Saturday, 17 September 2011

နွံတစ်ခု၏ဖြစ်စဉ်

“နွယ်တို့ လက်ထပ်ကြရအောင်..ပိုက်ဆံမလောက်ဘူးဆိုတောင် တရားရုံးမှာ လက်မှတ်ထိုးပြီး ပုဆိုးတန်းတင် အကြင်လင်မယားပေါ့နော်…အုန်းနို့ခေါက်ဆွဲချက်ပြီး .အရှေ့ငါးအိမ် အနောက်ငါးအိမ် ပို့လိုက်ပြီး ကြေငြာလိုက်ရင်ရတာပဲ”
နွယ် ဒီစကားကို ပြောသာပြောလိုက်ရသည်။ နွယ့်ရင်ထဲဝယ် ရှက်ရွံခြင်းများစွာနှင့်။ နွယ့် ပြောစကားကြားတော့ မောင်က မဖြစ်နိုင်ဘူးဆိုသည့်သဘောနှင့် ခေါင်းခါယမ်းရင်း
“မဖြစ်နိုင်မှန်းသိရဲ့နဲ့ နွယ်ရယ် မောင့် အောက်မှာ အငယ်နှစ်ယောက်ရှိသေးတာသိရဲ့နဲ့ သူတို့နှစ်ယောက်ကျောင်းပြီးမှပဲ လက်ထပ်ဖို့ စဉ်းစားမယ်လို့ နွယ့်ကို မောင် ပြောထားသားပဲ”
ချစ်ရသော မောင်၏ ခါးခါးသီးသီးငြင်းဆန်ပုံကို ကြည့်ရင်း နွယ် ဝမ်းနည်းလာမိပါသည်။ သို့သော် ဒီစကားကတော့ မပြောမဖြစ်ပြောရပေတော့မည်။
“လက်မထပ်နိုင်သေးရင်လည်းနွယ့်ကို ဘာလို့…နွယ့်ကို” ပြောရင်းစကားပင်မဆုံးနိုင်ပဲ ငိုလိုက်မိတော့သည်။ နွယ်ငိုတော့လည်း ချစ်သူ မောင့် ခမျာ မနေသာ။ စိုးရိမ်တကြီးနှင့် မေးမိပြန်သည်။
“နွယ် ဘာဖြစ်လို့လဲဟင်…ဘာတွေ စိတ်ညစ်စရာရှိနေလို့လဲ…နွယ့်အိမ်မှာ တစ်ခုခုဖြစ်လို့လား”
“မဟုတ်ဘူး မောင်..နွယ်..နွယ့်မှာ ကိုယ်ဝန်ရှိနေပြီ…သုံးလတဲ့…နွယ့်ကို လက်ထပ်မှ ဖြစ်မယ်…”
“နွယ် ရယ်…အရန်ကော..ဒီလောက်က ဆေးကို သုံးခွက်လောက်စပ်သောက်ရုံနဲ့ အဆင်ပြေသွားမှာလေ”
“မောင်” သူမ အံ့သြတကြီးခေါ်လိုက်မိရင်း ထပ်မေးမိပြန်သည်။
“မောင်…လက်ထပ်ဖို့ အစီအစဉ်မရှိဘူးလားဟင်..ပိုက်ဆံမလိုပါဘူးမောင်ရယ်”
မေးရင်း အတွေးတစ်ခုကလည်း ဝင်လာပြန်၏။ မောင်ပြောလိုက်သည့်ပုံက အတွေ့အကြုံရှိပြီးသူလိုမျိုး စဉ်းပင်မစဉ်းစားပဲ လက်တန်းဖြေလိုက်ခြင်း။ မောင့်သူငယ်ချင်းတွေထံဝယ် အတွေ့အကြုံရှိခြင်းကြောင့် ဖြစ်ပါမည်လေဟုတွေးကာ နွယ် စိတ်ဖြေလိုက်သည်။
“နွယ်…မောင့်အိမ်အခြေအနေအရရော..နွယ့်အိမ်အခြေအနေအရရော လက်ထပ်လို့မရတာ နွယ်သိသားနဲ့ကွာ”
“နွယ်တို့ နောက်နေ့မှ ဆက်ဆွေးနွေးတာပေါ့နော်…ဒီနေ့တော့ ပြန်ကြရအောင်”
“အင်းလေ….သဘက်ခါ ဒီနေရာမှာပဲ တွေ့ကြတာပေါ့လေ…နွယ့်အိမ်ကလည်း မသိစေနဲ့ဦးနော်…တော်ကြာ ပိုရှုပ်ကုန်မယ်”
……………………………………..

ပြန်ကိုပြန်ရမယ့် စာလေးတစ်စောင်

ဒီစာကို ဖတ်ကြည့်ပြီးတော့ စိတ်ပင်အနည်းငယ် ညစ်ညူးသွားချေပြီ။ နွယ်ဆိုသောမိန်းခလေးက သူမ၏ အချစ်နှင့်ပတ်သတ်၍ မေးထားခြင်းပင်။ သူမ၏ချစ်သူနဲ့ လက်ထပ်ရန် အိမ်ကသဘောမတူသဖြင့် အလွယ်တကူပဲ ခိုးရာလိုက်ပစ်လိုက်ချင်ပြီ….ဟု ရင်ဖွင့်ထားခြင်းပင်။
“နွယ်…ရေ
ခိုးရာလိုက်တယ်ဆိုတာကို နောတ်ဆုံးအဆင့်မှ စဉ်းစားပါ ညီမရယ်။
သမီးမိန်းခလေးတစ်ယောက် ခိုးရာလိုက်ပြေးတဲ့အခါမှာ မိဘတွေအနေနဲ့
ပတ်ဝန်းကျင်မှာ အလွန်သိမ်ငယ်ရတယ် ညီမရဲ့။ သဘောတူအောင် နည်းနည်းလေး
ကြိုးစားလိုက်ပါဦး။ လုံးဝမဖြစ်တော့ဘူး…ဆိုတာသေချာမှ အဲဒီလို
စဉ်းစားပါလို့ မမ အကြံပေးချင်တယ်။…”

……….သူမကတော့ စာတိုတိုလေးရေးကာ ရင်ဖွင့်ထားသော်လည်း ကျွန်မကတော့ စာရှည်ရှည်လေးရေးကာ စာပြန်လိုက်မိသည်။
ခိုးရာလိုက်တယ်ဆိုတာ….လူငယ်တွေအတွက် ဘယ်လိုစဉ်းစားမလဲမသိပေမဲ့ ကျွန်မတော့ မိဘတွေကို သနားသည်။ တစ်ခါက မုန့်ဟင်းခါးဆိုင်တွင် မုန့်စားနေရင်း ဘေးကလူတစ်ချို့ လင်မယားနှစ်ယောက်ကို ၀ိုင်းကြည့်နေကြသည်ကို တွေ့ရသည်။

ထပ်တူမခံစားစေချင်ပါ

မုန့်ဟင်းခါးဆိုင်လေးအတွင်းမှ လူအများ၏ ကျွတ်စီကျွတ်စီအသံလေးမျာကြောင့် သူတို့စူးစိုက်ကြည့်နေရာကို ကိုယ်ပါကြည့်လိုက်မိသည်။ ဦးလေးကြီးတစ်ဦးနှင့် အန်တီကြီးတစ်ဦး။ လမ်းမထက်ဝယ် ခပ်သွက်သွက်လျှောက်လို့။ မျက်လုံးများစွာကို ဂရုမစိုက်သည့်ဟန်ဖမ်းထားသော ထိုနှစ်ယောက်၏ ခြေလှမ်းယိမ်းယိုင်နေမှုကို ကြည့်ခြင်းအားဖြင့် မနည်းအားတင်းထားခြင်းဖြစ်မည်။

“သူ့သမီးက ခိုးရာလိုက်ပြေးသွားတယ်လေ…”

“ဟုတ်လားဟ…မိုက်လိုက်တဲ့ မိန်းခလေးပါ့လား..မိဘတွေ သနားစရာ”

မိဘတွေသနားစရာဆိုလျှင် ဒီလိုမျိုးတော့ စူးစူးစိုက်စိုက်ကြီးကြည့်မနေသင့်ဟု ထင်သည်။ ခုတော့ မျောက်ပွဲကြည့်နေသလိုပင်။ မကြည့်ဖြစ်တော့ပဲ မုန့်ဟင်းခါးကိုသာ ဆက်စားနေမိတော့သည်လေ။ ထိုနှစ်ယောက်အတော်ဝေးဝေးရောက်သည့်တိုင်အောင် ဒီမုန့်ဟင်းခါးဆိုင်မှာတော့ ခိုးရာလိုက်သည့်အကြောင်းက မပြီးပြတ်သေး။ တခုတ်တရနှင့်ပြောနေကြဆဲ။ ကောင်လေးက အရက်သမားဆိုလား။ ကောင်မလေးကဘွဲ့ရပညာတတ်ပါရဲ့နဲ့..ဆိုလား။ မုန့်ဟင်းခါးဖိုးရှင်းကာ သူထွက်လာသည်အထိ ထိုစကားဝိုင်းက ဖောင်ဖွဲ့ကောင်းတုန်းပင်။

!!!!!!!!!!!!!!!


မျှော်လင့်ချက်မြို့ငယ်လေး

မျှော်လင့်ချက်မြို့ငယ်လေး

မွေးရပ်မြေတဲ့။ မွေးဖွားရှင်သန်ခဲ့ရာ ဇာတိတဲ့။ ကမ္ဘာအနှံ့ကျော်ကြားသူတို့ထံတွင်လည်း မွေးရပ်ဇာတိရှိ၏။ ဘဝကို
သာမန်ဖြင့်နေထိုင်သော ကျွန်တော်လို လူမျိုးတွင်လည်း မွေးရပ်ဇာတိရှိ၏။ ကျွန်တော် ယုံကြည်ပါသည်။ မည်သူမဆို ကိုယ့်မွေးရပ်ဇာတိကို ချစ်မြတ်နိုးကြမည်ဟု။ မွေးရပ်ဇာတိဝယ် နေထိုင်နေသူဖြစ်ချင်မှဖြစ်မည်။ သို့သော် သူတို့၏ စိတ်တွင်ကား မွေးရပ်ဇာတိသည် မည်သည့်အခါမျှ မပျောက်ပျက်နိုင်သော အတိတ်ပုံရိပ်ပင်။ အတိတ်ပုံရိပ်ဟုဆိုသော်ငြား ထိုပုံရိပ်သည် ဘဝတစ်သက်တာလုံး ပါဝင်သွားမည့် အရိပ်ဟု ဆိုလျှင် ပိုမှန်ပေမည်။ ကျွန်တော်သည်လည်း ကျွန်တော့်မွေးရပ်ဇာတိမြေလေးကို
နှလုံးသားထဲဝယ် အစဉ်မြုပ်နှံထားခဲ့သည်သာ။

မောင်နှမ

မိုးစက်တို့ ခပ်ဖွဲဖွဲကျနေသည့် လမ်းမထက်ဝယ် ကလေးသုံးယောက် ပြေးလွှားလို့….။
မိုးစက်စိုမှာကြောက်၍လား။ မဖြစ်နိုင်။ ကလေးတစ်ယောက်က လက်က အပေါစားနာရီလေးကို ကြည့်လိုက်သည်။ ထို့နောက် အရပ်အပုဆုံးလေးကို အလယ်မှာထား၍ ဘေးကနေ တစ်ယောက်တစ်ဖက်စီ လက်ကိုဆွဲကာ အရှိန်မြှင့် ပြေးကြလေတော့သည်။ တစောင်းလွယ်ထားကြသည့် လွယ်အိတ်ကလေးသုံးခုကလည်း ပြေးသည့်အရှိန်ဖြင့် တစ်လွင့်လွင့်။ စာအုပ်တွေ ပါမလာဟန်ပင်…ထင်ရလေသည်။
ဟော…ရောက်ပါပြီ။ ကျောင်းတော်ကြီး။ တံခါးက ပိတ်လုပိတ်ခင်။ သူတို့ဝင်သွားတော့ တံခါးစောင့်တာဝန်ကျဆရာဖြစ်ဟန်တူသူက ခေါင်းလေးတွေ တစ်ချက်စီလိုက်ပုတ်လို့။ ထို့နောက် ထိုသုံးယောက် ကိုယ်စီကိုယ်စီ အခန်းတွေဆီ ဝင်သွားကြ၏။
“ဒေါင်..ဒေါင်…ဒေါင်”
ကျောင်းတက်ခေါင်းလောင်းထိုးသံအပြီး။ တစ်ကျောင်းလုံးကလေးလူကြီး မကျန် မတ်တပ်ရပ်၍ ကမ္ဘာမကျေသီချင်းကို ညီညီညာညာ ဆိုကြလေ၏။ တစ်ချို့ သီချင်းကို ကောင်းကောင်းမရသေးသူတွေကတော့ သီချင်းရသူတွေ ပါးစပ်ကိုကြည့်ကာ ယောင်ဝါးဝါး။ ကိစ္စမရှိပါ။ သိပ်မကြာခင်ပင် သူတို့ရသွားမည်မှာ သေချာပါသည်။
………………………..
ခန်းမကျယ်ကြီးတစ်ခု။ ခုံတန်းလေးတွေနှင့် ကလေးတွေ ထိုင်နေကြသည်။ ကြည့်ရတာ သူငယ်တန်း ကျောင်းသူကျောင်းသားလေးတွေဖြစ်မည်။ အရှေ့ဆုံးက ဘလက်ဘုတ် မှာတော့ ဆရာမတစ်ယောက် ကြိမ်လုံးတစ်ဖက်၊ မြေဖြူတစ်ဖက်နှင့် စာရေးနေသည်။
ကျောက်သင်ပုန်းနှင့် ကျောက်တံနှင့် အလုပ်ရှုပ်နေကြသော ကလေးတို့မှာ တစ်စုံတစ်ရာကို မျှော်နေသလိုလို။

ပုံသွင်းမမှားစေချင်ပါ

“သားရေ…အဖေ့ကို ဆေးလိပ်လေး နှစ်လိပ်လောက်ဝယ်ပေးစမ်းဟေ့…မင်းသူ ဆိုင်ကနေ…ပြီးတော့ အဖေစားနေကျ ကွမ်းတစ်ရာဖိုး ပါဝယ်ခဲ့”

“ဟုတ်”

ပိုက်ဆံယူပြီးထွက်လာခဲ့တော့ ကိုမင်းသူ ကွမ်းယာဆိုင်မှာ သူ့သူငယ်ချင်းနှစ်ယောက်။ သူ့လိုပင် ဆေးလိပ်လာဝယ်သည်ထင်ပါရဲ့။ သူတို့အဖေတွေသည်လည်း သူ့အဖေလိုပင် ကွမ်းစား၊ ဆေးလိပ်သောက်သည်ကို တွေ့ဖူးသည်လေ။

………

တစ်ခေါက်ကနေ ဆယ်ခေါက်ဖြစ်လာတော့ သူလည်း ကိုမင်းသူနှင့် ရင်းနှီးချေပြီ။

“ကိုကြီးမင်းသူ သားကို အဆိမ့်တစ်ယာလောက်..စားကြည့်ချင်လို့”

“မစားပါနဲ့ကွာ..မကောင်းပါဘူး” ဆိုင်ရှင် ကိုမင်းသူက တစ်ခွန်းတော့ တားဖြစ်ပါသည်။ သို့သော်လည်း…

သူ့ပါးစောင်ထဲဝယ် ကွမ်းတစ်ယာ ရောက်ရှိချေပြီ။ မစားဘူးလို့ အစားထူးလေသည်လားမသိ။ သူ့ရင်ထဲဝယ် ကွမ်းမြုံ့နေရခြင်းကိုက အရသာတစ်ခု။

သူငယ်ချင်းများရှေ့ဝယ် ကွမ်းစားရင်း၊ သူငယ်ချင်းတွေနှင့်အတူတူ ကွမ်းစားရင်း ကိုယ့်ကိုယ်ကို လူကြီးစားရင်းဝင်ပြီဟု သူတို့ အတူတူ တွေးဖြစ်ခဲ့ကြသည်။ အသက်ကလေးကတော့ တစ်ဆယ့်နှစ်နှစ် လောက်ရှိသေးသည်ပေါ့။ ရံဖန်ရံခါ ဆေးလိပ်တစ်လိပ်ကို သူငယ်ချင်းသုံးယောက် အတူတူဖွာရှိုက်ဖြစ်ခဲ့ကြသည်။ မိဘကွယ်ရာမှာပေါ့။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


ကျေနပ်ပါသည်

ဝရန်တာဝယ်ရပ်ရင်း လမင်းကို မော့ကြည့်မိတော့ လကလည်းတော်တော်လေးကို သာနေသည်။ ဒီကမ္ဘာမှာ သူ့လောက် အလှပအတင့်တယ်ဆုံးသူ မရှိဘူး ဆိုသည့် အဓိပ္ပါယ်နှင့် ကြွားကြွားရွားရွား ဝိုင်းစက်ဝင်းလက်လို့။ ကြယ်လေးတွေကလည်း ဒီညကျမှပဲ လမင်းကိုခစားနေလိုက်ပုံများ။ စုံစုံလင်လင်နှင့်။ လမင်းရဲ့ အေးမြတဲ့ ဝင်းလဲ့လဲ့အရောင်က လက်ရှိ သူနေထိုင်နေတဲ့ ကမ္ဘာတစ်ခြမ်းပေါ် ဖြန့်ကျက်ထားလေရဲ့။ ဒီလရောင်ကိုငေးနေရင်း ငြိမ်းချမ်းနေသူတွေလည်း ရှိနိုင်ပါသည်။ သူကတော့ ဒီလရောင်အောက်မှာ၊ ကောင်းကင်ရဲ့ ငြိမ်းချမ်းမှုအောက်မှာ မအေးချမ်းနိုင်သူတစ်ဦးသာ။ တစ်ချို့တစ်ချို့သော နေရာတွေမှာလည်း အကြောင်းပြချက်မတူညီစွာဖြင့် သူ့လိုပင် တူညီစွာမငြိမ်းချမ်းနိုင်သူတွေ မအေးချမ်းနိုင်သူတွေ ရှိနေပါလိမ့်မည်။
သူ့တွင်လည်း ကြယ်စုံလစုံသော ကောင်းကင်ရှိပါလျှက် နွေးထွေးခြင်း၊ အေးမြခြင်းတို့ ကင်းမဲ့နေသည်လေ။
……………………………………………………………………………………………………………………………

တောင်းပန်ပါတယ်...သမီးရယ်

“အမေ သမီး မလုပ်ချင်ဘူး အမေရယ်….အဖေ့ကို ရိုးရိုးသားသားပြောပြီး ဈေးဖိုးပိုတောင်းလိုက်ပါ့လား”

“မရလို့ပေါ့အေ…ငါးထောင်ထဲပါအေ..ညည်းအဖေက သူ့ပိုက်ဆံအိတ်ကို သတ်သတ်မှတ်မှတ်ရေတွက်မထားပါဘူး..ဒီတစ်ခါတည်းပါအေ..အရေးကြီးနေလို့မို့ပါ”

“မိသွားရင် သမီးကို အဖေက ရိုက်မှာ…အဖေအရိုက်ကြမ်းတာလည်း သိရဲ့သားနဲ့”

“မိသွားရင် ငါပြောပေးမယ်အေ..ဒီတစ်ခါတည်းပါဆိုကာမှပဲ”

“ဟင်း….” သက်ပြင်းချမိရင်း

“ဒီတစ်ခါတည်းနော်အမေ ”…ဟုသေချာအောင်မေးမိပြန်ပါသည်။။

“အေးပါအေ..ဒီတစ်ခါတည်း..ဒီတစ်ခါတည်း”

အဖေက အိပ်နေသည်။ အမေကတော့ အိပ်ချင်ဟန်ဆောင်လို့။ သူမ၏ လက်ချောင်းသေးသေးလေးကို အဖေ့ခေါင်းအုံးအောက်ထဲ အသာအယာသွင်းကာ ပိုက်ဆံအိတ်ကို ရှာလိုက်သည်။ တွေ့ပါပြီ။ ပိုက်ဆံအိတ်ဇစ်ကို အသာအယာဆွဲကာ အုပ်လေးများထဲက ဟိုတစ်အုပ် တစ်ရွက်၊ ဒီတစ်အုပ်တစ်ရွက် ဆွဲလိုက်သည်။ ပြီး ပြန်ထုတ်ကြည့်လိုက်၏။ ငါးထောင်ပြည့်ပြီ။ ဇစ်ကို အသာဆွဲပိတ်ကာ ပိုက်ဆံအိတ်ကို အဖေ့ခေါင်းအုံးအောက် ပြန်သွင်းပေးလိုက်သည်။ အဖေကတော့ မသိ။ တခူးခူးနှင့် အိပ်ပျော်လို့။

“တော်လိုက်တာဟယ် ညည်းအဖေမသိအောင် ယူတတ်သားပဲ”

စာရိတ္တတို့ကို ချိုးဖောက်ပြီး ရလာသည့် ချီးကျူးမှု။ သို့သော် ချီးကျူးခဲသော အမေ၏ စကား။ သူမ ဝမ်းနည်းရမှာလား။ ဝမ်းသာရမှာလား။ မသိ။ ဘာပဲဖြစ်ဖြစ် တစ်ခါတည်းပါ။ ဒီတစ်ခါတည်းပါ။ သူမ၏ တင်းကျပ်နေသည့် စိတ်တို့ ကို ဒီတစ်ခါတည်းပါလေ ဟူသော အတွေးနှင့် ဖြေလျော့လိုက်သည်။

သို့သော်…..နောက်ထပ်နောက်ထပ် အခေါက်ပေါင်းများစွာ…..။ အမေ့ တီးတိတိုးတောင်းဆိုမှု။ လုပ်မပေးနိုင်ဘူး ဟု ပြတ်ပြတ်သားသား မငြင်းဆန်နိုင်မှုတို့ထဲ စာရိတ္တကို သူမ အခါခါ ချိုးဖောက်ခဲ့မိသည်။

မရေးဖြစ်တော့တဲ့ ဒိုင်ယာရီ

“အစ်မ ဒီစာအုပ်လေးပေးပါ ဘယ်လောက်လဲ”
“၁၅၀၀ ညီမလေး”
“ဟုတ် ”…………။
အညိုရောင်အဖုံးနဲ့ ဒိုင်ယာရီစာအုပ်လေး သူမလက်ထဲရောက်လာချေပြီ။ ဝယ်သာဝယ်လာခဲ့သော်လည်း သူမမှာ ဒိုင်ယာရီရေးတတ်သည့် အကျင့်မရှိခဲ့။ မရှိချေ။ ရင်ထဲက တင်းကျပ်မှုတချို့တလေများ ချရေးလိုက်လျှင်ပြေပျောက်သွားမလား…ဒီအတွေးနှင့် ဒိုင်ယာရီရေးကြည့်ဖို့ စိတ်ကူးမိခြင်းသာ။
ဒိုင်ယာရီ ဆိုသည်ကို သူမ၏ သူငယ်ချင်းတော်တော်များများထားကြတာတွေ့ဖူးသည်။ လျှို့ဝှက်ချက်တဲ့။ သူမကတော့ ဒိုင်ယာရီမရေးတတ်သလို ရေးလည်းမရေးချင်ခဲ့။ မသိစေချင်ဘူး ဆိုမှာတော့ ဒိုင်ယာရီအမည်ခံ ပြီး ဘာ့ကြောင့် ဖွင့်ထုတ်နေမလဲ။ ဒီအတွေးနှင့် မရေးခဲ့ချင်ခြင်းသာ။ ဒီနေ့တော့ ဒိုင်ယာရီ သူမ ရေးဖြစ်တော့မည် ထင်သည်။
စားပွဲပေါ်က ဒိုင်ယာရီလေးက သူမကို လှောင်ပြောင်နေသလိုလို။ ကဲ..နင် ဘာတွေရေးမှာလဲ ဟု အသံတိတ်မေးနေသလိုလို။ ဘောပင်ကို လက်မှကိုင်ထားသော်လည်း ဒီစာအုပ်လေးပေါ်သူမရေးချမိသည်က ရက်စွဲလေးတစ်ခုသာ ရှိသေးသည်။ စိတ်တင်းကျပ်မှုဆိုတာကလည်း ရုတ်တရက်ဖွင့်ချဖို့ ဘယ်လွယ်ပါ့မလဲ။ အပြင်ခဏလမ်းထွက်လျှောက်ပြီး ပြန်လာမှပဲ ရေးတော့မည်။ အတွေးနှင့် စာအုပ်နှင့် ဘောပင်ကို သိမ်းလိုက်သည်။
“အမေရေ သမီး စာအုပ်ဆိုင်ခဏသွားလိုက်ဦးမယ်နော်…”
“အေး..အေး…မိုးဖွဲ ဖွဲလေးကျနေတယ် ထီးယူသွားဦး”
“ဟုတ်”
ထီးလေးဆောင်းရင်း မိုးဖွဲလေးထဲ လမ်းလျှောက်ရသည်မှာ ဘာနှင့်မှမတူသောခံစားချက်။ သူမအနှစ်သက်ဆုံး ခံစားချက်။ လတ်ဆတ်သောလန်းဆန်းသော အထိအတွေ့တို့နှင့် သူမ၏ စိတ်တင်းကျပ်မှုတို့ကိုပါ အနည်းငယ် လျော့ပါးစေပြန်ပါသည်။ လက်က နာရီကိုကြည့်မိတော့ နံနက်၁၀ နာရီ ခွဲ ပြီ။ ဒီချိန်ဆို သူမသူငယ်ချင်းမလေးမာမာလည်း ရုံးပိတ်ရက်ပဲ။ အိမ်ကလည်း စာအုပ်ဆိုင် နောက်ကျောလမ်းတင်ဆိုတော့ အနီးလေး။ မတွေ့တာလည်းကြာပြီ။ သူမကိုတွေ့လျှင် မျက်လုံးကြီးပြူးပြီး အံ့သြတကြီး နှင့် အော်ကြီးဟစ်ကျယ် ပြောပါဦးမည်။ “ဘယ်လေတိုတ်လို့ ရောက်လာတာလဲ ”..ဟု။ သူမက သူငယ်ချင်းတွေအိမ် သွားလည်တာရှားသည်လေ။
…………………………………………………………………………………………………………………………
“ခက်ရေ…ခဏထိုင်စောင့်ဟာ..ငါနင့်ကိုအအေးလိုက်တိုက်မယ်…အမေရေ သမီးခက်ကို အအေးလိုက်တိုက်လိုက်ဦးမယ်နော်”
“အေး..အေး..အပြန်ကျရင် လမ်းထိပ်ဆိုင်ကနေ ဆားတစ်ထုပ်ပါဝယ်ခဲ့နော်”
“ဟုတ်ကဲ့ ”
…..

ကံကြွေးရှိသမျှ ဒီဘဝနှင့်ကျေကြပါစေ

“မကြီးရယ် မုန့်ဖိုးလေး ၅၀…၁၀၀ လောက်ပေးပါ…သမီးထမင်းမစားရသေးလို့ပါ”

မျက်စိရှေ့ဝယ် လက်ကလေးဖြန့်ကာတောင်းနေသောကလေးငယ်ကိုကြည့်ရင်း စိတ်ပျက်စိတ်ညစ်စွာ မျက်နှာလွှဲထားမိသည်။ ဒီဆိုင်လေးသည် အတော်ပင် ရောင်းကောင်းသော အေးဂျင့်ကုန်စုံဆိုင်လေးဖြစ်ပြီး ဆိုင်ရှေ့ဝယ် ထိုသို့သော ကလေးငယ်တွေ မနက်ည ရှိနေတတ်သည်မှာ စိတ်ပျက်ဖွယ်ရာပင်။ အခုနောက်ပိုင်း ပိုပိုစိတ်ညစ်ဖွယ်ရာကောင်းလာသည်က အရင်ထက် ပိုမိုရဲတင်းကာ

အိကျီ င်္စကို လက်နှင့်ဆွဲ၍ တောင်းတတ်ခြင်းပင်။

သူမထိုသို့သော ကလေးငယ်တွေကို မုန့်ဖိုးပေးလေ့မရှိပါ။ အကျင့်ပါသွားမှာစိုး၍ပင်။ မနက်ခင်းဈေးသွားချိန်ဝယ် ထိုသို့သော နွမ်းပါးသည့် ကလေးငယ်များ ပန်းရောင်းတတ်သည်။ ထိုအချိန်တွင်မတော့ အားပါးတရကို ဝယ်ယူလိုက်သည်။

တစ်ခေါက် လမ်းရှေ့ဝယ် အမှိုတ်ကောက်နေသော ကလေးတစ်ချို့ကိုခေါ်ကာ အဝတ်အစားပေးဖူးသည်။ သို့သော် သူတို့ တစ်ဆင့်တက်မေးသည်က သူမတူမလေးစီးနေသောဖိနပ်လေးကိုပါ ပေးလို့မရဘူးလားဟင်..ဆိုတော့။ ပေးတော့ပေးဖြစ်ပါသည်။ နောက်တစ်ခါခေါ်ဖို့တော့ အလွန်အင်မတန် စဉ်းစားရမည်ပင်။

“မကြီး ဆန်က ၁၅၀၀၊ ကြက်ဥက ၅လုံး ၆၀၀ အားလုံးပေါင်း ၂၁၀၀ ပါ”

ငွေ ၂၁၀၀ ကိုထုတ်ပေးရင်း စိတ်ချမ်းသာစွာ ထွက်လာခဲ့သည်။ ဘာပဲပြောပြော ထိုကလေးငယ်တို့ကို မြင်ရခြင်းမှ လွပ်လပ်လာခဲ့ပြီမလား။

………………………………………

“မကြီးရယ် ထမင်းဖိုးလေး ဟင်းဖိုးလေးများပေးခဲ့ပါ”

နားတို့ကို တင်းကျပ်စွာ ပိတ်ထားလိုက်ချင်မိသည်။ ဒီကလေးငယ်တွေ နေရာတိုင်းမှာရှိနေသည်လား။ မြို့ထဲသို့ အသွားကတည်းက ကြားခဲ့ရတဲ့ ဒီအသံ မှတ်တိုင်တိုင်းနီးပါးမှာ။ အခု အပြန်တွင်လည်း မရပ်နိုင်သေး။

ထူးဆန်းတာက သူတို့ဘေးနားဝယ် သူတို့နှင့် ပုံစံတူ မိန်းကလေးတစ်ယောက်ရှိနေခြင်းပင်။ မိန်းကလေး ဟုဆိုရခြင်းကတော့ အသက်မှန်းကြည့်ရလျှင် ၂၅ ဝန်းကျင်တော့ ရှိမည်သာ။ သူမဘေးနားဝယ်မတော့ ကလေးမလေးတွေ ရှိနေသေးသည်သာ။ ငါးနှစ်အရွယ်ကလေးမလေးတွေနှစ်ယောက်ရယ်။ ဒီကြားထဲ ရင်ခွင်ပိုက်တစ်ယောက်ရယ်။ နောက် စူပုံ့နေသော ဗိုက်ကလေးက သိသာနေစေသည်မှာ နောက်တစ်ယောက်ဟု။ သက်ပြင်းအသာအယာ ချလိုက်မိသည်။

“အဲဒီမိန်းခလေးက ဒီနားမှာ အမြဲရှိနေကျပဲလေ..ဒီနားမှာနေတဲ့ ကျွန်မအသိပြောတာကတော့ ကလေးမလေးတွေ အမေတဲ့…တောင်းစားခိုင်းထားတာလို့ပြောတာပဲ..ပိုက်ဆံရရင်လည်း သူသာ အဝအပြဲစားတာတဲ့တော့…ကလေးလေးတွေကိုကျတော့ သူစားပြီးမှ ကျွေးတာတဲ့..”

ရင်ထဲတွင် နင့်ခနဲ။ ဘေးနားက အဒေါ်ကြီးနှစ်ယောက်ပြောသော စကားသံ။

မကြားချင်။ မသိချင်။ ဒီလိုဖြစ်ရပ်မျိုးမြောက်များစွာရှိမှန်းသိသော်ငြား မျက်စိရှေ့ဝယ်မတွေ့ချင်ပါ။ ကြည့်လိုက်ပါဦး။ ကျောင်းနေအရွယ်လေးတွေ။ မိဘဆိုတာကို လက်ညိုးလေးထိုးရွေးခွင့်ရခဲ့ကြရင်ဖြင့် ဘယ်လောက်ကောင်းလိုက်လေမလဲ။

………………………………………..

မိသောင်းကိုချစ်ကြည်သနားစွာ ကြည့်နေမိသည်။ အဝက်အစားပေးတိုင်းလည်း ကျေးဇူးတင်ပါတယ်..ဟု အထပ်ထပ်ပြောကာယူတတ်သူ မိသောင်း။ ပါးစပ်ကလည်း စိုင်းစိုင်းခမ်းလှိုင်၏ တောဂေါ်လီ ဆိုသည့် သီချင်းကို အဆက်မပြက် အော်ကြီးဟစ်ကျယ်ရွတ်တတ်သူ။

“အားလုံးတတ်ကြ ငါ့ထော်လာဂျီ ငါ့ကိုမိန်းခလေးများ အော့ကြောလန်သည် ရွာမြောက်ဘက်ပိုင်းကတော့ သိပ်မကြည် ငါ့နာမည်က တောဂေါ်လီ”

အခုလည်း ဒီသီးချင်းပဲရွက်ကာထွက်သွားပြန်ပါသည်။ ခန္ဒာကိုယ်လေးလှုပ်တုပ်လှုပ်တုပ်နှင့်။ သနပ်ခါးလေးအဖွေးသားနှင့် မိသောင်း ရုပ်လေးကလည်း သန့်သည်။ သို့သော်ငြား ဘဝကံအကျိုးပေးကြောင့်လားမသိ။ စိတ်လေးက မနှံ့ရှာ။ မိဘမောင်ဖွားရယ်လည်း မ၇ှိရှာဖူးထင်ပါရဲ့။ ဒီလိုပဲ အရပ်တကာ လှည့်သွားနေသလားကွယ်…စိတ်ထဲ မသက်မသာတွေးမိရင်း သက်ပြင်းမောတစ်ချက် ချမိလိုက်သည်လေ။

……………

ဟောတော်…..မြင်နေရတဲ့ မြင်ကွင်းက မယုံနိုင်စွာ။ မိသောင်း ကလေးတစ်ယောက်နှင့်။ သူ့ကလေးမှန်းသိသာစွာ သူနှင့် ရုပ်ချင်းဆင်စွာပဲ အသားဝါဝါချောချောလေး။

မိသောင်း ပျောက်သွားတာတော့ အတော်ကြာပါပြီ။ တစ်နှစ်ကျော်လောက်တော့ ရှိမည်ရယ်ပေါ့။ အခုတော့ ကလေးတစ်ယောက်နှင့် ပြန်ပေါ်လာပြီ။

ဘယ်လိုမကောင်းတဲ့ လူ့မိစ္စာလည်းကွယ်။ နှမချင်းမစာနာ။ အကျိုးအကြောင်းကို အသေအချာမသိရသော်ငြား၊ မိသောင်းထံက မေးမရသော်ငြား တွေးကြည့်ရုံနှင့် သိသာပါသည်လေ။

“အို..မပေးဘူး..မပေးဘူး..မပေးနိုင်ပါဘူး..တော်လိုချင်ရင် တော့်မိန်းမကို ကျုပ်လိုမျိုး ဇရပ်မှာ အိပ်ခိုင်းပါ့လားတော့ ဒါ ဇရပ်စောင့်နတ်ကြီးက ကျုပ်ကို…ပေးတာ ဘယ်သူ့မှ မပေးနိုင်ပါဘူး..သွား ကျုပ်သားလေးနား ကပ်မလာကြနဲ့”

ရယ်ဖို့ရာစကားလို့ပင် မသတ်မှတ်နိုင်ကြ။ မိသောင်းကို ကလေးပေးမလား ဆိုပြီး စနေတဲ့ ဘေးအိမ်ကလင်မယားနှစ်ယောက် မိသောင်းကိုကြည့် ငိုင်သွားလိုက်ကြတာ။ သူမ ရင်ထဲလည်း နင့်ခနဲ။ မိသောင်း ရယ်…..ဟုသာ။ နောက် မိသောင်းကို လင်မယားနှစ်ယောက်က လိုက်ချော့ကာ ကလေးဖို့ ပစ္စည်းတစ်ချို့ ပေးနေတာ တွေ့ရတော့မှ သူမလည်း သတိရစွာ မိသောင်းကို ဘာပေးရမလဲဟု အဝတ်အစားတစ်ချို့ ထုတ်ကြည့်မိပြန်ပါသည်လေ။

“ဟဲ့ မိသောင်း ထောလာတယ်ပေါ့”

“ထောပါဘူး အစ်မရယ် သူတို့က ပေးတာနဲ့ မတန်အောင် ကျွန်မ သားလေးကို တောင်းကြတယ်လေ။ ကျွန်မကလည်း ပေးနိုင်ပါဘူး အစ်မလည်း မတောင်းရဘူးနော် တောင်းရင် အစ်မကိုလည်း မခေါ်တော့ဘူး”

“အေးပါအေ အေးပါ မတောင်းပါဘူး ရော့ ဒါက ညည်းဖို့ ဒါက ညအိပ်ရင် ခြုံဖို့စောင်”

….

ပျော်ရွှင်စွာထွက်သွားသော မိသောင်းလေးကိုကြည့်ရင်း သူမလည်း အိမ်ထဲ သို့ ပြန်အဝင် တစ်ဖက်အိမ်သို့ ပြန်ကြည့်လိုက်တော့ သူမလိုပင် မိသောင်းကို ငေးကြည့်နေဆဲ လင်မယားနှစ်ယောက်။ အကြည့်ချင်းဆုံသွားဖြစ်ကြတော့ တစ်ယောက်နှင့်တစ်ယောက် နားလည်စွာဖြင့်။ မိသောင်းအတွက် ခံစားချက်တို့ ကိုယ်စီ ကို အသီးသီးထုတ်ပြောစရာမလိုပါပဲ ဖလှယ်လိုက်မိကြသည်။

ဒီနောက်ပိုင်း လာတိုင်း မအေနှင့်သား သနပ်ခါးအဖွေးသားဖြင့်။ သူ့သားလေး ရင်ခွင်ပိုက်လေးကိုဖြင့် မိသောင်း ဘယ်လောက်ချစ်မှန်းသိသာသည်လေ။ အခုတော့ ရင်ခွင်ပိုက်လေးလည်း လမ်းစမ်းလျှောက်နေချေပြီ။ တစ်နှစ် မကျော့်တကျော်ဆိုတော့လည်း လမ်းလျှောက်သင်နေချေပြီပေါ့။ မိသောင်းကို လည်း မေမေ..မေမေနှင့်မပီကလာပြောသည်ကို ဒေါ်မိသောင်းက သူမတို့နားရောက်တိုင်း ကြွားနေကျ။ ကလေးလိုချင်သည့် ဘေးအိမ်က လင်မယားရှေ့မှာ သူ့သားလေးကို လမ်းလျှောက်သင်ပြနေကျ။ သူမ ပေးထားသည့် အဝတ်အစားတို့ကို မိသောင်းဝတ်သော်လည်း ကလေးအတွက်မူ ဘယ်လိုစုသည်မသိ။ အဝတ်အစားသစ်တို့ဖြင့်။ ကလေးချစ်သူများက ဝယ်ပေးသည်ထင်ပါရဲ့။

တစ်ကယ်တမ်းတွေးကြည့်လျှင်တော့ ကလေးရှေ့ရေးအတွက် ရင်လေးစရာ။ ဒါပေမဲ့လည်း သားအမိနှစ်ဦး လောလောဆယ်တော့ အဆင်ပြေနေကြသည်လေ။

…….မိသောင်းမလာတာတော်တော် ကြာသွားပြီ။ သူမတို့ တစ်လမ်းလုံးနီးပါးလည်း မိသောင်းကို သတိရစွာ။

။။။

သူငယ်ချင်းက သူ့မြေကွက်ကိုပြရန် ဒီရပ်ကွက်လေးဘက်သို့ ခေါ်လာခြင်းပင်။ နည်းနည်းတော့ ချောင်ကျပါသည်။ သူမမှာ ငွေပိုငွေလျှံလေးရှိတုန်း ဝယ်ရင်ကောင်းမလား စဉ်းစားကြည့်ပြီး လိုက်ကြည့်ခြင်းသာ။ ချောင်ကျလွန်းသည့်အပြင် လမ်းကလည်း အနည်းငယ်ဆိုးသေးသည်။ ဈေးသက်သာသည်ဆိုသော်ငြား ဒါတော့ မလိုချင်ပါ။

“ဒီမြေကွက်ဆို အမေကြိုက်မှာမဟုက်ဘူးဟ” ပြောရင်း ရုက်တရက် မြင်လိုက်ရသည့် မြင်ကွင်းက သူမ၏ အာရုံတို့ကို ထိန်းချုပ်သွားသည်။ မြင်ကွင်းကို အသေအချာစူးစိုက်ကြည့်မိတော့ မိသောင်း….သူမထိုင်ရှိခိုးရင်း ဆုတောင်းနေသည်က ဇရပ်ငယ်တစ်ခု။

“နတ်မင်းကြီးရယ် ကျွန်မသားလေးကို ပြန်ပေးပါရှင်” လက်အုပ်လေးချီဆုတောင်းနေသည့် မိသောင်း။ အသားအရည်တွေ မွဲခြောက်လို့။

မြင်မြင်ချင်းမမှတ်မိနိုင်အောင်ထိ ပြောင်းလဲနေလိုက်တာ။ သူငယ်ချင်းက “သွားအောင်လေ” ဟုခေါ်နေသည်ကိုပင် လက်ကာပြရင်း တွေ့ရာဆိုင်ဝင်ကာ မုန့်ဝယ်ရင်း မေးကြည့်မိတော့…..

“လွန်ခဲ့တဲ့သုံးရက်က သူ့ကလေးအခိုးခံလိုက်ရလို့လေ….”

“ရှင်……”

“သူက စိတ်ကသာမနှံ့တာ သူ့သားလေးကို အရမ်းချစ်တာ”

“အော်..အစ်မရယ် ကိုယ့်သွေးသားကိုး ချစ်ရှာမှာပေါ့”

“အဲဒါ ပျောက်တဲ့နေ့ကရော မနေ့ကရောထိုင်ပြီးဆုတောင်းနေတာလေ..ဒီနေ့လည်း မနက်မျက်လုံးနှစ်လုံးပွင့်ပြီဆိုတာနဲ့ ထိုင်ဆုတောင်းတော့တာပဲ လူတွေကလည်းကွယ် တော်တော်တရားမဲ့နေကြတယ် မိဘမေတ္တာကိုမှ မစာနာမညှာတာ ကလေးခိုးသွားရတယ်လို့ ဝဋ်လိုက်မှာ မကြောက်ဘူးလားမသိ”

“အင်း”…ကြားရတဲ့ စကားတို့ကြား မသက်မသာ လေပူတစ်ချက်မှုတ်ထုတ်ရင်း အိမ်ပြန်ခဲ့မိသည်လေ။


ထိုမိသောင်း ၊ ကလေးပျောက်၍ မပဋာမြေလူးဖြစ်နေသော မိသောင်းကို ကြည့်ရင်း တိတ်တစ်ဆိတ်တောင်းပန်နေသူတစ်ဦးရှိပါသေးသည်။

“မိသောင်းရယ် ဝဋ်ဆိုတာရှိရင်လည်း ငါခံပါ့မယ်…ငါ့သွေးသားကိုတော့ အရူးတစ်ယောက်လက်ထဲ မထားခဲ့နိုင်ဘူးဟာ….တောင်းပန်ပါတယ်မိသောင်းရယ်”

မိဘမဲ့ ကလေးထိန်းကျောင်းတစ်ခုရှေ့ချထားရာဝယ် ကလေးဘဝအတွက် လုံလုံလောက်လောက်မဖြစ်သော်ငြားသူတက်နိုင်သည့် ငွေကြေးတော့ သူပုံပေးခဲ့ပါသည်…။ ဘာပဲဖြစ်ဖြစ် ရူးနေတဲ့ လူတစ်ယောက်လက်ထဲမှာထက် ကလေးဘဝက ပို၍သာယာမည်၊ ကလေးရှေ့ရေး တိုးတက်ဖွယ်ရှိသည်ဟု သူတွေးမိပါသည်လေ။

………………………………………………..

မိသောင်း အရင်လိုမဟုက်တော့ပြီ။ သူမတို့ဘက် ရောက်တိုင်းလည်း အရင်လိုခေါ်တိုင်းမဝင်တော့။ လမ်းတစ်လျှောက်သာ တစ်စိုတ်မက်မက် သွားလို့။ မိသောင်းရှေ့ဝယ် တစ်နှစ်ကျော်ကလေးများတွေ့လို့ကတော့ မိသောင်း အပြေးသွားချေပြီ။ သူ့သားလေးမှတ်ထင်ကာ လက်ကို အတင်းဆွဲထားတတ်သည့် မိသောင်းကိုကြည့်ကာ ကလေးငယ်မှာ ကြောက်လို့။

ထိုကလေးငယ် ဘယ်နေရာမှာများရောက်နေမလဲ။ သိခွင့်ရှိမည်ဆိုလျှင် သိစမ်းချင်ပါသည်လေ။

…………………..

“မကြီးရယ် ထမင်းဖိုးလေးဟင်းဖိုးလေးများ စွန့်ကြဲခဲ့ပါ..သမီးမောင်လေးထမင်းမစားရသေးလို့ပါ”

မှတ်တိုင်နားသည့်ခဏဝယ် ကြားရသည့်အသံတို့ကြောင့် ပြတင်းပေါက်မှတစ်ဆင့် ထိုကလေးငယ်တို့ကို အသေအချာလိုက်ကြည့်ရင်း ရှာနေမိသည်က မိသောင်းသားလေးများ ပါလာမလားရယ်လို့။ ကြားဖူးသည်လေ။ ကလေးတစ်ချို့ ဖမ်းခံထိပြီး တောင်းစားခိုင်းတတ်တာမျိုးကို။ လက်ကလည်း အကြွေစတစ်ချို့ ထုတ်ပြီးသားဖြစ်သွားပြီ။ မိဘဆိုတာကိုရွေးချယ်ခွင့်မရသည့် ကလေးငယ်တို့အတွက် သူမ ဒီငွေအကြွေစလေးထုတ်ပေးလိုက်ရသည်မှာ ဘာမျှဖြစ်မသွားနိုင်ပါ။ ကလေးတို့အတွက်မူ………သက်ပြင်းတစ်ချက်ချရင်း သူတို့၏ မိခင်ဟုထင်ရသူထံလှမ်းကြည့်မိတော့ ပြုံးနေသည့်အပြုံးမှာ မသတီစရာ။

အဲ..ဟိုဘက်ကားလမ်းမှာ မိသောင်းရယ်။ တစ်နှစ်ကျော်အရွယ် ကလေးတစ်ယောက်၏ လက်ကို အတင်းဆွဲထားလေရဲ့။ သက်ပြင်းတစ်ချက်ချမိလိုက်ပြန်ပါသည်။ ဒီချိန်ဆို မိသောင်းကလေးက လေးနှစ်လောက်ရှိပြီပေါ့။ မိသောင်းရယ်…ကံအကြွေးတွေ ဒီဘဝမှာ ကုန်အောင်ဆပ်ပြီး နောက်ဘဝကျရင် ပြည့်စုံကုံလုံငြိမ်းချမ်းတဲ့ဘဝလေးနဲ့ မွေးဖွားလာနိုင်ပါစေကွယ်။ ဥာဏ်ပညာလေးလည်း ထွန်းတောက်ပြီးတော့ပေါ့။

လူတင်ပြီးသည့် ကားကြီးကလည်း ဝူးခနဲ မောင်းအထွက်…မိသောင်းဆီက အကြည့်တို့ ပြန်လွှဲကာ ခုံမှာထိုင်ချရင်း မျက်လုံးတို့ မှိတ်လိုက်မိပါပြီ။ နောက်ထပ် မှတ်တိုင်တွေမှာ ကြားရဦးမည့် အသံတစ်ချို့အတွက် ငွေအကြွေစတို့ကိုလည်း လက်ထဲမှာ ဆုပ်ကိုင်ထားရင်း……………………။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဘာကိုမှမသိချင်သူ

၎ သြဂတ်(စ်) ၂၀၁၁