Thursday 12 September 2013

ကိုယ် လူငယ်လေးဖြစ်ပါသည်


“ငါ လုပ်ခိုင်းတဲ့ အတိုင်း လုပ်စမ်းပါ”
“ငါ သွားခိုင်းတဲ့ နေရာသွား”
“ငါ့ကိုပြန်လှန်မမေးနဲ့”
စေတနာ ဟူသည့် စကားလေးသုံးခွန်းဖြင့် ကိုယ့်လိုအင်ကို တစ်ခုမှ မမေးပါပဲ ထိန်းချုပ်သွားကြသည်။ ကိုယ့်တွင် ခြေလက် မရှိတော့။ ကိုယ့်တွင် ဦးနှောက်မရှိတော့။ “လူကြီးက ကောင်းစေချင်လို့ လမ်းညွှန်ပေးတာ အမြင့်တင်ပေးတာကို ခုန်ခုန်မဆင်းနဲ့” စသည့်စကားတို့ဖြင့် ကိုယ်သည် မသွေးတာကြာသော ဓါးကဲ့သို့ မတွေးသော ဦးနှောက်အတုံးကြီးကို ပိုင်ဆိုင်လိုက်ရလေပြီ။
ကိုယ် လုပ်ချင်သောအရာသည် ဘာဖြစ်ပါသလဲ။ တကူးတကစဉ်းစားကြည့်သော်လည်း ထွက်ရှိမလာတော့။ ကိုယ်ပိုင်ဆိုင်ချင်သော အရာသည် ဘာဖြစ်ပါသလဲ။ ကိုယ့်ဦးနှောက်ကြီး တုံးလေပြီ။ ကိုယ် လက်ရှိလုပ်နေသော အလုပ်သည် လုပ်သင့်သည်ဟု လူကြီးတွေ သတ်မှတ်ပေးသော လမ်းကြောင်းဖြစ်၍ ကိုယ်ပိုင်သမျှသော အရာတို့သည် ပိုင်ဆိုင်သင့်သည်ဟူသည့် စွဲချက်ဖြင့် ကိုယ့်လက်တွင် ထားရှိထားသည့်အရာများဖြစ်ကြသည်။
ကိုယ်သည် လူငယ်ဖြစ်သည်။ ကိုယ်ဖြစ်ချင်သည့်အရာကိုသာ လုပ်လျှင် လမ်းမှားနိုင်သည်။ ထိုအဆိုကို လက်ခံပါသည်။ သို့သော် လမ်းမှားမှာစိုးလျှင်လိုအပ်သည့် အသိပညာတို့ကို ဖြည့်ဆည်းပေး၍ မရနိုင်လေသလော။ ခုတော့ လူငယ်ပီပီ လမ်းမှားမည်စိုးသဖြင့် လူကြီးပေးသမျှ လမ်းကြောင်းပေါ် လျှောက်လမ်းနေရသည်။ တကယ်ဆို  လမ်းမမှားဖို့ ကိုယ့်တွင်သာ တာဝန်ရှိပါသည်။ အကယ်၍ မှားသွားခဲ့လျှင်လည်း နောက်ထပ်မမှားစေရန် ရှောင်ဖယ်နိုင်သည့် အရာ တွေ့ရှိခြင်းမဟုတ်ပါလား။
ခုတော့ ကိုယ် လက်နှင့် ခြေကို ငြိမ်ငြိမ်လေးထား၍ ဦးနှောက်ကြီးကို မသွေးပဲ နေနေရပါသည်။

-----++++-----
ကိုယ် မနေ့က အိပ်မက် မက်သည်။ကိုယ် လှေငယ်တစ်စင်းကို ကိုယ့်လက်နှင့် လှော်နေသည်။ ဘယ်ယိမ်းညာယိမ်း ဘယ်ဖက်ကို တိမ်းတိမ်း ကိုယ့်ဆုံးဖြတ်ချက်သာဖြစ်သည်။ ကိုယ် အိပ်မက်မှာ ပျော်ခဲ့ပါသည်။ ကိုယ်လှော်ခတ်နေခဲ့သောလှေငယ်သည် ဟိုလူးဒီလွန့်နှင့် အသဲယားစဖွယ် စိတ်တို့ ပင်ပန်းစေသော်လည်း ကိုယ်အတော်ပင် ပျော်ခဲ့ပါသည်။ ကိုယ့်ကြိုးစားမှုဖြင့် လှေငယ်လေးသည် တစ်ဘက်ကမ်းသို့ရောက်ရှိခဲ့သည်။ ကိုယ့်ဆုံးဖြတ်မှုဖြင့် လှေငယ်လေးသည် ဘေးလွတ်ကင်းရာ ရောက်ရှိခဲ့သည်။
တစ်ဖက်ကမ်းသို့ အရောက်ဝယ် ကိုယ်သည်စစ်ပွဲကြီးကို အောင်နိုင်ခဲ့သော စစ်သူကြီးတစ်ယောက်၏ ပီတိကို ခံစားရသည်။ ကိုယ်သည်ကိုယ့်လက်ကိုယ့်ခြေဖြင့် တိုက်ပွဲတစ်ပွဲကို အောင်မြင်ခဲ့ပြီဟူသော ခံစားချက်သည် ထိုကဲ့သို့သော ပျော်ရွှင်မှုမျိုးပါ့လား ဟူသည့်ခံစားချက်ကိုပြင်ပဘဝတွင် ပျောက်ဆုံးခဲ့သည်မှာ ကြာပြီဖြစ်၏။ ကိုယ် အိပ်မက်တွင်သာ မရှင်သန်လိုပါ။ ကိုယ့်ဘဝကို ကိုယ့်လက်ဖြင့်၊ ကိုယ့်နှလုံးသားဖြင့် လိုသလို ပုံသွင်းလိုပါသည်။
ကိုယ်သည် နှလုံးသားတုထည့်သွင်းထားသော စက်ရုပ်မဟုတ်ပါ။ ကိုယ်သည် တွေးခေါ်မြော်မြင်နိုင်စွမ်းမရှိသော ဦးနှောက်သေကို ပိုင်ဆိုင်ထားသူမဟုတ်ပါ။ ထို့အတွက် ကိုယ်သည့် ကိုယ်သွားမည့်လမ်းကြောင်းကို ကိုယ်ကိုယ်တိုင် ဖေါက်လိုပါသည်။ ကိုယ် ရပ်တည်မည့် ဘဝပုံရိပ်ကို ကိုယ်ကိုယ်တိုင် ပုံဖေါ်လိုပါသည်။
-----++++-----
ကိုယ် လူကြီး မဖြစ်သေးပါ။ သေချာပါသည်။ ကိုယ့်တွင် ရင့်ကျက်သော နှလုံးသားနှင့် အသိအမြင်မရှိသေးပါ။ သို့သော် ကိုယ်ယုံကြည်ပါသည်။ ကိုယ့်အတွေးအမြင်နှင့် ကိုယ့်နှလုံးသားနှင့် သာ ရှင်သန်ရပ်တည်ခွင့်ရလျှင် လူကြီးဆန်သည့် ရင့်ကျက်သော အတွေးအမြင်အသိသည် ကိုယ့်ထံဝယ် အလိုလိုကိန်းအောင်းလာမည်ဟု။
ကလေးတစ်ယောက်၏ လိုအင်ဆန္ဒကို မမေးပါပဲ ကိုယ်နှစ်သက်သော အရုပ်ကိုသာ ဝယ်ပေးလိုက်မည်ဆိုလျှင် ကလေးအတွက် မည်ကဲ့သို့သော ဆန္ဒ ရရှိသွားမည်နည်း။ တစ်ချက် တွေးချင့်ကြည့်စေချင်ပါသည်။ ကလေးအတွက်မူ သူမလိုချင်သော အရုပ်တစ်ခုကို ရ၍ ဝယ်ပေးလိုက်ရသူအတွက်မူ ငွေကုန်သည်သာ အဖက်တင်ပေလိမ့်မည်။ ယခု ကိုယ့်ထံတွင် ထိုပြဿနာ ကိန်းအောင်းနေပါသည်။
ကိုယ် အသက်၂၇ နှစ်ကျော်လွန်ပြီမို့ လူလတ်ပိုင်းဟု ပြော၍ ရသော အသက်အရွယ်ကို ပိုင်ဆိုင်ထားပါသည်။ သို့သော် ကိုယ့်တွင်ပိုင်ဆိုင်ထားသော အရာများမှာ ကိုယ့်မိဘ၊မိသားစုမှ ပိုင်ဆိုင်သင့်သည်ဟုသတ်မှတ်၍ ဇွတ်အတင်း ပိုင်ဆိုင်လာရသော အရာများဖြစ်သည်။ ကိုယ့်အလုပ်ဆိုသည်မှာလည်း ကိုယ့်မိဘ၊ မိသားစုမှ လမ်းကြောင်းပေးသော အလုပ်ဖြစ်သည်။ ကိုယ် စိတ်တစ်ခုလုံး ထဲထဲဝင်ဝင် နှစ်နှစ်ကာကာ မလုပ်ဆောင်ခဲ့ဖူးသလို ပျော်ရွှင်ခြင်းကို မခံစားခဲ့ဖူးပါ။ ကိုယ်လုပ်သည့်အလုပ်ကို နားလည်နိုင်အောင်၊ တာဝန်ကျေအောင် အစွမ်းကုန်ကြိုးစားခြင်း အောင်မြင်သဖြင့် ကိုယ့်ကိုယ့်ကို ယုံကြည်သလို ဘဝင်မြင့်သည့် စိတ်တို့ ရရှိဖူးသော်လည်း ရှင်းသန့်စွာပျော်ရွှင်မှုကို ကိုယ် မရခဲ့ဖူး။
ကိုယ် အတန်းပညာကို ဆုံးခန်းတိုင်အောင် သင်ကြားခဲ့ရသည်။ ဗဟုသုတ၊ ရသ စာပေတို့ ဖတ်ခဲ့ရသည်။ ကိုယ် အမှားအမှန် ခွဲခြားတတ်လာသည်။ ကိုယ် နှလုံးသားနှင့် ရှင်သန်လိုစိတ် ပြင်းပြလာသည်။ ကိုယ် မသွေးဘဲထားတာကြာပြီဖြစ်သည့် ဦးနှောက်အတုံးကြီးကို အသုံးပြုချင်လာသည်။ ထိုအခါ ယခင်ကလို မိသားစု လမ်းကြောင်းပေးသည့် အရာနောက် လိုက်ဖို့ထက် ကိုယ်ကိုယ်တိုင် လိုအပ်ပါရဲ့လား၊ ကိုယ်တကယ်လိုချင်သည့် အရာဟုတ်ပါရဲ့လား ဟု တွေးတတ်လာပြီဖြစ်သည်။ ထို့ပြင် ကိုယ်ကိုယ်တိုင် ရွေးချယ်ထားသည့်လမ်းကြောင်းကိုပါ မျက်ကွယ်ပြုရသည့်အခါ ကိုယ်သည် မုန်ယိုနေသော ဆင်တစ်ကောင်ကဲ့သို့ မဲမဲမြင်ရာ တိုက်ခိုက်ချင်လာသည့် စိတ်ရိုင်းတို့ဝင်လာပြီဖြစ်၏။ ကိုယ် လူငယ်တစ်ယောက်ဖြစ်ပါသည်။ သို့သော် တွေးဆဆင်ခြင်နိုင်သော ဦးနှောက် ပါရှိပါသည်။
----++++-----
တခါတရံတွင် ကိုယ့်ဆုံးဖြတ်ချက်တို့ကို ခေါင်းညိတ်ထောက်ခံ၍ အမှားများ ကို ဘေးမှ ထောက်ပြပေးနိုင်မည့် မိဘ၊မိသားစု များ ဖြစ်လိုက်လျှင် ဘယ်လောက်ကောင်းလိမ့်မလဲဟုတွေးခဲ့ဖူးသည်။ ခုတော့ ကိုယ်သည် ခေါင်းညိတ်၊ ခေါင်းခါလုပ်တတ်သော စက်ရုပ်တစ်ရုပ်သာသာ ဖြစ်နေပါသည်။
စေတနာ ဟူသည် အလွန်တန်ဖိုးရှိလှပါသည်။ သို့သော် ပေးသူနှင့် ယူသူ တန်ဖိုးချင်းမတူသည့်အခါပေးကားပေး၏၊ မရဟူသည့်စကားပုံအတိုင်းပင် စေတနာနှင့် ပေးသည့်အရာသည် ယူသူအတွက် မည်သည့်တန်ဖိုးမျှ ရှိမနေသည့်အခါ….။
လူကြီးများ၏ ကောင်းမွန်သော စိတ်စေတနာကို နားလည်ပေးသည့် လူငယ်တို့အတွက်ခေါင်းညိတ်နေရသော်လည်း လက်ခံရသည့်သူတို့စိတ်တွင်မူ အပိုသိမ်းရန် နေရာရှာနေရမည်သာ ဖြစ်သည်။ ကိုယ့်ထံတွင်လည်း မလိုအပ်ပဲ ပုံနေသော ပစ္စည်းများစွာရှိပါသည်။ လူကြီးများက ပိုင်ဆိုင်သင့်သည် ထင်သည့် ပစ္စည်းတချို့သာ ဖြစ်သည်။
ယခု လူကြီးများသည် တစ်ချိန်ကတော့လူငယ်များဖြစ်ခဲ့သည်မှာ အသေအချာဖြစ်သည်။ သူတို့သည်လည်းယခု ကိုယ့်လို ခံစားချက်မျိုး ပိုင်ဆိုင်ရမည်သာ။ ကိုယ့်သွေးသားရင်းချာ၊ကိုယ့်မိသားစုမှ ကိုယ့်ဆုံးဖြတ်ချက်ကို မယုံကြည်သည့် ခံစားချက်။ ကိုယ့်ဦးနှောက်ကို မယုံကြည်သည့် ခံစားချက်။ ကြာလာလေလေ ကိုယ်သည် ဦးနှောက်တုံးကြီးဖြင့်သာနှစ်ပါးသွားရဖို့ ရှိတော့သည်။
တစ်ခု တောင်းဆိုချင်ပါသည်။ ကိုယ့်ကို ဂရုစိုက်ပါ။ ချစ်ပါ။ လမ်းကြောင်း ပြသပါ။ သို့သော် ဆုံးဖြတ်ခွင့် ကိုယ့်ကို ပေးပါ။
လူတိုင်းပင် ကိုယ့်ဘဝ၏ ပဲ့ကိုင်ရှင်အဖြစ်ကိုယ့်ကိုယ်ကိုသာ ထားရှိလိုကြသည်။ ကိုယ်သည်လည်း ထိုနည်းလည်းကောင်းပင်။ ငယ်ရွယ်နုနယ်သော အသက်အပိုင်းအခြားကို အပြစ်မဆိုလိုပါ။ သို့သော် သားသမီးဟူသည် ပုခတ်အတွင်း၌ အမြဲထားရှိပေးရန် မလို အပ်ပါ။ သူသည် သူ့ဘဝကို လျှောက်ရန် လမ်းလျှောက်နည်း ကျင့်ရသည်သာဖြစ်၏။ ပုခတ်အတွင်းမှ ထ၍ လမ်းလျှောက်ကျင့်သည့် ကလေးကို လက်ခုပ်လက်ဝါးတီးကာ အားပေးသကဲ့သို့ ကိုယ့်ဆုံးဖြတ်ချက်နှင့် ကိုယ့်ဦးနှောက်ကို လက်ခုပ်လက်ဝါးတီးကာ အားပေးမည့် မိသားစု လိုအပ်နေပါသည်။
ကိုယ်သည် ပုခတ်တွင်း၌ မနေလိုတော့ပါ။လူကြီးများ နားလည်စေချင်၏။ တစ်ချိန်တွင် ကိုယ်သည်လူကြီးဖြစ်ဖို့ရာ ကိုယ့်ဘဝ၏ ဆုံးဖြတ်ချက်တို့ကို ကိုယ်ကိုယ်တိုင်ချမှတ်သည့် အကျင့် ရှိထားဖို့ လိုအပ်ပါသည်။ တစ်ချိန်တွင် လူကြီးဖြစ်ဖို့ရာ လူမှုဆက်ဆံရေးကို နားလည်နိုင်စေရန် ကိုယ့်လမ်းကြောင်းနှင့်ကိုယ် သင်ယူလိုပါသည်။
လူကြီးများ တဆိတ် လမ်းဖယ်ပေးစေချင်ပါသည်။ လူကြီးနှင့် လူငယ် အတွေးအခေါ်များ ဖလှယ်ရင်း လူကြီးဟူသည့် အာဏာမသုံးပဲ လူငယ်တစ်ယောက်၏ တွေးဆဆင်ခြင်နိုင်စွမ်းအားကိုသာ မေးမည်ဆိုလျှင် ဒီခေတ်ဝယ် လူငယ်တိုင်းသည် သွက်လက်တက်ကြွကာ ကိုယ့်ဝါသနာနှင့် ကိုက်ညီသည့် အလုပ်ကို ကိုယ်ကိုယ်တိုင်ရွေးချယ်ရင်း ပျော်ရွှင်ခြင်းများကို လူကြီးဘဝထိ လက်ဆင့်ကမ်းနိုင်မည်မှာအသေအချာဟု ကိုယ် ယုံကြည်မိသည်။
ယခုတော့ ကိုယ်သည်လည်း လောင်းရိပ်မကင်းသေးသည့် လူငယ်လေးတစ်ဦးသာ ဖြစ်နေသည်။ ကိုယ်အကြောက်ဆုံးအရာမှာ တစ်ချိန်ချိန်ဝယ် ကိုယ်သည် ထိုအရာများကို တစ်ဦးတည်း ရင်ဆိုင်ရမည်ဆိုပါစို့။ ကိုယ်တစ်ဦးတည်း ဆုံးဖြတ်ဆင်ခြင်ရမည့် အနေအထားဝယ် ကိုယ့်ဆုံးဖြတ်ကြောင့် အမှားများ ဖြစ်လာနိုင်သည့်အချိန်သည် ယခုလို ကိုယ့်ကို ကာကွယ်မည့် မိသားစု မရှိသည့် အချိန်ဖြစ်နေမှာ အကြောက်ဆုံးပင်။ ထို့ကြောင့် ကိုယ် လေ့လာလိုပါသည်။ ကိုယ့်ကို ကာကွယ်ပေးမည့်၊ ကိုယ့်ကို နားလည်ပေးနိုင်မည်ဟု ယုံကြည်ရသည့် မိသားစု ရှိတုန်းဝယ် ကိုယ် ဆုံးဖြတ်ချက်များကို တစ်ဦးတည်း ချမှတ်ရင်း ဘဝကို ကိုယ်လိုအပ်သလို ကိုယ်လိုချင်သလို ပုံသွင်းလိုပါသည်။
ထပ်မံ၍ ပြောလိုပါသေးသည်။ ကိုယ် လူငယ်လေးဖြစ်ပါသည်။ သို့သော် ကိုယ့်တွင် အသုံးပြုနိုင်သော ဦးနှောက် ပါ ရှိပါသည်။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်