(-)
မိသားစုဟာ
မိသားစုဖြစ်ဖို့ တကူးတကကြိုးစားနေရတဲ့အခါ အဆီအငေါ်မတည့်မှုတွေဟာ
မျက်နှာလွှဲနေလို့မရအောင် အစီအရီ ဖြစ်ပေါ်လာခဲ့။ မိသားစု ဟာ နွေးထွေးမှုနဲ့
ချစ်ခြင်းမေတ္တာ၊ နားလည်မှုတွေ ပေါင်းစည်းသတဲ့။ ပြောသံကြားဖူးတယ်။ ကိုယ်ပါဝင်တဲ့
မိသားစုကတော့ ကိုယ့်အတွက် အေးခဲနေတဲ့ အိပ်မက်တစ်ခု။ ကိုယ်တည်ဆောက်မယ့် မိသားစုကို
နားလည်မှုတွေ လှိုင်လှိုင်သုံးပြီး နွေးထွေးမှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့
ပြည့်သျှံနေစေဖို့ ပုံသေနည်းထုတ်ဖို့ကြိုးစားခဲ့ဖူးရဲ့။ ဒါပေမယ့်လည်း အေးခဲနေတဲ့
အိပ်မက်ကမ္ဘာက ရှင်သန်လာသူအဖို့ နွေးထွေးမှုကို ကိုယ်တိုင်မခံစားဖူးတဲ့အခါ
သူများပေးလာရက်နဲ့ လက်ခံဖို့ ကြောက်ခဲ့မိတယ်။
မနေ့က၊ဟိုးတစ်နေ့က၊ဟိုးတစ်မြန်နှစ်က
အတိတ်ကမိသားစု ဘဝတွေမှာ ကိုယ်ဟာ အရောင်မဲ့ပန်းတစ်ပွင့်။ အဆင်းလှအောင်လည်း
နွေးထွေးခြင်းမခံရဘူး။ ကိုယ်ဟာ သက်မဲ့ပန်းခြောက်တစ်ပွင့်လိုပဲ မိသားစုရဲ့ အမေ့ခံ
ဖြစ်ခဲ့တယ်။ ဒါဟာကိုယ့်ဘဝရဲ့ ကြုံခဲ့သော၊ ကြုံနေဆဲ၊ ကြုံနေမြဲ ပုံရိပ်တစ်ခု။
ထူထပ်အုံ့မှိုင်းနေတဲ့
မိုးသားတွေကို စိုက်ကြည့်ရင်း အမေ၊ အမေ။ အမေ့ကို ကျွန်တော်မုန်းတယ်။
မုန်းတယ်။ မုန်းတယ်။ လို့ ဟိုးကောင်းကင်ထိ ရောက်အောင် စူးစူးရဲရဲအော်ပစ်တယ်။
မကြားဘူး။ ကိုယ့်နှလုံးသားက မကြားဘူး။ ဖြစ်ရိုးဖြစ်စဉ်ပဲ ဆိုတဲ့ အတွေးနဲ့
အမေ့အပေါ်နားလည်ပေးလိုက်တယ်။ ကိုယ့်စိတ်တစ်ခုလုံးဟာ ရေသေ။ စီးနေတဲ့
အကြောင်းတရားတွေဟာ ပိတ်မိသွားတဲ့ ရေသေအိုင်။