Wednesday 1 January 2014

ဝလုံးလေးဝိုင်းအောင် ရေးမယ်

“ဝလုံးလေး ဝိုင်းအောင်ရေးမယ်”

ဋဍ
ဍဋ
ဋ္ဌ၌
ပုံတူကူးမချခဲ့ပေမယ့်
တစ်နေရာရာမျာများ ပုံတူရှိလေမလား စိတ္တဇတွေနဲ့
ကျွန်တော့်ကိုယ်ကျွန်တော်
ဝ လုံးလေးအဖြစ် အသက်မသွင်းနိုင်ခဲ့တာကြာပြီ။


ငှက်ကလေးရေ ဆိုတဲ့ အမည်နာမမှာတောင် သက်ဆိုင်သူများလွန်းနေတာ သိရတော့ စိတ်မှာဆစ်ခနဲ။ ငါ ငှက်ကလေးကို နှလုံးသားနဲ့ ရင်းခဲ့တာ လို့ တီးတိုးရွတ်ဆိုမိသေးရဲ့။ ခေး ရေလို့ ရေးမိပြန်တော့လည်း ခေးဆိုတဲ့ နာမည်တစ်လုံးအတွက် ရင်ဆိုင်ဝံ့သူတွေ ဒုနဲ့ဒေး။ ဒီလိုနဲ့ပဲပေါ့။ ငှက်ကလေးရေ ဆိုတဲ့နာမည်အောက်ခမှာပဲ ချစ်ခြင်းတရားတွေ ပြန်မြုပ်နှံမိတယ်။
ကိုယ့်လက်နဲ့ရေးတဲ့စာ၊ ကိုယ့်နှလုံးသားနဲ့ ရင်းခဲ့ရတာ လို့ မြည်တမ်းသံတွေ ကြားနေရချိန်မှာ ကျွန်တော် မအံ့သြတော့ဘူး။

တစ်စုံတစ်ယောက်နဲ့ အခြားတစ်စုံတစ်ယောက်၊ တစ်စုံတစ်ခုနဲ့ အခြားတစ်စုံတစ်ခု၊ တစ်စုတစ်ဖွဲ့နဲ့ အခြားတစ်စုတစ်ဖွဲ့ တိုက်ဆိုင်နိုင်တဲ့ တစ် ရာခိုင်နှုန်းအတွက် နာမည်တူမရှားလူတူမရှားဆိုတဲ့ စကားပုံတောင် ပေါ်ပေါက်ခဲ့သေးတာပဲ။ ဘာ့အတွက်ဘာအခြင်းအရာနဲ့များ ယိုးမယ်ဖွဲ့ခွင့်ရှိမလဲလေ။
ကျွန်တော်က တောင်တက်ဖို့ကြိုးစားနေတဲ့ ငှက်ကလေးတစ်ကောင်ပါလို့ ပြောရင် ရယ်လောက်ကြမလား။ ဟုတ်တယ်။ ကိုယ့်ကမ္ဘာနဲ့ကိုယ်မှာဆို ကျွန်တော်က အတောင်ပံနှစ်ဖက်ကို ပြန့်ကားနေအောင် ဖြန့်၊ လက်လက်ထနေတဲ့ တောင်ပံခတ်သံတွေနဲ့ ပြေးလွှားနေမိမှာအမှန်ပဲ။ ခုတော့ ကျွန်တော်က ခြေလျှင်တောင်တက်အသင်းမှာ အဖွဲ့ဝင်နိုင်ဖို့၊ ခြေလျှင်နဲ့ပဲ တောင်တက်ဖို့ကြိုးစားနေခဲ့မိတယ်။
ခြေလျှင်တောင်တက်ဖို့ ဘာတွေလိုလဲ။ မသိဘူး။ ကျွန်တော်မသိဘူး။ ကျွန်တော်သိတာက ခြေလျှင်တောင်တက်ဖို့ ကျွန်တော်ဝါသနာပါခဲ့တယ်။ ဟုတ်တယ်။ ခြေလျှင်တောင်တက်ဖို့ ကျွန်တော်ဝါသနာပါခဲ့တယ်။
ကျွန်တော့်နေ့စဉ်ဘဝဟာ အေးအေးငြိမ်းငြိမ်းနေ့ရက်တွေရှိသလို ဆူညံပူညံနေ့ရက်တွေလည်း ရှိတယ်။ နေ့စဉ်ဆိုတဲ့အတိုင်း နေ့စဉ်ကို ရင်ဆိုင်သွားရတဲ့ အကြောင်းတရားတွေံပါပဲ။
ကျွန်တော် ငယ်စဉ်က ဖြစ်ချင်ခဲ့တာ ဒီလိုလူမျိုးမဟုတ်ဘူး။ ဟုတ်တယ်။ ကျွန်တော့် ငယ်စဉ်ဘဝက အိပ်မက်ဟာ ငွေပုံကြီးပေါ်ထိုင်ချင်ခဲ့တာ။ မှတ်မိတယ်။ ကျွန်တော် မှတ်မိတယ်။ မျက်နှာမွဲ ဆိုတဲ့ စကားတစ်ခွန်းကို သဘောပေါက်ဖို့ တကူးတက လေ့လာနေစရာမလိုခဲ့ဘူး။ အထည်ကြီးပျက်ဆိုတဲ့ စကားလုံးကို နားလည်ဖို့ တကူးတကသင်ယူစရာမလိုခဲ့ဘူး။ လူတွေရဲ့ ပြောင်းလဲတတ်တဲ့ မျက်နှာထားကို ကျွန်တော့်မိဘရဲ့ စီးပွားရေးကျဆင်းမှုနဲ့အတူ သင်ကြားခဲ့ရတယ်။
မျက်နှာမွဲ၊ အထည်ကြီးပျက် ရေလဲကြားနေရတဲ့ စကားတွေကြားက ကြီးပြင်းလာတဲ့  ကျွန်တော် ငွေကြေး ဆိုတဲ့စကားလုံးကို ဦးနှောက်မှာ ရေးထိုးခဲ့မိတာ မဆန်းဘူး။ ဆန်းသွားတာက ကျွန်တော့်နှလုံးသား။ ဘာအကြောင်းအရာနဲ့များ စာပေကို ချစ်တယ်လို့ ကမ္ဗည်းထိုးမထားပါပဲ၊ စာပေကို မြတ်နိုးတယ်လို့ ခံယူမထားပါပဲ စာပေဆိုတာ တစ်မျိုးသားလုံးရဲ့ သိက္ခာလို့ မြင်လိုက်ခဲ့ရပါသလဲ။ ကြားခဲ့ရပါသလဲ။ ကျွန်တော့်နှလုံးသားဟာ အထိန်းအကွပ်မဲ့တဲ့ မြင်းတစ်ကောင်လို ပြေးချင်ရာပြေး၊ သွားချင်ရာသွားနဲ့ အဆုံးသတ်မှာ ကျွန်တော့်ရဲ့ ငယ်ဘဝရည်မှန်းချက်ကို ဖျက်ဆီးတယ်။ ဖျက်ဆီးပစ်တယ်။
ငွေ။ ငွေဆိုတာ ရှင်သန်ရုံ လုံလောက်တဲ့ အတိုင်းအတာရရင် ကျေနပ်သင့်ပြီ တဲ့။ ဘယ်တုန်းကတွေးမိတဲ့အတွေးလဲ ။ ဟင့်အင်း။ မသိဘူး။ ကျွန်တော်မသိဘူး။ ၂၈ ကို ခြောက်လစွန်းနေတဲ့အသက်မှာ ငွေကြေးနောက် ဆက်လိုက်ဖို့ စိတ်မပါတော့တာ ဆန်းနေတယ်။ တစ်မျိုးသားလုံးရဲ့ သိက္ခာ ဆိုတဲ့အတွေးနဲ့ နှလုံးသားမှာ ညွတ်ညွတ်နူးနူးကြည်ညိုလိုက်မိတဲ့ စာပေနောက် တစ်ကောက်ကောက်လိုက်ရမယ် ဆိုတဲ့အတွေး ဘယ်သူရိုက်သွင်းပေးလိုက်တာလဲ။ ဟင့်အင်း။ မသိဘူး။ ကျွန်တော်မသိဘူး။ ကျွန်တော်တစ်ခါမှ မသွားဖူးတဲ့ ခရီးတွေသွားတယ်။ ကျွန်တော်တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်တွေ လုပ်တယ်။ ပေါင်းသင်းဆက်ဆံရေး ညံ့ပါတယ် ဆိုတဲ့ ကျွန်တော်ဟာ ခု လူတော်တော်များများကို မျက်နှာလေးနှိမ့်ချပြီး ပြုံးပျော်တတ်နေပြီ။ ဘယ်သူသင်ပေးလိုက်တာလဲ ကျွန်တော်မသိချင်ဘူး။ အရေးကြီးတာက ဒီတောင်တက်လမ်းမှာ ကျွန်တော်ပျော်တယ်။
ခု ယိုးမယ်ဖွဲ့ခံနေရတဲ့ ကမ္ဘာကို ရောက်နေတယ်လို့ ခံစားနေရတာလည်းမဆန်းဘူး။ ဟုတ်တယ်။ မဆန်းဘူး။
အိပ်မက်တွေကူးလူးဆက်ဆံနေတဲ့ ကမ္ဘာ၊ တစ်နေရာနဲ့တစ်နေရာ ၊ တစ်ကမ္ဘာနဲ့ တစ်ကမ္ဘာ တူညီတယ် ထင်နေကြတာလည်းမဆန်းဘူး။ ဆန်းတာက ကိုယ့်ကမ္ဘာကမှ အလင်းလက်ဆုံးဂြိုလ် လို့ ထင်နေကြတာ ဆန်းတယ်။ ဆန်းတာက ကိုယ့်ခံစားချက်ကမှ အသိမ်မွေ့အကြီးမြတ်ဆုံးလို့ ထင်နေကြတာ ဆန်းတယ်။ ဆန်းတာက ကိုယ်ရေးကိုယ်တာအပြုအမှုတွေဟာ ကြီးမြတ်တဲ့ နယ်ပယ်မှာ လည်နေတာ လည်းမဆန်းဘူး။ ဆန်းတာက အဲဒီအဲဒီအပြုအမှုကို တကူးတကကယုကယင်လုပ်နေကြတာ ဆန်းတယ်။ ဆန်းတယ်။ ငှက်ကလေးဆိုတဲ့ အမည်နာမလေးတူရုံနဲ့ နှလုံးသားမှာ ဆစ်ခနဲ နာသွားတာ ဆန်းတယ်။
အရေးပါတာတွေကို ပစ်ထားပြီး အရေးမပါတာတွေကိုပဲ အလေးထားနေမိသလား။ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ဖို့ လိုလာပြီ။
ဟုတ်တယ်။ ကျွန်တော် အလေးထားတယ်။ ကျွန်တော့်နာမည်နဲ့ သိက္ခာကိုအလေးထားတယ်။ ဟုတ်တယ်။ ကျွန်တော် အလေးထားတယ်။ ကျွန်တော့်ရဲ့ ခင်မင်ရတဲ့ သူငယ်ချင်းများကို အလေးထားတယ်။ ဟုတ်တယ်။ကျွန်တော့်ရဲ့ အစ်ကိုအစ်မများကို အလေးထားတယ်။ ကျွန်တော် အလေးထားတယ်။ ကျွန်တော် ချစ်တဲ့ စာပေကို အလေးထားတယ်။ ဘဝရဲ့ လမ်းတွေကနေသွေဖယ်ပြီးကို အလေးထားခဲ့တယ်။ ဒါဆိုဘာ့ကြောင့်များ စကားတွေကိုအထအန ကောက်နေခဲ့ပါသလဲ။
ဘာမဟုတ်ညာမဟုတ် စကားအထအနမှာ ပျော်ဝင်တဲ့သူဖြစ်အောင် ကျွန်တော့်စိတ်ကို ဘာ့ကြောင့်နိမ့်ကျစေခဲ့ပါသလဲ။ ဟင့်အင်း မဖြစ်ဘူး။ ကျွန်တော့်စိတ်ရဲ့ အဆင့်အတန်းကိုမြှင့်ဖို့ စကားအထအနကောက်ခြင်းကိုဖယ်ရှားပါရစေ။ကျွန်တော့်စိတ်ရဲ့ အဆင့်အတန်းကို မြှင့်ဖို့ စကားအစအနလေး တွေဖယ်ရှားပါရစေ။ ဒီစကားအစအနလေးတွေ ကို ကြောက်မိတာနဲ့ပဲဝလုံးလေးဝိုင်းအောင်တောင် ကောင်းကောင်းမရေးနိုင်ခဲ့တာ ကြာပြီ။သေချာပြီ။ ဒါ တောင်တက်လမ်းမှာ ကြုံရတဲ့ ဆူး။ ကျွန်တော်ကိုယ်တိုင်ဆွဲနှုတ်မှ ဒီဆူး ပျောက်လိ့မ်မယ်။ ဆူးနုတ်ဖို့ ကျွန်တော်ကိုယ်တိုင် ကြိုးစားကြည့်ချင်သေးရဲ့။
ဝလုံးလေးဝိုင်းအောင်ရေးဖို့ ဒီဆူးဟာ မဖြစ်မနေကို နုတ်ဖို့ လိုလာပြီမဟုတ်လား။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်