Tuesday 28 January 2014

ရင်အက်ရာသီ

“ရင်အက်ရာသီ”

ဖျတ်ခနဲ ဖြုတ်ခနဲ အသိဝင်တယ်
စည်း
တကယ့်အတည်သာ ကြုံတွေ့ဖြစ်ခဲ့ရင် ရင်တစ်ခုလုံးနင့်နေမလား

ခုထိ ငါ့နှလုံးအိမ်က မျက်ရည်စတွေ မခမ်းသေးဘူး
ဆက်လက်
တစက်စက် စီးယိုကျ

သွေး
မတော်
သား
မစပ်
ရင်ခွဲဖို့ ဓါးတစ်လက်ကို
အလိုလို ပေးအပ်မိလျှက်သား

စိတ် ကြီး မနာတတ်ခဲ့ပေမယ့်
စိတ် ကြီး နင်နေတတ်ခဲ့
စက္ကန့်မလပ် တွေးမိတဲ့ အရာတစ်ခုက
အတည်ကြီးသာ ဖြစ်ခဲ့ရင်

အောင့်သက်နေတဲ့ ရင်ဘက်ကြီးက
ခုထိအနာမကျက်ခဲ့
ဖျတ်ခနဲ ဖြုတ်ခနဲ
စည်း
ဆိုတဲ့ စကားလေးကိုသတိရလိုက်တယ်

စည်းလွတ်ဝါးလွတ်
တစ်ကိုယ်တော် ကကွက်တွေနဲ့
ငါ
ကကြိုးဆင်ခဲ့မိသလား

ကိုယ့်မျက်ချေးကိုယ်ပြန်မြင်မိတိုင်းမှာ
အားနာစိတ်တွေနဲ့
ပွဲခင်းက ထွက်ပြေးချင်နေမိခဲ့

စည်းလွတ်ဝါးလွတ် ကကြိုးဆင်ခဲ့မိတယ်ဆို
တောင်းပန်စရာ ဆိုစရာ
စကားဟာ အ ထစ် အ ထစ်
ရင်နင့်တဲ့ ရာသီ
ရင် အက် ရာသီ
ဖြိုးခနဲ ဖြောင်းခနဲ
ချိုးချိုးချွတ်ချွတ် ကျိုးကြေ
နှလုံးသား အကိုင်းအခတ်တွေ
တစ်လွှာချင်းစီ
ကြွေ
..................ကျ
.......................................ခဲ့။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်