Wednesday, 29 January 2014

မှော်

သိပ် ထူးဆန်းတယ်
လောကကြီး။

လက်ရှိအချိန်
ရင်ထဲအောင့်သက်နေတဲ့ ခံစားချက်တွေနဲ့
စိုးရိမ်ပူပန်မှုရုပ်သံကို ဖမ်းမိနေတဲကျွန်တော်

တပြိုင်နက်တည်း
ဖေဖေမေမေအော်ရင်းတရင်း ငိုနေရှာမယ့်ကလေးတစ်ယောက်
ဘယ်လိုပြောပြော
ကိုယ့်ခံစားချက်ကြီးကမှ ပိုပူတယ်ထင်ခဲ့မိတော့လည်း..

လောကကြီး
သိပ်ထူးဆန်းတယ်။

အိပ်မက်ပျောက်ကို အတူတူတူးဆွမိသူချင်း
ကိုယ့်အိပ်မက်က ပိုပြီးအနာအဆာများနေတဲ့အခါ
တပါးသူအိပ်မက်ကို ထိခိုက်တတ်လာတယ်
မရည်မရွယ်ခဲ့ပေမဲ့
ကိုယ့်အမှားတော့ အမှန်တကယ်ဖြစ်ခဲ့တယ်။

သိပ် ထူးဆန်းတယ်
လောကကြီး။

ပျော်မလားပြေးမလား
မျက်ဝန်းရာသီတွေကို တွက်ဆစ်ကြည့်ဖို့ကြိုးစားရင်း
ကိုယ့်စိတ်နဲ့ကိုယ်ခလုတ်တိုက်နေကြသူတွေဟာ
ဖေးဖေးမမ နေထိုင်ရင်းနဲ့
မှော်တစ်ခုဖန်တီး
စိတ်ဆာပြေ ရာသီစာတစ်ခုဖြစ်
စိတ်ပျော်ရာ နယ်မြေတစ်ခုဖြစ်
စိတ်ချမ်းမြေ့ရာ ပိုင်နက်တစ်ခုဖြစ်
ဒါ တစ်နေရာစီကနေစုထားတဲ့ သွေးသားရင်းခြာ
မိသားစု ပါတဲ့။

လောကကြီး
သိပ် ထူးဆန်းတယ်။
 
ရည်ဝေ(လင်းရောင်ခြည်)

Tuesday, 28 January 2014

ရင်အက်ရာသီ

“ရင်အက်ရာသီ”

ဖျတ်ခနဲ ဖြုတ်ခနဲ အသိဝင်တယ်
စည်း
တကယ့်အတည်သာ ကြုံတွေ့ဖြစ်ခဲ့ရင် ရင်တစ်ခုလုံးနင့်နေမလား

ခုထိ ငါ့နှလုံးအိမ်က မျက်ရည်စတွေ မခမ်းသေးဘူး
ဆက်လက်
တစက်စက် စီးယိုကျ

သွေး
မတော်
သား
မစပ်
ရင်ခွဲဖို့ ဓါးတစ်လက်ကို
အလိုလို ပေးအပ်မိလျှက်သား

စိတ် ကြီး မနာတတ်ခဲ့ပေမယ့်
စိတ် ကြီး နင်နေတတ်ခဲ့
စက္ကန့်မလပ် တွေးမိတဲ့ အရာတစ်ခုက
အတည်ကြီးသာ ဖြစ်ခဲ့ရင်

အောင့်သက်နေတဲ့ ရင်ဘက်ကြီးက
ခုထိအနာမကျက်ခဲ့
ဖျတ်ခနဲ ဖြုတ်ခနဲ
စည်း
ဆိုတဲ့ စကားလေးကိုသတိရလိုက်တယ်

စည်းလွတ်ဝါးလွတ်
တစ်ကိုယ်တော် ကကွက်တွေနဲ့
ငါ
ကကြိုးဆင်ခဲ့မိသလား

ကိုယ့်မျက်ချေးကိုယ်ပြန်မြင်မိတိုင်းမှာ
အားနာစိတ်တွေနဲ့
ပွဲခင်းက ထွက်ပြေးချင်နေမိခဲ့

စည်းလွတ်ဝါးလွတ် ကကြိုးဆင်ခဲ့မိတယ်ဆို
တောင်းပန်စရာ ဆိုစရာ
စကားဟာ အ ထစ် အ ထစ်
ရင်နင့်တဲ့ ရာသီ
ရင် အက် ရာသီ
ဖြိုးခနဲ ဖြောင်းခနဲ
ချိုးချိုးချွတ်ချွတ် ကျိုးကြေ
နှလုံးသား အကိုင်းအခတ်တွေ
တစ်လွှာချင်းစီ
ကြွေ
..................ကျ
.......................................ခဲ့။

ရည်ဝေ(လင်းရောင်ခြည်)

Monday, 20 January 2014

လူငယ်အိပ်မက်

“လူငယ်အိပ်မက်”

ပြာလဲ့လဲ့မီးတန်းလေးများသည် တစ်ခုနှင့်တစ်ခု စပ်ယှက်လျှက် ညအမှောင်ထုကို ဖုံးအုပ်ထား၏။ ကလေးတစ်စုသည် ဆိတ်ငြိမ်စွာ ကစားနေကြသည်။ တဒေါက်ဒေါက် မြည်သံနှင့်အတူ ရောက်ရှိလာသော အဖိုးအိုတစ်ယောက်ကို မည်သူကမျှ သတိမထားမိသယောင်ရှိ၏။ အဖိုးအိုသည် တဲအိမ်များကို တစ်ချက်ဝေ့ဝဲကြည့်ရင်း ရွာလယ်ခေါင်ဟု ခေါ်နိုင်သောနေရာလောက်တွင်ရပ်လိုက်သည်။ ထို့နောက် ပြာလဲ့လဲ့မီးတန်းများကိုကြည့်ရင်း မီးပုံတစ်ခု ဖန်တီးလိုက်၏။ ထို့နောက် မီးပုံတွင်းသို့ တစ်စုံတစ်ခုအားပစ်သွင်းလိုက်သလိုရှိ၏။ တစ်စုံတစ်ရာကိုလည်း တိတ်ဆိတ်စွာ ရေရွတ်နေပြန်သည်။ ထို့နောက် ညသည် ဆိတ်ငြိမ်ခြင်းနှင့်အမှောင်ကို ပို၍အားဖြည့်ပေးလိုက်သည့်အလား။ ကမ္ဘာလောကသည် ပို၍ပို၍ တိတ်ဆိတ်စွာ အေးစက်လာသည်။

Wednesday, 15 January 2014

မီးခိုးမြို့တော်


“မီးခိုးမြို့တော်”

ကျဥ်းကျုတ်နေတဲ့ အခန်းကျဉ်းလေးမှာ ပြန့်ကျဲနေတဲ့ အသက်ရှုသံတွေ။ အားလုံးရဲ့ အာရုံသက်ဝင်ရာက တစ်ခုတည်း။ ကဗျာ။ ကဗျာဆိုတဲ့နေရာ။ ကဗျာဆိုတဲ့ ကမ္ဘာ။ ကဗျာဆိုတဲ့ ပွဲတော်။ ကဗျာဟာ ကဗျာပီပီ ခန့်ထည်လွန်းသလို ကဗျာဟာ ကဗျာပီပီ စုတ်ပြတ်လွန်းတယ်။
ကြောင်ကုတ်တဲ့ အရေးအသားလည်း ခံစားတတ်ရင်ကဗျာဖြစ်သလို လေးပင်လွန်းတဲ့ဝါကျတည်ဆောက်မှုနဲ့ကဗျာလည်း ခံစားတတ်မှ ကဗျာပီသတယ်။ ကဗျာဟာ ကဗျာရေးသူထက် ကဗျာဖတ်သူအတွက် ပိုကြီးမြတ်တယ်။ တီရှပ်ကိုယ်စီ၊ ဂျင်းပင်ပြာကိုယ်စီ၊ ကျောပိုးအိတ်တစ်အိတ်သို့မဟုတ် လွယ်အိတ် လွယ်ထားသူ လူတစ်စု။ အလွယ်ခေါ်လိုက်ရင် ဂျင်းပင်ပြာနဲ့ ပျာယီးပျာယာအုပ်စု၊ ကျောပိုးအိတ်ကိုယ်စီ လွယ်အိတ်ကိုယ်စီလွယ်လို့ ယုံကြည်မှုအတွက် ရွက်လွှင့်နေကြသူများ။ ဟေ့ ငါ ကဗျာဆရာကွ။ မရှက်မကြောက် ဝန်ခံနေလိုက်ပုံများ။ စီးကရက်တွေ တစ်လိပ်ပြီးတစ်လိပ်တောက်ထုတ်၊ ကဗျာအသရေ ဖျက်သူတိုင်းကို တရားစွဲမယ့် ရှေ့နေကဗျာဆရာ၊ ကဗျာဆရာရှေ့နေများ။ မီးခိုးမြို့တော်ကို တစ်ယောက်ပြီးတစ်ယောက် တည်ဆောက်နေလိုက်ကြတာ လွင့်ခနဲလွင့်ခနဲဝဲသွားတဲ့ သူတို့နှုတ်ခမ်းဖျားက မီးခိုးငွေ့လေးတွေဟာ ရှင်သန်မှုအပိုင်းအစတချို့အတွက် ကဗျာပီပီသသ ပြုံးးပြနေသလိုတောင် ခံစားရ...။

Monday, 13 January 2014

အချစ်က ဂလိုဘယ်ဖြစ်ပေမယ့်...

(၁)
“အိုး သူလည်း စနေပဲတဲ့လား”
မပီမသ တီးတိုးရေရွတ်မိရင်း နွေး အံ့သြစွာ ပြုံးမိလိုက်သည်။ ကြည့်ပါဦး ဘယ်လောက်တောင် ဆန်းကြယ်လိုက်တဲ့ ကံတရားလဲ။ သူနှင့် နွေး၏မွေးနေ့၊မွေးရက်ဟာ နှစ်မတူပါပဲ တစ်ထပ်တည်း ကျနေသည် တဲ့လေ။ ကွန်ပျူတာမှာ ချရိုက်လိုက်မိသည့် ရက်စွဲလေးနှစ်ခုကို ကြည့်ရင်း နွေးရင်ထဲံ တစ်စုံတစ်ခုသည် အသံမပေးဘဲ အနီးသို့ရောက်လာဟန်ရှိ၏။ နှစ်သက်သဘောကျစွာပြုံးမိရင်း ကွန်ပျူတာဖန်သားပြင်မှ မွေးနေ့လေးနှစ်ခုကို ဒိုင်ယာရီစာအုပ်ပေါ်သို့ ကူးချလိုက်မိတော့သည်။
Saturday, 28, 1986
Saturday. 28, 1980

Sunday, 12 January 2014

မှော်

မျှော်လင့်ချက် ကမ်းပါးတွေ ပြိုမကျအောင် ထိန်းသိမ်းရင်း အနာဂတ်ဆိုတာကိုတွေးကြည့်လိုက်တိုင်း လေနေတဲ့ စိတ်ကြီးက ထထရယ်တယ်။ ကိုယ် တကယ်ပဲ ပျော်ရွှင်ခြင်းကို မေ့လျော့တတ်ခဲ့ပြီထင်ရဲ့..။

Friday, 10 January 2014

“မျှော်လင့်ချက်တို့ တောင်ပုံရာပုံ”


“မျှော်လင့်ချက်တို့ တောင်ပုံရာပုံ”
---++++-------------------------
ပြောစရာ စကားများစွာတို့ရှိ၏။ သို့သော် ပြောခွင့်ရနိုင်သော စကားမှာ တစ်ခွန်းသာဖြစ်သည်။
ရင်နှင့်အပြည့် လွမ်းဆွက်နေရသော ခံစားချက်များစွာတို့ကို “သတိရတယ်” ဟူသည့် စကားလေးဖြင့် တန်ဖိုးမလျော့ပါးစေလိုပါ။ ထို့ကြောင့်ပင် အရာရာတွင် တိတ်ဆိတ်သူသည် ကိုယ်ဖြစ်ရတော့သည်။ ကိုယ့်မျက်ဝန်းတွင် ကြည့်တတ်မည်ဆိုလျှင် ဝေ့သီနေသော အပူရောင်အငွေ့များတွေ့ရှိနိုင်သည်။ ကိုယ့်အပြုံးတို့ကို ကြည့်တတ်မည်ဆိုလျှင် အပူရောင်သမ်းနေသော နှုတ်ခမ်းတွန့်ချိုးကို မြင်တွေ့နိုင်မည်။ ကိုယ့်နှလုံးသားကိုကြည့်တတ်မည်ဆိုလျှင်………။
ပြောစရာစကားများစွာရှိ၏။ သို့သော် ပြောခွင့်ရသော စကားမှာ တစ်ခွန်းသာ ဖြစ်သည်။

Wednesday, 1 January 2014

“တစ်နေ့နေ့....”



>>>>>>အချိန်
>>>>>>
>>>>>>လူ
တစ်နေ့မှာ
>>>>>>
>>>>>စိတ်
>>>>>>>
?????????????????????????
အရှိသည်ပင် မရှိခြင်းဖြစ်၍
မရှိခြင်းသည်ပင် အရှိဖြစ်သည်။
အဖူးအငုံလေး၏ ကြီးရင့်ခြင်းသည်ပင် ပွင့်အာခြင်းဖြစ်၍ ပန်းပွင့်လေး၏ ကြီးရင့်ခြင်းသည်ပင် မြေသက်ကြွေကျခြင်းဖြစ်သည်။
တစ်နေ့နေ့တွင်
အချိန်(လူ+စိတ်)
အချိန်(စိတ်)

ရည်ဝေ(လင်းရောင်ခြည်)

ဝလုံးလေးဝိုင်းအောင် ရေးမယ်

“ဝလုံးလေး ဝိုင်းအောင်ရေးမယ်”

ဋဍ
ဍဋ
ဋ္ဌ၌
ပုံတူကူးမချခဲ့ပေမယ့်
တစ်နေရာရာမျာများ ပုံတူရှိလေမလား စိတ္တဇတွေနဲ့
ကျွန်တော့်ကိုယ်ကျွန်တော်
ဝ လုံးလေးအဖြစ် အသက်မသွင်းနိုင်ခဲ့တာကြာပြီ။

ငှက်ကလေးတစ်ကောင်အတွက်-၁၄

“ငှက်ကလေးတစ်ကောင်အတွက်-၁၄”

ဒီဇင်ဘာဟာအေးစိမ့်စိုစွတ်၊ အလွမ်းဆိုတာ ဒီဇင်ဘာရဲ့ မွေးချင်းပေါက်ဖေါ်၊ အသဲကွဲခြင်းဆိုတာ ဒီဇင်ဘာရဲ့ ကစားစရာ။အဖြေသိနေတဲ့ မေးခွန်းနောက်ကနေ တောက်လျှောက်လိုက်ရင်း အဖြေကိုဖျောက်ထားတယ်။ သိလား။ ကိုယ့်လက်တွဲဖေါ်ဟာ ငှက်ကလေးဖြစ်လေမလားဆိုတဲ့ မေးခွန်းတွေနဲ့ ကိုယ် တောက်လျှောက် ပျော်နေခဲ့တာပေါ့။ အယောင်ဆောင်ပျော်ရွှင်မှုတွေဟာ အစစ်အမှန် တစ်ခုတွေ့လိုက်တိုင်း နှလုံးသားကို ဖျစ်ညှစ်ထားသလို နာတယ်။ သွေးစိမ်းရှင်ရှင်ထွက်ကျတာမဟုတ်ဘူး။ နှလုံးသားပါ ကြေမွသွားတာ။ကြည့်လေရာနေရာတိုင်းမှာ နှုတ်ခမ်းထူထူနဲ့ ကိုယ့်ငှက်ကလေးများ ရှ်နေလေမလားရယ်လို့ ရှာရတာအမောပဲ။ ငှက်ကလေးဟာ နေရာစုံမသွားတတ်မှန်းသိသိနဲ့ သွားလေမလား တွေးခဲ့ဖူးတယ်။ နေ့ခင်းက သူငယ်ချင်းတစ်ယောက်ရဲ့ ဝတ္ထုစာသားလေး။ သိပ်ကြိုက်တာပဲ။ချစ်လွန်းလို့ကို ဖွင့်မပြောတော့တာ တဲ့။ ကိုယ်ကကော။ ကိုယ်ကတော့ ချစ်လွန်းလို့ဖွင့်မပြောတာမဟုတ်ဘူး။ ဖွင့်ပြောခွင့်မရှိတဲ့ဘဝမို့ ငြိမ်ငြိမ်သက်သက်ငေးကြည့်နေခဲ့ရရုံ။ငှက်ကလေးဟာ သေနတ်တစ်ချက်မပစ်ဖေါက်ပါဘဲ ကိုယ့်အတွက် ကယ်တင်ရှင်ဖြစ်ခဲ့ဖူးတယ်ဆို သူယုံပါ့မလား။ ဟုတ်တယ်။

နှုတ်ဆက်ပါတယ်...

“နှုတ်ဆက်ပါတယ်”

ပူလောင်ကျိန်းစပ်နေတဲ့ မျက်ဝန်းတွေမှာ အငွေ့တွေနဲ့။ မျက်ရည်ဆိုတာ အငွေ့ပျံတတ်ကြောင်း မျက်မှန်က မှန်သားရဲ့ မှုန်မှိုင်းမှိုင်းကြောင့် အသိတိုးခဲ့ရ။
--++++++++++++++++++++++-----------

Saturday, 21 December 2013

လက်ကျန်ထွက်သက်


“လက်ကျန်ထွက်သက်”

မနက်ဖြန်ဟာ ကိုယ့်ကို ရှင်သန်ခွင့်ပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ မနက်ဖြန်မှာ ရှင်သန်ဖို့ အကြောင်းတရားရှိခဲ့ရုံနဲ့ လုံလောက်တယ်။
 (၁)။
 မနက်ဖြန်မှာ နိုးထဖို့ မျှော်လင့်ချက်နဲ့ ကိုယ်အိပ်စက်ခဲ့တာမဟုတ်ဘူး။ မပြီးသေးတဲ့ တာဝန်တွေ၊ ရည်မှန်းချက်တွေ၊ စိတ်လိုအင်ဆန္ဒတွေအတွက် ကိုယ်အနားယူလိုက်တာ။ အိပ်စက်ခြင်းဟာ တခါတလေမှာကိုယ့်ကို အနားရစေပြီး တခါတလေမှာ မောပန်းနွမ်းလျစေတယ်။ 

Thursday, 19 December 2013

ခေတ် ကြီး အပြစ်ရှိသည်..

အသက်တစ်ဆယ့်ရှစ်နှစ်အထက်သာ နားထောင်ခွင့်ရှိသီချင်းများသည် လေတွင်ပျံဝဲလျှက် ကလေးအစခွေးအဆုံး တရို့ရို့ အူကာအော်ကာဆိုသည့်ခေတ်ထဲသို့ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ထိုသီချင်းများအတွက် ကန့်သတ်ချက်သည် လူတိုင်းနှုတ်ခမ်းဖျားမှ ပြည့်တန်ဆာစကားများ ထွက်မလာစေရန်သာ ရည်ရွယ်ခဲ့သည်။

ယခုတော့ ခေတ်ကြီးက တိုး၍ တိုး၍ ပြောင်းလဲတိုးတက်လာခဲ့ပြီဖြစ်၏။ ကန့်သတ်ချက်သည် ကန့်သတ်ချက်အဆင့်ပ၌သာ မရပ်တန့်တော့။ မျက်မမြင်အတွက် ကန့်သတ်ချက်၊ ကလေးများအတွက် ကန့်သတ်ချက်။ တိုး၍လာသလို ထင်ပေါ်မှုသည်လည်း တိုး၍ တိုး၍လွယ်ကူလာခဲ့၏။ အသံထွက်ရွတ်၍မရသော ကဗျာတို့ပေါ်ထွန်းလာပြီဖြစ်သလို ဖိုမခွဲခြားချက်များကိုပင် တသီးတသန့်ကဗျာလုပ်ကြည့်ကြသူတို့ ပေါ်လာပြီဖြစ်၏။ ယခုခေတ်မှာပင် ဆိုရိုးစကားတစ်ခုပေါ်ထွန်းလာပြီဖြစ်သည်။ သုတေသနဆိုင်ရာစာတမ်းများကို မျက်စိအညောင်းခံ၊ စိတ်အညောင်းခံရှာကြည့်မည့်အစား ထိုအမျိုးအစားကို သုတေသနပြုကာ ရေးသားထာသော ကဗျာများ၊ ရသစာတမ်းများကိုသာ ရှာဖွေ ဖတ်ရှုကြည့်စမ်းပါဟုပင်ဖြစ်သည်။

Tuesday, 17 December 2013

အကျိုးနှင့်အကြောင်း...

“အကျိုးနှင့်အကြောင်း”
ဤရွာကို အပြုံးရွာဟု ခေါ်သည်။ စိတ်ရှိသလို ပြုမှုနေထိုင်ခွင့်မရှိ။ မျက်နှာတွင် အမြဲပြုံးနေနိုင်မှ နေခွင့်ရှိသည့် ရွာ ဖြစ်သည်။ ရွာသူရွာသားများကိုကား လူဟု ခေါ်ကြသည်။ လူသည် အမြဲ ပြုံးနေတတ်ရမည်။ ပြုံးနေသည့်မျက်နှာကို ဆင်ယင်ထားသူသည်သာ ဤရွာတွင် နေခွင့်ရမည်ဖြစ်၏။ စိတ်ရှိသလိုပြုမှုနေထိုင်တတ်သူတို့အတွက်မူ ဤရွာသည် ခေတ္တလာလည်သလိုသာ ဖြစ်ပေလိမ့်မည်။ ဟက်ဟက်ပက်ပက်ကြိုဆိုသူ ရှိလိမ့်မည်မဟုတ်။ သို့သော် အပြုံးမျက်နှာဖြင့်ကား ကြိုဆိုနေမည်မှာ အမှန်ပင်ဖြစ်သည်။
သို့ဆိုလျှင်ဖြင့် စိတ်ရင်းမပါဘဲနှင့် ဤအပြုံးရွာတွင် နေထိုင်ကြသူများ စိတ်ချမ်းသာပါရဲ့လား ဟု မေးစရာဖြစ်လာသည်။ ထို့အတွက်အဖြေသည် …။

Monday, 16 December 2013

“အဖြေမရှိတဲ့ပုစ္ဆာ”




စိတ်တစ်ခုလုံးဝမ်းနည်းလှိုက်ဟာနေတာများ
အဖြေမရှိတဲ့ ပုစ္ဆာတစ်ပုဒ်လိုပဲ
တွေးရခက်ခဲ့တဲ့ညနေခင်း။
ဖြာကျလာတဲ့ အမည်းရောင်မှိုင်းတွေ၊ ဘယ်ဆီကို ဦးတည်နေတယ်ဆိုတာထက် မျက်ဝန်းထဲက မျက်ရည်တို့ ညှစ်ထုတ်စရာမလိုပဲ သူ့အလိုလိုကျစေခဲ့တာဖြစ်သည်။ သို့သော် ထိုမှိုင်းသည် မျက်စိဖြင့်မမြင်ရသလို အနံ့အသက်လည်း ရှုမရရှိုက်မရ၊ စိတ်တွင်းမှ ထွက်ပေါ်လာသည့် မှိုင်းသာ ဖြစ်ပါသည်။
ငိုချင်သည်။ ဘယ်သူ ဘယ်ဝါနှင့်မှ မသက်ဆိုင်ပါပဲ ဝမ်းနည်းခြင်းတို့ တစ်လှိုက်လှိုက် လှိုက်တက်လာခဲ့တာဖြစ်သည်။ ဘာ့ကြောင့်လဲ ဟု မဆန်းစစ်လိုက်ရသေးခင်တွင်ပင် ကျဆင်းလာသော မျက်ရည်တို့ကို မတားဆီးနိုင်ခဲ့။ ယနေ့ညနေကျွန်တော် ငိုမိသည်။ ငိုလိုက်မိပြီဖြစ်၏။
---++++-----