Sunday 12 January 2014

မှော်

မျှော်လင့်ချက် ကမ်းပါးတွေ ပြိုမကျအောင် ထိန်းသိမ်းရင်း အနာဂတ်ဆိုတာကိုတွေးကြည့်လိုက်တိုင်း လေနေတဲ့ စိတ်ကြီးက ထထရယ်တယ်။ ကိုယ် တကယ်ပဲ ပျော်ရွှင်ခြင်းကို မေ့လျော့တတ်ခဲ့ပြီထင်ရဲ့..။


ဟေး အလွမ်းဆိုတဲ့မီးက တစ်ပွင့်တည်းထထတောက်နေတယ်ထင်နေလား။ ဟောဒီအောင့်သက်နေတဲ့ ဝဲဘက်ရင်က လွမ်းချင်းဆိုတာကြီးကို မျိုချထားရ။ တိတ်တိတ်လေးငိုမိတဲ့ မျက်ရည်တွေမှာ အလွမ်းတွေ သေမသွားဘဲ ပိုရှင်လာတဲ့အကြောင်း ပြောခွင့်ရှိရင်ပြောလိုက်ချင်သေးရဲ့။ ဒီမှာ ဟိုမှာ ကနေတဲ့ သံယောဇဉ်အမျှင်အတန်းများစွာ၊ ဘယ်လိုဖြတ်ဖြတ်မပြတ်တော့မယ့်အနေအထား၊ လိမ်ညာတာမဟုတ်ကြောင်း မြေကြီးနဲ့ကောင်းကင်ကို သက်သေတည် ပြောလိုက်ချင်သေးရဲ့။
“ကိုယ့်ရင်က အလွမ်းကလည်း ခဏခဏမီးထတောက်တတ်တယ်။”

“စည်း”တဲ့။ လူ့စည်းဘီလူးစည်း စကားစည်း အမြဲခြားတတ်တဲ့ ကိုယ်ဟာ ဒီနေရာမှာစည်းခြားဖို့ မေ့လျော့၊ ကိုယ်တို့ဟာစည်းမဲ့စကားတွေနဲ့ စည်းမဲ့ရင်းနှီးမှုတွေနဲ့သံယောဇဉ်တွေ ပိုတိုးပစ်တယ်။
စည်းမဲ့ခြင်းကြောင့်ပဲ ပြဿနာတွေ ပိုတိုးလာသလို စည်းမဲ့ခြင်းကြောင့်ပဲ ကိုယ်တို့ပြဿနာတွေဟာ ရေမှာရေးတဲ့အရုပ်လိုပဲခေတ္တမျှာသာ အရာထင်ခဲ့တယ်။
စည်းမဲ့စကားများစွာမှာ သံယောဇဉ်တွေ တောင်ပုံရာပုါံရှိခဲ့ကြောင်း တကူးတက စကားဆိုစရာမလိုခဲ့။ အပျော်ဆိုတာ ကိုယ်တို့ လက်ကလေးတွေ ဆုပ်ကိုင်ထားမှ ပြန်ရလာမယ့်အရာလား ဆိုတာကို ကိုယ် ပြန်တွေးနေမိရဲ့။
လွင့်ဝဲသွားတဲ့လေမှုန်တွေမှာ အမှားမခံတဲ့ စကားစုတွေဟာ အစိုင်အခဲဖြစ်ခဲ့သလား။ လွင့်ဝဲသွားတဲ့ လေမှုန်တွေမှာ အမှာပါးခွင့်ရှိရင် တစ်ခုပါးလိုက်ချင်ပါရဲ့။ “လွမ်းတယ်” လို့။ ညကြီးနက်နက်လာချိန်မှာ တတီတီအော်မြည်နေတဲ့ နာရီငိုသံကို သတိထားမိဖို့ ကိုယ့်နှလုံးသားက ခွင့်မပြုဘူး။ ကိုယ်တိုင်မျက်ရည်ကျနေသူအတွက် တပါးသူရဲ့ ကြေကွဲမှုကို ကြီးကျယ်ခမ်းနားမှုနဲ့ကြိုဆိုပြမနေနိုင်တာကတော့ ဓမ္မတာမဟုတ်လား။
ဒီဇင်ဘာကို လက်ပြနှုတ်ဆက်ခဲ့တာလား၊ လက်ကမ်းကြိုဆိုဖို့ ပြင်ဆင်နေခဲ့တာလား။ ခုထိ ဒီအဖြေနှစ်ခုကြားမှာ ကိုယ်ဟာ တဝဲလည်လည်ပဲ။ ဒီဇင်ဘာဟာ တစ်ခါတစ်ခါ တစ္ဆေဆန်ပြီး တစ်ခါတစ်ခါ အိန်ဂျယ်ဆန်ခဲ့တယ်။ ဒီဇင်ဘာရဲ့ နေ့ရက်တွေထဲမှာ သိပ်သည်းသွားတဲ့ အနုမြူမှုန်တွေရှိတယ်။ ဘယ်ချိန်ထပေါက်ကွဲမယ်မှန်းမသိတဲ့ သူတို့ဟာ တစ်နေရာစီမှာ ငြိမ်ငြိမ်လေးနေခဲ့ရင်း ပေါက်ကွဲအားအပြင်းဆုံးဖြစ်ဖို့ တိတ်တိတ်လေး ကြိုးစားနေခဲ့ကြလေရဲ့။
မုန်းတယ်ဆိုတဲ့ စကားကို ခုချိန်မှာ ပိုင်စိုးပစ်တာ အချိန်။ ဟုတ်တယ်။ အချိန်။ အချိန်ကြီးကို မျှော်ရင်းမုန်းရတဲ့အရသာ၊ ရင်ထဲမှာ တဆစ်ဆစ်နဲ့ ကျဉ်တယ်။ မျှော်လင့်ခြင်းဆိုတာ ကိုယ်တစ်ခါတုန်းကပြောခဲ့သလို စိတ်နင်စာ မဖြစ်ပါစေနဲ့လို့သာ ကြိတ်ဆုတောင်းနေမိရဲ့။ အနီးကပ်မှ ကပ်ရိုက်မဲ့ လက်ဝါးထက် ခပ်စောစောကတည်းက မျှော်လင့်ခြင်းကို အသေသတ်ပါရစေလား။ ခုတော့မျှော်လင့်ခြင်းဟာ နေသားတကျနဲ့ နှလုံးသားကိုဝင်နှောင့်၊ စောင့်နေရတဲ့ အချိန်ဆိုတာကြီးကို သာ မုန်းနေမိတော့ရဲ့။

ဖေါက်ထားတဲ့ လမ်းကိုယ်စီမှာမယိုင်မလဲ လျှောက်လှမ်းကြေး ဆိုတဲ့ ကတိတွေနဲ့ ကိုယ့်ဘဝကိုယ် ဘောင်ခတ်ထားကြတယ်။ တကယ်ဆို မျှော်လင့်ခြင်းဟာ ဘောင်ထဲက လွင့်ထွက်လာတဲ့ တစိတ်တပိုင်းဆိုတာ ဝန်မခံလည်း သိနေခဲ့ကြရ။
ကိုယ်တို့မက်ခဲ့တဲ့ အိပ်မက်ကိုယ်စီမှာ အောင်မြင်မှုဆိုတာကိုတော့ အမြဲဆာလောင်တတ်ခဲ့ကြတာပဲ။ ဒီတော့ ဆာလောင်မှုကိုယ်စီအတွက် မျက်လုံးမှိတ်လို့ စိတ်တံခါးကို ခေတ္တပိတ်ကြဦးစို့။
ကိုယ့်ကိုယ်ကိုယ်သတိပေးရင်း ကိုယ်ကိုယ်တိုင်နာကျင်ရတဲ့ ခံစားချက်ကို မုန်းတယ်။ ခံစားမှုအတွက် မျက်ရည်ကျရတာကို မုန်းတယ်။ အလွမ်းအတါက် မျက်ရည်ကျရတာကို  မုန်းတယ်။ ခဏခဏထထရယ်တတ်တဲ့ကိုယ်ရဲ့ စိတ်လေကြီးကို မုန်းတယ်။ ဘာလိုလိုနဲ့ ကိုယ်မုန်းတဲ့အရာတွေတောင် များများလာခဲ့ပေါ့။
တစ်ပွင့်တည်းပဲ ထထတောက်နေတယ်ထင်နေတဲ့ မီးပွင့်လေးတွေကို တစ်ခုတော့ ပြောချင်ရဲ့။ ဟောဒီရင်မှာ မီးတောင်ကို မြိုထာားရ၊ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့တဲ့ ခံစားချက်တွေနဲ့ အိပ်ပျက်တယ်ဆိုတဲ့ ညဟာ ကိုယ့်အတွက်အပရိက။ ညစာမစားဘဲနေခဲ့တဲ့ နေ့ပေါင်းများစွာမှာ ဆာလောင်ခြင်းကို အမည်တပ်ကြည့်လိုက်တော့ အလွမ်းတဲ့လေ။
ပျော်တယ်မပျော်ဘူး ထွေထွေထူးထူးဆန်းစစ်ကြည့်တော့ ကိုယ့်အာရုံမှာ မြင်နေရတာက မှော်။ မှော်ဆိုတဲ့ စကားလုံးလေးကို ထင်လင်းအောင်လုပ်ခွင့်ရတဲ့နေ့မှာ ကိုယ့်အပျော်တွေ မိုးမမြင်လေမမြင်၇ှင်သန်လာမယ်လို့ ယုံကြည်မိရဲ့…။
မှော်……။
“မမြင်ရသော သံယောဇဉ်ကို မှော်ဟု ခေါ်ပါသည်။”
မမြင်ရသော အလွမ်းကို မှော်လို့ မသတ်မှတ်ချင်၊ မမြင်ရသောအလွမ်းကို မှော်ဟု မသတ်မှတ်ချင်။
မှော် ဆိုတဲ့ စကားလုံးလေး ထင်လင်းလာမယ့်တစ်နေ့ကို ကိုယ် စောင့်နေမိတယ်။ အဲဒီနေ့မှာ ကိုယ့်စိတ်ကြီးရဲ့ အပျော်ကို တိုင်းဖို့ ဘယ်မီတာမှ တတ်နိုင်မယ်မထင်ဘူး။ မိုးမမြင်လေမမြင် မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပစ်ပေါက်ဖို့ထိ အားအင်တွေ ပြည့်နေမယ့်အပျော်တွေ စုတဲ့ နေ့ကို ကိုယ် ……….မျှော်…..နေ……..မိ……..တယ်….မှော်။
ခုချိန်မှာတော့ အပျော်ဆိုတာ ကိုယ့်အတွက် ဝတ္တရားကျေ လူမှုရေး။
ခုချိန်မှာတော့ ကိုယ်တို့ဟာ ဖေါက်ထားတဲ့ လမ်းကိုယ်စီမှာ အလင်းကိုယ်စီနဲ့လျှောက်လှမ်းနေကြရ၊ ဒါပေမယ့်လည်း ရင်ဘက်ထဲမှာ မျှော်လင့်ချက်ကြီးကို ချိတ်ဆွဲထားကြတာချင်းတော့ တူညီနေခဲ့ကြတယ်မဟုတ်လား။
လာ..။ မျှော်လင့်ချက်တွေ စုရင်း ကိုယ်စီ အချိန်ကြီးကို သတ်ကြစို့။ ကုန်ဆုံးသွားတဲ့ စက္ကန့်တွေမှာ ကိုယ်တို့ အပျော်တွေ ကြီးထွားရှင်သန်ကြည့်ကြရအောင်။ မှော် ဟာ တဖြည်းဖြည်း နီးလာပြီဆိုတဲ့ အသိနဲ့..မျှော်လင့်လိုက်ကြဦးစို့။


ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်