သူ
မသိတဲ့ အလွမ်းတွေနဲ့ ညဟာ မှောင်မိုက်လွန်းနေတယ်။ မနေ့ကထိ ကိုယ့်ကိုယ်ကိုယ်
တည်ဆောက်နိုင်စွမ်းရှိတယ် ထင်ခဲ့တယ်။ ခုချိန်မှ သိရတာ အသိနောက်ကျလွန်းတယ်
ဆိုရမလား။ သူမရှိရင် ကိုယ့်ကမ္ဘာဟာ အမှောင်ကမ္ဘာပဲ။ ကိုယ့်ဘေးနားကနေ
တစ်ခုမကျန်ဖြည့်ဆည်းပေးနေတတ်တဲ့ လူတစ်ယောက် ဘာ့ကြောင့်ပျောက်သွားခဲ့တာလဲ။ မရေမရာအတွေးတွေနဲ့ပဲ
ညဟာ ပိုပြီး မှောင်လာတယ်။ ဒီညဟာ အလွမ်းတွေနဲ့ သိပ်သည်းနေခဲ့တာလား။ ဟင့်အင်း။
ကိုယ်မသိဘူး။ သေချာတာတစ်ခုကတော့ ရိုးလွန်းတဲ့ ကလေးတစ်ယောက်ရဲ့ အပြုံးလေးကို ကိုယ်
သတိရနေခဲ့တယ်။
အပြုံးလေး။
ကိုယ်ဘာလုပ်လုပ် ခွင့်ပေးမယ်ဆိုတဲ့ အပြုံးလေး၊ ကိုယ်ဘာလိုလို ဖြည့်ဆည်းမယ်ဆိုတဲ့
အပြုံးလေး။
ကိုယ်နဲ့ မထိုက်တန်ကြောင်း ငြင်းဖို့
စကားတွေ တဆွံ့တအနဲ့ပဲ လက်ခံခဲ့တယ်။ ကိုယ်ဟာ ဖြည့်ဆည်းဖို့ မထိုက်တန်သူပါ ကလေးရေ
လို့ ဖွင့်ပြောဖို့ ကိုယ် ကြောက်ရွံ့နေခဲ့တယ်။ ဟုတ်တယ်။ ကိုယ် ကြောက်ရွံ့နေခဲ့တယ်။