Sunday 6 November 2011

သူ့အရပ်နှင့် သူ့ဇာတ်

“သူ့အရပ်နှင့် သူ့ဇာတ်”

(၁)
“တကယ်က မြို့ကလူတွေလည်း တောကို အလည်သဘောနဲ့ လာတာပဲကောင်းတယ်…တောကလူတွေလည်း မြို့ကို ဘုရားဖူးသဘောမျိုး အလည်လာတာပဲကောင်းတယ်”
အရီးစိန်စကားကြောင့် မြနှစ်ပြုံးလိုက်မိသည်။ မြို့ကိုရောက်တာ ဆယ့်ငါးရက်ရှိပြီဆိုတော့ အရီးစိန် ပျင်းချေပြီပေါ့။ ရွာမှာဆိုအလုပ်နှင့်လက် မပြတ်တမ်းနေလာသူဆိုတော့လည်း ခုမြို့မှာ ဆယ့်ငါးရက်ကြီးများတောင် နေလာရတော့ ပျင်းလည်းပျင်းလောက်ပါသည်လေ။လက်ကတော့ အဝတ်ကို ဟန်မပျက် ခေါက်ရင်း နားစ့င့်လိုက်မိသည်။
“ဘာ့လို့တုန်း အန်တီစိန်ရဲ့”
ဒါ မြနှစ်တို့ တည်းနေသည့် အိမ်ပိုင်ရှင်၏ သမီးဖြစ်သူ မမချောချောလေး မမနိုင်၏ အမေးစကား။
“အင်း ဘာ့လို့ဆို လုပ်ကိုင်စားသောက်ပုံခြင်းမှ မတူတာပ..ကျုပ်ကတော့ တောနေမလား မြို့နေမလားဆို တောပဲရွေးမှာပ…”
ဟုတ်ပ..မြနှစ်လည်း တောပဲနေမှာပ မြနှစ်တို့ရွာမှာက ဘာမှ မျက်စိရှုပ်နားရှုပ်စရာမရှိဘူးလေ ခု ဒီရန်ကုန်ရောက်မှပဲ တချို့ မိန်းမငယ်တွေဆို မြနှစ်ကြည့်တောင်မကြည့်ရဲ တိုလိုက်တာများ နန့်လို့..နောက် အကုန်ဖော်မယ်စဉ်းစားထားသလားအောက်မေ့ရတယ်..နေပူကျဲတဲကြီးထဲ ကြိုးတစ်ချောင်းဆိုလား..ဘာဆိုလားနဲ့..ဘောင်းဘီတိုနှံ့နှံ့လေးတွေနဲ့ ကြည့်ရဲစရာကိုမရှိ….။ စိတ်ထဲက ထောက်ခံလိုက်ရင်း ဆက်နားစွင့်လိုက်သည်။

“မနိုင်တို့ မြို့မှာက အစုံရတယ် ငွေရှာချင်လည်းလွယ်လွယ်လေး..ဒါပေသိ ကျုပ်တို့ကျတော့ မရှာတတ်တော့ဘူး.. ကိုယ်ကျွမ်းကျင်ရာအရပ်ဒေသမှ မဟုတ်တာကိုး”
“အနေကြာရင် ကျွမ်းကျင်လာမှာပေါ့ အန်တီစိန်ရဲ့”
ဟော..မြို့သူမမ၏ ရယ်ချင်စရာ ခေါ်သံလေး။ အန်တီစိန်တဲ့။ အရီးစိန် တခေါက်ပြောဖူးသား။ ဘာတဲ့..မနိုင်က ငါ့ကို အန်တီစိန်ခေါ်တိုင်းနားကိုတွန့်တွန့်သွားတာပဲဆိုလား…ကြားနေကျမဟုတ်လို့..တဲ့။
“အင်း အနေကြာလည်း ကျုပ်ကတော့ မြို့မှာ မနေနိုင်ပေါင်..နောက် ကျုပ်တို့ တောကလူတွေရှာတဲ့ငွေ နဲ့ မြို့ကလူတွေရှာတဲ့ငွေ ယှဉ်ကြည့်ရင် ကျုပ်တို့ရှာရတဲ့ ပိုက်ဆံက ပိုတန်ဖိုးကြီးတယ်တော့”
“ဟုတ်ပါ့မလား အန်တီစိန်ရယ်…ကျွန်မတို့မြို့မှာလည်း ငွေရှာရတာ ခေါင်းမီးတောက်အောင် ကို စဉ်းစားပြီး ရှာရတာပါပဲ”
အရီးစိန်က ငြင်းဆိုလိုဟန်နှင့် ခေါင်းခါနေသည်။ မြနှစ်လည်း မနေနိုင်မထိုင်နိုင်ဝင်မေးမိတော့သည်။
“ဘာကွာလို့လဲ အရီးစိန်ရဲ့”
“ဟုတ်ပါ့ ညီမလေးရယ်..ဘာများကွာလို့လဲမသိ..ပိုက်ဆံက ပိုက်ဆံတန်ဖိုးပဲရှိမှာပေါ့..နော့”
မြနှစ်၏ အမေးစကားကို မမနိုင် ကအားတက်သရောထောက်ခံလိုက်သည်။
“ကွာတာပ..ဒီမှာက တစ်သိန်းနှစ်သိန်းကို တစ်ရက်တည်းနဲ့ရှာလို့ရတယ်လေ..ကျုပ်တို့ဆီမှာက တစ်နှစ်ပတ်လုံးအလုပ် လုပ်ပြီးမှ ရှစ်သိန်းဆယ်သိန်းရတာကလား.. အဲ့တော့မှ ကိုယ်လိုချင်တာ ဝယ်ရတာလေ.. ငွေမပေါ်ခင်ထိ ရှိတာလေးနဲ့ ချွေစားရတာပ.. ဒီကြားထဲ အလုပ်မနိုင်ရင် လူငှားဖို့ကုန်ရသေးတယ်.. ”

အင်း..ဒါတော့ မြနှစ်ထောက်ခံမိပြန်သည်။ မမနိုင်ဆို တနေ့တနေ့ ဝင်တာ နည်းတာမဟုတ်။ အသုံးကလည်းများပါဘိခြင်း။ မြနှစ်တို့မျက်စိရှေ့တွင်မြင်နေရသည်က မမနိုင်၏ အထည်ဆိုင်လေးသည် တနေ့လျှင် ဝင်ငွေ ငါးသောင်းနီးပါးရှိသည်ဟု။
“အဲ့လိုချည်းလည်း မပြောနဲ့လေ အန်တီစိန်ရယ် ကျွန်မတိ့မှာက ဆိုင်ခန်းခရှိတယ် ရေ၊ မီး အများကြီးကုန်ရသေးတယ်လေ နောက်အိမ်စရိတ် ရွာမှာက ဆားနဲ့ အချိုမှုန့်လောက်ပဲ ဝယ်ဖို့လိုတာမလား.. ဒီမှာက ကန်စွန်းတစ်စည်းတောင် နှစ်ရာတောင်းတဲ့သူရှိသေး”
အဲ..ဒါကျတော့လည်းဟုတ်ပြန်သည်။ မြနှစ်တို့ရွာမှာက ဆန်လည်းမဝယ်ရ။ စပါးကိုကြိတ်လိုက်ရုံပင်။ ဆီလည်းမလို။ သုံးခါနီးမှ နည်းနည်း ထုထောင်းသုံးလိုက်ရုံပင်။ ဒါမှမဟုတ်လည်း ပဲတစ်တင်း၊ နှမ်းတစ်တင်းလောက် ကြိတ်ထား သုံးပါလေ့ စိတ်ကြိုက်။ အိမ်နောက်ဖေးဈေးဆိုင်တည်ထားပြန်တော့ ဟင်းသီးဟင်းရွက်က မပူရပြန်။ အသားငါးကျတော့လည်း ရွာချောင်းလေးမှာ ဖားရိုက်ငါးရှာနှင့် ပိုလျှံလျှင် တခြားသူတောင် ရောင်းရသေး။
သည်တော့ အိမ်စရိတ်က ဘာကုန်မည်လဲနော့။ ဆား၊အချိုမှုန့်လောက်ပဲဝယ်ရသည်ကိုး။
“ဟုတ်ဖူးလေ မနိုင်ရဲ့.. မနိုင်တို့က အထည်တစ်ထည်ရောင်းရင် အမြတ်က တစ်ထောင်နဲ့ သုံးထောင်ကြားရှိတယ်နော်”
“အင်း..ဒါပေမဲ့လည်း သေချာရွေးရတယ်လေ.. ”
“အင်း.. ကျွန်မတို့က မူးစုမတ်စု စုပြီးမှ ရွှေလေးဘာလေးပြေးဝယ်ထားရတာလေ မနီုင်တို့ကျ ကြည့်ပါဦး တနေ့ အမြတ်က နှစ်သောင်းကျော်မှာပေါ့”
“ကျော်ပါဘူး အန်တီစိန်ရယ်.. တခါတလေမှပါ တနေ့ပျမ်းမျှ အမြတ်က တသောင်းခွဲလောက်ပဲရှိပါတယ်”
“အင်းလေ..ဘာပဲဖြစ်ဖြစ် ကျုပ်ကို မြို့မှာ တနေ့ တစ်သောင်းမြတ်အောင်ရှာနိုင်လားပြော..ကျုပ် မရှာနိုင်ဘူး”
“ဟုတ်ပါပြီ..ဟုတ်ပါပြီ..ဆက်ငြင်းနေလည်း ဂျာအေး သူ့မေရိုက်တော့မှာပါပဲ မငြင်းတော့ပါဘူး”
မမနိုင် စကားကြောင့် မြနှစ်သဘောကျစွာရယ်လိုက်မိ၏။
“ဒါဆို အစ်မကော ကျုပ်တို့ရွာမှာ လဝက်လောက် အလည်နေကြည့်ပါ့လားတော့.. သူကျ လာမလည်ပဲနဲ့”
“ကျုပ်က ခရီးသွားဖို့ အချိန်မပေးနိုင်သေးလို့ပါတော်”
တောသူတို့ စကားသံကို လိုက်တုပြောလိုက်သည့် မမနိုင်၏ အသံချိုချိုလေးက ချစ်ဖို့ကောင်းနေပြန်ပါသေးသည်။
………………………………………………………………………………………
(၂)
အန်တီစိန်တို့တော့ ရွာပြန်သွားချေပြီ။ အဖေ့ဝန်ထမ်းဘဝက တောရွာသို့ တာဝန်ကျရင်းသိခဲ့သည့် အန်တီစိန်တို့နှင့် ယခုထိတိုင် ခင်မင်ရင်းစွဲရှိနေသည်ကတော့ အံ့သြစရာပင်။ မမနိုင်တို့ မြို့မှာဆိုလျှင်တစ်နှစ်တိတိ အခင်မင်မပျက် နေနိုင်ဖို့ရာ ခက်ခဲလွန်းလှသည် မဟုတ်လား။
အန်တီစိန့်အစ်ကိုအား ရန်ကုန်ဆေးရုံကြီးတွင် ဆေးလာစစ်ကြခြင်းပင်။ အတိအကျတော့ မသိပါချေ။ မင်းတုန်းမြို့နယ်ရှိ ဆေးရုံက ရန်ကုန်ဆေးရုံကြီး ဝယ် ဆေးစစ်ခိုင်းသဖြင့် ရောက်လာကြသည် ဟုပဲ အကြမ်းဖျဉ်းနားလည်ထားသည်လေ။
အန်တီစိန်၊ မြနှစ်၊ နောက် လူမမာ ဦးလေးကြီး ဦးသောင်း ။ အားလုံးပင်ရိုးသားကြပြီး ရင်းနှီးဖော်ရွေလှသဖြင့် ခင်ဖို့ ကောင်းသောငြား မမနိုင်ကတော့ဖြင့် အန်တီစိန့် အား အစာမကြေဖြစ်တုန်းပင်။ ပိုက်ဆံချင်းတူတူတောင် သူတို့တောကရှာသည့်ပိုက်ဆံကမှ ပိုတန်ဖိုးရှိသတဲ့။ တကယ်တမ်း မြို့ဝယ် ရုန်းကန်ရသည့်အနေအထားကျ ထည့်မတွက်ကြချေ။
မိန်းခလေးတန်မဲ့ တစ်ယောက်တည်း အငှားကားစီးရသည်မှာ မည်မျှကြောက်ဖို့ကောင်းကြောင်းလည်း သိမည်မထင်။ တခါတရံ မသမာသူတွေ မျက်စိမကျအောင် ဟမ်းဘက်အိတ်ထဲ ပိုက်ဆံမပါလေဟန် နွမ်းနွမ်းရိရိဝတ်ဆင်ရပြန်သည်။ အိမ်ဝယ် ပင်စင်စားမိဘနှစ်ဦးနှင့် မမနိုင်သာရှိရာ အထည်တွေ ရောင်းချခြင်းအား မိဘများမှ နားမလည်နိုင်ချေ။ ဈေးကပ်ထားသော်ငြား ဝယ်သူဈေးဆစ်လျှင် လျှော့ပေးတန်လျှော့ပေးရပြန်သည်။ ရံဖန်ရံခါကျ မတန်တဆဈေးဆစ်သူအား ကိုယ့်အလွန်မဖြစ်ရလေအောင် စကားချိုချိုဖြင့် ပြောဆိုရပြန်သည်။ မိဘနှစ်ပါးစလုံးမှာ ပင်စင်စားများဖြစ်သည့်အပြင် အရာရှိများဖြစ်သောကြောင့် စကားချိုချိုဖြင့် ပြောရမည်ဆိုလျှင် ခေါင်းခါစမြဲ။ သူတို့ လက်ကိုင်ထားသည်က “ငါတို့က လက်ညိုးထိုးခိုင်းပြီး အားလုံးကိုလေသံမာနဲ့ဟောက်လာတာ..ခုမှ မလျော့နိုင်ဘူး” ဆိုသည့်စကား။
အရောင်းအဝယ်ပါးပြီဆိုလျှင် မမနိုင်မျက်နှာလေး မျောက်ကလေးလိုမှိုင်နေတတ်တာ အန်တီစိန်မှမသိပဲ။ အရောင်းအဝယ်ပါးပြီဆိုသည်နှင့် စထိသည်က ရှိစုမဲ့စု ဝန်ထမ်းလေးနှစ်ယောက်၏လစာ။ အမေ့အတွက် ထမင်းချက်ဟင်းချက် ကူဖော်လောင်ဖက်ရအောင် ခေါ်ထားသည့် ငယ်မက ငါးသောင်း။ နောက် ဆိုင်တွင် ခိုင်းရန်သီးသန့်ထားသည့် ကြီးမက ခြောက်သောင်း။ ဒါ့အပြင် သူတို့အား ရက်မှန်ကြေး ငါးထောင်က ထည့်ပေးရပြန်သေးသည်။
မီတာခ၊ ရေဖိုး။ ဆိုင်ခန်းလစာ ပေါင်းလိုက်လျှင် ကိုယ့်အတွက် ဘာမျှပင်မကျန်တော့။ သြော်..အန်တီစိန်တို့များ မျက်စိရှေ့ အရောင်းအဝယ် ဖြစ်သည်ကိုတွေ့ပြီး မမနိုင်ကို အထင်ကြီးလိုက်ပုံများ။ နေနှင့်ဦး။ ဒီတစ်ခါ အဖေတို့ရွာသွားလျှင် တစ်ခေါက်လောက်တော့ လိုက်ကြည့်လိုက်ဦးမည်။ ရွာနေလူထု၏ လူမှုဝန်းကျင်နှင့် လုပ်ကိုင်စားသောက်ပုံ ကို လေ့လာလိုက်ဦးမည်။ ဒါမှ ပိုက်ဆံခြင်းတူတူ ဘာကွာလဲ သိမှာမဟုတ်လား။

…………………

“အမေ့ မပြန်သေးဘူးလားဟင်”
ဟယ်..ငါတို့က သင်္ကြန်လာတိုင်း အနည်းဆုံးဆယ်ရက်ကျော်မှပြန်တာ..ခုမှ သုံးရက်ပဲရှိသေးတယ် ဘယ်လိုဖြစ်တာလဲ သမီးရဲ့ ညည်းပဲ လိုက်ချင်လှချေရဲ့ဆို”
“အဟင့်.. ဒီမှာက ယင်လုံအိမ်သာလည်းမရှိဘူး.. အိမ်သာတံခါးကလည်း အခိုင်အခံ့မဟုတ်ဘူး ဝါးထရံလေးပဲကာထားတာ အမေ သမီးဝမ်းချုပ်နေပြီ အမေရဲ့ ဆန်ကလည်းကြမ်းသေး ရေကလည်း ပန်းကန်ဆေးတာကို တောင် ရေချွေပြီးဆေးတယ်.. အရေးကြီးတာကတော့ သမီးဆိုင်အကြာကြီးပိတ်ထားရင် ဖောက်သည်တွေ ပျက်ကုန်မယ်အမေရဲ့.. ပြန်ကြရအောင်နော်”
တညောင်းကြီးမနားတမ်းပြောလိုက်သည့် မမနိုင်စကားအား ကြားသည့် အန်တီစိန်ပြုံးလိုက်သည်ကို မြင်လိုက်၇သည်။ ပြုံးလည်းမတက်နိုင်ပါ။ ကားမောင်းလာတာကပင် တစ်ရက်ခွဲ၊ ရွာမှာသုံးရက်ကြာချေပြီ။  အားလုံးပေါင်းပါမှ လေးရက်ခွဲသာ ကြာမြင့်သေးပေမဲ့ ဆိုင်ပိတ်ထားသည်မှာ ငါးရက်ပြည့်ချေပြီ။ ရွာမှာလည်း ကြာရှည် မနေချင်တော့ပါလေ။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသဆိုတော့လည်း ပူလိုက်တာက တအား။ ရန်ကုန်ဝယ် လက်ပြတ်အိကျီင်္မဝတ်သည့်မမနိုင် ခုများတော့ လက်ပြတ်အိကျီင်္လေးနှင့်၊ ဘောင်းဘီကွာတားဒူးဖုံးလေးနှင့် နေရချေပြီ။
“နေပါဦးလား မမနိုင်ရဲ့ နောက်ထပ်ငါးရက်လောက် အစ်ကိုကြီးနဲ့အစ်မကြီး ခါတိုင်းလာရင် ဆယ်ရက်ကျော်မှ ပြန်တာနော့”
အန်တီစိန့် စကားအားခေါင်းခါပြမိရင်း အမေ့အား တောင်းဆိုလိုဟန်နှင့် ကြည့်လိုက်မိချေပြီ။ အကယ်၍ များ ဟင့်အင်းဆိုလျှင်တော့ တစ်ယောက်တည်းပဲ ပြန်တော့မည်ဟုလည်း ဆုံးဖြတ်ထားမိရင်း။
……………………………………………………………………………………………………………………………………………
(၃)
မနက်လင်းတည်းက မြို့ကဧည့်သည်တွေ ပြန်ချေပြီ။ ဧည့်သည်တွေ ပြန်တည်းက ဒီကွပ်ပြစ်လေးပေါ်ထိုင်စောင့်နေသည့် အရီးစိန်..ဟော သူ့အဖော်တွေ လာတော့ စကားးတွေ သွန်ကျချေပြီ။
 “သူတို့ မြို့မှာက အစုံအလင်ရပေမဲ့အေ ကျုပ်ကတော့ မပျော်ပါဘူး.. ညည်းကြည့်လေ မမနိုင်ဆို ပိုက်ဆံရှာတတ်တာတော့ ဟုတ်ပါရဲ့ အိမ်မှုကိစ္စမကျွမ်းကျင်ဘူးလေ ဟော ကျုပ်တို့ ဆီမှာက ဘယ်မိန်းခလေးမဆို အရွယ်ရောက်တာနဲ့ အိမ်မှုကိစ္စအစ စက်ချုပ်လက်ချုပ်အဆုံးတတ်ပြီးသား ပြီး ပျိုးနှုတ်တာကောက်စိုက်တာနဲ့ ဝင်ငွေလည်းရှာနိုင်ပါတယ်အေ သူတို့မြို့လောက်မများတာပဲရှိမယ်”
စကားကို တညောင်းကြီးပြောလိုက်သောကြောင့် အာ ပင်ခြောက်လာချေပြီ။ အရီးစိန် ရေနွေးကြမ်းအား တကျိုက်သောက်လိုက်သည်။ ပြီး စကားဆက်လိုက်သည်။ အရီးစိန်ရှေ့ရှိ အိမ်နားက သက်ကြီးပိုင်း လူကြီးတွေကတော့ ပါးစပ်လေးအဟောင်းသားနှင့် နားစွင့်ဆဲ။
“သူတို့မြို့မှာက ရေလည်းစိတ်ကြိုက်သုံးရချက်..စားစရာကလည်း ပေါချက်.. ဘာတဲ့ ကိုရီးယားကင်ဆိုလားပဲ ကျုပ်တို့မြို့ရောက်တုန်းက မမနိုင် ကင်ကျွေးတာ ကောင်းတော့ကောင်းပါရဲ့အေ ဈေးတော့ကြီးတယ်.. ဒါပေမဲ့ ရွာမှာလို မဟုတ်ပါဘူးအေ.. ရွာမှာက ပစ္စည်းကို ကြိုက်သလိုထားလို့တယ် တန်ဖိုးကြီးကြီး မကြီးကြီး သူတို့ဆီမှာက ကော်ဗူးလေးတစ်ဗူးတောင် ထားမရ.. ညကျန်မနက်ပျောက်တာပဲ.. သူတို့ပြောတာတော့ မနက်ခင်းစောစောစီးစီး လာကောက်တဲ့သူတွေရှိသတဲ့… တန်ဖိုးကြီးတာတွေဆို သေချာသတိတရနဲ့ကို အိမ်ထဲ ထည့်ရသတဲ့”
အရီးစိန်ခဏရပ်လိုက်ပြီး မြနှစ်ကို မေးငေါ့ပြလိုက်သည်။
“ဟိုမှာလေ..ခေါ်သွားတဲ့ မြနှစ်ကို မနည်းအော်နေရတယ် မမနိုင်ဝတ်တဲ့အဝတ်အစားတွေကို သဘောကျလွန်းလို့တဲ့.. ဒီပြန်ရောက်ခါစက ဘာတဲ့ မြနှစ်တို့ရွာက ဆန်ကြမ်းတယ်နော်..တဲ့  ဘဝမမေ့နဲ့လို့ အသွင်ခြင်းတူတာမဟုတ်ဘူး.. ကျွမ်းကျင်ပုံခြင်းလည်းတူတာမဟုတ်ဘူးလို့ အဲ့ဟာမလေးက မြင်မြင်ကရာ အားကျနေလေရဲ့”
ပြီး အရီးစိန် မြနှစ်ကိုကြည့်လိုက်ရင်း
“မြနှစ်နော်မြနှစ် ညည်း ကြပ်ကြပ် သတိထား ညည်းကို ဟိုဘက်ရွာက လာလာပိုးနေတဲ့ မြို့ပြန်နဲ့တော့ မပေးစားဘူး.. ဒီရွာက ဘိုနီနဲ့ပဲ ပေးစားမယ် မျက်စိရှေ့တင်ကြီးလာတဲ့ကောင်လေး ရိုးသားတယ်..ကြိုးစားတယ်.. ”
မြနှစ်ကတော့ နှုတ်ခမ်းလေးပွစိပွစိနှင့် အရီးစိန်ကို မျက်စောင်းထိုးလျက်။

………………………………………………………………………………………………………………………..

ရည်ဝေ

2 comments:

Unknown said...

အမ်း.. ကောင်းချက်...။

April said...

အွန် .. စာဘယ်လိုဖတ်ရမလဲတောင်မသိဘူး .. မ ရေ .. background လေးပြင်ရင်ပြင် မဟုတ်ရင် စာ အရောင်လေးပြောင်းပေးပါလား .. အိပ်ချင်နေတာတောင် ပျောက်သွားတယ် .. :D

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်