Monday, 14 October 2013

သူငယ်ချင်းသို့....

ရေစက်….တဲ့။
မမြင်မတွေ့ရပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှု၊ ယုံကြည်မှုတွေရှိတယ်။ မမြင်မတွေ့ဖူးပေမယ့် တစ်ယောက်ကိုတစ်ယောက် ချစ်ခင်မှုတွေရှိတယ်။ မမြင်မတွေ့ရပေမယ့် တစ်ယောက်ကိုတစ်ယောက် စိုးရိမ်ကြတယ်။ တစ်ယောက်လမ်းမှားမှာ တစ်ယောက်က စိုးရိမ်သလို တစ်ယောက်အောင်မြင်မှုကို တစ်ယောက်က မုဒိတာပွားပေးတယ်။ တစ်ယောက်အားငယ်မှုကို တစ်ယောက်က နှစ်သိမ့်ပေးတယ်။

ရူးတာတဲ့လား။

ကိုယ့်ပတ်ဝန်းကျင်က ရှိသူကို အားပေးနှစ်သိမ့်ဖို့ အရင်ကြိုးစားပါ။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိသူနဲ့ ချစ်ခင်ရင်းနှီးအောင် အရင်နေကြည့်ပါ တဲ့။ ကွယ် မတူတဲ့ အကြောင်းအရာနှစ်ခုကို ယှဉ်ပြောနေတာပဲ။ စိတ်မတူလူမတူပေမယ့် ဝါသနာတူတဲ့အခါ ပြောသမျှစကားတိုင်းဟာ ထပ်တူကျနေတတ်တာကို သိမှမသိကြတာပဲ။ နားလည်မှုဟာ ညှိယူစရာမလိုပဲအလိုလိုရောက်လာတယ်။
တစ်ယောက်နဲ့တစ်ယောက်ကြား ငြင်းခုန်မှုတွေရှိမယ်။ စိတ်ဆိုးမှုတွေရှိမယ်။ ပြဿနာတွေရှိမယ်။ ဒါပေမယ့်လည်း……။
တိတိပပသေသေချာချာဖြေရှင်းပြစရာမလိုအောင်ကို စက္ကန့်အနည်းငယ်ကြာတာနဲ့ ပြေပျောက်သွားကြတာပဲမဟုတ်လား။ အဲဒီလိုပဲ ပြဿနာတိုင်းကို အဖြေတူတူရှာပြီး သံယောဇဉ်တွေ ပိုခိုင်မာလာခဲ့တာပဲ မဟုတ်လား။

နားလည်မှု။

ဒီစကားတစ်ခွန်းကို အသေအချာယုံကြည်နားလည်ထားကြတယ်။ စိတ်ဆိုးဒေါသထွက်စရာ ကြုံရင်ဖြေရှင်းကြေး။ ကိုယ်လက်မခံနိုင်တဲ့ အပြုအမှုမျိုးတွေ့ရင် ဖြေရှင်းကြေး။ မဖြေရှင်းပဲ နှုတ်ဆိတ်နေခြင်းဟာ ပြဿနာရဲ့အစပဲ။ ဒီလိုခံယူနားလည်ထားကြတယ်။

ယုံကြည်မှု။

သူကတော့ ငါ့ကို နားလည်မှာပါ ဆိုတဲ့ ယုံကြည်မှု။ အဲဒီယုံကြည်မှုလေးတစ်ခုတည်းနဲ့ပဲ ပြောသမျှစကားတွေက အထိန်းအကွပ်မဲ့လာတယ်။ ဒါပေမယ့်လည်း ယုံကြည်မှုကမြဲမြံခိုင်မာနေတဲ့အခါ ပြဿနာ ဆိုတာ ခပ်ဝေးဝေးကနေ ငေးကြည့်နေရရှာပေါ့။

တစ်ယောက်ယောက်က စိတ်အားငယ်နေရင် ကျန်တစ်ယောက်ရဲ့စိတ်မှာ နှစ်သိမ့်ဖို့ အတွေးကိုအချိန်ရှိသရွေ့တွေးနေမိတတ်ကြတယ်။ တကယ်ဆို မြင်ဖူးခြင်းမမြင်ဖူးခြင်းမဆိုင်ပါဘူး။ စိတ်ကို ဖွင့်ကြည့်ပါ။ အလှဆုံးပန်းတွေ ပွင့်နေတာ မြင်ရလိမ့်မယ်။

အချိန်အတိုင်းအတာတစ်ခုအထိ လေ့လာအပြီးမှာ ဘယ်လိုငြင်းငြင်း၊ စိတ်ကြီးက ဒီလူကတော့ မင်းရဲ့ ချစ်မိတ်ဆွေ လို့ သတ်မှတ်ပေးပြီးတဲ့နောက် ဘယ်လိုမှ ရှောင်ပုန်းလို့မရတော့ဘူး။ တစ်ယောက်နဲ့ ပတ်သတ်သမျှ အရာအားလုံး ကျန်တစ်ယောက်က ဝေမျှခံစားပေးရရှာပြီ။
ကိုယ်နဲ့ စိတ်တူကိုယ်တူ မျှဝေခံစားပေးမယ့်သူတွေရှိနေတဲ့ ကမ္ဘာလောကမှ မလှရင် ဘယ်ကမ္ဘာ လှမလဲ။ ဒီရေစက်ကို ရှေ့ထိ တူတူဆက်ကြပါစို့လို့ မတိုက်တွန်းလည်း ဆက်ရှိနေမယ့် ရေစက်ပဲမဟုတ်လား....။

Wednesday, 9 October 2013

ယနေ့အတွက်သင်ခန်းစာ


“၈၀၀၀ လား အင်း ခဏစောင့်”
ဖုန်းထဲက ကြားနေရတဲ့ အသံတွေကို နားထောင်ပြီး သက်ပြင်းတစ်ချက်ရှိုက်မိသွားသလို ကိုယ်ကိုယ်တိုင်လည်း အရှက်ရမိသွား၏။ ၂၈ နှစ်ဆိုသည် အသက်သည် ရင့်ကျက်ဖို့တော့ ကောင်းပါပြီ။ ခုတော့ ညနေကျော်ရုံ ခုနှစ်နာရီဆိုသည့် အချိန်လေးမှာ အငှားကားတစ်စီးပေါ် တစ်ယောက်တည်းရောက်နေရုံလေးနဲ့ စိတ်အားမငယ်သင့်ဘူးမဟုတ်လား။ သူတပါးကို ဖုန်းဆက်အနှောင့်အယှက်မပေးသင့်ဘူးမဟုတ်လား။ သူမေးသည့် မေးခွန်းများကို ပြန်ဖြေရင်း အားနာလွန်းစွာ  ဖုန်းချချင်နေခဲ့သည်။ မဖြစ်သာလွန်းဟန်နှင့် သူ့ဘက်က ဖုန်းချဖို့ စကားစမှ ကျွန်မလည်း ဖုန်းချလိုက်ရတော့သည်။ သို့သော် ရင်မှာ စိုးထိတ်နေမှုက မလျော့ပါးသေး။
ကျွန်မ ညဉ့်နက်ပိုင်းများတွင် တစ်ယောက်တည်း အပြင်မထွက်ဖူးပါ။ မဖြစ်မနေထွက်ခဲ့သည်ရှိသော် စိတ်ချလုံခြုံရသည့် ခရီးသွားဖေါ်တော့ ပါသည်သာ။ အငှားကားဆိုလည်း စိတ်ချလုံခြုံသည့် အငှားကားသမားလိုမျိုး ခေါ်သွားတတ်သည်သာ။ အိမ်တွင် အစစအဖြည့်ဆည်းခံလူဖြစ်၍ပဲလားမသိ၊ ကျွန်မ ကြောက်တတ်ပါသည်။ အသဲငယ်သည်ဟု ဆိုချင်ဆိုကြပါစေ။ ကျွန်မ ကြောက်တတ်ပါသည်။

Tuesday, 8 October 2013

ရင်ဆိုင်ခြင်းဆိုတာ ကိုယ့်ရဲ့ တိုက်ပွဲခေါ်သံပဲ


ယိုင်နဲ့နေတဲ့ ကိုယ့်မျက်ဝန်းတွေကိုယ် ပြန်မကြည့်ချင်ဘူး။ သိတယ်။ ကိုယ်သိတယ်။ ဒီချိန်မှာ အားလျော့တာနဲ့ ပန်းတိုင်ဟာ အဝေးကြီးကို ပြေးလို့ပျောက်ကွယ်မယ်။ သိတယ်။ ကိုယ်သိတယ်။ကိုယ့်လက်နှစ်ဖက်က သွေးကြောတွေဟာအနီရောင်ပျောက်လုပြီ။ မတတ်နိုင်ဘူး။ ကိုယ့်လိုအင်အတွက် ကိုယ်ကြိုးစားရမှာပဲ။
အမြင်တွေကို ခဏမေ့ထားဖို့ ကိုယ့်ကိုယ်ကိုယ် ခိုင်းစေထားတယ်။ ဘဝတွေကို ခဏမေ့ထားဖို့ ကိုယ့်ကိုယ်ကိုယ်ခိုင်းစေထားတယ်။ အချစ်ကို ခဏမေ့ထားဖို့ကိုယ့်ကိုယ်ကိုယ်ခိုင်းစေထားတယ်။ လက်ရှိကိုယ့်အတွက်အရေးအကြီးဆုံးအရာ….ပန်းတိုင်။
ကိုယ့်စိတ်တွေ အင်အားလျော့လုလု။ ဒီချိန်မှာကိုယ်ဟာ တပ်ပျက်လုလု သရဲနီပဲ။ ဟင့်အင်း။ သရဲနီဆိုတာ ဘယ်လောက်ထိ တပ်ပျက်နေပါစေ၊ ပြိုင်ပွဲအဆုံးထိ ရေကုန်ရေခမ်းကစားတယ်။ အနုတ်လက္ခဏာပြနေတဲ့ ပြိုင်ပွဲရလဒ်ထက် ပရိသတ်အတွက် အစွမ်းကုန် ကစားပြနိုင်ဖို့ အဓိကထားတယ်။ ဟုတ်တယ်။ ကိုယ်ပန်းတိုင်ကို ကိုယ်ဆက်လျှောက်မယ်။ ဒါ ကိုယ့်အတွက် စိတ်ခွန်အားပဲ။

Friday, 4 October 2013

ငှက်ကလေးတစ်ကောင်အတွက်-၁၂


“ငှက်ကလေးတစ်ကောင်အတွက်-၁၂”

အိပ်မက်သီခွင့်မရတဲ့နေ့တွေကို ကိုယ် ငေးကြည့်နေရုံပဲ တတ်နိုင်ခဲ့တယ်။ မယုံချင်လည်းယုံလိုက်ရ။ ငှက်ကလေးမှာ ငှက်ကလေးတစ်ကောင် ရှိနေတယ် တဲ့။
ကမ္ဘာက တဖြည်းဖြည်းအညိုရောင်သမ်းလာတယ်။ ငှက်ကလေးက ကိုယ်နဲ့ ဝေးသထက်ဝေးသွား။ ဒါပေမယ့်လည်း ကိုယ့်အတွက်ချန်ခဲ့တာက အလွမ်းနဲ့ ကြေကွဲခြင်းတွေ။ ဆူးစူးဖူးတဲ့ ယုန်သူငယ်လိုပဲ။ ငှက်တစ်ကောင်ရဲ့ အရိပ်အယောင် မြင်တိုင်း ငေးကြည့်ရမှာ ကြောက်တတ်လာခဲ့ပြီ။ နောက်တစ်ကြိမ် အချစ်ဆိုတဲ့ နွံကို ဆက်ကျွံမိမှာစိုးလို့ပါ။ ဒါပေမယ့်လည်း ငှက်ကလေးဟာ ကိုယ့်အတွက် ငှက်များစွာထဲက ငှက်တစ်ကောင်အဖြစ်ထက် ထူးခြားခဲ့တယ်။
မနက်မနက်ဆို ငှက်ကလေးတွေစာကလေးတွေ သိပ်ဆူတာပဲ။ မြင့်မိုရ်ပိတ်ကနေဝင်လာတဲ့ သူတို့က အိမ်ထဲကို သူတို့ဘာသာဝင်လာပြီး သူတို့ဘာသာ ပြန်ထွက်သွားကြတယ်။ ကိုယ့်စိတ်ကတော့ မနက်ခင်းတိုင်းမှာ ငှက်ကလေးတစ်ကောင်ဆီ အပြေးသွားမိရဲ့။ အိုး နေ့ခင်းဟာ ငှက်မွေးအိမ် ကျနေတာပီ။ ကျလိကျလိနဲ့ ဆူညံနေလိုက်တာ။ ကိုယ်မောင်းမထုတ်ရက်ခဲ့ဘူး ငှက်ကလေးရေ။ သူတို့ကိုကြည့်ရင်း သူ့ကို လွမ်းမိတဲ့အလွမ်းကိုဖြေသိမ့်နေရ၊ ကိုယ်တရားမျှတပါရဲ့လား။

Thursday, 3 October 2013

အထီးကျန် ည


“အထီးကျန်ည”

ည။ ရှင်းလင်းနေသည်။ အတွေးတွေရှင်းလင်းနေသည်။ ဖြစ်ချင်စိတ် ရှင်းလင်းနေသည်။ တစ်ခုခုကို စိတ်ပါလက်ပါ တွေးတောချင်စိတ်မရှိသလို စာဖတ်ဝါသနာပါသူဖြစ်ပြီးစာဖတ်ချင်စိတ်မရှိသည်မှာလည်း ထူးဆန်းနေပါသည်။ညသည် တိတ်ဆိတ်ခြင်းကို လိုအပ်သူအတွက် တိတ်ဆိတ်ခြင်းတို့ပေးနေသော်ငြား အိပ်စက်ချင်သူအတွက် အိပ်ချင်စိတ်တို့ သယ်ဆောင်မလာပါ။ စိတ် ရှင်းလင်းခြင်းဟူသည့် ခံစားချက်တစ်ခုသာပေးနေသည်။

Wednesday, 2 October 2013

ချစ်သူ...တဲ့လား

“ချစ်သူ…တဲ့လား”
 (၁)
            “ချစ်တယ်”။ ဟင့်အင်း ဒီစကားကို ကျွန်မ နောက်ထပ်မသုံးနိုင်တော့ဘူး။ ချစ်တယ်ဆိုတဲ့ စကားကို နောက်ထပ်မသုံးနိုင်တော့ဘူး။ ခွင့်မလွှတ်ပါနဲ့။ ကျွန်မကို ခွင့်မလွှတ်ပါနဲ့။ ” ချစ်တယ်ဆိုတဲ့ စကားကို တစ်စုံတစ်ယောက်ဆီမှာပဲ ကျွန်မ မြုပ်နှံထားလိုက်မိပြီ။ နောက်တစ်ယောက်ဆီပြောင်းဖို့ အင်အားမရှိသေးသလို နောက်ထပ်နောက်ထပ်လည်း လက်ဆင့်ကမ်းဖို့ အင်အားမရှိတော့။
            ကျွန်မကို ငေးကြည့်နေသည့် ဇေယျမျက်ဝန်းများမှ အကြည့်လွှဲလိုက်ရင်း တမင်တကာ အေးစက်မာကြောသည့်အသံဖြင့် စကားစလိုက်သည်။
            “ကျွန်မ လက်မခံနိုင်ဘူး ကိုဇေယျ အချစ်ဆိုတာကို နောက်တစ်ခေါက်မြည်းစမ်းဖို့ ကြောက်သွားပြီလို့ပဲ မှတ်ပေးပါ”
            “ဘာဆိုင်လို့လဲ ဘာဆိုင်လို့လဲဗျာ မနှင်းဦး အချစ်ကို ကြောက်တယ်ဆိုတာကို ကျွန်တော် နားလည်ပေးနိုင်ပါတယ် ဒါပေမယ့် ဒီလိုယတိပြတ်ကြီးငြင်းမယ့်အစား ကျွန်တော့်ကိုကော တစ်ခါလောက်…”
            ဆက်မလာသည့် သူ့စကားအတိမ်အနက်ကို နားလည်လိုက်ပါသည်။ သို့သော် ကျွန်မ လက်မခံနိုင်။
            “ဒီနေ့ ကိုဇေယျက ကျွန်မကို ဘာမှမပြောခဲ့ဖူး လို့ပဲ မှတ်လိုက်ပါ့မယ် သွားတော့မယ်”
            ဇေယျဆီမှ ခွင့်ပြုချက်မရခင်မှာပင် ကျွန်မ လှည့်ထွက်လာမိသည်။ ခြေလှမ်းတို့ကိုလည်း မပြေးရုံတမယ်လှမ်းရင်း။

Tuesday, 1 October 2013

အနားတို့မညီသော်လည်း စတုဂံဟုခေါ်ပါသည်

“အနားတို့မညီသော်လည်း စတုဂံဟုခေါ်ပါသည်”
            “ဂျောက် ”
အိမ်ရှေ့မှ တံခါးဖွင့်သံကြားရ၏။ အိပ်နေသော သားကိုယ်ခန္ဓာလေး ဆက်ခနဲ တုန်သွားတာ သတိထားမိသည်။
မိသောင်း ကိုယ်ပေါ်မှ စောင်ကို ခွာ၍ ဖြည်းဖြည်းချင်းထရပ်လိုက်သည်။ ထို့နောက် အိမ်ရှေ့သို့ ထွက်ခဲ့လိုက်တော့ ယိုင်ထိုးနေသည့် အရိပ်ကြောင့် ကိုတင်သန်းမှန်း သေချာသွားသည်။ တထောင်းထောင်းထနေသည့် အနံ့များကြား ကြိတ်မှိတ်အသက်ရှူရင်း သွားတွဲလိုက်သည်။ မတွဲခင်က အနည်းငယ်မတ်နိုင်သော ခန္ဓာကိုယ်သည် တွဲလိုက်သည့်အခါ ပို၍ ယိုင်ထိုးလာသလိုထင်ရ၏။ မိသောင်းဘက်သို့ ကိုတင်သန်းတစ်ကိုယ်လုံး စောင်းပါလာသည်။ မနိုင်မနင်းတွဲရင်း ဘုရားခန်းမှာ အသင့်ခင်းထားသည့် အိပ်ယာပေါ်သို့ တင်လိုက်သည်။ ဒီနေ့က အိမ်ရဲ့ တစ်ခုတည်းသော အိပ်ခန်းကို  သားလေးအား အပိုင်စားပေးထားသည်မဟုတ်ပါလား။
ထို့နောက် ကိုတင်သန်းဘေးတွင် ထိုင်ကာ ကိုတင်သန်းအိပ်ယာမှ အနိုးကို စောင့်နေလိုက်မိသည်။ အကယ်၍များ ကိုတင်သန်းကသာ သူမပြောသည့် ကိစ္စကို  လက်မခံနိုင်ဘူးဟုများပြောခဲ့လျှင်ဖြင့် သူမ ထွက်သွားမည်ဟူသည့် ဆုံးဖြတ်ချက်ကလည်း ခိုင်ခိုင်မာမာဖြင့်……………။

Friday, 27 September 2013

ငှက်ကလေးတစ်ကောင်အတွက်-၁၁


“ငှက်ကလေးတစ်ကောင်အတွက်-၁၁”
ကိုယ်က ရေညှိစိမ်းမဟုတ်ပေမယ့်လည်း ချစ်ရသူအတွက်ဆို ဟောဒီလက်ဖျံကသွေးကို ထုတ်ပေးရက်ခဲ့သူပါ။ ကိုယ့်လက်ဖျံသွေးမှာ မင်းအတွက် အားအင်မရနိုင်တာကတော့ ကိုယ့်အားနည်းချက်ပေါ့။ ငှက်ကလေးရေ အိပ်မက်က မနိုးသေးဘူးလား။ မင်း သိပ် အအိပ်မက်လွန်းတယ်။ မင်း သိပ်တွေးတတ်လွန်းတယ်။ မင်း သိပ် အားနာတတ်လွန်းတယ်။
သတ္တဝါကွဲ့၊ သတ္တဝါ။ အသက်ရှိတယ်။ စိတ်ရှိတယ်။ လွတ်လွတ်လပ်လပ်နေခွင့်ရချိန်မှာ ဘာ့ကြောင့်များ ကိုယ့်ကိုယ်ကို ကြိုးတွေနဲ့ တုပ်နှောင်ထားပါသလဲ။ ရယ်၊ မင်းရယ်ချင်ရယ်ပစ်လိုက်၊ ငို မင်းငိုချင် ငိုပစ်လိုက်၊ ပြုံး မင်းပြုံးချင် ပြုံးပစ်လိုက်။ တစ်ခါတလေမှာ အစဉ်အလာဆိုတာ ခေါင်းငုံ့ဖို့ထက် တော်လှန်ဖို့လိုအပ်တယ်။

မိန်းမသားအချစ်


“မိန်းမသား အချစ်”
သူနဲ့ ကျွန်မနဲ့ ခင်မင်တာကြာပါပြီ။ ဟိုးတလောကမှ စကားပြောရင်းသတိထားမိတာ သူ့လေသံ၊ သူ့အတွေးတွေဟာ ယောက်ျားဝါဒီဆန်နေပါ့လား ဆိုတာပါပဲ။ ဟင့်အင်း။ ကျွန်မ ဘာမှ မဖြစ်ပါဘူး။ ကျွန်မ ဘာဖြစ်ရမှာလဲ။ သူနဲ့ ကျွန်မဟာ အရိုးသားဆုံးအရှင်းသန့်ဆုံး ခင်တဲ့သူတွေ။ ကိုယ်ခင်တဲ့သူတစ်ယောက်ဟာ ဒီလိုလူပါ့လား ဆိုတဲ့အသိကလွဲလို့ ကျွန်မအတွက် ဘာမှ ထူးခြားဆန်းကြယ်မလာပါဘူး။ ဒါပေမယ့် တွေးမိတဲ့ အတွေးတစ်ခုက ယောက်ျားဝါဒီတစ်ယောက်ယောက်ကိုသာ ချစ်သူတော် ခဲ့မိရင် ဆိုတဲ့အတွေးလေးပါပဲ။ ဟုတ်တယ။် အိုး ကျွန်မ သိပ်ကြောက်တာပဲ။ မဟာဖိုဝါဒီကြီးတစ်ယောက်ယောက်ကိုသာ ချစ်သူ အဖြစ်တော်ခဲ့မိလို့ရှိရင် ကျွန်မ ဘဝပျက်သွားမလားပဲ။

Sunday, 22 September 2013

ကယ်တင်ရှင်

“ကယ်တင်ရှင်”

အိပ်သည်။ ကျွန်တော် အိပ်နေသည်။ ရိုးရိုးတန်းတန်းအိပ်နေခြင်းမဟုတ်ပါပဲ အိပ်မက်တောကြီးထဲတွင် လှည့်လည်နေထိုင်ရင်း အိပ်နေသည်။ နိုးထဖို့မည်သို့ပင် အားယူပါစေ၊ နိုးထဖို့ မတတ်နိုင်ခဲ့။ အိပ်မက်၏ ဖြားယောင်းမှုတွင် ပါသွားရကာ မျက်လုံးဖွင့်ဖို့ မစွမ်းသာတော့။
ဟုတ်၏။ကျွန်တော် အိပ်နေသည်။ ကျွန်တော့်မျက်ခွံသည် လက်ရှိအချိန်တွင် မ  ရ အခက်ဆုံးသော နံရံကြီးဖြစ်လာသည်။ မည်သည့် ဝန်ချီစက်နှင့်မျှ မ မ နိုင်တော့။ မျက်ခွံတစ်ဖက်ကိုအသာအယာ မ ကြည့်သည်။ တုတ်တုတ်မျှမရွေ့။ ငါ ထ သင့်ပြီဟူသည့်အသိဖြင့် နောက်တစ်ခေါက်ကြိုးစားသည်။ သို့သော် ဆံချည်တမျှင်စာမျှတောင် ကြွတက်မလာခဲ့။ အိပ်စက်ခြင်းတွင် ဖြားယောင်းမှုရှိကြောင်း သိလိုက်ရ၏။ မျက်ခွံကို မ ရန်ကြိုးစားနေသော ကျွန်တော့်အား ချိုမြိန်သာယာသော အိပ်မက်သည် အနံ့အသတ်အရိပ်အငွေ့ပေးလေပြီ။ ထိုအနံ့၊ ထိုအရိပ်နောက်သို့ လိုက်ချင်စိတ်ကို ထိန်းနေရသည့်အရသာ။ သေချာသည်။ ဒီမျက်ခွံကို ဆက် မ ဖြစ်မည်ဟု ကျွန်တော် အာမ မခံနိုင်တော့။ မျက်ခွံတို့အား ခေတ္တအနားပေးရန် ဆုံးဖြတ်ချက်ခြင့် မ ဖို့ကြိုးစားနေသည့် စိတ်အား လျှော့ချလိုက်သည်။ ထိုအခါ စိတ်သည် အိပ်မက်နောက်သို့ ကောက်ကောက်ပါအောင် လိုက်လေတော့၏။ ထိုသို့ဖြင့် မျက်ခွံကိုမရန် ယာယီမေ့ပြန်လေ၏။
လူတို့၏ စိတ်ကား ထူးဆန်းလှသည်။ အိပ်မက်ဆိုး မှန်းသေချာနေခဲ့လျှင် ဒါအိပ်မက်ဆိုး၊ ဟု တွေးရင်း မရမက ရုန်းထွက်မှ ကြောက်ရွံ့နေရသည့် စိတ်ခံစားချက်က လွတ်မြောက်မည်ကိုသိ၏။ ထို့အတူ ကြိုးလည်းကြိုးစားနိုင်၏။ သို့သော် မူးယစ်ဖို့ကောင်းသော အိပ်မက်ချိုချိုလေးများတွင်မူ ပြင်ပ အနှောင့်အယှက်မပါပဲ တော်ရုံတန်ရုံ အိပ်ယာမှနိုးထဖို့ဆိုသည်မှာ ခက်ခဲလှသည်။

ပန်းလေးတစ်ပွင့် တရွေ့ရွေ့နှင့် လှမ်းလာနေသည်


လန်းဆန်းလှပလွန်းသော ပန်းလေးတစ်ပွင့်သည် တရွေ့ရွေ့နှင့် ကျွန်မအနီးသို့ တိုးကပ်လာနေသည်။ ထိုပန်းလေးသည် ကျွန်မအတွက်လား။ သို့မဟုတ် တခြားတစ်ယောက်အတွက်လား။ နေပူထဲတွင် ရပ်စောင့်နေရသူအဖို့ ပန်းတစ်ပွင့်၏ အေးမြလက်ဆက်မှုကို ရှုရှိုက်ခွင့်ရလိုက်လျှင် လိုအပ်နေသော အေးမြမှုသည် နှလုံးသားထဲထိ တိုးဝင်သွားနိုင်လိမ့်မည်။
ထိုပန်းလေး၏ ပိုင်ရှင်သည် မည်သူ့ကို ရည်ရွယ်ပေးပါသလဲ။ ပန်းလေး၏ ရည်ရွယ်ချက်ကို ပန်းပွင့်လေး၏ ပိုင်ရှင်သာ သိပါလိမ့်မည်။ ပန်းပွင့်လေးကတော့ တရွေ့ရွေ့နှင့် လှမ်းလာနေဆဲ။ ကျွန်မနှင့် လက်တစ်ကမ်းအကွာတွင် ဝဲလှည့်နေသည်။ ထိုပန်းပွင့်လေးကို ကျွန်မ လှမ်းယူ၍ ရမည်မဟုတ်မှန်း စိတ်တွင် သိနေသည်။ ထိုပန်းပွင့်လေးကို ကျွန်မမှမဟုတ်။ တခြားမည်သူမှလည်းယူ၍ မရနိုင်။ ပန်းပွင့်ပိုင်ရှင်စေညွှန်သည့်နေရာတွင်သာ ပန်းပွင့်လေး ရှိနေပေလိမ့်မည်။
ပန်းပွင့်ပိုင်ရှင်သည် ပန်းပွင့်လေးအား မည်သူ့ထံသို့များ စေညွှန်လိုက်ပါသလဲ။ အခွင့်ရှိရင် သိချင်စမ်းပါဘိ။ ထိုပန်းပွင့်လေးသည် ကျွန်မအတွက် ရည်ရွယ်လေသလား။ သို့မဟုတ် အခြားတစ်နေရာအတွက်လေလား။
စကားမစပ် ဆိုရပါဦးမည်။ ကျွန်မသည် နေပူထဲတွင် ရပ်နေသူတစ်ဦးဖြစ်ပါသည်။ ရိုးရိုးတန်းတန်းရပ်ရုံသာမဟုတ်။ တစ်ခုခုကို စောင့်မျှော်နေသူသာဖြစ်သည်။ ထိုတစ်ခုခုသည် တစ်စုံတစ်ယောက်ထံတွင်သာ ရှိပါသည်။ ထိုတစ်စုံတစ်ယောက်သည် ပန်းကလေး၏ ပိုင်ရှင်ဖြစ်သည်ဆိုသည်မှာ အထူးပြောစရာပင်မလိုပါ။
ဟုတ်ပါသည်။ ပန်းကလေး၏ ပိုင်ရှင်ထံမှ ကျွန်မ တစ်စုံတစ်ခုကို စောင့်မျှော်နေပါသည်။ ထိုအရာမှာ…။

Thursday, 12 September 2013

ချစ်သူ နှင်းဆီညို

ကျွန်တော့်အတွက်တော့ သူမသည် အဆိပ်ပြင်းလွန်းသည့် နှင်းဆီပဲ ဖြစ်သည်။ ရိုးရိုးနှင်းဆီမဟုတ်သည့် အဆိပ်ရှိသော ဆူးများကာရံထားသော နှင်းဆီရိုင်း။ နှင်းဆီရနံ့ကို ရှုရှိုက်ဖို့မပြောနှင့်၊ လက်ကလေးနှင့် အသာအယာတို့ထိဖို့ကိုပင် ကျွန်တော် မရဲဝဲ့ခဲ့။ သူမ၏ အဆိပ်ပြင်းလွန်းသော မာယာဆူးများကို ငေးကြည့်ရင်း ကိုယ်ကိုယ်ကို ကျွမ်းကျင်သည့် ပန်းဆွတ်သမားမဟုတ်ဟု သတိပေးနေရသည်မှာ အခါခါဖြစ်သည်။ ထိုကဲ့သို့ ကြိုရှောင်ခဲ့ပါလျှက်နှင့် သူမ၏ အဆိပ်မိခဲ့သည်ဟုဆိုလျှင် ကျွန်တော် ညံ့ဖျင်းလွန်းရာများကျနေလေမလား။
“အဲဒီနေ့က  ကျွန်တော် မလာခဲ့ပါဘူး။ ဟုတ်တယ်။ ကျွန်တော်မလာခဲ့ဘူးလို့ မှတ်မိပေးပါ။ ခင်ဗျားရဲ့ ပါးလျလွန်းတဲ့ ဆံပင်နုဖျော့ဖျော့ တိတိကျကျဆိုရရင် အညိုဖျော့ဖျော့တွေ ကျွန်တော့်ကို မမှတ်မိဘူးမဟုတ်လား။ လေနဲ့ယိမ်းကနေတဲ့ ခင်ဗျားဆံပင်တွေက ကျွန်တော့်ထွက်သက်ဝင်သက်ရနံ့ကို သူတို့ ရှုရှိုက်မိသွားကြတယ်။ အဲဒီနေ့က ကျွန်တော်မလာခဲ့ဘူး။ ခုံတန်းပြာလေးကို ကျွန်တော်မလာခဲ့ဘူးလို့ မှတ်မိပေးပါ။”
အတွေးနှင့်အတူ မျက်လုံးအစုံကို မှိတ်လိုက်မိ၏။ ယောက်ျားသားတစ်ယောက်လည်း မျက်ရည်ကျတတ်ပါတယ်ဆိုသည့် စကားကိုကြားလျှင် သူမ ဟားတိုက်ရယ်မောနေလောက်ပါသည်။

ကိုယ် လူငယ်လေးဖြစ်ပါသည်


“ငါ လုပ်ခိုင်းတဲ့ အတိုင်း လုပ်စမ်းပါ”
“ငါ သွားခိုင်းတဲ့ နေရာသွား”
“ငါ့ကိုပြန်လှန်မမေးနဲ့”
စေတနာ ဟူသည့် စကားလေးသုံးခွန်းဖြင့် ကိုယ့်လိုအင်ကို တစ်ခုမှ မမေးပါပဲ ထိန်းချုပ်သွားကြသည်။ ကိုယ့်တွင် ခြေလက် မရှိတော့။ ကိုယ့်တွင် ဦးနှောက်မရှိတော့။ “လူကြီးက ကောင်းစေချင်လို့ လမ်းညွှန်ပေးတာ အမြင့်တင်ပေးတာကို ခုန်ခုန်မဆင်းနဲ့” စသည့်စကားတို့ဖြင့် ကိုယ်သည် မသွေးတာကြာသော ဓါးကဲ့သို့ မတွေးသော ဦးနှောက်အတုံးကြီးကို ပိုင်ဆိုင်လိုက်ရလေပြီ။
ကိုယ် လုပ်ချင်သောအရာသည် ဘာဖြစ်ပါသလဲ။ တကူးတကစဉ်းစားကြည့်သော်လည်း ထွက်ရှိမလာတော့။ ကိုယ်ပိုင်ဆိုင်ချင်သော အရာသည် ဘာဖြစ်ပါသလဲ။ ကိုယ့်ဦးနှောက်ကြီး တုံးလေပြီ။ ကိုယ် လက်ရှိလုပ်နေသော အလုပ်သည် လုပ်သင့်သည်ဟု လူကြီးတွေ သတ်မှတ်ပေးသော လမ်းကြောင်းဖြစ်၍ ကိုယ်ပိုင်သမျှသော အရာတို့သည် ပိုင်ဆိုင်သင့်သည်ဟူသည့် စွဲချက်ဖြင့် ကိုယ့်လက်တွင် ထားရှိထားသည့်အရာများဖြစ်ကြသည်။
ကိုယ်သည် လူငယ်ဖြစ်သည်။ ကိုယ်ဖြစ်ချင်သည့်အရာကိုသာ လုပ်လျှင် လမ်းမှားနိုင်သည်။ ထိုအဆိုကို လက်ခံပါသည်။ သို့သော် လမ်းမှားမှာစိုးလျှင်လိုအပ်သည့် အသိပညာတို့ကို ဖြည့်ဆည်းပေး၍ မရနိုင်လေသလော။ ခုတော့ လူငယ်ပီပီ လမ်းမှားမည်စိုးသဖြင့် လူကြီးပေးသမျှ လမ်းကြောင်းပေါ် လျှောက်လမ်းနေရသည်။ တကယ်ဆို  လမ်းမမှားဖို့ ကိုယ့်တွင်သာ တာဝန်ရှိပါသည်။ အကယ်၍ မှားသွားခဲ့လျှင်လည်း နောက်ထပ်မမှားစေရန် ရှောင်ဖယ်နိုင်သည့် အရာ တွေ့ရှိခြင်းမဟုတ်ပါလား။
ခုတော့ ကိုယ် လက်နှင့် ခြေကို ငြိမ်ငြိမ်လေးထား၍ ဦးနှောက်ကြီးကို မသွေးပဲ နေနေရပါသည်။

Thursday, 29 August 2013

မြေစာအို

 (၁)
 ရင်ထဲမှာ တဆစ်ဆစ်နဲ့ နာနေလိုက်တာ။ သားနဲ့ မတော်ရသေးတဲ့ ချွေးမလောင်းကတော့ဖြင့် သူမအား မြေးဦးကို ဆုံးရှုံးလိုက်ရတဲ့ ဘွားအေတစ်ယောက်အဖြစ် မမြင်ကြလေဘူးထင့်။
သေချာအောင်ထပ်မေးလိုက်မိသည်။
“သား နင် တကယ် အဲ့ဒီလိုလုပ်မှာလား”
 ခေါင်းငြိတ်ပြလိုက်တဲ့ သားကို သူမ တိတ်ဆိတ်စွာသာ ငေးကြည့်နေလိုက်မိသည်။ အမေဖြစ်သူရဲ့ မျက်နှာကို မဖတ်တတ်တဲ့သား ဟူ၍လည်း အပြစ်မတင်လိုတော့ပြီ။ ကိုယ်တိုင်ကိုက ပဲ့ပြင်ဆုံးမနိုင်အား နည်းခဲ့တာကိုးဟုသာ သူမကိုယ်သူမ အပြစ်ဖို့မိချေပြီ။
 “ဆန်သွားဆေးလိုက်ဦးမယ် ”
 ကျလုဆဲဆဲ မျက်ရည်အားထိန်းလိုက်ရင်း သားနှင့် ချွေးမ မမည်သော ချွေးမလောင်းရှေ့မှ ထွက်လာလိုက်သည်။
 “မဟုတ်ဘူးလေ အမေ သားကို ပိုက်ဆံနည်းနည်းစီစဉ်ပေးပါဦး အဲ့ဒါလုပ်ဖို့က ငါးသောင်းလောက်ကုန်မယ်တဲ့ ငါးသောင်းလောက်စီစဉ်ပေးပါ နောက်တစ်ခါဆို ဒီလိုမဖြစ်စေရပါဘူး အမေ့…”
“ဟဲ့ ငါ့မှာဘယ်လိုလုပ်ရှိမှာလဲ အိမ်ငှားဖို့စုထားတာတောင် ၃၀၀၀၀လောက်ပဲရှိသေးတယ်”
 နောက်မှလိုက်လာသည့် သား၏  တီးတိုးပြောသံကြောင့် သူမ ငေါက်လိုက်တော့ သား၏ မျက်လုံးက သူမလက်ကိုကြည့်နေသည်။ သက်ပြင်းတစ်ချက်ချလိုက်ရင်း လက်က လက်စွပ်ကိုချွတ်လိုက်မိ၏။ ဒါ ဟိုးတလောကမှ သူမ လုပ်အားခတွေစုပြီးလုပ်ထားသောလက်စွပ်လေး။ ယူပါစေတော့လေ ဟုတွေးရင်း သားထံပေးကာထွက်လာလိုက်မိသည်။ ကိုယ့်သွေးသားရင်း ဆုံးရှုံးတာတောင် ကြုံပြီးမှတော့ ဒီလက်စွပ်တစ်ကွင်းက ဘာအရေးလဲကွယ်။ လေးလံနေသည့်ခြေလှမ်းတို့အား ပေါ့ပါးသွက်လက်နေသယောင်ဟန်ဆောင်ရင်း အိမ်နောက်ခန်းသို့ အပြေးဝင်မိချေပြီ။
 တကယ်ဆို ကိုယ့်ဘာသာပိုက်ဆံရှာပြီး မအေမသိအောင်လုပ်ကြပါတော့လား။ တနင်္ဂနွေကို သူမ မုန်းမိပြီ။ထိုတနင်္ဂနွေတွင်သာ အလုပ်မနားခဲ့မိပါက၊ ရန်ကင်းသွားခဲ့မိပါက ဘယ်လောက်ကောင်းလိမ့်မလဲလေ။ ခုတော့….။
(-၂)
 “သူဇာ လက်မထပ်ချင်သေးလို့လား….. လက်ထပ်ရင် အိမ်ခန်းတွေ ငှားနေစရာမှမလိုတာ ကိုယ်နဲ့အမေနှစ်ယောက်တည်းပဲဟာ အခုအိမ်မှာပဲနေလို့ရတာပဲ”
 သဲ့သဲ့ကြားနေရသော စကားကို နားစွင့်ရင်း သူမ စိတ်လှုပ်ရှားနေမိသည်။ သူဇာဆိုသည့် ကလေးမက သားဖြစ်သူ နိုင်ဦးနှင့် ရည်းစားဖြစ်နေတာကြာပြီ။ လမ်းမှာ အသွားအလာပြုရင်းတွေ့ဖြစ်သော်လည်း ပြုံးပြနှုတ်ဆက်ရုံထက်မပိုခဲ့။ သူဇာတို့ မိသားစုက သူမတို့မိသားစုထက် ပိုမိုပြည့်စုံသည်မို့ သဘောမတူစရာလည်း မရှိခဲ့ပါ။ သို့သော် သူများချွေးမလောင်းများလို လမ်းမှာတွေ့တိုင်း သူမကို ဟက်ဟက်ပက်ပက်မရှိတာကိုတော့ စိတ်အနည်းငယ်ခုမိသည်။ သို့သော် သူဇာနှင့် ဆုံတိုင်း အတတ်နိုင်ဆုံး ပြုံးပြုံးချိုချိုသာ စကားပြောဖြစ်ခဲ့သည်။ ထိုကောင်မလေးကတော့ သူမကို အရေးမစိုက်ဟန်နှင့်။ ယနေ့မှာတော့ တနင်္ဂနွေ အလုပ်ပိတ်ရက်ကြီး တွင် သားက သူဇာ့ကို အိမ်သို့ခေါ်လာခဲ့ခြင်းပင်။ ဘာတွေတိုင်ပင်စရာရှိပါလိမ့်ဟုတွေးရင်း ဆက်နားစွင့်နေမိသည်။ ဒီနေ့ သူမက ရန်ကင်းဘက်ခဏသွားဦးမည်ဟု ပြောထားသဖြင့်အိမ်တွင် သူမရှိမည်ဟု သားသိလိမ့်မည်မထင်။
ဖျတ်ခနဲပြုံးလိုက်သော သူဇာ့မျက်နှာပေါ်မှ အပြုံးကို ဒေါ်သောင်းဦးမကြိုက်။ အရာရာကို သိနားလည်နေသည့် ကိုယ့်ကိုယ်ကို အထင်ကြီးသည့်အပြုံးဟု တိတ်တဆိတ်မှတ်ချက်ချလိုက်မိသည်။
သို့သော် သူဇာ့ခေါင်းခါလိုက်ဟန်ကိုကြည့်၍ သူမပျော်သွားမိသည်။ တချိန်ချိန်မှာ လက်ထပ်မှာပေမယ့် ယခုချိန်မှာ လက်ထပ်မယ်ဆိုလျှင် ဖြည့်ဆည်းပေးနိုင်ဖို့ အင်အား သူမမှာမရှိသေးပါ။ သားလေးချို့ချို့တဲ့တဲ့နှင့် မင်္ဂလာဆောင်ရပေမည်။ သားလေးနှင့် သူမ နှစ်ဦးသာရှိသည့် ဘဝမှာတောင် တခါတရံ သားလေး ပ့န်းရန် အလုပ်နားရသည့်အခါမျိုးတွင် သူမလုပ်စာသာ ထိုင်စားနေကြရသည်မဟုတ်ပါလား။ ထိုအထဲကမှ အိမ်ငှားဖို့ ပြန်စုရသေးသည်။ သူတို့ကိုသာ ယခုအချိန်တွင် လက်ထပ်ပေးလိုက်ပါက အတွေးမဆုံးခင် ခေါင်းယမ်းလိုက်မိသည်။
 “မဟုတ်ဘူးဆိုရင် ဘာလို့ ကိုယ်တို့ကလေးကို ဖျက်ချမှာလဲကွာ”
အိုး ကလေးဖျက်ချမယ် တဲ့လား။ ဖျတ်ခနဲ ပြေးထွက်လုလုခြေလှမ်းတို့ကို မနည်းထိန်းလိုက်ရသည်။ ဒါဆို သူမမှာ မြေးလေးရှိနေပြီပေါ့ ဟူသည့်အတွးနှင့် တလှိုက်လှိုက်ခုန်တက်လာသော ပီတိတို့ကို တားမြစ်မရခဲ့။
 “ကိုယ်တို့အသက် ငယ်သေးတယ်လေ.. ခုမှ နှစ်ဆယ့်တစ်ပဲရှိသေးတာကို နောက်သုံးနှစ်လောက်ဆိုရင်တော့ စဉ်းစားမှာပါ”
 သား ပခုံးအား ခပ်ဖွဖွကိုင်ကာ ပြောလိုက်သော သူဇာ့စကားကို ကြားတော့ သူမ စိတ်အားလျော့စွာဖြင့် ပုဆစ်တုပ် ထိုင်ချလိုက်မိသည်။  နောက်သုံးနှစ်ဆိုလျှုင်လည်း တစ်ခုခုနှင့် ငြင်းပစ်မှာသေချာပါသည်။ ဒီလိုအချိန်မှာတောင် စည်းမစောင့်သည့် သူတို့နှစ်ယောက်ဟာ နောက်သုံးနှစ်ကြာမည်ဆိုလျှင်တော့ လက်ထပ်ဖို့ အသီးသီး ငြီးငွေ့သွားပါလိမ့်မည်။
တံခါးပိတ်သံတို့ကို အတိုင်းသားကြားနေရသော်လည်း သူမ ထွက်ပြီးတားမြစ်ဖို့ ဆွံ့အနေမိသည်။ ဒီချိန်မှာ သူမ ပါးစပ်က ထွက်လာမှာက တစ်ခွန်းတည်းသာဖြစ်သည်။
“ကလေး ဖျက်မချပါနဲ့ ဟူ၍ပင်။ သူမ တားရင် သား လက်ခံပါ့မလား၊ သားလက်ခံရင်တောင် သူဇာက လက်ခံပါ့မလား ဟူသည့် မရေမရာအတွေးများစွာတို့ကို ထိုတစ်နေ့လုံးသယ်ဆောင်နေမိရင်း။
 (၃)
 “အစ်မရယ် မငိုပါနဲ့ သူတို့က နားမှမလည်ကြတာကိုး”
 “မဟုတ်ပါဘူး ရွက်ဝါရယ် မိဘကလည်းသဘောတူရဲ့နဲ့ ဘာ့ကြောင့်များကိုယ့်သွေးသားကို ဖျက်ဆီးချင်ရတာလဲ သူတို့ကို တကယ်နားမလည်လို့ပါ အိမ်ထောင်သည်ဘဝကိုမလိုချင်ရင်လည်း ဘာ့ကြောင့်များ…ကမြင်းကြောထခဲ့ကြသေးလဲဟယ် ခုတော့ ကိုယ်ဝန်ဖျက်ချတာက သူတို့ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတော့ ငါ”
 “အစ်မရယ် စိတ်လျှော့ပါ ဟင်း…….နိုင်ဦးတို့ကလည်းခက်ပါတယ် ဒါ့ထက် အစ်မ လက်စွပ်ကော”
 အလုပ်ရှင် ရွက်ဝါ၏ မေးသံကြောင့် ဒေါ်သောင်းဦး ခပ်ယဲ့ယဲ့လေးပြုံးပြလိုက်မိရင်း
 “သူတို့အတွက် ပေးလိုက်ရတယ်လေ ဖျက်ချဖို့ ပိုက်ဆံလိုတယ်တဲ့”
 ဖြေအပြီးမှာ ခပ်မဲ့မဲ့လေးပြုံးရင်း မျက်လုံးထောင့်စွန်းမှ ပြိုကျတော့မည့် မျက်ရည်စတို့အား လက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်လိုက်မိ၏။ ရွက်ဝါဆိုသည်က အလုပ်ရှင်ပေမယ့် သူမအတွက်တော့ ညီမတစ်ဦးကဲ့သို့ ရင်ဖွင့်ရာ၊ တိုင်ပင်ရာ၊ အားကိုးရာတစ်ခုဖြစ်သည်မလား။
 “မအေ့လုပ်စာတောင် မရှောင်ပါ့လား အစ်မရယ် သူ့ပန်းရံကရတဲ့ လစာတွေကျ ဘယ်နားသွားသုံးထားလို့တုန်း”
 ရွက်ဝါ၏ မခံမရပ်နိုင်ဟန်နှင့်မေးသည့် စကားသံကြားတော့ စိတ်ဝယ်နွမ်းချိနေသည့်ကြားမှ သူမ ပြုံးမိပြန်သည်။
 “ကောင်မလေးကတော့ ပြောပါတယ် လကုန်ရင် သူပြန်ဆပ်မယ်တဲ့”
 ထိုစကားဖြေအပြီးမှာ သူမရင်ထဲဝယ် စူးနင့်လာပြန်သည်။ လောကကိုမျက်လုံးစုံဖွင့်ကာ နိုးထဖို့အားယူနေသည့် သန္ဓေသားအား ကိုယ့်သွေးသားအဖြစ်မမှတ်ယူချင်သူတို့အား မုန်းသည်။ သားကိုလည်း မုန်းသည်။ ချွေးမလောင်းကိုလည်းမုန်းသည်။ အို..အရာအားလုံးကို မုန်းပါသည်လေ။ ကိုယ့်သားသမီးအပေါ် ပဲ့ပြင်ဆုံးမနိုင်စွမ်းမရှိသည့် သူမကိုယ်သူမလည်း မုန်းမိပြီ။
 “ရွက်ဝါ မကြီး ဒီနေ့ နေ့တဝက်နဲ့ ပြန်မယ်နော် ရလား”
 “ရတယ် အစ်မ ရတယ် အိမ်အလုပ်က သိပ်မရှုပ်ပါဘူး ကိုယ့်ဘာသာစိတ်ချမ်းသာအောင်နေ အစ်မ အဲ့ဒီကိစ္စတွေကို အစအဆုံးလိုက်တွေးမနေနဲ့ ကြားလား စိတ်အေးအေးချမ်းချမ်းနေ”
 ခေါင်းငြိတ်ပြရင်း ပစ္စည်းတို့သိမ်းကာ ထထွက်လာတော့ စိတ်နှင့်ထပ်တူ ခြေလှမ်းတို့က လေးလံမြဲလေးလံလျက်……..။
 (၄)
 အို.. ငါ့မြေးကြီးထင်ပ။
ဝဝတုတ်တုတ်ခဲခဲ ကလေးငယ်အားကြည့်ရင့် သူမ ကြည်နူးစွာ ပြုံးနေမိသည်။ ဟော.. မီးနေသည်ချွေးမလေး ကုတင်ပေါ်မှာလှဲနေသော်ငြား မျက်လုံးတို့ကတော့ဖြင့် ကလေးပျောက်သွားမှာစိုးသည့်အလား ကလေးထံသာ ရစ်ဝဲနေသည်။ အံမယ် သွားလေသူကြီးကလည်း သားဘေးတွင် ရပ်ပြီး ကလေးကိုကြည့်လို့ပါ့လား။ မျက်နှာကလည်း ပြုံးပြုံးကြီး။ သားမျက်နှာကလည်းလည်း အလားတူပင် ပြုံးပျော်ဝံ့ကြွားနေဟန်။
 ဟင်……….သွားလေသူကြီးက သားဘေးမှာ။ ရုတ်တရက် ရေရွတ်ရင်း အသေအချာပြန်ကြည့်လိုက်မိသည်။ မှန်သည်။ ကွယ်လွန်ပြီဖြစ်သည့် သူမယောင်္ကျားက သားဘေးမှာ ပြုံးပျော်လျှက်။  ဒါ အိပ်မက်ပဲ ဟူသော အသိနှင့် သူမ နိုးထလိုက်မိသည်။ သွားလေသူကြီးသာရှိလျှင်ဖြင့် သားကို ဆုံးမနိုင်လေမည်လား။
သူမကိုတောင် မနှိုးတော့ပဲ သားအလုပ်သွားလေပြီလား။ ဒါမှမဟုတ် သူဇာ ခေါ်ရာနောက်ပဲ ပါလေသလား။ သူဇာ ဆိုသည့်ကလေးမနှင့် သားကို သဘောမတူသော်လည်း အခုလို သား၏ကိုယ်ဝန်ကိုလွယ်ထားချိန်မှာတော့ သူမ လက်ထပ်ပေးချင်မိ၏။ သူဇာ၏ မိဘများလည်း သူတို့သမီးနှင့် သူမသား မေတ္တာမျှနေသည်ကို သိကြလေသည်။ ဒါဆို သားနှင့် သူဇာ့ကြား လက်ထပ်ခြင်းမရှိအောင် ဘယ်အရာကများတားဆီးထားလေသလဲ။  အကယ်၍များ တစုံတစ်ယောက်ကသာ သားကို “တဏှာကျေးကျွန်သက်သက်ပဲ” ဟုစွပ်စွဲပြောဆိုလာလျှင် သူ မ ပြိုင်ငြင်းမည်မဟုတ်ပါ။ သားနှင့်အတူ လောကသစ္စာကိုချိုးဖေါက်ဖို့ သူဇာတစ်ယောက်လုံးရှိနေမှတော့ ဘာပြောနိုင်မည်လဲ။ ဒီကမ္ဘာမှာ ကျင်လည်နေသည့် လူများထဲတွင် သားနှင့်သူဇာလို လောကသစ္ဆာကို ချိုးဖေါက်သူများဘယ်လောက်တောင် ရှိနေလိမ့်မလဲ။ ထိုလူပေါင်းများစွာကြောင့် သူမလို စိတ်ဆင်းရဲနေသူများ၊ အကြောင်းမဲ့ သေဆုံးသွားကြရှာသည့် သူမမြေးလေးလို အဖြစ်ဆိုးများ ဘယ်လောက်တောင်များလိမ့်မလဲ။ အဆုံးမသတ်နိုငသည့် အတွေးများစွာနှင့်အတူ ရွံမုန်းစွာ သက်ပြင်းချမိသည်။
“ကလင် ကလင် ကလင်”
နာရီမှ အလမ်းမြည်လာသံကြောင့် ကပြာကယာထလိုက်ရင်း မျက်နှာသစ်ရေချိုးရန်ပြင်လိုက်သည်။ ဒီနေ့တော့  အလုပ်ဆင်းမှဖြစ်မည်။ ကိုယ့်တွင် ဘယ်လောက်ပဲ စိတ်ဆင်းရဲစရာရှိပါစေ၊ အလုပ်ရှင်ကောင်းတိုင်း ကိုယ်က အခွင့်အရေးယူလို့ မဖြစ်ဘူးမဟုတ်လား။
ရည်ဝေ

အဇ္ဈတ္တ၏သားကောင်

အဇ္ဈတ္တ၏သားကောင်
            တဆက်ဆတ်တုန်နေသည့် လက်များဆီမှ တစ်စုံတစ်ခုကို တောင့်တနေကြောင်း အသိပေးနေသည်။ မဖြစ်ဖူးဟူသည့် အသိနှင့် တားထားသော်ငြား လက်တို့ကတော့ တဆတ်ဆတ်တုန်နေဆဲ။
----+++ - -
ညှီနံ့နဲ့ ချိုရှငံကျိနေတဲ့ ဒီအရသာ ဆိုတာသေချာပါသည်။ လျှာဖျားမှတဆင့်စီးဝင်လာမှုနှင့်အတူ လူတစ်ကိုယ်လုံး လေထဲမြောက်တက်နေသလိုထင်ရ၏။ တိမ်လွှာစီးနေသည့်အရသာဆိုသည်မှာ ဒါကိုခေါ်လေသလား။
သူမ လိုချင်တပ်မက်ခဲ့သောအရာ။ ပိုပြီး ခက်နက်နက်လေးတူးဆွလိုက်တော့ လက်ဖျံမှ နာကျင်မှုက အသည်းထိစိမ့်သွားရသည်။ သို့သော် သူမ မရပ်နိုင်။ ဒီအရသာကနေ ရုန်းမထွက်နိုင်။ လျှာဖျားမှအရသာသည် တစ်ကိုယ်လုံးရှိ အကြောများ စိမ့်သွားလောက်အောင်ကို ဆွဲဆောင်မှု ပြင်းလွန်းလှသည်။ လုံလောက်သော ကျေနပ်နှစ်သိမ့်မှုတစ်ခုရသည်ထိ ဒီအရသာကို သူမ ဆက်လက်သုံးဆောင်ရမည်။  နှလုံးမှ အောင့်တက်လာခြင်းကြောင့် လက်ဖျံကို နှုတ်ခမ်းဝမှ ဖြုတ်လိုက်မိသည်။ လက်ဖျံမှ နာကျင်မှုသည် နှလုံးထိ စီးဆင်းသွားလေသလား။ ဘာဖြစ်ဖြစ် ဒီနေ့အတွက်တော့ လက်ဖျံကို အနားပေးသင့်နေပြီ။
            လက်ဖျံမှ နာကျင်မှုသည် တစ်ကိုယ်လုံး လွင့်တက်လုအောင်ထိ တက်ကြွနေသော စိတ်တို့ကို မထိန်းနိုင်။
လက်ဖျံကို ပတ်တီးစည်းဖို့ရာကြည့်လိုက်တော့ လက်ဖျံတွင် သွားကိုက်ရာများသည် နေရာအနှံ့အပြား၌ ရှိနေပြီဖြစ်သည်။ ဒီအကျင့်ကို သူမ ရပ်သင့်ပြီဟု သတိပေးရင်း ပတ်တီးစည်းနေမိသည်။ သို့သော် သူမ စိတ်ကို သူမနိုင်ပါမည်လား ဆိုသည့် အတွေးကို တွေးမိတော့ လန့်သွားရသည်။ မဖြစ်၊ မဖြစ်ချေတော့။ သည်အကျင့်ကြီး ဖျောက်မှ ရတော့မည်။
ဒီအကျင့်နှင့် သူမ ရင်းနှီးမိသည်မှာ မကြာသေးပေမယ့် လက်ကတော့ သူ့ဒဏ်ရာတွေကို ပြသရင်း နားသင့်ပြီဟု အကြံပေးချေပြီ။
မျက်လုံးအစုံကို မှိတ်ရင်း လျှာဖျားမှလက်ကျန်ကို အရသာ ခံနေမိသည်။ ထို့အတူ စိတ်တို့ကလည်း…….။
 (၁)
“အာ့”
လက်ကို ကြည့်ရင်း  စိတ်ညစ်သွားမိသည်။ ဒီလက်ကို ရှသွားလောက်အောင်ထိ သူမ ရဲ့အတွေးတွေ ဘယ်ရောက်နေပါသလဲဟုလည်း ကိုယ့်ကိုယ်ကို  စိတ်တိုရင်း လက်ကို ဖိဖို့ရာ အနီးအနားသို့ရှာကြည့်တော လက်ခုစုတ်ကလွဲ၍ ဘာမျှမရှိ။ လက်ကို ဘေစင်တွင်ဆေး၍ ဖိလိုက်တော့ ထွက်လာသော အနီရဲရဲမဟုတ်သည့် ပန်းရောင်ဖျော့ဖျော့သွေးစတို့ကိုကြည့်ရင်း သူမ နှုတ်ခမ်းခြင့် ဖိကိုက်ချင်လာသည်။ လက်ကို နှုတ်ခမ်းသို့ တင်မိရင်း သွေးတို့ကို စုပ်ထုတ်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်ထွေးချလိုက်တော့ မြေပြင်ဝယ် ပြန့်ကျဲသွားသည်က ပန်းနုရောင်တံတွေးစများ။
            အိုး နှမြောလိုက်တာ။
            ကိုယ့်အတွေးကိုယ် ထိတ်လန့်သွားရရင်း မြေပြင်မှ အကြည့်လွှဲလိုက်ရသည်။ ဘာကို နှမြောတာလဲဟု မသေချာစွာဖြင့် ခဲတံဆက်ချွန်လိုက်သည်။ သို့သော် နှုတ်ခမ်းထက်ရှိအရသာခံ လျှာလေးကတော့ ချွဲကျိကျိငံတံတံ အရသာလေးကို စွဲကျန်စွာဖြင့် ထပ်မံကာ လိုချင်နေသေးကြောင်း ပြောပြနေသလိုလို။ သတိတရ နှင့် လက်မှ ဓါးရှရာကို ကြည့်လိုက်တော့ ဖြူဖျော့နေသည်မှာ ရှိသမျှသွေးတို့ အစုပ်ခံလိုက်ရသည့်ဟန်မျိုး။
            “အော် ငါ့ညီမရယ် ခဲတံချွန်ချင်တာများ ကိုကိုကြီးကို ချွန်ခိုင်းပေါ့ ခုတော့ လက်ထိသွားရပြီမလား သွားသွား ပလာစတာသွားကပ်ချေ ခဲတံ ကိုကိုကြီးချွန်ထားလိုက်မယ်”
            အနားကပ်ပြောလိုက်သည့် ကိုကိုကြီးစကားသံကြောင့် အထိတ်တလန့်မော့ကြည့်လိုက်မိကာ ဆေးပစ္စည်းများထားသဘ့်အခန်းသို့ ပြေးသွားလိုက်မိသည်။ လက်မှ နာကျင်မှုနှင့်အတူ ရင်ထဲဝယ် တစ်စုံတစ်ရာကို ပါ ကျေနပ်နှစ်သိမ့်နေခဲ့သည်ကိုတော့ ကိုကိုကြီးအား မပြောပြဖြစ်ခဲ့။
--++----
            မဟုတ်ဖူး။ မဆေးနဲ့လေ။ နှမြောဖို့ကောင်းလိုက်တဲ့ သွေးတွေ ရေနဲ့အတူ မျောသွားကြရရှာတယ်။
            ဇော်ဇော့်လက်မှ သွေးများဆေးနေသည်ကို ကြည့်ရင်း အတွေးတွေက သူမကို နှိပ်စက်လာသည်။ မခံနိုင်လွန်းစွာနှင့် မျက်လုံးအစုံကိုမှိတ်လိုက်တော့ မျက်ဝန်းထဲပေါ်လာသည်က အနီရောင်။ အနီရင့်ရင့်အရောင်များ ဟိုတစ်စဒီတစ်စ ပြန့်ကျဲလျှက်။ လက်မှ ဆစ်ခနဲနာကျင်သွားသလိုရှိ၏။ သတိဝင်၍ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ တစ်နေ့က ဓါးရှသည့်အနာကို နှုတ်ခမ်းဝတွင်တေ့ကာ သွားဖြင့် ကိုက်ဖြတ်ဖို့ကြိုးစားနေခြင်းပင်။ အလန့်တကြားနှင့် လက်ကို ရုတ်လိုက်မိရင်း ဇော်ဇော့်ကိုကြည့်လိုက်တော့ ဇော်ဇော်နှင့် သူ့သူငယ်ချင်းကဖြင့် ခြင်းလုံးပြန်ခတ်နေပြီဖြစ်သည်။ ခြင်းလုံးခတ်၍ လဲရာမှ ဇော်ဇော့်လက်ဝယ် ကျောက်ခဲနဲ့ခြစ်မိကာ ဒဏ်ရာရသွားခြင်းဖြစ်သည်။ ကျောင်းမှ အပြန်လမ်းတစ်လျှောက်ဝယ် ကျောင်းကစားကွင်းအတွင်းမှ ဇော်ဇော့်ဒဏ်ရာကိုသာ မြင်ယောင်နေမိသည်။ အနီရောင်။
            ဖေဖေနှင့် မေမေ့အခန်းဆီမှ လဲပြိုသံများနှင့်အတု ဆူညံလွန်းသည့်အသံများစွာ ထွက်ပေါ်လာခြင်းကြောင့် နားနှစ်ဖက်ကို လက်ဖြင့် ဇွတ်အတင်းအုပ်ထားလိုက်မိသည်။ ကိုကိုကြီး ထွက်သွားပြီဖြစ်သည်။ ကိုကိုကြီးသည် သူမတို့နှင့် မနေ။ ပုသိမ်မှ အဖိုးအဖွားများနှင့်သာ သွားနေမည်ဟုဆိုကာ ထွက်သွားခြင်းပင်ဖြစ်သည်။ မေမေ မတားခဲ့။ ဖေဖေကလည်း မတားခဲ့။ ညစဉ်ရန်ဖြစ်နေသော မေမေနှင့်ဖေဖေ့ကို တစ်ညတွင် ကိုကိုကြီးဝင်ဆွဲ၍ ကိုကိုကြီးပါးတစ်ခြမ်း ရောင်ကိုင်းနေခဲ့ဖူးသည်။ ထိုနေ့မှစ၍ ကိုကိုကြီး ပုသိမ်သို့ ထွက်ခွာသွားခဲ့ခြင်းပင်။
            မျက်ဝန်းအစုံကို မှိတ်ရင်း အိပ်စက်ဖို့ကြိုးစားမိသည်။ သို့သော် မှိတ်ထားသည့် အမြင်လွှာတွင် ဇော်ဇော့်လက်ဖျံက သွေးများရဲလျှက်ပေါ်လာသည်။ ခေါင်းကို ဆတ်ခနဲ ခါပစ်မိရင်း မျက်လုံးအစုံကို ဖွင့်လိုက်မှိတ်လိုက်လုပ်ကာ အာရုံပြောင်းကြည့်သည်။ဖျတ်ခနဲဖျတ်ခနဲ ပေါ်လာသည်က အနီကွက်များ။ တလက်လက်တောက်ပနေသောအနီကွက်များ။ လျှာဖျားမှ စိမ့်ဆင်းလာသည့် ချဉ်တင်တင်အရသာကြောင့် ခံတွင်းချဉ်တယ်ဆိုဒါမျိုးများလားဟု တွေးရင်း ရေထသောက်လိုက်သည်။ သို့သော် မပြေသေးသလိုလို။ ယောင်္ကျားလေးများ ခံတွင်းချဉ်လျှင် ဆေးလိပ်သောက်ကြသည်ဟု ကြားဖူး၏။သူမ ကကော ခံတွင်းချဉ်ခြင်းပျောက်ဖို့ရာ ဘာလုပ်ရမည်လဲ။
            မျက်ဝန်းအစုံက စာကြည့်စားပွဲပေါ်မှ ခဲချွန်ဓါးလေးရှိရာသို့ ရောက်သွားသည်။
            မဖြစ်သင့်ဘူး ဟု အလန့်တကြားခေါင်းခါလိုက်မိရင်း စောင်ခြုံထဲသို့ တိုးဝင်လိုက်သည်။ သို့သော် မျက်ဝန်းအစုံသို့ လာရောက်နှောင့်ယှက်နေသည်က ခဲချွန်ဓါးတစ်ချောင်း။
----++++-----
                                                                (၂)
မေမေနှင့်ဖေဖေသည်လည်း ပုသိမ်ရှိ ကိုကိုကြီးထံဝယ် သွားရောက်နေထိုင်ခဲ့ပြီဖြစ်သည်။ သူမကတော့ ဘွဲ့ရကတည်းက ရန်ကုန်တွင် အဆောင်ငှားနေရင်းဖြင့်သာ ကျန်ရှိခဲ့၏။ ဒီအချိန်မှတော့ မေမေနှင့်ဖေဖေ့ကြားဝယ် ဆက်လက်ဝင်မပါလိုတော့။ အကြောင်းအရာမဲ့ ခေါင်းစဉ်မဲ့ ရန်ပွဲများကိုလည်း မကြားချင်တော့။ ထို့အတွက်ပင် ရန်ကုန်တွင် ကျန်ရှိခဲ့ခြင်းပင်။
ညစဉ် အိပ်မက်များခြောက်လှန့်နေသည့်ကြားမှ အနီရင့်ရင့်အိပ်မက်ကို သူမ မေ့လျော့နိုင်အောင် ကြိုးစားနိုင်ခဲ့သည်။ မျက်စိရှေ့ဝယ် အနီနှင့်ပတ်သတ်သမျှ မည်သည့်အရာနှင့်မျှ မထိတွေ့မိအောင်ကြိုးစားနိုင်ခဲ့ပြီဖြစ်၏။ သို့သော် အနီရောင်သည် သူမရှေ့သို့ တကျော့ပြန်ရောက်ရှိလာသောအခါ…………။
----+++---
 “သွယ် ဒီနေ့ အလုပ်မနားဘူးလား နင် မနေ့ညက ဖျားနေလို့ နားမယ်ထင်လို့ ငါက မခေါ်ပဲ ထွက်လာခဲ့တာ”
            “အစ်မသွယ် ဒီနေ့ အလုပ်လာတာ နောက်ကျတယ်နော်”
            အိအိနှင့် သန့်ရှင်းရေး အလုပ်သမားလေးများ၏ နှုတ်ခွန်းဆက်သံကို ခေါင်းသာ ငြိတ်ပြနိုင်ရင်း ပြန်ပြုံးပြဖို့ကိုတော့ စိတ်မပါခဲ့။ ကိုယ့်အလုပ်ရှိရာ ကောင်တာဆီသို့သာ ခြေတို့ ဦးတည်နေမိရင်း။
            ဘောက်ချာကို လက်မှ ကျွမ်းကျင်စွာ ရေးနေသော်လည်း စိတ်က အလုပ်တွင်မရှိပြီ။ ကွန်ပြူတာမှ အလိုအလျောက်တွက်ထုတ်ပေးသော ဆော့ဖ်ဝဲနှင့် ငွေရေစက် နှစ်ခု ကြောင့်သာ အလုပ်တို့ တိကျနေခြင်းဖြစ်သည်။ ရေနေမိသော မှန်အချပ်ရေ တို့ကို ဘောက်ချာနှင့် ကိုက်ညီမညီ ပြန်စစ်ဆေးလိုက်သည်။ ထို့နောက် ဘောက်ချာကို အိအိဆီလှမ်းပေးလိုက်ရင်း သူမ နောက်ထပ်ဝယ်ယူသူဆီသို့ လှည့်လိုက်စဉ် လက်ဖမိုးဆီမှ စူးခနဲ ခံစားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်တော့ လက်ဖမိုးဝယ် သွေးစို့နေသည်ကို တွေ့ရ၏။ မှန်ချပ်နှင့်ထိကာ ရှသွားခြင်းသာ။
            စို့တက်နေသည့် သွေးစလေးတို့ကို ကြည့်ရင်း လှိုက်ခနဲ ခုန်တက်လာသော ပျော်ရွှင်မှုတို့ကို ထိန်းမရနိုင်ခဲ့။ ခြောက်သွေ့နေသော ခံစားချက်တို့သည် ရုတ်တရက် စိမ်းလန်းစိုပြည်လာသလိုထင်ရ၏။ မှန်ဆိုင်မှာ သူမ အလုပ်ဝင်လာတာ လေးလနီးပါးရှိသော်ငြား တစ်ခါမျှ မှန်မရှဖူး။ မရှဖြစ်အောင် သတိထားခဲ့သည်။ ခုတော့ ထိုကဲ့သို့နေခဲ့ခြင်းသည်ပင် သူမ စိတ်၏နုပျိုမှုတို့ ပျောက်ဆုံးခြင်းအစဟု စွဲမှတ်လိုက်၏။ စိတ်ထဲမှ တဒိတ်ဒိတ်ခုန်လာသော ပျော်ရွှင်မှုနှင့်အတူ လက်ဆက်သည့်ရနံ့တို့ကို ရှုရှိုက်လိုက်၏။
            “အစ်မသွယ် ပလာစတာ”
            ဝန်ထမ်းတစ်ယောက်ပေးလာသော အနာကပ်ပလာစတာကိုယူရင်း ဝန်ထမ်းများနားနေခန်းဆီသို့ ထွက်လာလိုက်သည်။ အနောက်က ကျန်ခဲ့သူတို့ကတော ထင်လိမ့်မည်။ ပလာစတာ ကပ်ရန် အနာကို သွားဆေးခြင်းဟု။ အနာကို သွားဆေးသည်ကတော့ဟုတ်ပါသည်။ သို့သော် ပလာစတာကပ်ရန်သီးသန့်တော့ မဟုတ်။
            “သွယ် သူဌေးခေါ်နေတယ် နင့်ကို”
            အနောက်မှ လှမ်းခေါ်လိုက်သော အသံကြောင့် လှည့်ကြည့်လိုက်တော့ အိအိ။ လာခဲ့မယ်ဟူသည့် သဘောနှင့် ခေါင်းဆတ်ပြလိုက်ပြီး လုပ်လက်စအလုပ်ကို လက်စသတ်ရန်ပြင်လိုက်သည်။ မှန်ရှရာလေးကို ကွက်နေသော သွားရာလေးများကို မမြင်ရန် ပလာစတာနောက်တစ်ခု လိုအပ်ပါသည်။ ဒီအချိန်မှာတော့ မနေ့ကတည်းက လိုအပ်နေသော တစ်စုံတစ်ရာသည် သူမ ကိုယ်ထဲသို့ ခုန်ဆင်းကာ အားအင်တို့ ဖြည့်ဆည်းပေးလိုက်သလို ထင်ရ၏။ လှမ်းလိုက်သမျှ ခြေလှမ်းတိုင်းသည် အားအင်တို့ အပြည့်လွန်နေလေမလားဟူသည့် အတွေးဖြင့် ခြေလှမ်းတို့ကို သိမ်မွေ့မှုရှိအောင် အေးအေးသက်သာ လှမ်းလိုက်ရသည်။
            “သမီး သွယ်လေး နေကောင်းရဲ့လား ”
            “ကောင်းပါတယ် အန်တီ”
            ပြန်ဖြေလိုက်သည့် သူမ၏ အသံမှာ အားအင်အပြည့်ပါနေသည်ဟု သူမ ယုံကြည်သည်။
            “အစ်မသွယ်လေးက တစ်နေ့တစ်ခြားကြောက်ဖို့ကောင်းလာပြီ။ ပိန်ညှော်ဖြူဆုပ်နေတဲ့ မျက်နှာနဲ့ အလုပ်ကို ဘယ်လိုများလာပါလိမ့် အစ်မအိအိကကော သူ့သူငယ်ချင်းကို နားဖို့မပြောဘူးလားမသိဘူး”
            “အစ်မသွယ်လည်း သနားပါတယ် သူ့အဖေနဲ့အမေက ပုသိမ်သွားတဲ့ လမ်းမှာတင် အက်ဆီးဒန့်နဲ့ ဆုံးသွားတာ မကြာသေးဘူးတဲ့ ဒါပေမဲ့ သူကလိုက်မသွားပဲ ရန်ကုန်မှာပဲ ကျန်နေပြီး အလုပ်ချည်းဖိလုပ်နေတယ် တော်တော်စိတ်ထောင်းကိုယ်ကြေဖြစ်နေတယ်ထင်တယ်”
            နောက်နားဆီမှ ကြားနေရသော စကားသံတို့ကို သူမ သရုပ်မခွဲတတ်။ ဘာအကြောင်းအရာကို ပြောနေတယ် ဆိုတာကိုပင် တော်တော်နားထောင်ယူရ၏။ စိတ်ထောင်းကိုယ်ကြေဆိုသော စကားလောက်သာကြားရသည်မို့ ခေါင်းကို ဆက်ခနဲခါယမ်းပစ်ရင်း အလုပ်လုပ်ဖို့ကြိုးစားလိုက်သည်။ ထိုအကြောင်းအရာကို စဉ်းစားဖို့ထက် ဆက်ခနဲဆက်ခနဲ ကျဉ်တက်လာသော လက်မှ အနာက နာကျင်မှုကိုပြေလျော့စေလိုခြင်းမဟုတ်ပါပဲ လျှာဖျားမှ တောင့်တမှုကို ပိုပြင်းထန်လာနေသည်မဟုတ်ပါလား။ ဒီနေ့သည် သူမအတွက်အားအင်တို့ ပိုပြည့်ဖြိုးနေသလို ထင်ရ၏။ အကြောင်းအရာကို တကူးတက ရှာဖို့ရာမလိုတော့။ပလာစတာကပ်ထားသော လက်ဖမိုးလေးကြောင့်သာ ဖြစ်သည်ဟု သူမ တစ်ထစ်ချ ယုံကြည်ပစ်လိုက်သည်။
                                                                                 (၃)
            ကုထင်ထက်အိပ်နေသည့် အိအိ၏ ကုပ်သားဖွေးဖွေးလေးအောက်မှ သွေးကြောစိမ်းများက သူမကို ညှို့ယူနေသလိုလို။ တစ်ချက်တစ်ချက် တိုက်ခက်လာသည့် ပန်ကာမှလေကြောင့် အိအိ၏ ဆံပင်တိုနှံ့နှံ့လေးများက ကုပ်သားလေးထက်မှ ဝဲပျံသွားတိုင်း ဖျတ်ခနဲ တွေ့လိုက်ရသည့် သွေးကြောစိမ်းလေးများမှ ပို၍ ခုန်လှုပ်နေသလိုထင်ရ၏။ လက်ထဲမှ ဓါးဖြင့် ထိုသွေးကြောလေးကို ထိုးခွဲဖို့ပြင်လိုက်စဉ်ပင်….။
            “အားးးးးးးးးး”
            ဖျတ်ခနဲ လန့်နိုးသွားမိသည်။ ရင်တစ်ခုလုံး ခြောက်သွေ့နေ၍ ရေတစ်ခွက်ကို အလျှင်အမြန်သောက်လိုက်ရသည်။ သူမတစ်ယောက်တည်းသာ ရှိသော အိပ်ခန်းလေးကတော့ အိမ်မြောင်စုတ်ထိုးသံမှလွဲ၍ တိတ်ဆိတ်ငြိမ်သက်နေဆဲ။ သူမ ဘာ့ကြောင့်များ နေ့ခင်းက အဖြစ်အပျက်ကို ပြန်မြင်မက်နေရပါသလဲ။ နေ့ခင်းက အိအိရဲ့ အခန်းဆီသို့သွားတုန်းက အိအိက အိပ်ချင်ယောင်ဆောင်ကာ သူမကို ခြောက်လန့်ခဲ့သည်။သို့သော် သူမကို ဆက်လက် ခြောက်လန့်နေခဲ့တာက အိအိ၏ လည်ပင်းပေါ်မှ သွေးကြောမျှင်လေးများ။ ထိုသွေးကြောမျှင်လေးများကို လက်ဖြင့်ကိုင်ကြည့်ဖို့ ကြိုးစားလိုက်စဉ်မှာပင် အိအိက ဝါးခနဲအော်ကာ ခြောက်လန့်လိုက်ခြင်းဖြစ်သည်။
            လျှာဖျားမှ ငံကျိကျိနှင့်ချိုရှညှီမြသော အရသာကို တောင့်တနေသလိုထင်ရ၏။ သတိတရဖြင့် လက်ကိုမကြည့်လိုက်တော့  ဓါးရှရာလေးက အနာကပ်ပလာစတာလေး ကပ်လျှက်သား။ ထိုမှတစ်ဆင့် လက်ကောက်ဝတ်ကို ကြည့်လိုက်မိတော့ လက်ကောက်ဝတ်မှ သွေးကြောစိမ်းမြမြလေးက သူမ၏ စိတ်တို့ကိုမရိုးမရွဖြစ်စေပြန်သည်။ မဖြစ်သေး။ တစ်နေ့ကပင် သွားဖြင့် အသေအကျေကိုက်ခဲ့ပြီးပြီ။ အနည်းဆုံးတော့ တစ်ပတ်လောက်နားမှဖြစ်မည်။
            “ကလင် ကလင် ကလင် ကလင်”
            နာရီအလမ်းပေးသံကြောင့် နာရီကိုကြည့်မိတော့ မနက် ခုနှစ်နာရီခွဲပြီဖြစ်သည်။ အိပ်ယာမှ ထရင်း အလုပ်သွားရန် ပြင်ဆင်လိုက်သည်။ ရေချိုးနေသည့် အချိန်မှာပင် မျက်ဝန်းတို့က လက်မှ အနာဆီသို့ မကြခဏအကြည့်ရောက်သွားသည်ကိုတော့ သူမ တားမရနိုင်။ သို့သော် လက်ကောက်ဝတ်မှ သွေးကြောစိမ်းစိမ်းလေးတို့ကိုတော့ မမြင်နိုင်အောင် ရေချိုးခန်းမီးအရှိန်ဖြင့် တားထားနိုင်လိုက်ပါသည်။
                                                                                     (၄)
            ကြည့်လက်စ ဇာတ်လမ်းမှ သရဲကားကို ကြည့်ရင်း သူမ ကိုယ့်သွားကိုယ် ပြန်စမ်းကြည့်နေမိသည်။ သူမမှာကော အစွယ်များရှိလျှင် ဘယ်လောက်ကောင်းလိမ့်မလဲ ဆိုသည့်အတွေးလေးကလည်း တဖျတ်ဖျတ်နှင့်။ စိုစွတ်နေတဲ့ အမှောင်တွေမှာ လျှောက်သွားဖို့ လင်းလက်တဲ့ မျက်ဝန်းတစ်စုံရှိလျှင် ဘယ်လောက်ကောင်းလိမ့်မလဲလေ ..။
            “ဟိတ်”
            နောက်နားဆီမှ အသံကြောင့် လှည့်ကြည့်လိုက်တော့ အိအိ။ အဆောင်နေသူငယ်ချင်းဖြစ်သလို လောကတွင် သူငယ်ချင်းဟူ၍ တစ်ဦးတည်းသာရှိသည့် အိအိ။ အိကျီ င်္လက်ပြတ်လေးနှင့် အဆောင်နေရင်း ဘောင်းဘီတိုလေး ဝတ်ထားသည်မှာ ချစ်စဖွယ်။
            “အမယ် သူက သရဲကားကြည့်နေတာကို ဒီခွေ ဖွင့်ကွာ ကိုရီးယားကားကြည့်ရအောင် ”
            ပေးလာသည့် ခွေကို ဖွင့်လိုက်ရင်း အခန်းမီးကို မှိန်လိုက်သည်။ ဝင်းလက်နေသည့် သွေးကြောများကို သူမမမြင်မတွေ့လို။ ကိုရီးယားဇာတ်လမ်းတွဲကလေးနောက် သူမ ပါ လိုက်ပါမိသွားသည်။ အိမ်ထောင်ရေးဇာတ်လမ်းကောင်းလေးကို သူတို့မို့ရိုက်တတ်လွန်းသည်။
            “ဘုက်”
ရုတ်တရက် ပေါင်ပေါ်သို့ ဘုတ်ခနဲကျလာသောအရာကြောင့် ကြည့်လိုက်တော့ အိအိ။ သူမ ပေါင်ပေါ်သို့ ခေါင်းလေးဘေးတစ်စောင်းတင်ထားသလိုရှိ၏။ အိအိကို အခန်းပြန်အိပ်ဟု ပြောရန်နှိုးဖို့ပြင်လိုက်စဉ် တစုံတစ်ရာက သူမကို ညှို့ယူသွားသည်။ ဆံပင်ကုပ်ဝဲလေးအောက်မှ ကုပ်သားဖွေးဖွေးလေးများ။ ရုတ်တရက် သွားတို့မှ တစ်စုံတစ်ခုကို ဆာလောင်လာသလိုရှိ၏။ သူမ ငတ်နေသည်။ ဟုတ်သည်။ သူမ ငတ်နေတာ ကြာပြီဖြစ်သည်။
တဆစ်ဆစ်ကိုက်ခဲလာသည့် လက်ကောက်ဝတ်ကြောင့် သူမ လျှာဖျားမှ တစ်စုံတစ်ရာကို ပိုပိုတောင့်တလာသလိုလိုရှိ၏။ သူမ ဘာလုပ်ချင်နေတာလဲ။ မဖြစ်သင့်ဘူး ဟု တွေးရင်းဇွတ်အတင်းနှိုးရန်ပြင်လိုက်တော့ လက်က အိအိကုပ်သားလေးများဆီဝယ် လူးလွန့်နေပြန်သည်။ သွားများယားယံခြင်းဝေဒနာကို ဘယ်လိုကုစားရမလဲလေ။ အနေရခက်စွာ အိအိကုပ်သားများဆီမှ အကြည့်လွှဲလိုက်သည်။ သို့သော် ပြန်ကြည့်မိပြန်သည်။ ကိုကိုကြီး လက်တစ်ဖက်ကို သူမကိုက်ခဲ့သည်။ ကိုကိုကြီးမငို၊ မငိုခဲ့။ မေမေနှင့်ဖေဖေရန်ဖြစ်သည့်ညက ကိုကိုကြီး၏ လက်တစ်ဖက်ကို သူမ ကိုက်ခဲ့ဖူးသည်။ ဖျက်ခနဲ သွေးစက်တို့ပြန့်ကျဲနေသော လက်တစ်ဖက်ကို အမြင်တွင်မြင်လိုက်ရတော့ လျှာဖျားက ပိုပိုယားယံလာသည်။  သို့သော် မျက်လုံးအစုံကို မှိတ်ရင်း အိအိကို နှိုးဖို့ကြိုးစားလိုက်သည်။ သူမ အောင်မြင်ပါ့မလား ဟု ကိုယ့်ကိုယ်ကို မယုံမရဲ။ အိအိကို နှိုးနိုင်ပါ့မလား။ သူမကိုယ်သူမ ကျရှုံးတော့မည်လေလား။

ရည်ဝေ(လင်းရောင်ခြည်)