Sunday 20 October 2013

ပုံပြင်တစ်ပုဒ်ရဲ့ အဆုံးသတ်

တချို့အရာတွေကို စစ်ထုတ်ဖို့ ကြိုးစားနေခဲ့မိတယ်
မအောင်မြင်ခဲ့။
ကမ္ဘာဟာ ဘာ့ကြောင့်များ အမှောင်ရောင်သမ်းနေခဲ့သလဲ
စိတ်တစ်ခုလုံး နာနာကြည်းကြည်း။
စိတ်လိုလက်ရ ရေးမိတဲ့ ပုံပြင်တစ်ပုဒ်ဟာ
ပုံပြင်ရေးသူကိုပါ သူ့ကမ္ဘာဆီ ဆွဲခေါ်ခဲ့လေတော့…………………။

ဟေး……………………။


ကိုယ့်ကျရှုံးခန်းကို ကိုယ်ကိုယ်တိုင်ဖြည့်စွတ်ရတဲ့ စစ်ဘုရင်လိုပဲ
ကိုယ် တိတ်တိတ်လေးးးးးးး
ကျဆုံးခဲ့တယ် ပုံပြင်တစ်ပုဒ်ဆီမှာ။
(ပစ္စုပ္ပန်)

ဒီချိန်ဆို ငှက်ကလေးတစ်ကောင်ကတော့ ကိုင်းဖျားတစ်ခုခုမှာ နားလို့နေလိမ့်မယ်။
မောဟနွံထဲနစ်နေရတဲ့ သစ်ပင်တစ်ကောင်ကတော့ စိတ်ကြီးကို ပြန်ပြန်မတင်တိုင်း ပြန်ပြန်ပြုတ်ကျသွားလို့ စိတ်ညစ်နေရ။
ကွယ် ငှက်ကလေးက သူ့ဘာသူ ကောင်းကင်မှာ ပျံလိမ့်မယ်။
ကိုယ်ကလည်း ကိုယ့်ဘာကိုယ် ဆက်ရပ်နေရုံပေါ့။
ဒီတစ်နေ့လည်း ဒီလိုပဲပေါ့။
ရင်တနင့်နင့်နေ့စွဲများ ချစ်သူကို
ချစ်တယ်ပြောခွင့်မရတာလောက် ကြေကွဲဖို့ကောင်းတာမရှိဘူး။
ဒါပေမယ့်လည်းလေ ဒီလိုပဲပေါ့။
ကိုယ်က သစ်ပင်တစ်ပင်ရဲ့ တည်နေရာမှာ ရှိနေခဲ့တယ်။
(၁)
လေနှင်ရာလွင့်တဲ့အလွမ်းများ ခပ်ပါးပါးလေး ဖွင့်ကြည့်လိုက်တော့ ကြည့်လေရာနေရာတိုင်းမှာ သူ ရှိနေခဲ့တယ်။ တစ်နေ့က၊ တမြန်မနေ့က ဆိုတဲ့ အတိတ်တွေမှာ ကိုယ် သူ့ကို တိတ်တိတ်လေးဝှက်ထားခဲ့မိတာ ခုတော့ ကိုယ့်အတွက် အဆိပ် ဖြစ်လာခဲ့ပြီ။ ထိခတ်သွားတဲ့ အတိတ်နေ့တွေမှာ သူ့ပါးပြင်ထက်က မွှေးညှင်းနုလေးဖြစ်ချင်စိတ်က ခုထိ မပျောက်ပျက်သေးဘူး။ ကိုယ့်ဘယ်ဖက်အိပ်ကပ်ထဲမှာ မပေးရသေးတဲ့ စာလွှာတွေ တပုံကြီးပဲ။ ကိုယ် ထူးမခြားနားနေ့စွဲတွေထဲ ရှင်သန်ဖို့ ရွေးချယ်ခဲ့တယ်။ ကိုယ့်ရွေးချယ်မှုမှာအမှားပါခဲ့မယ်ဆိုတောင်မှ ကိုယ့်သိက္ခာတရားအတွက် ပျော်ပျော်ကြီး ပြုံးပြခဲ့မိတယ်။
(၂)
ကိုယ့်ဘယ်ဖက်လက်သန်းလေးမှာ ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖူးတယ်။ မထင်မှတ်တဲ့ ထိခတ်မှုမှာ ငှက်ကလေးတစ်ကောင်ရဲ့ လက်ဖဝါးလေးနဲ့ ချိတ်ဆက်၊ ကိုယ့်ဘယ်ဖက်လက်သန်းလေးမှာ ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖူးတယ်။ ကြည်ကြည်နူးနူး။
ကိုယ့်ညာဖက်လက်မောင်းလေးမှာ ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖူးတယ်။ မထင်မှတ်ထိခတ်မှုမှာ ငှက်ကလေးတစ်ကောင်ရဲ့ အတောင်ပံနဲ့ ချိတ်ဆက်၊ ကိုယ့်ညာဖက်လ်မောင်းလေးမှာ ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖူးတယ်။ ကြည်ကြည်နူးနူး။
ကိုယ့်နှုတ်ခမ်းမှာ ပုံပြင်လေးတစ်ပုဒ်ရှိခဲ့ဖူးတယ်။ မြိုသိပ်ခဲ့သော စကားများစွာဟာ ပုံပြင်တစ်ပုဒ်အဖြစ်လွန့်လူး၊ ကြည်ကြည်နူးနူးကခုန်နေကြတယ်။ အခုထိ။
(၃)
ချစ်၊ လွမ်း ဘာစကားမှ သုံးစရာမလိုခဲ့ဘူး။ကိုယ့်ရင်ထဲက ၁၅၀၀ ဟာ ကိုယ်ကိုယ်တိုင်ရဲ့ အတ္တနဲ့ စစ်ခင်းနေခဲ့ရတော့ ကိုယ် သူနဲ့ဆုံရင်ဘာစကားမှ ပြောမထွက်ခဲ့ဘူး။ ကိုယ့်သိက္ခာ၊ ကိုယ့်မာန၊ လက်သီးတစ်ချက်ဆုပ်လိုက်တိုင်းမှာ ချစ်ခြင်းတရားဟာ ပိုတိုးပွားလာပါလျှက် ကိုယ့်သိက္ခာမီးတောင်ကြီးက ပိုကြီးမားလာတယ်။ ချစ်သူကို ချစ်တယ်ပြောခွင့်မရတာလောက် ကြေကွဲဖို့ကောင်းတာမရှိပေမယ့် ကိုယ့်သိက္ခာကိုယ် ကိုးကွယ်ခဲ့သူအဖို့တော့ ဖြေသိမ့်နိုင်ခဲ့တယ်။
(၄)
ငှက်ကလေးရေ……။
ငှက်ကလေး ရေ………………။
ငှက်ကလေးရေ……………………………။
တကြော်ကြော် အော်ခေါ်နေမိတဲ့ အသံတွေဟာ လေလှိုင်းမှာ တုန်ခါနှုန်းအဖြစ်နဲ့ ရေးရေးလေးတောင် မမြင်ရဘူး။ ဆွံ့အတိတ်ဆိတ်၊ မျက်ဝန်းတွေနဲ့ ခေါ်နေတဲ့ အသံမှာ သူကြားမကြား မသိပေမယ့် ကိုယ် ရင်အက်ခဲ့ပါတယ်။
လက်သည်းအရှည်ထားမယ်၊ ဆံပင်ဖြောင့်မယ်၊ မိပ်ကပ်လူးမယ်၊ လက်သည်းနီဆိုးမယ်၊ အလှပြင်မယ်။ အတွေးမှာ ပေါ်လာတယ်။ လက်တွေ့မှာ ကိုယ်တကယ်လိုအပ်တာကလွဲလို့ ဘာမှမလုပ်ဖြစ်ခဲ့။ အချစ်ဟာ သူ့အရှိတရားကို မြတ်နိုးတာပဲ မဟုတ်လားလို့ ခံယူထားတဲ့ ကိုယ့်အတွက် ကိုယ့်အရှိတရားကို လက်မခံနိုင်တဲ့ သူ့ကို တိတ်တိတ်လေးပဲ စွန့်လွှတ်ခဲ့ပါတယ်။
ငှက်ကလေးရေ…………။
ငှက်ကလေး ရေ…………….။
ငှက်ကလေးရေ…………………..။
အတိတ်
ငှက်ကလေးတစ်ကောင်၊ သစ်ပင်တစ်ပင်၊ ကောင်းကင်တစ်ခု။ အရာအားလုံးပြည့်စုံတဲ့ ကမ္ဘာ။ ဒီပုံပြင်လေးမှာ သစ်ပင်လေးဟာ ငှက်ကလေးတစ်ကောင်ကို တိတ်တိတ်လေး ကြည့်ရင်း ချစ်ခဲ့ရတာတဲ့။ ရက်စက်လိုက်တဲ့ ပုံပြင်ဆရာ။ ဘယ်လိုအတွေးနဲ့များ တစ်ဖက်သတ်ဆိုတဲ့တောထဲ သစ်ပင်ကို ပို့ရက်ခဲ့ပါသလဲ။
သစ်ပင်နဲ့ ငှက်ကလေးရဲ့ တွေ့ဆုံခြင်းအစ၊ ဆန်းဆန်းပြားပြားမရှိခဲ့။ ငှက်ကလေးရဲ့ ခရီးသွားဟန်လွဲတွေ့ဆုံမှုမှာ အရောင်တဖျက်ဖျက်လက်နေတဲ့ အတောင်ပံအစုံရဲ့ ဖြားယောင်းမှုအောက် ရောက်သွားခဲ့သတဲ့။သစ်ပင်လေးရဲ့ နှလုံးသားဝေဒနာအဖြေရှာမရမှန်းသိတဲ့ အပေါင်းအသင်းမိတ်ဆွေတွေ ဝိုင်းတားခဲ့ကြတယ်။ သစ်ပင်လေးရဲ့ ချစ်ခြင်းတရားဟာ ငှက်ကလေးဆိုတဲ့ ခေါင်းစဉ်အောက်က သွေဖယ်မသွားဘူး။ ထာဝရအတွက် တဲ့၊ သစ်ပင်လေး ကြွေးကြော်ခဲ့တယ်။
တစ်ဖက်တည်းတီးတဲ့ လက်ခုပ်၊ ဘယ်ခေတ်ဘယ်ကာလမှာ အသံမြည်ခဲ့လို့တုန်း။ နောက်ဆုံးတော့လည်း သစ်ပင်လေးသာ ကျန်ရစ်ဖြစ်၊ မင်းကျန်စစ်မဟုတ်ပေမယ့် မင်းကျန်စစ်လိုပဲ ချစ်သူနဲ့ကွေကွင်းခြင်းဝေဒနာကို ခံစားခဲ့ရသတဲ့။
“ဟေးးးးးးးးးးးးးးး”
သစ်ပင်ရဲ့ နာနာကျင်ကျင်အော်သံကို မျက်ကွယ်ပြုမိတဲ့ ပုံပြင်ဆရာ ပြန်ဒဏ်ခတ်ခံတဲ့ ကမ္ဘာ။ မျက်လုံးတစ်လုံးကို မျက်လုံးတစ်လုံးချင်း၊ လက်တစ်ဖက်ကို လက်တစ်ဖက်ချင်း၊ သစ်ပင်လေးဟာ ကိုဓဥပဒေနဲ့ ကိုယ့်ကို ဒဏ်ခတ်လိုက်သလား။ ခုချိန်မှာ ကိုယ် ပြန်စဉ်းစားနေရပေါ့။
အနာဂတ်
ချော်ရည်ပူတွေကို ငေးကြည့်နေရမှာလား။။
ခြောက်ကပ်တိတ်ဆိတ်နေတဲ့ ကမ္ဘာကိုကြည့်ပြီး ပြုံးနေရမှာလား။
အမှောင်ရောင်သမ်းနေတဲ့ ရာသီတွေတစ်ခုပြီးတစ်ခုလည်နေတာကို ငေးကြည့်နေရမှာလား။
ပစ္စုပ္ပန်မှာ ကိုယ် အဖြေတစ်ခုထုတ်ဖို့ အတင်းအကျပ်လိုအပ်နေခဲ့ပြီ။
ဒါပေမယ့်လည်းလေ ကိုယ်ရပ်နေခဲ့ရတာကိုကချောက်ကမ်းပါးစွန်းမှာ။ ကိုယ်တည်ရှိနေရတာကိုက သစ်ပင်တစ်ပင်ရဲ့ ဖြစ်တည်မှု။ ရွေးချယ်ခွင့်ဟာ ကိုယ့်လက်ထဲမှာမရှိခဲ့။ ငှက်ကလေးရဲ့ လက်ထဲမှာ တဲ့။
တောင်းပန်တယ် ဆိုတဲ့ စကားတစ်ခွန်းကို သစ်ပင်လေးဆီ အရောက်ပို့ဆောင်ဖို့ ကိုယ် ပုံပြင်လေးဆီ ခရီးထွက်ခဲ့တယ်။ ကွယ် သနားလိုက်တာ။ ရင်အက်သံဆိုတဲ့ စကားရဲ့ အဓိပ္ပါယ် ကိုယ် နားလည်တတ်ခဲ့ပြီ။ ငှက်ကလေးတစ်ကောင်ရဲ့ အတောင်ပံခတ်သံကြားတိုင်းမှာ ရင်နင့်မတက် ပျော်ရတဲက ပျော်ရွှင်မှု ကိုယ် နားလည်တတ်ခဲ့ပြီ။ ငှက်ကလေးရေလို့ တစ်ခွန်းခေါ်လိုက်တိုင်းမှာ ဟောဒီဝဲဖက်ရင်က အောင့်သက်နေတဲ့ ဝေဒနာ ကိုယ်ခံစားတတ်ခဲ့ပြီ၊
ငှက်ကလေးဆီပါးခဲ့တဲ့ သစ်ပင်လေးရဲ့ ကဗျာလေးတွေကို ရွက်ဝါတွေမှာ တစ်ခါမြင်ရတိုင်း ကိုယ့်စိတ်တွေ တစ်ခါကြောက်ရွံ့မိ။ ကိုယ် သစ်ပင်လေးလိုပဲ ငှက်ကလေးတစ်ကောင်ကို ဆက်လက်စောင့်မျှော်နေရတော့မှာလား ဆိုတဲ့ မေးခွန်းတွေနဲ့ အတိုင်းအဆမရှိကြောက်မိခဲ့။
သစ်ပင်လေးရေ………..
သစ်ပင်လေးရေ…………..
သစ်ပင်လေးရေ…………… ကိုယ်တောင်းပန်တယ်။
ကိုယ့်ကျရှုံးခန်းကို ကိုယ်တိုင်ပြန်မြင်နေရတဲ့ ကမ္ဘာ၊ အမှောင်ရောင်သမ်းနေတယ်။ ဒါပေမယ့်လည်း ကိုယ် ဒီကမ္ဘာကို ချစ်တယ်။ ဒီပုံပြင်လေးကို ချစ်တယ်။ ပစ္စုပ္ပန်မှာ ကိုယ်မရွေးချယ်ပဲ ရလာမယ့် အဖြေတစ်ခုအတွက် ကိုယ် စောင့်မျှော်နေခဲ့ပါတယ်။ လွမ်းရမလား၊ ပျော်ရမလား ဆိုတဲ့ အဖြေဟာ ငှက်ကလေးလက်ထဲမှာ။ ကိုယ့်အနာဂတ်ဟာ ငှက်ကလေးရဲ့ လက်ထဲမှာ။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်