Sunday, 20 October 2013

ပုံပြင်တစ်ပုဒ်ရဲ့ အဆုံးသတ်

တချို့အရာတွေကို စစ်ထုတ်ဖို့ ကြိုးစားနေခဲ့မိတယ်
မအောင်မြင်ခဲ့။
ကမ္ဘာဟာ ဘာ့ကြောင့်များ အမှောင်ရောင်သမ်းနေခဲ့သလဲ
စိတ်တစ်ခုလုံး နာနာကြည်းကြည်း။
စိတ်လိုလက်ရ ရေးမိတဲ့ ပုံပြင်တစ်ပုဒ်ဟာ
ပုံပြင်ရေးသူကိုပါ သူ့ကမ္ဘာဆီ ဆွဲခေါ်ခဲ့လေတော့…………………။

ဟေး……………………။

ဆင်တော်နှင့်ခလောက်ကို အတူတွဲလျှက်တွေ့ရှိခြင်း-၁


“အ…အေး….ခန်း….ဧည့်….ရိပ်…သာ တဲ့အန်တီလေး”
ရုတ်တရက် ထအော်လိုက်သော တူမငယ်ကြောင့် သူမ ဘေးဘီပတ်ဝန်းကျင်ကို အလျှင်အမြန်ကြည့်လိုက်မိသည်။ တွေ့ပါပြီ။ ထီးထီးကြီး။ ဝင်းလက်တောက်ပနေသော အပြင်အဆင်များနှင့် အအေးခန်းဧည့်ရိပ်သာကြီး။ ထို့အတူ စိတ်မကောင်းစရာတစ်ခုက ထိုအအေးခန်းဧည့်ရိပ်သာဘေးမှာပင် နောက်ထပ်မြင်ရသည့် ဆိုင်းဘုတ်တစ်ခု။ ပညာရေးရိပ်မွန် တဲ့။ ၈တန်း၊၉ တန်း၊ ၁၀တန်း သီးသန့်တဲ့။ ကဲ ခက်ပြီ။ တူမငယ်ကို လှည့်ကြည့်မိတော့ တူမငယ်က ထိုနေရာကိုပဲ ငေးကြည့်နေသည်မို့
“သမီးနောက်ဆို အဲဒီလိုဟာမျိုးကို အသံထွက်မရွတ်နဲ့နော်”
ခုမှ နှစ်တန်းကျောင်းသူသာရှိသေးသောတူမငယ်ကို ခပ်တိုးတိုးဟန့်တားတော့ တူမငယ်က
“ဘာပြုလို့လဲဟင်”
အသက်ခုနှစ်နှစ်သာ ရှိသေးသော ထိုကလေးငယ်ကို ဘယ်လိုပြန်ဖြေရမလဲ သူမ အပြေးအလွှားစဉ်းစားရသည်။သို့သောာ်
“လူဆိုးကြီးတွေ နေတာ ကလေးရဲ့” ဆိုသည့် စကားမှလွဲ၍ စဉ်းစားမရခဲ့။ ဟော မေးပြန်ပါပြီ။ “ဘယ်လိုလူဆိုးကြီးတွေ နေတာလဲ ” တဲ့လေ။
“သမီးတို့ ကာတွန်းကားတွေ ကြည့်တော့ လူဆိုးကြီးတွေ ပါတယ်မဟုတ်လား စူပါမန်းကားတွေမှာလေ အင်း အဲဒီလိုလူဆိုးကြီးတွေက ဒီလိုနေရာမှာ နေပြီးတော့ မကောင်းမှုတွေ လုပ်တာ လူဆိုးအချင်းချင်းစုပေါင်းပြီး မကောင်းတာတွေ လုပ်ဖို့ ကြံစည်တာ”
တိတ်ဆိတ်သွားတဲ့ တူမငယ်ကိုကြည့်ပြီး သက်ပြင်းတစ်ချက်အသာချလိုက်မိသည်။ အခု အသက်ခုနှစ်နှစ်မှာ သူမအဖြေကို ယာယီလက်ခံထားသည့်  တူမငယ်သည် နောက် ဆယ်ကျော်သက်ဆိုလျှင်ကော လူဆိုးကြီးတွေ နေသည့် နေရာဟု ဆက်လက်လက်ခံနိုင်ပါဦးမလား။
ပညာရေးရိပ်မွန်နှင့် တွဲလျှက် ထားရှိသည့် အအေးခန်းဧည့်ရိပ်သာ တဲ့လား။ ထားပါတော့။ ထို ပညာရေးရိပ်မွန်က ဘော်ဒါဆောင်နေပါပြီတဲ့။ ဆယ်ကျော်သက်တို့အတွက် လွတ်လပ်ရေးနိဗ္ဗာန်ဘုံများ ဖြစ်မသွားနိုင်လေဘူးလား။ ဘယ်မိဘကများ နောက်ကနေ တကောက်ကောက် ရင်အုပ်မကွာထိန်းသိမ်းစောင့်ရှောက်နိုင်ကြလို့လဲ။သူမ တွေ့ဖူးသည့်  အအေးခန်းဧည့်ရိပ်သာမှန်သမျှသည် ပညာရေးရိပ်မွန်ဆိုသည့် ဆိုင်းဘုတ်နှင့်တော့ တစ်ခါမျှ တွဲလျှက်မထားဖူးပါ။ အခုတော့ တကူးတကတားမြစ်မည့်သူ မရှိတော့လေပြီလား။ လွတ်လပ်ခွင့်ကြီးကို အတိအကျကျင့်သုံးလိုက်နာနေကြပုံ ပေါ်သည်။
“သြော် သိပြီ သိပြီ ဗမာကားတွေမှာ ခဏခဏပါတယ် လူဆိုးကြီးတွေ”
မရှင်းပြတတ်၍ ခေါင်းသာ ညိတ်ပြလိုက်ရသော်လည်း ဗမာကားဆို၍ စိတ်ညစ်သွားရပြန်သည်။
“အင် အန်တီလေးကလည်း လူဆိုးကြီးတွေဟုတ်ပါဘူး ဟိုကိုကိုနဲ့မမက ချောချောလေးတွေပါ”
ဗမာကားဆိုသည့် အတွေးမှမဆက်ရသေးခင် တူမငယ်ထံမှ ငြင်းဆိုသံကြောင့် အလန့်တကြားကြည့်လိုက်မိတော့၊ဟုတ်သည်။ ဆယ့်ခြောက်နှစ်သာသာ ကောင်မလေးတစ်ယောက်နှင့် ကောင်လေးတစ်ယောက် ထိုတည်းခိုခန်းမှ ထွက်လာသည်ကိုတွေ့ရသည်။ ကိုရီးယားမင်းသားနှင့်မင်းသမီးများလို ခေတ်ဆန်ဆန်ချောချောလှလှလေး။ မျက်စိရှေ့တွင်ပင် ကောင်မလေးကို တက္ကစီတစ်စီးပေါ်တင်ပေးကာ ကောင်လေးကိုယ်တိုင်လည်း တက္ကစီတစ်စီးငှားသွားသည်ကို တွေ့ရ၏။ ကဲ ဒီစကားတောင်စားတူမငယ်ကို ဘယ်လိုရှင်းရင်ကောင်းမလဲဟု အပြင်းအထန်စဉ်းစားလိုက်သည်။ ကိုရီးယားကားနဲ့ ပြောရင်ကော။
“သမီးကလည်း မြန်မာကားတွေမှာ ရုပ်ချောပေမယ့် လူဆိုးဖြစ်နေတာတွေရှိတယ်လေ ဟုတ်တယ်မဟုတ်လား အဲ ကိုရီးယားကားတွေမှာ အများဆုံးပါတယ်လေသမီးကလဲ ဘွားဘွားကြီးနေ့တိုင်းစောင့်ပြီးကြည့်နေတဲ့ အမြွှာညီအစ်မကားမှာ လူဆိုးမက ချောချောလေးမဟုတ်လား ခုလည်းအဲဒီလိုပဲပေါ့”
ငြိမ်ကျသွားပြန်သည့် တူမငယ်ကိုကြည့်ရင်း စိတ်မှာ တေးထားလိုက်ရသည်။ သူ့အမေကိုတော့ ဒီအကြောင်းတွေ ရှင်းပြတတ်အောင် လေ့လာထားဦး ဟု ပြောရန်ဖြစ်သည်။

Tuesday, 15 October 2013

ထိုက်တန်တဲ့ အမှောင်ညတွေ


သူ မသိတဲ့ အလွမ်းတွေနဲ့ ညဟာ မှောင်မိုက်လွန်းနေတယ်။ မနေ့ကထိ ကိုယ့်ကိုယ်ကိုယ် တည်ဆောက်နိုင်စွမ်းရှိတယ် ထင်ခဲ့တယ်။ ခုချိန်မှ သိရတာ အသိနောက်ကျလွန်းတယ် ဆိုရမလား။ သူမရှိရင် ကိုယ့်ကမ္ဘာဟာ အမှောင်ကမ္ဘာပဲ။ ကိုယ့်ဘေးနားကနေ တစ်ခုမကျန်ဖြည့်ဆည်းပေးနေတတ်တဲ့ လူတစ်ယောက် ဘာ့ကြောင့်ပျောက်သွားခဲ့တာလဲ။ မရေမရာအတွေးတွေနဲ့ပဲ ညဟာ ပိုပြီး မှောင်လာတယ်။ ဒီညဟာ အလွမ်းတွေနဲ့ သိပ်သည်းနေခဲ့တာလား။ ဟင့်အင်း။ ကိုယ်မသိဘူး။ သေချာတာတစ်ခုကတော့ ရိုးလွန်းတဲ့ ကလေးတစ်ယောက်ရဲ့ အပြုံးလေးကို ကိုယ် သတိရနေခဲ့တယ်။
အပြုံးလေး။ ကိုယ်ဘာလုပ်လုပ် ခွင့်ပေးမယ်ဆိုတဲ့ အပြုံးလေး၊ ကိုယ်ဘာလိုလို ဖြည့်ဆည်းမယ်ဆိုတဲ့ အပြုံးလေး။
ကိုယ်နဲ့ မထိုက်တန်ကြောင်း ငြင်းဖို့ စကားတွေ တဆွံ့တအနဲ့ပဲ လက်ခံခဲ့တယ်။ ကိုယ်ဟာ ဖြည့်ဆည်းဖို့ မထိုက်တန်သူပါ ကလေးရေ လို့ ဖွင့်ပြောဖို့ ကိုယ် ကြောက်ရွံ့နေခဲ့တယ်။ ဟုတ်တယ်။ ကိုယ် ကြောက်ရွံ့နေခဲ့တယ်။

Monday, 14 October 2013

ယနေ့ခေတ်မှာ ရှင်သန်တဲ့ကျွန်တော် လူမပီသသေးပါ

(လူ)
-------------------------------လူ
လူတွေဟာ အနုတ်ဘက် ရောက်လာခဲ့ပြီ။ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပါပဲ ရေသာခို အချောင်လိုက်ရင်း လူ ဆိုတဲ့ စကားလုံးနောက်က ကျင့်ဝတ်၊ တာဝန်၊ ဝတ္တရားတွေကို မေ့နေတတ်ခဲ့ကြပြီ။
လူဟာ လူ ဖြစ်ပါသလား။
သက်ရှိသတ္တဝါဖြစ်ရုံနဲ့ ခြေနှစ်ချောင်းနဲ့ လမ်းလျှောက်တတ်ရုံနဲ့၊ လက်နှစ်ဖက်ကို အသုံးပြုတတ်ရုံနဲ့၊ ဦးနှောက်ကို အသုံးချတတ်ရုံနဲ့၊ လူဟာ လူဖြစ်ခဲ့ပါသလား။
နှလုံးသားကို အသုံးမပြုတတ်ရင် အလကားပါပဲ။ ဟောဒီနှလုံးသားက ဦးနှောက်ရဲ့ တိကျတဲ့ ဆုံးဖြတ်မှုကို လူသားဆန်အောင် ညှိယူပေးတဲ့ တာဝန်ကို ယူသည်။ ဟောဒီ နှလုံးသားက တာဝန်နဲ့ ဝတ္တရားကို တိတိပပလိုက်နာကျင့်သုံးရင်း ကိုယ့်စိတ်ကိုယ် ကြီးမြတ်အောင် လေ့ကျင့်ပေးသည်။
အနေအစားချောင်ဖို့တစ်ခုတည်း တွက်ဆပြီး ဘဝကို ရေစုန်မျောဖို့ ကြိုးစားနေသူကို လူဟု ခေါ်နိုင်ပါသလား။

သူငယ်ချင်းသို့....

ရေစက်….တဲ့။
မမြင်မတွေ့ရပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှု၊ ယုံကြည်မှုတွေရှိတယ်။ မမြင်မတွေ့ဖူးပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မှုတွေရှိတယ်။ မမြင်မတွေ့ရပေမယ့် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ကြတယ်။ တစ်ယောက်လမ်းမှားမှာ တစ်ယောက်က စိုးရိမ်သလို တစ်ယောက်အောင်မြင်မှုကို တစ်ယောက်က မုဒိတာပွားပေးတယ်။ တစ်ယောက်အားငယ်မှုကို တစ်ယောက်က နှစ်သိမ့်ပေးတယ်။

ရူးတာတဲ့လား။

ကိုယ့်ပတ်ဝန်းကျင်က ရှိသူကို အားပေးနှစ်သိမ့်ဖို့ အရင်ကြိုးစားပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသူနဲ့ ချစ်ခင်ရင်းနှီးအောင် အရင်နေကြည့်ပါ တဲ့။ ကွယ် မတူတဲ့ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောနေတာပဲ။ စိတ်မတူလူမတူပေမယ့် ဝါသနာတူတဲ့အခါ ပြောသမျှစကားတိုင်းဟာ ထပ်တူကျနေတတ်တာကို သိမှမသိကြတာပဲ။ နားလည်မှုဟာ ညှိယူစရာမလိုပဲအလိုလိုရောက်လာတယ်။
တစ်ယောက်နဲ့တစ်ယောက်ကြား ငြင်းခုန်မှုတွေရှိမယ်။ စိတ်ဆိုးမှုတွေရှိမယ်။ ပြဿနာတွေရှိမယ်။ ဒါပေမယ့်လည်း……။
တိတိပပသေသေချာချာဖြေရှင်းပြစရာမလိုအောင်ကို စက္ကန့်အနည်းငယ်ကြာတာနဲ့ ပြေပျောက်သွားကြတာပဲမဟုတ်လား။ အဲဒီလိုပဲ ပြဿနာတိုင်းကို အဖြေတူတူရှာပြီး သံယောဇဉ်တွေ ပိုခိုင်မာလာခဲ့တာပဲ မဟုတ်လား။

နားလည်မှု။

ဒီစကားတစ်ခွန်းကို အသေအချာယုံကြည်နားလည်ထားကြတယ်။ စိတ်ဆိုးဒေါသထွက်စရာ ကြုံရင်ဖြေရှင်းကြေး။ ကိုယ်လက်မခံနိုင်တဲ့ အပြုအမှုမျိုးတွေ့ရင် ဖြေရှင်းကြေး။ မဖြေရှင်းပဲ နှုတ်ဆိတ်နေခြင်းဟာ ပြဿနာရဲ့အစပဲ။ ဒီလိုခံယူနားလည်ထားကြတယ်။

ယုံကြည်မှု။

သူကတော့ ငါ့ကို နားလည်မှာပါ ဆိုတဲ့ ယုံကြည်မှု။ အဲဒီယုံကြည်မှုလေးတစ်ခုတည်းနဲ့ပဲ ပြောသမျှစကားတွေက အထိန်းအကွပ်မဲ့လာတယ်။ ဒါပေမယ့်လည်း ယုံကြည်မှုကမြဲမြံခိုင်မာနေတဲ့အခါ ပြဿနာ ဆိုတာ ခပ်ဝေးဝေးကနေ ငေးကြည့်နေရရှာပေါ့။

တစ်ယောက်ယောက်က စိတ်အားငယ်နေရင် ကျန်တစ်ယောက်ရဲ့စိတ်မှာ နှစ်သိမ့်ဖို့ အတွေးကိုအချိန်ရှိသရွေ့တွေးနေမိတတ်ကြတယ်။ တကယ်ဆို မြင်ဖူးခြင်းမမြင်ဖူးခြင်းမဆိုင်ပါဘူး။ စိတ်ကို ဖွင့်ကြည့်ပါ။ အလှဆုံးပန်းတွေ ပွင့်နေတာ မြင်ရလိမ့်မယ်။

အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာအပြီးမှာ ဘယ်လိုငြင်းငြင်း၊ စိတ်ကြီးက ဒီလူကတော့ မင်းရဲ့ ချစ်မိတ်ဆွေ လို့ သတ်မှတ်ပေးပြီးတဲ့နောက် ဘယ်လိုမှ ရှောင်ပုန်းလို့မရတော့ဘူး။ တစ်ယောက်နဲ့ ပတ်သတ်သမျှ အရာအားလုံး ကျန်တစ်ယောက်က ဝေမျှခံစားပေးရရှာပြီ။
ကိုယ်နဲ့ စိတ်တူကိုယ်တူ မျှဝေခံစားပေးမယ့်သူတွေရှိနေတဲ့ ကမ္ဘာလောကမှ မလှရင် ဘယ်ကမ္ဘာ လှမလဲ။ ဒီရေစက်ကို ရှေ့ထိ တူတူဆက်ကြပါစို့လို့ မတိုက်တွန်းလည်း ဆက်ရှိနေမယ့် ရေစက်ပဲမဟုတ်လား....။

Wednesday, 9 October 2013

ယနေ့အတွက်သင်ခန်းစာ


“၈၀၀၀ လား အင်း ခဏစောင့်”
ဖုန်းထဲက ကြားနေရတဲ့ အသံတွေကို နားထောင်ပြီး သက်ပြင်းတစ်ချက်ရှိုက်မိသွားသလို ကိုယ်ကိုယ်တိုင်လည်း အရှက်ရမိသွား၏။ ၂၈ နှစ်ဆိုသည် အသက်သည် ရင့်ကျက်ဖို့တော့ ကောင်းပါပြီ။ ခုတော့ ညနေကျော်ရုံ ခုနှစ်နာရီဆိုသည့် အချိန်လေးမှာ အငှားကားတစ်စီးပေါ် တစ်ယောက်တည်းရောက်နေရုံလေးနဲ့ စိတ်အားမငယ်သင့်ဘူးမဟုတ်လား။ သူတပါးကို ဖုန်းဆက်အနှောင့်အယှက်မပေးသင့်ဘူးမဟုတ်လား။ သူမေးသည့် မေးခွန်းများကို ပြန်ဖြေရင်း အားနာလွန်းစွာ  ဖုန်းချချင်နေခဲ့သည်။ မဖြစ်သာလွန်းဟန်နှင့် သူ့ဘက်က ဖုန်းချဖို့ စကားစမှ ကျွန်မလည်း ဖုန်းချလိုက်ရတော့သည်။ သို့သော် ရင်မှာ စိုးထိတ်နေမှုက မလျော့ပါးသေး။
ကျွန်မ ညဉ့်နက်ပိုင်းများတွင် တစ်ယောက်တည်း အပြင်မထွက်ဖူးပါ။ မဖြစ်မနေထွက်ခဲ့သည်ရှိသော် စိတ်ချလုံခြုံရသည့် ခရီးသွားဖေါ်တော့ ပါသည်သာ။ အငှားကားဆိုလည်း စိတ်ချလုံခြုံသည့် အငှားကားသမားလိုမျိုး ခေါ်သွားတတ်သည်သာ။ အိမ်တွင် အစစအဖြည့်ဆည်းခံလူဖြစ်၍ပဲလားမသိ၊ ကျွန်မ ကြောက်တတ်ပါသည်။ အသဲငယ်သည်ဟု ဆိုချင်ဆိုကြပါစေ။ ကျွန်မ ကြောက်တတ်ပါသည်။

Tuesday, 8 October 2013

ရင်ဆိုင်ခြင်းဆိုတာ ကိုယ့်ရဲ့ တိုက်ပွဲခေါ်သံပဲ


ယိုင်နဲ့နေတဲ့ ကိုယ့်မျက်ဝန်းတွေကိုယ် ပြန်မကြည့်ချင်ဘူး။ သိတယ်။ ကိုယ်သိတယ်။ ဒီချိန်မှာ အားလျော့တာနဲ့ ပန်းတိုင်ဟာ အဝေးကြီးကို ပြေးလို့ပျောက်ကွယ်မယ်။ သိတယ်။ ကိုယ်သိတယ်။ကိုယ့်လက်နှစ်ဖက်က သွေးကြောတွေဟာအနီရောင်ပျောက်လုပြီ။ မတတ်နိုင်ဘူး။ ကိုယ့်လိုအင်အတွက် ကိုယ်ကြိုးစားရမှာပဲ။
အမြင်တွေကို ခဏမေ့ထားဖို့ ကိုယ့်ကိုယ်ကိုယ် ခိုင်းစေထားတယ်။ ဘဝတွေကို ခဏမေ့ထားဖို့ ကိုယ့်ကိုယ်ကိုယ်ခိုင်းစေထားတယ်။ အချစ်ကို ခဏမေ့ထားဖို့ကိုယ့်ကိုယ်ကိုယ်ခိုင်းစေထားတယ်။ လက်ရှိကိုယ့်အတွက်အရေးအကြီးဆုံးအရာ….ပန်းတိုင်။
ကိုယ့်စိတ်တွေ အင်အားလျော့လုလု။ ဒီချိန်မှာကိုယ်ဟာ တပ်ပျက်လုလု သရဲနီပဲ။ ဟင့်အင်း။ သရဲနီဆိုတာ ဘယ်လောက်ထိ တပ်ပျက်နေပါစေ၊ ပြိုင်ပွဲအဆုံးထိ ရေကုန်ရေခမ်းကစားတယ်။ အနုတ်လက္ခဏာပြနေတဲ့ ပြိုင်ပွဲရလဒ်ထက် ပရိသတ်အတွက် အစွမ်းကုန် ကစားပြနိုင်ဖို့ အဓိကထားတယ်။ ဟုတ်တယ်။ ကိုယ်ပန်းတိုင်ကို ကိုယ်ဆက်လျှောက်မယ်။ ဒါ ကိုယ့်အတွက် စိတ်ခွန်အားပဲ။

Friday, 4 October 2013

ငှက်ကလေးတစ်ကောင်အတွက်-၁၂


“ငှက်ကလေးတစ်ကောင်အတွက်-၁၂”

အိပ်မက်သီခွင့်မရတဲ့နေ့တွေကို ကိုယ် ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။ မယုံချင်လည်းယုံလိုက်ရ။ ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင် ရှိနေတယ် တဲ့။
ကမ္ဘာက တဖြည်းဖြည်းအညိုရောင်သမ်းလာတယ်။ ငှက်ကလေးက ကိုယ်နဲ့ ဝေးသထက်ဝေးသွား။ ဒါပေမယ့်လည်း ကိုယ့်အတွက်ချန်ခဲ့တာက အလွမ်းနဲ့ ကြေကွဲခြင်းတွေ။ ဆူးစူးဖူးတဲ့ ယုန်သူငယ်လိုပဲ။ ငှက်တစ်ကောင်ရဲ့ အရိပ်အယောင် မြင်တိုင်း ငေးကြည့်ရမှာ ကြောက်တတ်လာခဲ့ပြီ။ နောက်တစ်ကြိမ် အချစ်ဆိုတဲ့ နွံကို ဆက်ကျွံမိမှာစိုးလို့ပါ။ ဒါပေမယ့်လည်း ငှက်ကလေးဟာ ကိုယ့်အတွက် ငှက်များစွာထဲက ငှက်တစ်ကောင်အဖြစ်ထက် ထူးခြားခဲ့တယ်။
မနက်မနက်ဆို ငှက်ကလေးတွေစာကလေးတွေ သိပ်ဆူတာပဲ။ မြင့်မိုရ်ပိတ်ကနေဝင်လာတဲ့ သူတို့က အိမ်ထဲကို သူတို့ဘာသာဝင်လာပြီး သူတို့ဘာသာ ပြန်ထွက်သွားကြတယ်။ ကိုယ့်စိတ်ကတော့ မနက်ခင်းတိုင်းမှာ ငှက်ကလေးတစ်ကောင်ဆီ အပြေးသွားမိရဲ့။ အိုး နေ့ခင်းဟာ ငှက်မွေးအိမ် ကျနေတာပီ။ ကျလိကျလိနဲ့ ဆူညံနေလိုက်တာ။ ကိုယ်မောင်းမထုတ်ရက်ခဲ့ဘူး ငှက်ကလေးရေ။ သူတို့ကိုကြည့်ရင်း သူ့ကို လွမ်းမိတဲ့အလွမ်းကိုဖြေသိမ့်နေရ၊ ကိုယ်တရားမျှတပါရဲ့လား။

Thursday, 3 October 2013

အထီးကျန် ည


“အထီးကျန်ည”

ည။ ရှင်းလင်းနေသည်။ အတွေးတွေရှင်းလင်းနေသည်။ ဖြစ်ချင်စိတ် ရှင်းလင်းနေသည်။ တစ်ခုခုကို စိတ်ပါလက်ပါ တွေးတောချင်စိတ်မရှိသလို စာဖတ်ဝါသနာပါသူဖြစ်ပြီးစာဖတ်ချင်စိတ်မရှိသည်မှာလည်း ထူးဆန်းနေပါသည်။ညသည် တိတ်ဆိတ်ခြင်းကို လိုအပ်သူအတွက် တိတ်ဆိတ်ခြင်းတို့ပေးနေသော်ငြား အိပ်စက်ချင်သူအတွက် အိပ်ချင်စိတ်တို့ သယ်ဆောင်မလာပါ။ စိတ် ရှင်းလင်းခြင်းဟူသည့် ခံစားချက်တစ်ခုသာပေးနေသည်။

Wednesday, 2 October 2013

ချစ်သူ...တဲ့လား

“ချစ်သူ…တဲ့လား”
 (၁)
            “ချစ်တယ်”။ ဟင့်အင်း ဒီစကားကို ကျွန်မ နောက်ထပ်မသုံးနိုင်တော့ဘူး။ ချစ်တယ်ဆိုတဲ့ စကားကို နောက်ထပ်မသုံးနိုင်တော့ဘူး။ ခွင့်မလွှတ်ပါနဲ့။ ကျွန်မကို ခွင့်မလွှတ်ပါနဲ့။ ” ချစ်တယ်ဆိုတဲ့ စကားကို တစ်စုံတစ်ယောက်ဆီမှာပဲ ကျွန်မ မြုပ်နှံထားလိုက်မိပြီ။ နောက်တစ်ယောက်ဆီပြောင်းဖို့ အင်အားမရှိသေးသလို နောက်ထပ်နောက်ထပ်လည်း လက်ဆင့်ကမ်းဖို့ အင်အားမရှိတော့။
            ကျွန်မကို ငေးကြည့်နေသည့် ဇေယျမျက်ဝန်းများမှ အကြည့်လွှဲလိုက်ရင်း တမင်တကာ အေးစက်မာကြောသည့်အသံဖြင့် စကားစလိုက်သည်။
            “ကျွန်မ လက်မခံနိုင်ဘူး ကိုဇေယျ အချစ်ဆိုတာကို နောက်တစ်ခေါက်မြည်းစမ်းဖို့ ကြောက်သွားပြီလို့ပဲ မှတ်ပေးပါ”
            “ဘာဆိုင်လို့လဲ ဘာဆိုင်လို့လဲဗျာ မနှင်းဦး အချစ်ကို ကြောက်တယ်ဆိုတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ဒါပေမယ့် ဒီလိုယတိပြတ်ကြီးငြင်းမယ့်အစား ကျွန်တော့်ကိုကော တစ်ခါလောက်…”
            ဆက်မလာသည့် သူ့စကားအတိမ်အနက်ကို နားလည်လိုက်ပါသည်။ သို့သော် ကျွန်မ လက်မခံနိုင်။
            “ဒီနေ့ ကိုဇေယျက ကျွန်မကို ဘာမှမပြောခဲ့ဖူး လို့ပဲ မှတ်လိုက်ပါ့မယ် သွားတော့မယ်”
            ဇေယျဆီမှ ခွင့်ပြုချက်မရခင်မှာပင် ကျွန်မ လှည့်ထွက်လာမိသည်။ ခြေလှမ်းတို့ကိုလည်း မပြေးရုံတမယ်လှမ်းရင်း။

Tuesday, 1 October 2013

အနားတို့မညီသော်လည်း စတုဂံဟုခေါ်ပါသည်

“အနားတို့မညီသော်လည်း စတုဂံဟုခေါ်ပါသည်”
            “ဂျောက် ”
အိမ်ရှေ့မှ တံခါးဖွင့်သံကြားရ၏။ အိပ်နေသော သားကိုယ်ခန္ဓာလေး ဆက်ခနဲ တုန်သွားတာ သတိထားမိသည်။
မိသောင်း ကိုယ်ပေါ်မှ စောင်ကို ခွာ၍ ဖြည်းဖြည်းချင်းထရပ်လိုက်သည်။ ထို့နောက် အိမ်ရှေ့သို့ ထွက်ခဲ့လိုက်တော့ ယိုင်ထိုးနေသည့် အရိပ်ကြောင့် ကိုတင်သန်းမှန်း သေချာသွားသည်။ တထောင်းထောင်းထနေသည့် အနံ့များကြား ကြိတ်မှိတ်အသက်ရှူရင်း သွားတွဲလိုက်သည်။ မတွဲခင်က အနည်းငယ်မတ်နိုင်သော ခန္ဓာကိုယ်သည် တွဲလိုက်သည့်အခါ ပို၍ ယိုင်ထိုးလာသလိုထင်ရ၏။ မိသောင်းဘက်သို့ ကိုတင်သန်းတစ်ကိုယ်လုံး စောင်းပါလာသည်။ မနိုင်မနင်းတွဲရင်း ဘုရားခန်းမှာ အသင့်ခင်းထားသည့် အိပ်ယာပေါ်သို့ တင်လိုက်သည်။ ဒီနေ့က အိမ်ရဲ့ တစ်ခုတည်းသော အိပ်ခန်းကို  သားလေးအား အပိုင်စားပေးထားသည်မဟုတ်ပါလား။
ထို့နောက် ကိုတင်သန်းဘေးတွင် ထိုင်ကာ ကိုတင်သန်းအိပ်ယာမှ အနိုးကို စောင့်နေလိုက်မိသည်။ အကယ်၍များ ကိုတင်သန်းကသာ သူမပြောသည့် ကိစ္စကို  လက်မခံနိုင်ဘူးဟုများပြောခဲ့လျှင်ဖြင့် သူမ ထွက်သွားမည်ဟူသည့် ဆုံးဖြတ်ချက်ကလည်း ခိုင်ခိုင်မာမာဖြင့်……………။

Friday, 27 September 2013

ငှက်ကလေးတစ်ကောင်အတွက်-၁၁


“ငှက်ကလေးတစ်ကောင်အတွက်-၁၁”
ကိုယ်က ရေညှိစိမ်းမဟုတ်ပေမယ့်လည်း ချစ်ရသူအတွက်ဆို ဟောဒီလက်ဖျံကသွေးကို ထုတ်ပေးရက်ခဲ့သူပါ။ ကိုယ့်လက်ဖျံသွေးမှာ မင်းအတွက် အားအင်မရနိုင်တာကတော့ ကိုယ့်အားနည်းချက်ပေါ့။ ငှက်ကလေးရေ အိပ်မက်က မနိုးသေးဘူးလား။ မင်း သိပ် အအိပ်မက်လွန်းတယ်။ မင်း သိပ်တွေးတတ်လွန်းတယ်။ မင်း သိပ် အားနာတတ်လွန်းတယ်။
သတ္တဝါကွဲ့၊ သတ္တဝါ။ အသက်ရှိတယ်။ စိတ်ရှိတယ်။ လွတ်လွတ်လပ်လပ်နေခွင့်ရချိန်မှာ ဘာ့ကြောင့်များ ကိုယ့်ကိုယ်ကို ကြိုးတွေနဲ့ တုပ်နှောင်ထားပါသလဲ။ ရယ်၊ မင်းရယ်ချင်ရယ်ပစ်လိုက်၊ ငို မင်းငိုချင် ငိုပစ်လိုက်၊ ပြုံး မင်းပြုံးချင် ပြုံးပစ်လိုက်။ တစ်ခါတလေမှာ အစဉ်အလာဆိုတာ ခေါင်းငုံ့ဖို့ထက် တော်လှန်ဖို့လိုအပ်တယ်။

မိန်းမသားအချစ်


“မိန်းမသား အချစ်”
သူနဲ့ ကျွန်မနဲ့ ခင်မင်တာကြာပါပြီ။ ဟိုးတလောကမှ စကားပြောရင်းသတိထားမိတာ သူ့လေသံ၊ သူ့အတွေးတွေဟာ ယောက်ျားဝါဒီဆန်နေပါ့လား ဆိုတာပါပဲ။ ဟင့်အင်း။ ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ကျွန်မ ဘာဖြစ်ရမှာလဲ။ သူနဲ့ ကျွန်မဟာ အရိုးသားဆုံးအရှင်းသန့်ဆုံး ခင်တဲ့သူတွေ။ ကိုယ်ခင်တဲ့သူတစ်ယောက်ဟာ ဒီလိုလူပါ့လား ဆိုတဲ့အသိကလွဲလို့ ကျွန်မအတွက် ဘာမှ ထူးခြားဆန်းကြယ်မလာပါဘူး။ ဒါပေမယ့် တွေးမိတဲ့ အတွေးတစ်ခုက ယောက်ျားဝါဒီတစ်ယောက်ယောက်ကိုသာ ချစ်သူတော် ခဲ့မိရင် ဆိုတဲ့အတွေးလေးပါပဲ။ ဟုတ်တယ။် အိုး ကျွန်မ သိပ်ကြောက်တာပဲ။ မဟာဖိုဝါဒီကြီးတစ်ယောက်ယောက်ကိုသာ ချစ်သူ အဖြစ်တော်ခဲ့မိလို့ရှိရင် ကျွန်မ ဘဝပျက်သွားမလားပဲ။

Sunday, 22 September 2013

ကယ်တင်ရှင်

“ကယ်တင်ရှင်”

အိပ်သည်။ ကျွန်တော် အိပ်နေသည်။ ရိုးရိုးတန်းတန်းအိပ်နေခြင်းမဟုတ်ပါပဲ အိပ်မက်တောကြီးထဲတွင် လှည့်လည်နေထိုင်ရင်း အိပ်နေသည်။ နိုးထဖို့မည်သို့ပင် အားယူပါစေ၊ နိုးထဖို့ မတတ်နိုင်ခဲ့။ အိပ်မက်၏ ဖြားယောင်းမှုတွင် ပါသွားရကာ မျက်လုံးဖွင့်ဖို့ မစွမ်းသာတော့။
ဟုတ်၏။ကျွန်တော် အိပ်နေသည်။ ကျွန်တော့်မျက်ခွံသည် လက်ရှိအချိန်တွင် မ  ရ အခက်ဆုံးသော နံရံကြီးဖြစ်လာသည်။ မည်သည့် ဝန်ချီစက်နှင့်မျှ မ မ နိုင်တော့။ မျက်ခွံတစ်ဖက်ကိုအသာအယာ မ ကြည့်သည်။ တုတ်တုတ်မျှမရွေ့။ ငါ ထ သင့်ပြီဟူသည့်အသိဖြင့် နောက်တစ်ခေါက်ကြိုးစားသည်။ သို့သော် ဆံချည်တမျှင်စာမျှတောင် ကြွတက်မလာခဲ့။ အိပ်စက်ခြင်းတွင် ဖြားယောင်းမှုရှိကြောင်း သိလိုက်ရ၏။ မျက်ခွံကို မ ရန်ကြိုးစားနေသော ကျွန်တော့်အား ချိုမြိန်သာယာသော အိပ်မက်သည် အနံ့အသတ်အရိပ်အငွေ့ပေးလေပြီ။ ထိုအနံ့၊ ထိုအရိပ်နောက်သို့ လိုက်ချင်စိတ်ကို ထိန်းနေရသည့်အရသာ။ သေချာသည်။ ဒီမျက်ခွံကို ဆက် မ ဖြစ်မည်ဟု ကျွန်တော် အာမ မခံနိုင်တော့။ မျက်ခွံတို့အား ခေတ္တအနားပေးရန် ဆုံးဖြတ်ချက်ခြင့် မ ဖို့ကြိုးစားနေသည့် စိတ်အား လျှော့ချလိုက်သည်။ ထိုအခါ စိတ်သည် အိပ်မက်နောက်သို့ ကောက်ကောက်ပါအောင် လိုက်လေတော့၏။ ထိုသို့ဖြင့် မျက်ခွံကိုမရန် ယာယီမေ့ပြန်လေ၏။
လူတို့၏ စိတ်ကား ထူးဆန်းလှသည်။ အိပ်မက်ဆိုး မှန်းသေချာနေခဲ့လျှင် ဒါအိပ်မက်ဆိုး၊ ဟု တွေးရင်း မရမက ရုန်းထွက်မှ ကြောက်ရွံ့နေရသည့် စိတ်ခံစားချက်က လွတ်မြောက်မည်ကိုသိ၏။ ထို့အတူ ကြိုးလည်းကြိုးစားနိုင်၏။ သို့သော် မူးယစ်ဖို့ကောင်းသော အိပ်မက်ချိုချိုလေးများတွင်မူ ပြင်ပ အနှောင့်အယှက်မပါပဲ တော်ရုံတန်ရုံ အိပ်ယာမှနိုးထဖို့ဆိုသည်မှာ ခက်ခဲလှသည်။

ပန်းလေးတစ်ပွင့် တရွေ့ရွေ့နှင့် လှမ်းလာနေသည်


လန်းဆန်းလှပလွန်းသော ပန်းလေးတစ်ပွင့်သည် တရွေ့ရွေ့နှင့် ကျွန်မအနီးသို့ တိုးကပ်လာနေသည်။ ထိုပန်းလေးသည် ကျွန်မအတွက်လား။ သို့မဟုတ် တခြားတစ်ယောက်အတွက်လား။ နေပူထဲတွင် ရပ်စောင့်နေရသူအဖို့ ပန်းတစ်ပွင့်၏ အေးမြလက်ဆက်မှုကို ရှုရှိုက်ခွင့်ရလိုက်လျှင် လိုအပ်နေသော အေးမြမှုသည် နှလုံးသားထဲထိ တိုးဝင်သွားနိုင်လိမ့်မည်။
ထိုပန်းလေး၏ ပိုင်ရှင်သည် မည်သူ့ကို ရည်ရွယ်ပေးပါသလဲ။ ပန်းလေး၏ ရည်ရွယ်ချက်ကို ပန်းပွင့်လေး၏ ပိုင်ရှင်သာ သိပါလိမ့်မည်။ ပန်းပွင့်လေးကတော့ တရွေ့ရွေ့နှင့် လှမ်းလာနေဆဲ။ ကျွန်မနှင့် လက်တစ်ကမ်းအကွာတွင် ဝဲလှည့်နေသည်။ ထိုပန်းပွင့်လေးကို ကျွန်မ လှမ်းယူ၍ ရမည်မဟုတ်မှန်း စိတ်တွင် သိနေသည်။ ထိုပန်းပွင့်လေးကို ကျွန်မမှမဟုတ်။ တခြားမည်သူမှလည်းယူ၍ မရနိုင်။ ပန်းပွင့်ပိုင်ရှင်စေညွှန်သည့်နေရာတွင်သာ ပန်းပွင့်လေး ရှိနေပေလိမ့်မည်။
ပန်းပွင့်ပိုင်ရှင်သည် ပန်းပွင့်လေးအား မည်သူ့ထံသို့များ စေညွှန်လိုက်ပါသလဲ။ အခွင့်ရှိရင် သိချင်စမ်းပါဘိ။ ထိုပန်းပွင့်လေးသည် ကျွန်မအတွက် ရည်ရွယ်လေသလား။ သို့မဟုတ် အခြားတစ်နေရာအတွက်လေလား။
စကားမစပ် ဆိုရပါဦးမည်။ ကျွန်မသည် နေပူထဲတွင် ရပ်နေသူတစ်ဦးဖြစ်ပါသည်။ ရိုးရိုးတန်းတန်းရပ်ရုံသာမဟုတ်။ တစ်ခုခုကို စောင့်မျှော်နေသူသာဖြစ်သည်။ ထိုတစ်ခုခုသည် တစ်စုံတစ်ယောက်ထံတွင်သာ ရှိပါသည်။ ထိုတစ်စုံတစ်ယောက်သည် ပန်းကလေး၏ ပိုင်ရှင်ဖြစ်သည်ဆိုသည်မှာ အထူးပြောစရာပင်မလိုပါ။
ဟုတ်ပါသည်။ ပန်းကလေး၏ ပိုင်ရှင်ထံမှ ကျွန်မ တစ်စုံတစ်ခုကို စောင့်မျှော်နေပါသည်။ ထိုအရာမှာ…။