Wednesday 9 October 2013

ယနေ့အတွက်သင်ခန်းစာ


“၈၀၀၀ လား အင်း ခဏစောင့်”
ဖုန်းထဲက ကြားနေရတဲ့ အသံတွေကို နားထောင်ပြီး သက်ပြင်းတစ်ချက်ရှိုက်မိသွားသလို ကိုယ်ကိုယ်တိုင်လည်း အရှက်ရမိသွား၏။ ၂၈ နှစ်ဆိုသည် အသက်သည် ရင့်ကျက်ဖို့တော့ ကောင်းပါပြီ။ ခုတော့ ညနေကျော်ရုံ ခုနှစ်နာရီဆိုသည့် အချိန်လေးမှာ အငှားကားတစ်စီးပေါ် တစ်ယောက်တည်းရောက်နေရုံလေးနဲ့ စိတ်အားမငယ်သင့်ဘူးမဟုတ်လား။ သူတပါးကို ဖုန်းဆက်အနှောင့်အယှက်မပေးသင့်ဘူးမဟုတ်လား။ သူမေးသည့် မေးခွန်းများကို ပြန်ဖြေရင်း အားနာလွန်းစွာ  ဖုန်းချချင်နေခဲ့သည်။ မဖြစ်သာလွန်းဟန်နှင့် သူ့ဘက်က ဖုန်းချဖို့ စကားစမှ ကျွန်မလည်း ဖုန်းချလိုက်ရတော့သည်။ သို့သော် ရင်မှာ စိုးထိတ်နေမှုက မလျော့ပါးသေး။
ကျွန်မ ညဉ့်နက်ပိုင်းများတွင် တစ်ယောက်တည်း အပြင်မထွက်ဖူးပါ။ မဖြစ်မနေထွက်ခဲ့သည်ရှိသော် စိတ်ချလုံခြုံရသည့် ခရီးသွားဖေါ်တော့ ပါသည်သာ။ အငှားကားဆိုလည်း စိတ်ချလုံခြုံသည့် အငှားကားသမားလိုမျိုး ခေါ်သွားတတ်သည်သာ။ အိမ်တွင် အစစအဖြည့်ဆည်းခံလူဖြစ်၍ပဲလားမသိ၊ ကျွန်မ ကြောက်တတ်ပါသည်။ အသဲငယ်သည်ဟု ဆိုချင်ဆိုကြပါစေ။ ကျွန်မ ကြောက်တတ်ပါသည်။


ဟုတ်သည်။ ငယ်ကတည်းက လူထူထပ်သည့်နေရာများဆို တစ်ယောက်တည်းမသွားရဲခဲ့။ အဖေါ်ပါပြီဆိုလျှင်လည်း ထိုအဖေါ်၏လက်ကို ကျစ်ကျစ်ပါအောင်ဆုပ်တတ်သူ ဖြစ်သည်။ ထို့ပြင် ကျွန်မက ပတ်ဝန်းကျင်အနေအထားကို မှတ်သားနိုင်စွမ်းလည်း ညံ့သူဖြစ်သည်။ ငယ်စဉ်ဘဝကျောင်းတက်စဉ်ကလည်း အလယ်တန်းတက်သည်ထိ အမေ သို့မဟုတ် အစ်မက အကြိုအပို့ လုပ်ပေးခဲ့သည်။ အထက်တန်းကြီးပြီးလို့ တက္ကသိုလ်တက်တော့လည်းဘေးနားမှာ အစစကူညီမည့် သူငယ်ချင်းရှိသည်။ ခုတော့ကိုယ့်လမ်းကိုယ်လျှောက်ကြေးဟု အားတင်းထားသည့် ကျွန်မအတွက် အသေးအဖွဲလေးတွေကအစ စိုးထိတ်စရာဖြစ်လာပြီဖြစ်သည်။
တစ်နေရာရာသို့သွားလျှင်လည်း ကိုယ်မသိသည့်သူတွေကို ကြည့်ရင်း ကိုယ်များလမ်းပျောက်ပြီလား တွေးတတ်သည်။ သွားနေကျနေရာတစ်ခုကိုပင် ထပ်သွားဖို့ကို ကြောက်ရွံ့စိတ်လွမ်းမိုးသည့် စိတ္တဇက ကျွန်မတွင်လွှမ်းမိုးနေသည်။ ငယ်စဉ်ကဆိုလျှင် ထိုကြောက်တတ်သည့်စိတ်နှင့် သေချာတိကျစွာမမှတ်သားနိုင်သည့် ဦးနှောက်ကြောင့် ကျွန်မ အလွဲများစွာ ရှိခဲ့ဖူးသည်။ ယခုထိတိုင်လည်း အလွဲတို့က ရှိနေဆဲ။

၂၈နှစ်ဆိုသည့်အရွယ်သည် ဘဝတစ်ဝက်ကျိုးပြီဟု ပြော၍ရနေပြီဖြစ်သည်။ သို့သော် လူကြီးရင့်မာကြီးဖြစ်သည့် ကျွန်မသည် ခုချိန်ထိ ကြောက်ရွံ့ဆဲ ဖြစ်နေသေးသည်။ ကိုယ့်ထက် အသက်ငယ်သည့် ကလေးမငယ်များ ပြင်ပလောကတွင် သွက်လက်ထက်မြက်စွာ အလုပ်လုပ်နေသည်ကို တွေ့သော်လည်း လေးစားအားကျရုံထက် ပိုမတတ်နိုင်ခဲ့။ ကျွန်မ ညပိုင်းအပြင်မထွက်ချင်ပါ။ သို့သော် ကိုယ့်ကိုယ်ကိုယ် ယုံကြည်သည့် စိတ်ရှိချင်သည်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မည်ဟူသည့် အသိမျိုးရချင်သည်။ ကိုယ့်လမ်းကိုယ်ဖေါက်နိုင်သည့် အမျိုးသမီးဖြစ်ချင်သည်။ ထို့ကြောင့်လည်း အတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ ကြိုးစားသလောက် အရာထင်ပါသည်။ လူအနည်းငယ်ထူထပ်သော နေရာတို့သို့ ကျွန်မ သွားလာနိုင်ခဲ့သည်။ စကားနည်းသော ကျွန်မ တိတ်ဆိတ်သောနေရာကို ဆူညံပွက်လောထလာအောင် ပြုလုပ်တတ်လာပြီဖြစ်သည်။ သို့သော် ညပိုင်းတွင် အငှားကားစီးဖို့ ကြောက်ရွံ့နေဆဲ ဖြစ်သည်။ အမေနှင့်အဖေ ခရီးသွားသည့်အချိန်မျိုးတွင် အိမ်မှာတစ်ယောက်တည်းရှိဖို့ ကြောက်ရွံ့နေဆဲ ဖြစ်သည်။
ထိုကဲ့သို့ ကြောက်တတ်သည့် ကျွန်မသည် ကြေးမုံ၊ မြန်မာ့အလင်း စသည့်သတင်းစာတို့မှ သတင်းများကိုကြည့်မိတိုင်း ပိုမိုကြောက်ရွံ့တတ်လာခဲ့သည်။ ခဏနေလုယက်မှုဖြစ်လိုက်၊ခဏနေ ကာမလုယူမှုဖြစ်လိုက်၊ ခဏနေ ကားတိုက်မှုဖြစ်လိုက်၊ နှင့်မှုခင်းသတင်းတွေက ကြောက်ရွံ့ထိတ်လန့်ဖွယ်ကောင်းအောင်ပင် တစ်နေ့ထက်တစ်နေ့ များပြားလာနေခဲ့သည်။ ထို့အတွက် ပို၍ပို၍ ကြောက်လန့်လာခဲ့သည် ဟုဆိုလျှင် မှန်လေမလား။
မြန်မာနိုင်ငံသည် ထိုမျှလောက်ထိ မကောင်းမှုကြီးစိုးသည့် နိုင်ငံ လေလားဟု ကိုယ်နေသည့် နိုင်ငံကို ကျွန်မ သံသယဝင်လာမိပြီဖြစ်သည်။ ကံ ကံ၏ အကျိုးကို ယုံကြည်သူတစ်ဦးမို့ စိတ်ထားကောင်းလျှင် ကံကောင်းမည်ကို ယုံကြည်ပါသည်။ သို့သော် စိတ် ဆိုသည့်အရာ၏ ဆန်းကြယ်မှုကိုလည်း ယုံကြည်နေသည်က ခက်သည်။

အမှန်ဆိုရင်လျှင် အငှားကားဦးလေးကြီး၏မျက်နှာသည် သင်္ကာမကင်းဖြစ်ဖွယ်ရာ ရုပ်သဏ္ဍန်မရှိပါ။ သူ့မျက်နှာပေါ်တွင် ပေါ်နေသည်က သူ့ဘဝအမောတွေ ဖြစ်သည်။ သူ့ဘဝသူ အလိုမကျသည့် သဏ္ဍန်ပေါ်လွင်နေသည်ကလွဲလို့ စိတ်ထားမကောင်းသည့် သဏ္ဍန်မရှိပါ။ သို့သော် ကျွန်မ ကြောက်နေခဲ့သည်။ဘယ်အရာကိုလဲဟု တိတိပပမပြောတတ်သော ကြောက်လန့်ခြင်းတစ်ခုက ကျွန်မစိတ်ကို နှိပ်စက်နေခဲ့သည်။
ယုံကြည်မှု ဆိုသည့် စကားတစ်ခွန်းကို လူမှုဝန်းကျင်၌ ကျင်လည်နေတတ်သူတိုင်း ထည်လဲသုံးဖူးကြပါလိမ့်မည်။ ဟုတ်သည်။ ကျွန်မ တွင်ပျောက်ဆုံးနေသည်က ယုံကြည်မှုဖြစ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသူသည် ဘဝတွင် အောင်မြင်ရန် ရာနှုန်း သုည ဖြစ်သည်ဟု ကျွန်မ သိသည်။ ထို့အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိအောင် ကြိုးစားခဲ့သည်။ သို့သော် မအောင်မြင်သေး။ အမှန်ဆိုရလျှင် ကိုယ်ပိုင်အလုပ်တစ်ခု ပိုင်ဆိုင်ထားသူအနေဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသင့်ပါသည်။
ကျွန်မ ဘဝတွင် အောင်မြင်ခဲ့သည့် လုပ်ငန်းများကို စဉ်းစားကြည့်သည်။ထိုလုပ်ငန်းများ လုပ်ကိုင်ခဲ့ရာတွင် ကိုယ်တိုင် လုပ်ငန်းကျွမ်းကျင်သည့်အပြင် ကိုယ့်ကျွမ်းကျင်မှုကိုယ် ယုံကြည်ချက်ပါရှိခဲ့သည်။ ထို့အတွက် အပြစ်ပြောလာသည့်လူတိုင်းကိုလည်း ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိခဲ့သည်သာဖြစ်သည်။ ခုက ကျွန်မတွင် ဘာချို့ယွင်းချက်များရှိနေ၍ ကြောက်စိတ်တို့ ဝင်နေရပါသလဲဟု ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်သင့်ပြီဖြစ်၏။

ယုံကြည်မှု။ ဟုတ်သည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြင် တပါးသူကို ယုံကြည်မှုလည်း ထားတတ်ဖို့ လေ့ကျင့်ရဦးမည် ဖြစ်သည်။ ခုကျတော့ မျက်ကန်းတစ္ဆေကြောက်သလို ဖြစ်နေပြီကော။
ကားသမားဦးလေးကြီးကို ကြောက်လေသည်လား။ ကြောက်စရာမလိုပါ။ သူ့အတွက် သူ့အလုပ် အောင်မြင်ရေးသည်သာ အဓိက ဖြစ်သည်။ သူ့တစ်နေ့တာ ဝင်ငွေ လုံလောက်ရေးသည်သာ အဓိက ဖြစ်သည်။ ခရီးသည် လိုရာကို ပို့ဆောင်ပေးဖို့သာ အဓိက ဖြစ်သည်။ သို့ဆိုလျှင်ဖြင့် သူ့ကားမောင်းမကျွမ်းကျင်မှုကို ကြောက်နေလေသည်လား။ ကားမောင်းပုံကို သေချာလေ့လာကြည့်တော့ ကားမောင်းကျွမ်းကျင်မည့် သဘောမှာရှိပါသည်။ သို့ဆိုလျှင်ဖြင့် အမှောင်တို့ကြီးစိုးလာသည်ကို ကြောက်လေသည်လား။ ရင်ထဲမှာ တဒိတ်ဒိတ်နှင့် ခုန်နေသည့် စိတ်မငြိမ်မှုကိုသိသည်။ ဘာ့ကြောင့်၊ ဘာ့အတွက် ဟု လက်ဆုပ်လက်ကိုင် မပြနိုင်။
မြည်လာသော ဖုန်းသံကြောင့် ကောက်ကိုင်လိုက်မိတော့ စိတ်ဝယ် အနည်းငယ် ငြိမ်သက်သွားသည်။ ဟုတ်သည်။ ကျွန်မ၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများတွင် တစ်ယောက်တည်း ညပိုင်းအငှားကားစီးဖို့ မပါဝင်ခဲ့။ မိန်းမသားဆိုသည့် ကြောက်စိတ်ကြီး ကြီးစိုးနေဆဲ ဖြစ်ကြောင်း လက်ခံလိုက်ရသည်။ တစ်ဖက်ဖုန်းမှ အသံကြည်ကြည်ကို ကျေးဇူးတင်ရင်းကိုယ်သည် စိတ်အားငယ်တတ်သေးသည် ဟုလက်ခံလိုက်ရတော့သည်။

ဟင့်အင်း။ ကျွန်မ စိတ်အားမငယ်ချင်ပါ။ မှီခိုသူ မဖြစ်ချင်ပါ။ ထို့အတွက် ကြိုးစားပါဦးမည်။ အားငယ်တတ်သည့် စိတ်ကို ဖျောက်ဖျက်ဖို့ကြိုးစားရမည်ဖြစ်သလို တပါးသူကို ယုံကြည်တတ်ဖို့လည်း ကြိုးစားရဦးမည် ဖြစ်သည်။ စိတ်မာကြောသူမဖြစ်ချင်ပါ။ သို့သော် စိတ်ခွန်အား ပြည့်ဝသူ ဖြစ်ချင်လှပါသည်။
ယနေ့သည် ကျွန်မအတွက် အလွန်အရေးပါလှသည်။ ဘဝတွင်ယုံကြည်မှုဟူသည့် စကားလေး ၏ တာသွားပုံကို သိသာခဲ့သောနေ့လည်း ဖြစ်သည်။ ကိုယ်ယုံကြည်သူ၏ အသံကို ကြားရုံမျှနှင့် စိတ်တို့ အားတက်လာသည် ဆိုသည့် စကား၏ အဓီပ္ပါယ်ကို သိခွင့်ရသောနေ့လည်း ဖြစ်သည်။
အိမ်ရှေ့သို့ ရပ်ရန် ကားဆရာဦးလေးကြီးကို ညွှန်ပြရင်း သက်မမောကို ယခုမှ ချရတော့သည်။ ကျွန်မ အိမ်ပြန်ရောက်ပြီဖြစ်၏။ ဦးလေးကြီးကို ကျေးဇူးတင်မိသလို ဤယနေ့အတွက် သင်ခန်းစာ ယုံကြည်မှုဟုလည်း ဒိုင်ယာရီတွင်မှတ်ရန် တေးလိုက်မိတော့သည်။

ရည်ဝေ(လင်းရောင်ခြည်)
၉ အောက်တိုဘာ ၂၀၁၃၊ ည ၁၀း၃၄

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်