြစ် သေချာတယ်။ ငှက်ကလေးပျော်နေတယ်။
အချစ်တစ်ခုရဲ့ ဖြစ်တည်မှုအစကို သူမသိချင်ပေမဲ့ ကျွန်တော်ပြောပြချင်သေးတယ်။ သူကြားမှာ မဟုတ်ပေမဲ့ ကျွန်တော် ရင်ဖွင့်လိုက်ချင်တယ်။
ဒီလိုသာ သိမ်းထားရရင် ကြာလာရင် ကျွန်တော် ရူးနိုင်တယ်။
ခုလည်းရူးတယ်။ ဟုတ်တယ်။ ကျွန်တော်က ရူးနေတဲ့ သစ်ပင်တစ်ပင်။ ငှက်ကလေးကို ချစ်မိလို့ ရူးသွားတဲ့သစ်ပင်။
ငှက်ကလေးဟာ ကျွန်တော့်အတွက်တော့ အမွှေးစုတ်ဖွါးနဲ့ ကြောင်လေးတစ်ကောင်လို ချစ်စရာကောင်းနေခဲ့တယ်။ သူ ကြောင်လေးတွေလို မကြာခဏ ကျွန်တော့်ဆီ အလည်လာတတ်ရင်ကောင်းမယ်။ ဒါဆို ကျွန်တော် လွမ်းရတော့မှာမဟုတ်ဘူး။ ငှက်ကလေးဟာ အသံသေးသေးလေးနဲ့လည်း သနားအောင် ပြုစားတတ်သေးတယ်။ အခုကိုကြည့်။ သူ့အသံတွေဟာ နူးညံ့သိမ်မွေ့မှုတွေအပြည့်နဲ့ တစ်စုံတစ်ယောက်အတွက် ရည်ရွယ်နေသလိုမျိုး ရင်ခုန်ညွတ်နူးဖို့ကောင်းလိုက်တာ။ငှက်ကလေးရဲ့ ငှက်ကလေးအတွက် ရည်ရွယ်တာလား။
ကိုယ့်အတွက်သာဆို ဘယ်လောက်ကောင်းလိုက်မလဲလို့ ကြေကြေကွဲကွဲတွေးရင်း ကိုယ့်ရင်ဟာလည်း တဆတ်ဆတ်ခုန်တယ်။ ဝမ်းနည်းတယ် ဆိုတဲ့စကားဟာမင်းနဲ့ကျမှ ခဏခဏ ကြုံတွေ့နေရပါ့လား ငှက်ကလေးရဲ့ လို့လည်း မကျေမနပ် ပြောမိသေးတယ်။
ငှက်ကလေးရေ ချစ်လိုက်တာဟာ.......။
တိုးဖွဖွ ရွတ်ရင်း ပြောလိုက်မိတဲ့ခဏ တိုက်တိုက်ဆိုင်ဆိုင်ငှက်ကလေး ကျွန်တော့်ကောင်းကင်ထက်ကနေ ပျံသွားတယ်။ သူ့အတောင်ပံခတ်သံလေးကို ကျွန်တော်လေ ချစ်လိုက်တာ...။
(၅)
ငှက်ကလေး ကိုယ်ဒီနေ့ ချော်လဲတယ်။ ကိုယ့်ခြေဖဝါးမှာသွေးခြေဥသွားတယ်။
ငှက်ကလေး ကိုယ် မနေ့က ရင်တွေခုန်တယ်။ ငှက်ကလေးရဲ့ တေးသံကြောင့်လေ။ ငှက်ကလေး ဒီနေ့ကိုယ်ငိုချင်တယ်။ စိတ်ကူးအယဉ်လွန်နေသလား။ စိတ်ကူးယဉ်လွန်းနေသလား။ ဒီအတွေးတွေ နှိပ်စက်လို့ ကိုယ်ငိုချင်တယ်။
ငှက်ကလေး မင်းကို ကိုယ်မချစ်ချင်တော့ဘူး။ မေ့လို့လည်းမရဘူး။ မုန်းလို့လည်း မရဘူး။ ချစ်ခဲ့မိတဲ့ အချစ်တွေကိုလည်းဖျောက်ဖျက်လို့ မရတော့ဘူး။ ဘယ်လိုလုပ်ရမလဲ အကြံပေးပါဦး။
ငှက်ကလေး ကိုယ် မင်းကို တော်တော်လွမ်းနေတာ။ မင်းရဲ့ စကားတွေအများကြီးနားထောင်ချင်တယ်။ ငှက်ကလေး...
ငှက်ကလေး.........။

ကျွန်တော့်ဒိုင်ယာရီထဲက စာသားတွေကို ငှက်ကလေး မြင်စေချင်လိုက်တာ။ သူ့အကြောင်းဟာ ကျွန်တော့်နှလုံးသားမှာ၊ ကျွန်တော့်ရင်ထဲမှာ၊ ကျွန်တော့်စိတ်ထဲမှာ အချိန်ပြည့် နေရာယူနေတယ်ဆိုတာသူ ကြည့်တတ်ရင် မြင်မိမှာပါ။
င ဟထိုး ကကြီးသတ် ဆိုတဲ့ စာလုံးလေးကို နှလုံးသားမှာ ကမ္ဗည်းထိုးထားမိပြီ။ ဘယ်လိုဖျက်ဖျက်မပျက်တော့မယ့် တံဆိပ်။ ဒီကမ္ဘာကြီးမှာ ငှက်ကလေးတစ်ကောင်ကို ချစ်ဖို့ ကျွန်တော် အသက်ဆက်ရှင်နေခဲ့တာ။

“ဟာ.....”
ကောင်းကင်မှာ ငှက်ကလေး။ ဒိုင်ယာရီကို ကပြာကသီ ပိတ်လိုက်ပေမယ့် ငှက်ကလေး ကျွန်တော့်ဒိုင်ယာရီရဲ့ စာသားတချို့ကို မြင်သွားတယ်။ သူ သိကောသိပါ့မလား။သူ့အကြောင်း ဆိုတာကို သူ သိကောသိပါ့မလား။

ငှက်ကလေး သိစေချင်လိုက်တာ။
ပိုင်ဆိုင်ခွင့်မရပေမယ့် ချစ်ခြင်းကို ဖွင့်ဟဖို့တော့ ကျွန်တော် သတ္တိရှိချင်တယ်။ ငှက်ကလေးရေ ရဲရဲဝံ့ဝံ့ နားဆင်ကြည့်ပါ။
ကျွန်တော် ငှက်ကလေးကို ချစ်တယ်။ ဟုတ်တယ်။ သစ်ပင်တစ်ပင်က ငှက်ကလေးတစ်ကောင်ကို ချစ်နေပါတယ်.
ရူးရူးမိုက်....မိုက်...။

“ငှက်ကလေးတစ်ကောင်အတွက်(၈) ”

လှောင်ပါ ငှက်ကလေး။ ကျွန်တော့်ကို လှောင်ပါ။ သစ်ပင်တစ်ပင်ရဲ့ ချစ်ခြင်းကို လှောင်ပါ။ အချစ်ဟာ အလှောင်ခံရဖို့ သက်သက် မွေးဖွါးလာတာမဟုတ်မှန်း ငှက်ကလေး နားလည်တဲ့တစ်နေ့မှာ ကျွန်တော့်ချစ်ခြင်းကို နားလည်လာလိမ့်မယ်။ တကယ်ဆို ချစ်ခွင့်ရနေဖို့ပဲ လိုအပ်ပါတယ်။
ဒီတစ်ခါဟာ ရင်ထဲမှာ အငိုချင်ဆုံးပဲ။ ကဗျာလေးတွေ ရွတ်ပြီး စမ်းချောင်းထဲ ထည့်မျှောပစ်လိုက်တယ်။ ရင်ထဲက အောင့်သက်နေတဲ့ ဝေဒနာက မပျောက်သေးဘူး။ ကုစားနိုင်မယ့်သူ ငှက်ကလေးပဲရှိမယ်မှန်းသိရက် ကိုယ်ဟာ မကုစားနိုင်ခဲ့ဘူး။ တကယ်ဆို ငှက်ကလေးဟာ ဆရာဝန်မှမဟုတ်တာ။ ငှက်ကလေးရဲ့ ကုစားမှုဟာငှက်ကလေး သက်ရောက်ချင်သူအပေါ်မှာပဲ သက်ရောက်နေမှာ။
ငှက်ကလေး……..။
ရင်ကွဲမတက် အော်ပစ်လိုက်တယ်။ ငှက်ကလေး ကြားနိုင်၊ မကြားနိုင် ကျွန်တော်မသိဘူး။ ကျွန်တော့်ရင်အက်သံတွေ နည်းနည်းငြိမ်သွားတယ်။ ငှက်ကလေးရေ လို့ မြည်တမ်းလိုက်တိုင်းမှာ နှလုံးသားဟာ စိတ်ငြိမ်ဆေးအကျွေးခံလိုက်ရတဲ့ လူတစ်ယောက်လို ငြိမ်ငြိမ်သက်သက်၊ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အရာအားလုံးရှင်းလင်းသွားတယ်။ ငှက်ကလေး မသိနိုင်ဘူး။ သူသိနေတာ သူ့ငှက်ကလေးအကြောင်းပဲ ဖြစ်မယ်။

(-)
ငှက်ကလေးက ကျွန်တော့်အတွက် အရာရာဖန်ဆင်းပေးတဲ့ နတ်တစ်ပါး။ ကျွန်တော့်အိပ်မက်တွေဟာ သူ့ကြောင့် ပိုပြီးခံစားချက်တွေ စုံလာခဲ့ရတာ။ ငှက်ကလေးက ကျွန်တော့်နှလုံးသားရဲ့ သခင်။ စစ်တစ်ချက်မတိုက်ပါပဲ သူသိမ်းယူသွားတာ နှလုံးသားတစ်ခုလုံး သူ့နေရာချည်းပဲ။ ငှက်ကလေးက ကျွန်တော့်အတွက် စိတ်ရာသီတွေဖန်ဆင်းပေးတဲ့သူ။ သူငိုစေချင် ငိုရပြီး သူရယ်စေချင် ရယ်ရတဲ့ ဘဝ။ တကယ်ဆို ငှက်ကလေးနဲ့ မတွေ့ခင် ကျွန်တော့်ဘဝက ဒီလောက်ထိ ခံစားချက်တွေ မစုံခဲ့ဘူး။
အဖြူရောင်စက္ကူထူတစ်ချပ်လို့ တင်စားမိချင်သည်ထိ ဖြူစင်ခဲ့တယ်။ အနာတရကင်းခဲ့တယ်။တော်ရုံနဲ့လည်း အနာတရမရနိုင်တဲ့ ထူလွန်းတဲ့ စက္ကူဖြူတစ်ချပ်ပေါ့။
ငှက်ကလေးနဲ့ တွေ့ပြီးတဲ့အခါမှာတော့ ကျွန်တော်ဟာ ပါးလွှာလွန်းတဲ့ စက္ကူဖြူတစ်လွှာဖြစ်ခဲ့ရပြီ။ ခဏနေ ဒဏ်၇ာရလိုက်၊ ခဏနေ အရောင်စွန်းလိုက်နဲ့ ကျွန်တော့်စိတ်ဟာ ခဏအတွင်းမှာပဲ ရာသီအမျိုးမျိုးပြောင်းတတ်ခဲ့ပြီ။ ဒါ ငှက်ကလေး သင်ကြားပေးနေတဲ့ ဘာသာဗေဒ။ ခေါင်းစဉ်က အချစ်တဲ့လေ။
အချစ်ဆိုတဲ့ ဘာသာရပ်က ခါးသက်သက်နဲ့ ချိုမြလွန်းတယ်။ ရင်နာနာနဲ့ပဲ ကျွန်တော် ငှက်ကလေးကို ချစ်နေမိတာကို မဖျောက်ပစ်လိုက်နိုင်ဘူး။ ငှက်ကလေး ရေ ကိုယ့်အချစ်က အပူဒဏ်မဟုတ်ပါဘူးလို့လည်း ယောင်ယောင်ကန်းကန်း အော်လိုက်မိသေးရဲ့။
ငှက်ကလေး မင်းကြားလိုက်ရဲ့လား….။
(-)
တိမ်တွေ ဆိုင်းနေပြီ။ လွမ်းတယ်။ လွမ်းတယ်။ လွမ်းလွန်းတယ်။
အသိမဲ့တဲ့ အလွမ်းတွေက ရင်ထဲကို တိုးတိုးဝင်လာခဲ့တယ်။ တားမြစ်ဖို့ အသိစိတ် ပျောက်ဆုံးနေတယ်။ တကယ်ဆို ကိုယ်ဟာ လွမ်းခွင့်ရှိသူမဟုတ်ပါပဲ တိတ်တိတ်လေး လွမ်းနေမိခဲ့တယ်။
ငှက်ကလေးရေ သစ်ပင်တစ်ပင်ဟာ ရှင်သန်နေပါ့လား ဆိုတဲ့ အသိစိတ်ကို မေ့ဖို့ထိတောင် မင်းကို ချစ်နေမိခဲ့တယ်။
ဟိုးအဝေးက တိမ်တွေထဲမှာငှက်ကလေးအရိပ်များ ပါမလားလို့ ကယောင်ကတမ်းလိုက်ရှာမိတယ်။ မပါဘူး။ သူမရှိဘူး။ သူဘယ်ရောက်နေလဲ။ သူဘယ်မှာများလဲ။ သူဘာတွေလုပ်နေလဲ။ အသိမဲ့ အတွေးတွေဟာ ကျွန်တော့်နှလုံးသားကို နှိပ်စက်နေကြပြီ။ ကျွန်တော်ချစ်တဲ့ ငှက်ကလေး အရာရာ အဆင်ပြေပါစေ။ ကျွန်တော့်ရဲ့ ငှက်ကလေး ပျော်ရွှင်ပါစေ။ ကျွန်တော်ချစ်တဲ့ ငှက်ကလေး သူ့ချစ်သူနဲ့ ပျော်နိုင်ပါစေ။
ဆုတောင်းတွေဟာ ကောင်းကင်ထိ လွင့်ပျံသွားပါစေ။ ကျွန်တော် မနားတမ်းဆုတောင်းနေမိတယ်။
ငှက်ကလေး ပျော်ရွှင်ပါစေ.......။
(-)
မယုံရုံနဲ့တော့ ပုံပြင်မမှတ်လိုက်ကြပါနဲ့။ သစ်ပင်လေးတစ်ပင်ဟာ ငှက်ကလေးတစ်ကောင်ကို အကြီးကြီးချစ်ခဲ့ဖူးတယ်။ အကြီးကြီးချစ်နေဆဲပဲ။
ကျွန်တော်ရေးထားတဲ့ စာသားတွေကို ကောင်းကင်က ငှက်ကလေး မြင်ပါ့မလား။ မြင်တော့ကော ကျွန်တော်နဲ့ သူ့ကြားက ကြိုးဟာ ပိုခိုင်မာသွားမလား။ ဒါမှမဟုတ် ပြတ်တောက်သွားမလား။ ကြောက်တယ်။ ကျွန်တော်တကယ်ကြောက်တယ်။ ငှက်ကလေး စိတ်ညစ်မှာကို ကြောက်တယ်။ငှက်ကလေး မုန်းသွားမှာကို ကြောက်တယ်။ ငှက်ကလေးကို ချစ်ခွင့်မရတော့မှာကို အကြောက်ဆုံးပဲ။
ငှက်ကလေး သစ်ပင်ရူးတစ်ပင်ကိုတွေ့ရင် မျက်နှာလွှဲသွားလိုက်။ သူ့မှာ မင်းကို ချစ်တဲ့အချစ်တွေကို ရင်အပြည့်ပွေ့ထားတယ်ဆိုတဲ့အတွေးကို မတွေးမိအောင် မျက်နှာလွှဲပေးပါ။
သူ တကယ်မင်းကို ချစ်နေခဲ့တာပါ။
ငှက်ကလေးရေ ဟိုးအဝေးမှာ မင်းမျှော်နေတဲ့ ငှက်ကလေးလာနေပြီ။ ကိုယ်အသံတွေကြားနေရတယ်။ သွားကြိုလိုက်ဦး။
ဒီစကားလေးနဲ့ သတိပေးမိပေမဲ့ ကျွန်တော့်ရင်တွေ နာလိုက်တာ။ ကျွန်တော် ချစ်တဲ့ ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင်ရှိနေတယ် ဆိုတဲ့ အမှန်တရား။ ဒီအမှန်တရားက ကျွန်တော့်ရင်ကို နုံးနုံးခွေခွေ ဖြစ်စေတယ်။
ငှက်ကလေး ကိုယ်မင်းကို လိုအပ်နေတယ်။ ဒီစကားတစ်ခွန်းပြောဖို့ ကျွန်တော့် နှုတ်တွေဆွံ့အနေတယ်။ တကယ်ဆို သစ်ပင်တစ်ပင်ရဲ့ဘဝ။ ငှက်ကလေးကြားအောင်ပြောနေပေမယ့်လည်း ငှက်ကလေးမကြားနိုင်တဲ့ဘဝ။ ဒို့နှစ်ဦးကြားမှာ ဘာသာစကားတွေ ခြားနားနေခဲ့တယ်။ ဒါပေမယ့်လည်း မင်းသင်ပေးတဲ့ အချစ်ဆိုတဲ့ ဘာသာဗေဒမှာ ကိုယ်ဟာ အလွမ်းကို ဂုဏ်ထူးတန်းထိ ရောက်ခဲ့ပါတယ်။
(-)
ငှက်ကလေးဟာ ကျွန်တော့်အတွက် ငှက်ကလေးတစ်ကောင်ထက် ပိုမိုနေရာယူလာခဲ့ပြီ။ ဒါကို ငှက်ကလေး သိနိုင်ပါ့မလား။ တစ်နေ့တာစွန့်စားခန်းတွေကို ငှက်ကလေးကို တိုင်တည်ရင်ဖွင့်လိုက်ရမှ ကျွန်တော့်စိတ်တွေ နေပျော်တယ်။
ငှက်ကလေးဟာ ကျွန်တော့်ရဲ့ ဘဝလက်တွဲဖေါ်မဟုတ်နိုင်တော့ပေမယ့် ကျွန်တော့်ရဲ့ စိတ်ရှင်းစက်။ ကျွန်တော့်ရဲ့ ရှုပ်နေသမျှစိတ်တွေဟာ ငှက်ကလေးကို တိုင်တည်လိုက်ရုံနဲ့ အရာရာရှင်းလင်းသွားတယ်။
ငှက်ကလေး စိတ်ညစ်နေတဲ့အချိန် ကျွန်တော့်ကောင်းကင်မှာ တိမ်ညိုတွေဆိုင်းပြီး အသိပေးတယ်။ တကယ်ဆို သူနဲ့ ကျွန်တော်ဟာ သက်ဆိုင်မှုမရှိပါပဲ သူ့စိတ်ရဲ့ ရာသီကို ကျွန်တော် ဖတ်ခဲ့မိလိုက်တယ်။ ငှက်ကလေး ခု ပျော်နေမယ်ထင်ပါတယ်...။
ငှက်ကလေးရေ ကျွန်တော် ငိုချင်လိုက်တာဗျာ.........။
ကျွန်တော့်တိုင်တည်သံကို သူကြားပါ့မလား။ ကျွန်တော်မသိပေမဲ့ အထပ်ထပ်အခါခါ တိုင်တည်နေမိတယ်။ ဟုတ်တယ်။ ကျွန်တော် ငိုချင်နေတယ်။ အပြင်းပြဆုံးငိုချင်နေတယ်။
ဒီနေ့ဟာ ငှက်ကလေးကို အချစ်အကြောင်း တိုင်တည်ရုံသက်သက်မဟုတ်ဘူး။ ကျွန်တော့် ရင်ကို ဖွင့်ပြတဲ့နေ့။ ရင်ဖွင့်လိုက်တဲ့နေ့။
ငှက်ကလေး ကျေးဇူးပြု၍ ကျွန်တော့်ကို လွမ်းပါ။ အလွမ်းချင်းညီလာတဲ့အခါ ကျွန်တော့်စိတ်တွေ ပျော်ရွှင်လာနိုင်တယ်။ ခုတော့ ကျွန်တော်ဟာ တစ်ခြမ်းပဲ့ စွယ်တော်ရွက်လို ဖြစ်နြေ့ပီ။
ထပ်မှာလိုက်ပါရစေ..။ ကျေးဇူးပြု၍ ကျွန်တော့်ကို လွမ်းပါ။
(-)
ဧဒင်ကြီးက သဘောဆိုးလွန်းတယ်။ ကျွန်တော့်အတွက်ဆို ဒီပန်းသီးဟာ ဘယ်တော့မှ စားသုံးသူ မရှိခဲ့ဘူး။ ကျွန်တော်လိုအပ်တဲ့ စားသုံးသူ မရှိခဲ့ဘူး။ ဒီနေ့ အာဒံကိုကော၊ ဧဝကိုကော မုန်းတယ်။ ဧဒင်ကြီးကိုလည်း မုန်းတယ်။
..........အားလုံးကို မုန်းတယ်...........။
ဒီကမ္ဘာ မှာ သစ်ပင် အလိုအပ်ဆုံးအရာဟာ တစ်ခုတည်း။ ငှက်ကလေးရဲ့ ရင်ငွေ့နွေးနွေးလေး။

ငှက်ကလေးက ဒီချိန်ဆို နွေဦးရာသီမှာ ငှက်ကလေးတစ်ကောင်နဲ့ ပျော်နေလောက်ပြီ။ ကျွန်တော်သာ အအေးလွန်ဆောင်း၇ာသီမှာ ကျန်နေရစ်ခဲ့တာ။ ဒီရာသီကနေ ကျွန်တော့်ကို ဆွဲထုတ်နိုင်ဖို့ ငှက်ကလေးရဲ့ လက်တစ်ဖက်ပဲ လိုအပ်တယ်။ငှက်ကလေးရဲ့ အတောင်ပံတစ်ဖက်ပဲ လိုအပ်တယ်။ငှက်ကလေး မသိတဲ့ သစ်ပင်ရဲ့ ကမ္ဘာဟာ ထာဝစဉ် အေးစိမ့်၊ လေငွေ့အေးအေးတွေနဲ့ ရေခဲရုပ်ကြွင်းဖြစ်ဖို့ အချိန်နီးနေပြီ။ သစ်ပင်မှာနွေးထွေးမှုလက်ကျန်ဆိုလို့ နှလုံးသားလေးတစ်ခုသာရှိတော့တယ်။ ငှက်ကလေးရဲ့ ရင်ငွေ့နွေးနွးလေးရမှသာ နွေးထွေးမှုလက်ကျန် နှလုံးသားလေးကနေ သစ်ပင်ရဲ့ သက်တမ်းကို ပိုရှည်စေနိုင်လိမ့်မယ်။
ခုတော့ သိပ်မကြာခင် ကျွန်တော် နှုတ်ဆက်ရတော့မယ်။ ဂွတ်ဘိုင်..လို့။
ကျွန်တော့် နှလုံးသားဟာ အေးစိမ့်မှုရဲ့ ရိုက်ခက်မှုကို ခံစားနေရပြီ။ သူဘယ်အချိန်မှာ ရေခဲရုပ်ကြွင်းဖြစ်သွားမလဲ။ ငှက်ကလေး ကယ်မှအသက်ရှင်မဲ့အဖြစ်။
ငှက်ကလေး မသိရှာသေးဘူး။ ဒါမှမဟုတ် သိနေပြီ။ ဒါပေမယ့် သူဟာ ဆရာဝန်မဟုတ်ဘူး။ သူ ကယ်တင်ချင်သူကိုပဲ ကယ်တင်နိုင်လိမ့်မယ်။

ငှက်ကလေးရေအရာအားလုံးအတွက် ဂွတ်ဘိုင်.။


“ငှက်ကလေးတစ်ကောင်အတွက်-၉”
ချစ်သူ လို့ တိုးဖွဖွ ခေါ်လိုက်မိတယ်။ သူမကြားပေမယ့် ကျွန်တော့်ရင်တွေ တဆတ်ဆတ်ခုန်ပြီး ရှက်သွေးဖြာတယ်။ သစ်ပင်တစ်ပင်ရဲ့ ရင်ဖွင့်စာကို ကောင်းကင်ကြီးက ဖတ်ကြားပေးနိုင်ရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ဒါဆို ကျွန်တော့်ချစ်ခြင်းကို ငှက်ကလေးကော၊ တစ်ကမ္ဘာလုံးကော သိသွားလိမ့်မယ်။
(-)
တွေ့ဆုံမှုက ထူးမခြားနား။ ကျွန်တော့် လက်မှာ လာနားတဲ့ ငှက်ကလေး။ သူ့ကို ကျွန်တော် ချစ်မိသွားခဲ့တယ်။ စက္ကန့်ပိုင်းအတွင်းတဲ့လေ။ ဘယ်သူရေးလိုက်တဲ့ ဇာတ်ညွှန်းလဲံ။ ဘယ်သူ ခွင့်ပြုလိုက်တာလဲ။ သစ်ပင်တစ်ပင်ရဲ့ အလွမ်းဇာတ်ကတော့ အဲဒီအချိန်ကစပြီး ကရတော့တာပဲ။ ချစ်တယ်၊ လွမ်းတယ်၊ ဝမ်းနည်းတယ်၊ ကြေကွဲတယ် တစာစာအော်နေမိခဲ့တယ်။ ငှက်ကလေး မကြားဘူး။
ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင်ရှိတယ်။  ငှက်ကလေးမှာ ရည်မှန်းချက်တွေ ရှိတယ်။ ငှက်ကလေးမှာ  အိပ်မက်တွေရှိတယ်။ ငှက်ကလေးမှာ ငှက်ကလေးကိုချစ်တဲ့၊ ငှက်ကလေးကချစ်တဲ့မိသားစုရှိတယ်။
ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင်ရှိတယ်ဆိုတဲ့ အသိကိုသိစက ကျွန်တော့်ရင်တွေ အက်တဲ့နေ့ပေါ့။ ငှက်ကလေးရဲ့ ရည်မှန်းချက်တွေ ၊ အိပ်မက်တွေကိုလည်း ကျွန်တော်လေ ပြည့်စုံစေချင်လိုက်တာ။ ငှက်ကလေးချစ်တဲ့ မိသားစုနဲ့ ငှက်ကလေးဟာကျွန်တော့်အတွက် ပျော်ရွှင်ဖွယ်ရာ မိသားစုပြဇာတ်လေးပဲ။ အထပ်ထပ်အခါခါကြည့်နေချင်တယ်။
ငှက်ကလေးက ငိုတတ်တယ်။ မယုံမရှိနဲ့ ငိုတတ်တယ်။ ငှက်ကလေးက သီချင်းလည်းဆိုတတ်တယ်။ ဟုတ်တယ်။ ငှက်ကလေးဆိုတဲ့ သီချင်းဟာ ကမ္ဘာမှာအကောင်းဆုံးတေးပဲ။ သူ့သီချင်းသံတိုးဖွဖွလေးမှာ ကျွန်တော့်နှလုံးသားက အချစ်ဆိုတဲ့ မြစ်ထဲ ဝုန်းခနဲ ခုန်ဆင်းလိုက်မိခဲ့တာပေါ့။
ငှက်ကလေးက လူကြီးဆန်ဆန်ရင့်ကျက်တယ်။ တခါတလေကျ ကလေးဆန်တယ်။ အမြဲစူပုတ်ပုတ်နေတတ်သလို အမြဲပြုံးချိုချိုလေးလည်း နေတတ်သေးတယ်။ ငှက်ကလေးရဲ့ အပြုံးက တခါတလေ ဝင့်ဝါပြီး တခါတလေကျ ကလေးဆန်ဆန်ဖြူစင်လွန်းတယ်။ တခါတလေကျ ပြုံးမြမြနဲ့ ရင်ခုန်ဖို့ကောင်းလိုက်တဲ့အပြုံးလေး သူမို့ပြုံးတတ်လွန်းတယ်။
ငှက်ကလေး ငိုနေတာ မတွေ့ဖူးဘူး။ ငှက်ကလေး ငိုင်နေတာ တွေ့ဖူးတယ်။ ငှက်ကလေး စိတ်ရှုပ်တတ်တယ်။ ငှက်ကလေး မသိလိုက်မသိဘာသာနေတတ်တယ်။ ငှက်ကလေးဟာ ကျွန်တော့်အတွက် တစ်သက်တာ သင်ခန်းစာတွေပဲ။ ဘယ်တော့မဆိုသင်ယူနေမိမယ့် ငှက်ကလေးရဲ့ စိတ်အခြေအနေပြပုံရိပ်များ။ရင်မှာ ထာဝရသိမ်းထားမိနေမှာ...။
(-)

ငှက်ကလေးက ငှက်ကလေးတစ်ကောင်ကို ချစ်ခဲ့ဖူးတယ်။
ဒီစာသားကို ရွက်ဝါတွေမှာအခါခါရေး၊ လေနဲ့လွှင့်ခဲ့ဖူးတယ်။ နင့်နေတဲ့ ရင်က ဝေဒနာတွေ လျော့သွားလေမလားလို့။ ငှက်ကလေးရဲ့ ချစ်ခြင်းကို ငှက်ကလေးရဲ့မျက်နှာကိုကြည့်ပြီး လိုက်ဖမ်းခဲ့ဖူးတယ်။ ကျွန်တော် မှားသွားတယ်။ တကယ်ခံစားရတော့ ကျွန်တော်တစ်ယောက်ပါပဲ။ ငှက်ကလေးရဲ့ စိတ်ကူးယဉ်ဆန်တဲ့ချစ်ခြင်းကို ကျွန်တော်လေ ဖမ်းထားချင်လိုက်တာ။
ငှက်ကလေးက သူ့ချစ်သူကိုလေ တစ်ဘဝစာရည်ရွယ်ပြီးတော့ချစ်ခဲ့သတဲ့။ ကျွန်တော်လည်း ငှက်ကလေးကို ဘဝတစ်သက်တာ ရည်ရွယ်ခဲ့တာပါလို့လည်း ငှက်ကလေးသိအောင် အော်ပြောလိုက်မိချင်သေးတယ်။
ငှက်ကလေးရဲ့အချစ်က ဒီလောက်လေးနက်တာတောင် ငှက်ကလေးဟာ ဒဏ်ရာတွေ ရခဲ့သတဲ့။ ဝမ်းနည်းမိလိုက်တာ။ ငှက်ကလေးလို ဖြူစင်သူအတွက် ဒဏ်ရာဆိုတာ မတန်မရာခံစားချက်ပဲ။ ကျွန်တော် ငှက်ကလေးကို သနားတယ်။ ကြည်ကြည်နူးနူး သနားတယ်။ ကြည်နူးမှုကတော့ ကျွန်တော့်အတွက်လေ။
ငှက်ကလေး သိချင်မှသိမယ်။  သိလည်း သိနိုင်ပါတယ်။ ကျွန်တော်ဟာ အတ္တကြီးသူတစ်ယောက်။ မောင်နှမချင်းရန်ဖြစ်ရင်တောင် အငယ်မို့ အကြီးကို အမှားထောက်မပြရဘူးဆိုတဲ့ ရှေးစကားကို ဒီမိုကရေစီနဲ့ ကလန်ကဆန်လုပ်နေတတ်တဲ့သူ။ အဲဒီလိုလူက ငှက်ကလေးနဲ့ ပတ်သတ်လာရင်ပျော့ပျော့ပျောင်းပျောင်း၊ ဖယောင်းလေးလို လိုရာပုံသွင်းနိုင်သတဲ့။
ထူးဆန်းလိုက်တာ ငှက်ကလေးရယ်။
ငှက်ကလေးနဲ့ပတ်သတ်လာရင် ဘယ်လောက်ထိ ရူးလဲဆို ငှက်ကလေးရဲ့ ချစ်သူဟောင်းကို သဝန်မတိုမိဘူး။ ငှက်ကလေးရဲ့ လေးနက်တဲ့ ချစ်ခြင်းတွေကိုပဲ နှမြောမိနေတာ။ နှမြောမိသွားတာ။
ဖြစ်နိုင်မယ်ဆိုရင်လေ ငှက်ကလေးရဲ့ချစ်ခြင်းတွေအားလုံး ကျွန်တော်သာအပိုင်စားရပစ်လိုက်ချင်တယ်။ ခုတော့ မော...။ မျှော်ရင်းမောပေါ့။ ခြေကုန်လက်ပန်းကျနေတဲ့ သစ်ပင်လေး၊ ရေဘယ်လောက်လောင်းလောင်း ကျွန်တော်အသက်ရှင်လာဖို့က ငှက်ကလေးရဲ့ မေတ္တာရေပါမှဖြစ်မှာ။ ငှက်ကလေးသိစေချင်လိုက်တာ။ငှက်ကလေးရဲ့ မေတ္တာရေသာ မပါရင် ကျွန်တော်ဟာ သစ်ပင်တစ်ပင်အဖြစ်ပဲ အသက်ရှင်နေပြီး နှလုံးသားဆိုတာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်ကျန်ခဲ့မှာ။
ဟော.... ဟိုမှာ ငှက်ကလေး။ ကျွန်တော့်ကောင်းကင်ကနေ ပျံသွားတယ်။ ကျွန်တော် လေ..ငှက်ကလေးကို ချစ်လိုက်တာ.။
(-)

ငှက်ကလေးကငှက်ကလေးတစ်ကောင်ကို ချစ်နေတယ်။
ဒီအသိမှာ ကျွန်တော် ကြေကြေကွဲကွဲပြုံးတယ်။ ကြေကြေကွဲကွဲပျော်တယ်။ အပြုံးနဲ့အပျော်ဟာ ငှက်ကလေးအတွက်လေ။ သူ အတိတ်ဒဏ်ရာတွေ မေ့နိုင်ပြီဆိုတဲ့ အတွေးနဲ့ ကျွန်တော် ပျော်မိပါတယ်။
ငှက်လေးရဲ့ ငှက်ကလေးရေ ကျေးဇူးပြုပြီး ငှက်ကလေးကို ညှာတာပါ။ သူ့ခမျာ ဒဏ်ရာတွေ ခံစားခဲ့ရတာ။ ကျွန်တော့်တိုက်တွန်းပြောသံတွေဟာ ငှက်ကလေးရဲ့ ငှက်ကလေးဆီကို ရောက်မသွားနိုင်မှန်းသိတယ်။ ဒါပေမယ့်လည်း ကျွန်တော် ငှက်ကလေးအတွက် စိုးရိမ်မှုတွေနဲ့ ပြောနေခဲ့မိတယ်။
ကျွန်တော့်အလွမ်းတွေသာ အားလုံးပြည့်စုံနိုင်မယ့်ဆန္ဒတွေအဖြစ်နဲ့ ငှက်ကလေးဆီရောက်သွားရင် ဘယ်လောက်ကောင်းလိမ့်မလဲ။ ဒါဆို ငှက်ကလေး အရာရာပြည့်စုံသွားမှာပဲ။
ငှက်ကလေးကို လွမ်းမိတဲ့အလွမ်းက နေ့နေ့ညည။ အချိန်မခွဲခြားဘူး။ လေပြေလေးတိုက်ရင်လွမ်းတယ်။ သစ်ခက်လေးတွေ လှုပ်ရင် လွမ်းတယ်။ မနက်အလင်းရောက်ရင် လွမ်းတယ်။ ညအမှောင်ရောက်ရင် လွမ်းတယ်။
တကယ်ပါ။ အလွမ်းဆိုတာ အချစ်ရဲ့ ဘာသာဗေဒမှာ ဂုဏ်ထူးတန်းထွက်ဖို့ အလွယ်ဆုံးတဲ့။ ကျွန်တော် လက်ခံလိုက်ပါတယ်။ ကျွန်တော်လည်း အလွမ်းမှာ ဂုဏ်ထူးတန်း ထွက်လုပြီ။
ငှက်ကလေး ဒီနောက်ပိုင်း ပြောင်းလဲလာတယ်။ငှက်ကလေးရဲ့ အသံတွေ ဝင်းလက်လာတယ်။ ငှက်ကလေးရဲ့ အသံတွေ ချိုမြလာတယ်။ ငှက်ကလေးရဲ့ မျက်နှာဟာ အချိန်ပြည့် ညွတ်ညွတ်နူးနူ၊ သူ့အတောင်ပံခတ်သံတွေဟာ နူးညံ့သိမ်မွေ့နေတယ်။ ငှက်ကလေး အဆင်ပြေပျော်ရွှင်နေတဲ့အတွက် ကျွန်တော် ပျော်တယ်။ ငှက်ကလေးဘာတွေ ပျော်နေလဲ စဉ်းစားမိချိန်မှာ ကျွန်တော် ငိုချင်သွားမိတယ်။
သူ သူ့ချစ်သူငှက်လေးနဲ့ အဆင်ပြေလုပြီ ထင်တယ်။
ငှက်ကလေးရေ ကျွန်တော် ငိုချင်လိုက်တာ...။
(-)
ကျွန်တော့် အစိမ်းရောင်သစ်ရွက်တွေဟာတဆက်ဆက်တုန်လို့။ ငှက်ကလေးကို မျှော်နေလိုက်တာ။ တကယ်ဆို ငှက်ကလေးက ကျွန်တော့်ဆီ မလာဘူးဆိုတာ သူတို့အသိဆုံးပါ။ ငှက်ကလေးကြားအောင်ပြောနေမိတဲ့  စကားသံတွေဟာ ငှက်ကလေးမကြားနိုင်ခဲ့တာ လက်တွေ့။ ငှက်ကလေးနဲ့ကျွန်တော့်ကြားမှာ ဘာသာဗေဒ ကြွဲ့ပားတယ်။ကျွန်တော့်သစ်ခက်တွေ တလှုပ်လှုပ်နဲ့ ပြောပြနေတဲ့ ငှက်ကလေးတမ်းချင်းတွေဟာ ငှက်ကလေးရဲ့အမြင်မှာ လှုပ်ခါနေတဲ့ သစ်ရွက်လေးပဲ ဖြစ်လိမ့်မယ်။
ငှက်ကလေးရေ ကျွန်တော်က သစ်ပင်ငယ်ပါ။ စိတ်လည်းငယ်တယ်။ အရိုင်းဆန်တဲ့ နှလုံးသားက အချစ်တစ်ခု ပွင့်ဖူးလာတာကို တားမြစ်ဖို့ထိ မရင့်ကျက်တတ်ခဲ့ဘူး။ ငှက်ကလေးနဲ့ သူ့ငှက်ကလေးရဲ့ ပုံရိပ်တွေ မြင်ရတဲ့နေ့ဆို ကျွန်တော် ငိုတဲ့နေ့ပေါ့။ အဲဒီနေ့တိုင်း ကောင်းကင်မှာ တိမ်တွေညိုတတ်တာမို့ ငှက်ကလေးသတိထားမိရင်သိလိမ့်မယ်။ ကျွန်တော်ငိုနေတဲ့အကြောင်းကို။
မနေ့က ငှက်ကလေး၊ ဒီနေ့ ငှက်ကလေး၊ ဟိုးတနေ့က ငှက်ကလေး၊ နောင်လာမယ့်ငှက်ကလေး။ ဘယ်ရက်စွဲအကြောင်းသိချင်လဲ။ ကိုယ်ငှက်ကလေးရဲ့ အတောင်ပံခတ်သံကို သေချာဝေခွဲပြမယ်။ ဘယ်နေ့ကအတောင်ပံခတ်သံမှာ ဘယ်လိုအနာတရတွေ ပါခဲ့ကြောင်း၊ ဘယ်နေ့က အတောင်ပံခတ်သံမှာ ဘယ်လိုပျော်ရွှင်မှုမျိုးပါခဲ့ကြောင်း တစ်ခုချင်းစီအဓိပ္ပါယ်ခွဲပြမယ် ယုံ။
(-)
ညီမျှခြင်းတိုင်းရဲ့ နောက်မှာအဖြေရှိသလား။
ငှက်ကလေးနဲ့ သစ်ပင်ကို ပေါင်းစပ်ကြည့်လိုက်တယ်။ ညီမျှခြင်းနောက်မှာ အဖြေမရှိခဲ့ဘူး။ သစ်ပင်ဟာ သစ်ပင်အတိုင်း မကျန်ရစ်ဘူး။ အလွမ်းတွေ၊ နာကျင်မှုတွေ နဲ့ ကျန်ခဲ့ရတယ်။ ငှက်ကလေးကတော့အဝေးကို ခပ်သွက်သွက်ပျံ။ သူ့ဘေးမှာ ငှက်ကလေးတစ်ကောင်ရှိမယ်။ ရှိလောက်တယ်။
စိတ်ကူးတွေနဲ့ ရူးခဲ့တဲ့နေ့တွေ၊ စိတ်ကူးအယဉ်လွန်းခဲ့သူလို့ အပေါင်းအသင်းတွေ စကားတင်ဖျင်းဆိုနေကြလည်း ကျွန်တော် စိတ်မဆိုးဘူး။ အားလုံးထဲမှာ ကျွန်တော်ဟာရူးခဲ့တယ်ဆိုရင်တောင် သူတို့တစ်ခါမှ မခံစားဖူးတဲ့ အချစ်မျိုးနဲ့ ရူးခဲ့တာ။
အချစ်ရူးလို့ ခေါ်ချင် ခေါ်ကြပါစေ။ငှက်ကလေးအတွက် ကျွန်တော် ရူးတယ်။
ငှက်ကလေးရေ ကိုယ်က အချစ်ရူး၊ ခင်ဗျား အပြုံးတိုင်းမှာ ရင်တစ်ခုလုံးမြုပ်နှံထားမိ၊ စိတ်တစ်ခုလုံး ပြုံးရယ်သွားမိ၊ တကယ်ဆို ဆယ်ကျော်သက်အရိုင်းမို့မဟုတ်ဘူး။ ရင်ထဲကကို အရူးအမူးချစ်နေမိခဲ့တာ။
ငှက်ကလေးသိအောင် စကားတွေဆိုကြည့်တယ်။ အသံက ထွက်မလာခဲ့ဘူး။ ဟုတ်တာပေါ့။ သစ်ပင်တစ်ပင်က နှလုံးသားစကားစပြောမယ်ဆိုရင် ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုံဖြစ်သွားနိုင်တယ်။ ရတယ်။ကျွန်တော် ချစ်နေရရုံနဲ့ ကျေနပ်တယ်။
(-)
ငှက်ကလေး ရယ်နေလား။ ရယ်ပါ။ ငှက်ကေးလရဲ့ ရယ်သံလေးတွေ ကြားခွင့်ရချင်တယ်။
ငှက်ကလေး ပျော်နေလား။ ပျော်ပါ။ ငှက်ကလေးရဲ့ အပျော်လေးတွေ နားထောင်ခွင့်ရချင်တယ်။
ငှက်ကလေး ငိုနေလား။ မငိုနဲ့။ တကယ်ဆိုငှက်ကလေးဟာ သစ်ပင်တစ်ပင်ရဲ့ သူရဲကောင်းဖြစ်နေခဲ့တယ်။ငှက်ကလေးဟာ စိတ်အားငယ်မှုထက် ရင်ဆိုင် တိုက်ခိုက်ဖို့ ရွေးချယ်တတ်သူဖြစ်တယ်။ ဟုတ်တယ်မဟုတ်လား ငှက်ကလေး။
ငှက်ကလေးအတွက် ကျွန်တော် ရေးထားမိတဲ့ စာကလေးတွေဟာ မြေပြင်ပေါ်မှာ ကြက်ပျောက်ငှက်ပျောက်။လေပြေတစ်ချက်အဝှေ့မှာတင် အရာအားလုံးပျောက်ပျယ်။ မထင့်တထင်စကားလုံးတွေသာ ကျန်ခဲ့တော့တယ်။
နောက်ဆုံးအနေနဲ့ တစ်ကြောင်းရေးကြည့်မယ်။ ငှက်ကလေးကိုချစ်ခဲ့ခြင်းမှာ မာနမပါဘူး၊ အတ္တမပါဘူး။ ဖြူဖြူစင်စင် အချစ်တစ်ခု ဖူးပွင့်ခဲ့ခြင်းသာ။ ဤမှန်သော သစ္စာစကားကြောင့် ငှက်ကလေး ပျော်ပါစေ။

“ငှက်ကလေးတစ်ကောင်အတွက်-၁၀”

သူ ကျွန်တော် အိပ်မက်တွေ မပျောက်ဆုံးချင်။ ပျောက်ဆုံးလုလု အိပ်မက်များစွာကို ကမူးရှုးထိုး သိမ်းရင်းနှင့်ပင် ကျွန်တော့် အိပ်မက် အိတ်ကြီးထဲဝယ် သူနှင့် ကျွန်တော့် အိပ်မက်ဟောင်းလေးများ အတော်ပင် သိမ်းဆည်းရမိနေပြီဖြစ်၏။
သစ်ပင်တစ်ကောင်နှင့် ငှက်ကလေးသာ ပါဝင်သော အိပ်မက်သည် အနည်းငယ်တော့ ခြောက်ကပ်နေနိုင်ပါသည်။ သို့သော် ငှက်ကလေး၏ အပြုံးများစွာကြောင့် ကမ္ဘာကြီး လှနေသည်ကတော့ အမှန်ပင်ဖြစ်သည်။
ငှက်ကလေး၏ အိပ်မက်သည် တခမ်းတနားနိုင်လွန်းသလောက် ကျွန်တော်၏ အိပ်မက်သည် ငှက်ကလေးတစ်ကောင်သာ လိုအပ်ခဲ့သည်။ ငှက်ကလေးနှင့် ကျွန်တော့်အိပ်မက်တွင် လက်နှစ်ဖက်အတူတွဲနိုင်လျှင် အရာရာကို ကျော်ဖြတ်နိုင်သည်ဟု ကျွန်တော် ယူဆမိသည်။ ကျွန်တော် မှားကောင်းမှားနိုင်ပါသည်။ အချစ်ကိုမှ ရူးသွပ်လေခြင်းဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် အမှန်တကယ်လိုအပ်နေသည်ကတော့ ငှက်ကလေး၏ လက်တစ်ဖက်သာဖြစ်သည်။
ငှက်ကလေးနှင့် တွေ့ဆုံဖို့သည် သစ်ပင်တစ်ပင်၏ အိပ်မက်မဟုတ်ပါ။ ငှက်ကလေးနှင့် တွေ့ဆုံဖို့သည် နှလုံးသား၏ အလိုဆန္ဒသာဖြစ်သည်။ ထိုဆန္ဒကို အိပ်မက်အဖြစ်အသက်သွင်းရင်း ငှက်ကလေးမသိပါပဲ စွဲလမ်းစိတ်နှင့် ငှက်ကလေးပါဝင်သော အိပ်မက်တို့ ဖြစ်ထွန်းလာရသည်။ ထိုအိပ်မက်များစွာကို ကျွန်တော့်အိပ်မက်အိတ်ကြီးထဲဝယ် သိမ်းဆည်းထားလျှက်ရှိကြောင်း ငှက်ကလေး သိစေချင်ပါသည်။အခွင့်မရှိပဲ လွမ်းလျှင် ခိုးသူဟု ယိုးစွပ်နိုင်ပါသလား။ ကျွန်တော် အယိုးစွပ်မခံချင်ပါ။ သို့သော် ငှက်ကလေးကို အခွင့်မရှိပါပဲ လွမ်းမိနေသည်ကတော့ အမှန်ပင်ဖြစ်၏။ သူဆိုနေကျ တေးလေးတွေကို လွမ်းသည်။ သူပြောနေကျ စကားလေးတွေကို လွမ်းသည်။ သူပြုံးနေကျ အပြုံးလေးတွေကို လွမ်းသည်။
ငှက်တစ်ကောင်၏ အပြုံးသည် သာမန်ထက် မထူးခြားခဲ့။ ထူးခြားခဲ့သည်က ကျွန်တော့်တစ်ယောက်တည်းအတွက်သာဖြစ်သည်။ ဟုတ်၏။ ကျွန်တော့်တစ်ယောက်တည်းအတွက်သာ သီးသန့်ဖြစ်တည်သော ငှက်ကလေး၏ အပြုံးကို လိုချင်ပါသည်။ ဝမ်းနည်းစရာကောင်းသည်က ယနေ့အချိန်ထိ ငှက်ကလေးထံမှ ကျွန်တော့်အတွက် သီးသန့်ဖြစ်တည်သော အပြုံး၊ စကားတို့ကို မရရှိသေးခြင်းပင်ဖြစ်သည်။သူ့ ကို ကြည့်ရင်း ရင်မောရသည်တို့ကိုတော့ ငှက်ကလေးသိနိုငမည်မထင်။
သူဆိုချင်သောစကားတို့ကို မြိုသိပ်နေရသော သူ့ကိုကြည့်ရင်း ငိုချင်သည်။ သူသည်ငှက်ကလေးတစ်ကောင်မျှသာဖြစ်ကြောင်း သူ့ကိုယ်သူ မေ့နေသည်ကို ကြည့်ရင်း ငိုချင်သည်။
ဟုတ်သည်။ သူသည် ငှက်ကလေးတစ်ကောင်မျှသာဖြစ်ပါသည်။ သူများတကာလို ဆိုးခွင့်ရှိပါသည်။ မဆိုးမိုက်ဘူးဆိုလျှင်တောင်မှ လွတ်လပ်စွာ စကားပြောဆိုခွင့်ရှိပါသည်။ လွတ်လပ်စွာ နေထိုင်ခွင့်ရှိပါသည်။ လွတ်လပ်စွာ လူငယ်ဆန်ခွင့်ရှိပါသည်။ ယခုတော့ သူ့ကို အထပ်ထပ်ဝန်းရံထားသော စည်းမျဉ်းများကြားဝယ် မလူးသာမလွန့်သာနှင့် သူ ပိတ်မိနေရှာသည်။ ဖဲ့ပေး၍ ရလျှင် ကျွန်တော့်လွတ်လပ်ခြင်းတို့ကို ဖဲ့ပေးချင်ပါသည်။ သို့သော်ကျွန်တော်ကိုယ်တိုင်ကိုက သစ်ပင်ဖြစ်နေသည်မဟုတ်ပါလား။သို့သော် ထိုစည်းမျဉ်းများကြားမှပင် တခါတရံလွတ်ထွက်လာတတ်သော သူ့ဆိုးဟန်လေးတွေက ချစ်ဖို့ကောင်းစွာ ကလေးဆန်နေသည်။ ထိုမျှလောက်ဆိုးရသည်ကိုပင် တကယ့်ဝါရင့်လူမိုက်ကြီးဟန် ဖမ်းပြနေပုံက ရယ်ချင်စရာပင်ဖြစ်၏။ သစ်ပင်တစ်ကောင် မဆိုးဖူးပါ။ ထို့အတူ ကိုယ့်စိတ်ကိုယ် မထိန်းချုပ်ဖူးပါ။ သူ့ကိုကြည့်ရင်း ကိုယ့်စိတ်ကိုယ် ထိန်းချုပ်တတ်အောင် လေ့ကျင့်သော်လည်း မအောင်မြင်ခဲ့။ ပြောချင်ရာဆို ပက်ခနဲပြန်ပြောတတ်သော၊ လုပ်ချင်ရာကို မဆိုင်းမတွ လုပ်တတ်သောသစ်ပင်တစ်ကောင်ကတော့ ယနေ့ထိ ကိုယ့်အကျင့်အတိုင်းနေထိုင်လျှက်ရှိဆဲဖြစ်သည်။ငှက်ကလေးနှင့် သစ်ပင်၏ စကားပြောဆိုပုံကို ပြန်စဉ်းစားမိတိုင်းရယ်ချင်သည်။ ထိုအချိန်မျိုးများဝယ်ငှက်ကလေးသည် ငှက်ကလေးမဟုတ်တော့သည့်အတိုင်း သာမန်တစ်တီတူးလေးတစ်ကောင်လိုပင်။ သစ်ပင်ကတော့ သစ်ပင်၏ အကျင့်အတိုင်း ပြောချင်ရာကို ပြောတတ်သူသာ ဖြစ်၏။ ငှက်ကလေး ကိုယ်နှင့်စကားဆိုတိုင်း အဘယ့်ကြောင့် တစ်တီတူးသဏ္ဍန်ဖြစ်နေသည်ကို မသိပါ။ သို့သော် တစ်ခုတော့ သိထားစေချင်မိသည်။ သစ်ပင်တစ်ကောင်၏ လွတ်လပ်မှုသည် မည်မျှပင်ရှိစေ၊ သစ်ပင်သည် မြန်မာနိုင်ငံ၌ ရှင်သန်လျှက်ရှိသော သစ်ပင်တစ်ပင်သာ ဖြစ်သည်ဟုပင်သစ်ပင်တစ်ကောင်၏အတွေးထဲ၌ ငှက်ကလေးကို ပိုင်ဆိုင်ဖို့ရာ မရှိပါ။ သို့သော် စိတ်ချမ်းသာစေချင်သည်။ ပျော်ရွှင်စေချင်သည်။ ငှက်ကလေး၏ ပျော်ရွှင်မှုသည် ကိုယ့်ပျော်ရွှင်မှုနှင့်တိုက်ရိုက်အချိုးကျနေသည်ကိုတော့သစ်ပင်လည်း မတက်နိုင်ပါ။ ချစ်ခြင်းကို မချစ်ဟု မငြင်းလို၊ မညာလိုပါ။ ပိုင်ဆိုင်ခွင့်ရမှဟူသည့် အခြေအနေမျိုးကြီးလည်း မရှိတာအမှန်ပင်။ ငှက်ကလေး၏ အပြုံးကို မြင်နေရလျှင် သစ်ပင်စိတ်ချမ်းသာပြီဖြစ်၏။ ငှက်ကလေး၏ ဘဝဝယ် အပျော်တို့နှင့် ပြည့်နေအောင် ဖြည့်ဆည်းပေးချင်မိသည်။ ဒီလောက်သာ..။ သစ်ပင်တစ်ပင်၏ အတွေးသည် ထိုမျှထိ ရိုးရှင်းပါ၏။အချစ်=ရမ္မက် ဟု ဆိုကြသူတွေကို ရယ်ချင်မိသည်။ ချစ်ခြင်းဝယ် ရမ္မက်သာ အဓိကမဟုတ်ပဲ ရမ္မက်သည် သာမန်ဖြည့်ဆည်းမှုမျှသာဖြစ်ကြောင်း ချစ်ခြင်းသီးသန့်ဖြင့် ချစ်ဖူးသူတို့ကတော့ ကိုယ်ချင်းစာလိမ့်မည်ထင်သည်။
ကျွန်တော် ငှက်ကလေးကို ချစ်ခြင်းသီးသန့်ဖြင့် ချစ်မိပါသည်။ ဟုတ်၏။ ချစ်ခြင်းသီးသန့်ဖြင့် ချစ်မိပါသည်။
ရမ္မက်ကင်းကင်း.....နှင့်။
သစ်ပင်
။။။။

သူ ကျွန်တော်
အိပ်မက်တွေဟာ တိခနဲ ပြတ်ကျသွား
ထမ်းထားမိတဲ့ အိပ်မက်အိတ်ကြီးဟာ ပိုပိုလေးလံလာ
မျက်ရည်
ပျော်လို့ကျတဲ့ မျက်ရည်
ငှက်ကလေးအတွက် ဝမ်းသာမျက်ရည်
သစ်ပင်တစ်ပင်ဟာ ချိုချိုမြိန်မြိန်လေးပဲ ငိုကြွေးမိခဲ့တယ်
အရှေ့အရပ်ဆီက မိုးတွေညို့လာပြီ
ကမ္ဘာဟာ ၂၃ နှစ်ပိုင်းတစ်ပိုင်းစောင်းနေရာက ရုတ်တရက်တည့်သွားမယ်ဆိုရင်တောင်
မှ
ပုံပြင်တစ်ပုဒ်ဟာ မပြောင်းမလဲ တည်ရှိနေမယ်
ဟိုးရှေးရှေးတုန်းကတဲ့
သစ်ပင်တစ်ပင်
ငှက်ကလေးတစ်ကောင်
ကောင်းကင်ကြီးတစ်ခုအောက် အတူတကွ ရှင်သန်ခဲ့ဖူးသတဲ့

ဒါပါပဲ
အဆုံးသတ်
ပုံပြင်ရေးဆရာတစ်ယောက်
သူ့ပုံပြင်တွေရှင်သန်ဖို့
ငှက်ကလေးတစ်ကောင်နဲ့
သစ်ပင်တစ်ပင်ကို
ဆက်အသက်သွင်းနေမိလေရဲ့။။။

ကမ္ဘာဦးသစ်သီးကြောင့် ပန်ဒိုရာရဲ့ ဖြားယောင်းမှုနောက် လိုက်နေမိတယ်
လွမ်းတယ် ငှက်ကလေး
မနေ့ကအလွမ်းဟာ ဒီနေ့ထိဆက်လာ
ခြေလက်မရှိပေမဲ့
သက်ရှိအလွမ်းတွေဟာ နှိပ်စက်တတ်ကြောင်း
သင်ယူခဲ့ရပေါ့

လွမ်း
လွမ်းဆိုတဲ့ စကားတစ်ခွန်းနောက်မှာ
ကိုယ်ဟာ အငေးငေးအငိုင်ငိုင်
ကမ္ဘာတစ်ခုလုံး မှိုင်းမှုန်နေသလိုမျိုး
အလင်းပျောက်နေခဲ့ပေါ့

ငှက်ကလေး
ခဏခဏကျတတ်တဲ့ ကော်နက်ရှင်တွေသာ ကိုယ့်အလွမ်းဖြစ်ရင်
မြန်မာနိုင်ငံဟာ ကော်နက်ရှင်အလျှင်မြန်ဆုံးဖြစ်လိမ့်မယ်

ပြင်းအားများတဲ့ အလွမ်းတွေကို ငြိမ်းဖို့
သတိရခြင်းဖုန်းတစ်ကောလောက် ပို့လှည့်ပါ

စိတ်လိုလက်ရအလွမ်းတွေဟာ
များ များလာတဲ့အခါ
ဖြည်ရခက်တဲ့ ကြိုးထုံးတစ်ခုဖြစ်လာတယ်

ကိုယ့်ကြိုးနဲ့ကိုယ်ပိတ်မိနေတဲ့
သစ်ပင်တစ်ကောင်
တိတ်ဆိတ်ပြနေပေမဲ့
မီးတောင်ကို မြိုထားရတဲ့ ရေခဲတောင်တစ်ခုလို

ငှက်ကလေးတစ်ကောင်အတွက်
အလွမ်းထောင်ချောက်တွေ တစ်ဆင့်ပြီးတစ်ဆင့် ပိတ်မိနေခဲ့

ငှက်ကလေးက သူ့အတောင်ပံခတ်သံမှာ
ကိုယ့်နှလုံးသားကို တဒိတ်ဒိတ်ခုန်ခိုင်းတယ်
သူ့ တေးတွေ သီချိန်တိုင်းမှာ
ရှိသမျှ အလုပ်တွေကို ပစ်ချထားခိုင်းတယ်
ကိုယ် ..လေပြေကို ငေးကြည့်ရင်း သူ့တေးသီသံတွေမှာ
ငေးမော
တကယ်ဆို ကိုယ်လည်းတားချင်တယ်
တားချင်တာပဲ ငှက်ငယ်ရေ
ကိုယ်က ခက်ထန်တဲ့ သစ်ပင်ပါ
သစ်ပင်တစ်ပင်ရဲ့ နှလုံးသားဟာ
ဘယ်လောက်ထိ နူးညံ့ခွင့်ရှိလဲ ကိုယ်မသိဘူး
ဒါပေမယ့်လည်း
ငှက်ကလေးအတွက် နူးညံ့မှုမှာ
ကိုယ်ဟာ အဆုံးသတ်ကို မေ့တယ်
ကိုယ်က ရွေ့လျားခွင့်မရှိတဲ့ သစ်ပင်တစ်ပင်ဖြစ်ပြန်သေးတယ်
နှလုံးသားရဲ့ စေစားမှုမှာ
ကိုယ်ဟာ ခန္ဓာတစ်ခုလုံးရပ်တန့်နေပေမယ့်
စိတ်ရဲ့ ပြေးလွှားနှုန်းကို သိခွင့်ရတယ်
တကယ်ဆိုကိုယ်ဟာ သစ်ပင်နဲ့ မတန်တဲ့ ခံစားချက်တွေနဲ့ အသက်ရှင်သန်ခဲ့ရသူ
ဟုတ်တယ်
တားချင်တယ်
ဒါပေမယ့်လည်း
ငှက်ငယ်ကို မြတ်နိုးရခြင်းကိုပဲ
တသသနဲ့ စွဲလမ်းတတ်ခဲ့ပြီ

ငှက်ကလေးက ပြုံးတတ်တယ်
သူ့အပြုံးမှာ မာယာမပါဘူး
ဒီလေလှိုင်းထဲတိုးဝင်ရခြင်းအတွက် သူဂုဏ်ယူတယ်
တကယ်ဆို ဒီလှိုင်းလုံးတွေကြားမှာပဲ သူဟာ
ခဏခဏ ဒဏ်ရာရခဲ့ရှာတာ
ဒါပေမယ့်လည်း
ကြံရင်းသေတဲ့လူ ဆိုတဲ့ စကားကို သူ လက်ကိုင်ထားခဲ့တယ်


ငှက်ကလေး ငိုင်နေတယ်
သူ တစ်နေရာရာမှာ နားဖို့လိုနေပြီ
သူ့စိတ်အဆာပြေဖို့
သူ့အတောင်ပံကို ခဏအနားပေးဖို့
သူ သဲသောင်ပြင်မှာ ခဏရပ်ပါ
သူ တားနေတဲ့ စကားတွေကိုမကြားဘူး
အတောင်ပံတွေကို တဗြင်းဗြင်းခတ်နေတုန်း
ငှက်ငယ်
ကိုယ် ငိုချင်လာပြီ
ငှက်ငယ် ခေတ္တအနားယူပါ
ငှက်ငယ် ကိုယ့်အော်သံကို နားဆင်ပါ..
ငှက်ငယ်............။
ကောင်းကင်တစ်ခုအောက်မှာ
ငှက်ကလေးတစ်ကောင် တောင်ပံခတ်နေခဲ့တယ်
သူ
စိတ်ညွှန်ပြတံကို အကဲခတ်လို့
သူ့တောင်ပံတွေကို ခတ်တယ်
ပြင်းပြင်းထန်ထန်ခတ်တယ်


သူ လေလှိုင်းတွေကို ကြောက်တယ်
ဒါပေမယ့်လည်း
သူ ပျံသန်းနေခဲ့ရတယ်
ဘဝပေးတာဝန်
တာဝန်ကို တာဝန်လိုမြင်မိတော့
သူ ပျံသန်းနေခဲ့ရရှာတယ်


သူ ကြောက်တတ်တယ်
သူ အားနာတတ်တယ်
သူ ရှက်ရွံ့တတ်တယ်
သူ ကလေးတစ်ယောက်လိုပဲ
သူ စိတ်အားငယ်တတ်တယ်


သူ့ကို ကြည့်နေမိတဲ့ ကျွန်တော်
သူ့ကို မြတ်နိုးနေမိ
သူ့ကို သနားကြင်နာနေမိ
သူ့ကို......... ပြုံးရယ်ချင်မိ


တကယ်ဆိုသူဟာ တာဝန်တွေအတွက် သိမ်းငှက်ဟန်ဆောင်နေရ
တကယ်ဆိုသူဟာ တာဝန်တွေအတွက် ကြီးကျယ်မြင့်မြတ်ပြနေရ
တကယ်ဆိုသူဟာ တာဝန်တွေအတွက် ...........
တကယ်တော့ သူဟာ အားငယ်တတ်တဲ့ ငှက်ကလေးတစ်ကောင်ပါ
သူဟာ လွတ်လပ်ပေါ့ပါးချင်တဲ့ ငှက်ငယ်တစ်ကောင်ပါ
သူဟာ တိုက်ခိုက်နိုင်လောက်အောင်ထိ ခွန်အားမကြီးဘူး
တကယ်ဆို သူဟာ ........
တာဝန်တွေအတွက် သူ့မျက်ရည်တွေဟာ ပုန်းကွယ်ပြနေရ
ငှက်ငယ်ရေ သနားလိုက်တာ
သစ်ပင်လေးတစ်ပင်ဟာ ငှက်ငယ်လေးနားခိုဖို့ အစဉ်လက်ကမ်းကြိုနေကြောင်း သိစေချင်ရဲ့
ငှက်ငယ်ရေ......
ငှက်ကလေးရေ.. ငှက်ကလေးရေ..
င့ါလက်ဖျံမှာ ခိုနားလှည့်ပါ
ငါ့လက်မောင်းသွေးကို ရေအဖြစ်နဲ့ သောက်သုံးပါ
ငါ့နှလုံးအိမ်ကို တည်းခိုရာ သဘောထားပေးပါ..

အုံနဲ့ကျင်းနဲ့ အလွမ်းတွေက နာဖျားခြင်းအဆင့်သို့ကူးပြောင်း
ပူလောင်ကျွမ်းစိပ်နေတဲ့ မျက်ဝန်းတွေက
မျက်ဝန်းတစ်စုံကို တောင့်တောင့်တတ
စွဲလန်းမှုကြောင့် ရလာတဲ့ အိပ်မက်မှာတောင်
သူဟာ ကိုယ့်ကို ပြုံးမပြခဲ့ဘူး
သူ အဲဒီလောက်ထိ ကိုယ့်ကို မုန်းတယ်




1 comment:

Anonymous said...

ချစ်လွန်းတဲ့အခါ သဝန်တိုဖို့ထက် မျက်စိမှိတ်ယုံကြည်ပစ်လိုက်ချင်စိတ်တွေ ပေါက်သွားတာ။
ှုချစ်ခြင်းသီးသန့်နဲ့ ချစ်သူတွေဟာ ပိုလွမ်းရတတ်ပါတယ်..

~ Kk ~

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်