Sunday 16 February 2014

အဆိပ်မိ ည

စိတ် ကြီး အကျည်း တန်တဲ့ ညနေနဲ့ ကျွန်တော့် ရှင်သန်မှုဟာ သိပ် မှောင်လွန်းတယ်။
ပျော်ရွှင်မှုတွေဝေမျှဖို့ ဘယ်လိုစကားနဲ့ တီးခတ်ရမလဲ။ ကိုယ် သိပ်ကြောက်တဲ့ တွေးခေါ်မှုတွေဟာ ကိုယ့်စိတ်ကိုအမြဲပိုင်စိုးတယ်။ လူတော့လူပဲ။ အ တယ် ထင်ထင်၊ ဘောင်မှာ နေသားကျလျှက်သား။ ဆူပါဆိုရှယ် ဖြစ်ဖို့ လေ့ကျင့်ဖို့ မေ့လျော့ခဲ့တယ်။ ကိုယ့်စိတ်တစ်ခုလုံး ဝေမျှခဲ့ဖူးတာပဲ။ အဆုံးသတ်ကျတော့လည်း ကိုယ့်လက်ခံမှုကိုယ်စီနဲ့ ကိုယ့်လမ်းကိုယ် လျှောက်လျှက်သား။ ဘာတွေဘယ်လို တွေးဆရမှာလဲ။ ကိုယ့်မယုံကြည်မှုကိုယ်စီနဲ့တိုးဝင်မိခဲ့တဲ့ လမ်းတွေမှာ ရိုက်ခတ်မှုတွေ မတူညီဘူး။

မိန်းမတစ်ယောက်ရဲ့ မိန်းမသားဆန်မှုကို ဘယ်လိုအရာနြ့ တိုင်းတာကြမလဲ။ နှလုံးသားလား၊ အသိအမြင်လား၊ အတွေ့အထိလား။ သနပ်ခါးပါးကွက်ကျားဟာ မိန်းမသားဆန်မှုဆိုရင် ဒီသနပ်ခါးပါးကွက်ကြားအတွက် မိသားစုရဲ့ အပြောအဆိုခံခဲ့ရဖူးတဲ့ ညနေတွေဟာ ကိုယ့်အတွက် တစ္ဆေ၊။ သင်္ကြန်မနက်ခင်းမှာ ခုံလေးတစ်ခုံနဲ့ အပြင်ငေးမိရုံနဲ့ ပါးရိုက်ခံခဲ့ရဖူးတဲ့ နေ့ခင်းဟာ ကိုယ့်အတွက်တစ္ဆေ။ မတူညီတဲ့ အသိအမြင်တွေနဲ့ ကိုယ့်စိတ်လွတ်လပ်မှုကို ရှာဖွေရင်း ကိုယ်ကိုယ်တိုင် ရွေးချယ်မိလိုက်တဲ့ အနေအထိုင်ဟာ ကိုယ့်စိတ်လွတ်လပ်မှုကို အပြည့်အဝတာဝန်ယူထားတဲ့အခါ ကိုယ် ပြောင်းလဲဖို့ သိပ်ပျင်းတယ်။

မပြောဖြစ်ခဲ့တဲ့ အတိတ်များစွာမြှ ဆူးတွေအထပ်ထပ်ရစ်ထားတယ်။ စိတ်တစ်ခုလုံး လွတ်လွတ်လပ်လပ် ပျံသန်းဖို့ စိတ်ကူးနဲ့ ကြိုးစားခဲ့တာပဲ။ ကိုယ့်ကြိုးစားမှုတိုင်းမှာ ရှေ့ဆောင်လမ်းပြ များစွာနဲ့ တားမြစ်ထားကြတဲ့အခါ..။
သိသလား။ နှုတ်ခမ်းနီတစ်တောင့်ကို လိုလိုချင်ချင်ပိုင်ဆိုင်ချင်ဖူးခဲ့တဲ့ နေ့တွေရှိတယ်။ သိသလား။ မိပ်ကပ်အကောင်းစားကို အလှကြည့်ရင်း အပြောခ့ရမယ့်စကားတွေ တွေးကြောက်နေမိတဲ့ နေ့တွှေိတယ်။ သိသလား။ ဘယ်သူ့မှမပေးခဲ့ဖူးတဲ့ အခွင့်ထူးပေါင်းများစွာဟာ ကိုယ့်နှလုံးသားနဲ့ ရင်းတဲ့ ကြိုးလေးတွေမှာပဲရှိတယ်...။

တချို့သော အရာတွေဟာ တားမြစ်ဇုန်မှာ။ စိတ်ဆိုးတာထက် ဝမ်းနည်းအားငယ်သွားတဲ့ အကြောင်းတရားတွေမှာ စိတ်ကြီးတစ်ခုလုံး အေးခဲအမှောင်ကျ။ ကိုယ့်စိတ်ကြီးကိုယ် အမှောင်ထုထဲ ပစ်ချချင်တဲ့ စိတ်ကြီးနဲ့ ။
မိန်းမသားဆန်ခြင်း ဆိုတဲ့ အကြောင်းတရားကို ရသစာတမ်းရေးဖို့ ကိုယ် အဆင့်မမီခဲ့ဘူး။အဲဒီနေ့က ကျောင်းပြေးခဲ့တယ်။ ဆံပင်ရှည်ရှည်လေးကို မြတ်နိုးရက်နဲ့ ဖြတ်ခဲ့တဲ့ ညနေခင်းတစ်ခု၊ နှလုံးသားနူးညံ့မှုကို သဘောကျလျှ့က်နဲ့ ကြိုးစားဖျောက်ဖျက်ခဲ့ရတဲ့ အကြောင်းတရားများစွာ။ ဘဝဆိုတာ မတူညီတဲ့အခါ ကိုယ့်တရားကိုယ် စီရင်ပုံချင်းလည်းမတူညီကြတော့။ သိသလား။ အဖြူဆန်တဲ့ မေတ္တာတရားမှာလည်း အတ္တမကင်းခဲ့ဘူး။ ကိုယ့်အတွေးအခေါ်တွေနဲ့ပဲ ကိုယ်ကိုယ်တိုင် ကြီးရင့်ခဲ့တဲ့ နေ့ပေါင်းများစွာရှိတယ်။ ကိုယ့်အသိအမြင်နဲ့ပဲ ကိုယ်ကိုယ်တိုင် ကြောက်ရွံ့ခဲ့တဲ့ နေ့တွေများစွာရှိတယ်။
သိသလား၊။
ဒီတစ်ခုတော့ ပြောချင်တယ်။ ကိုယ့်တရားကိုယ်စီရင်ပုံချင်းမတူညီတဲ့အခါ တရားသူကြီးတိုင်းဟာ တစ်ဖက်သားအမှုကို တလွဲမြင်တတ်စမြဲပဲ။ ကိုယ် ဒီနေ့ အမြင်တွေ စောင်းယွင်းခဲ့တယ်လို့ ပဲ ဝန်ခံမိပါရဲ့။ သိပ်ဆိုးတဲ့ သံယောဇဉ်ပဲ။ ကိုယ်ကိုယ်တိုင်မထိန်းချုပ်နိုငတဲ့ စစ်ပွဲတွေထဲ ကိုယ့်ကိုယ်ကိုယ် ပစ်ခတ်ထည့်မိလိုက်သလိုလို။
ကိုယ် သိပ်ကြောက်တဲ့ သံယောဇဉ်ပဲ။ မသိခြင်းတရားနဲ့ ကိုယ့်ကိုယ်ကိုယ်မီးမြိုက်ပစ်ချင်မိသည်ထိ။
မသေချာမရေရာမှုတွေနဲ့စဖွင့်ရမယ့် နံနက်ခင်းကို ကိုယ် မျှော်လင့်နေတာလား၊ ကြောက်ရွံ့နေတာလား။ သေချာတာတစ်ခုက ကိုယ့်အပျော်မှန်သမျှဟာ ရီဝေယစ်မူးမှုနောက်မှာ ပျောက်ကွယ်လျှက်သား။
သိပ်လွယ်တယ်ဆိုတဲ့ စကားကို အမြင်နဲ့ သုံးသပ်ကြတတ်သလား။ ကိုယ့် စိတ်ကြီးတစ်ခုလုံးချိုနွဲ့ယစ်မူးအောင်ဖြားယောင်းရခက်တာ သတိထားမိကြရဲ့လား။ အတိတ်ဆိုတာ မှန်လား။ ခုနောက်ပိုင်း ကိုယသိပ်မပျော်တတ်တော့ဘူး။
မယုံဘူး။ ကတိတွေအခါခါပေးတဲ့ကျင့်ကို ကိုယ်မယုံဘူး။ ကိုယ်က အချစ်ဆုံးသူရဲ့ ကတိပျက်မှုကိုလည်း အခါခါကြုံဖူးပြီးသား။ မယုံဘူး။ ကိုယ့်ကို သက်ဆုံးထိဆိုတဲ့ စကားတွေလည်း ကိုယ်မယုံဘူး။ သွေးသားရင်းချာ တစ်အူတုံဆင်းမှာတောင်မှ ကိုယ့်အတွက် အခါခါပေးဆပ်သူကို ကိုယ်ကိုယ်တိုင် ခွဲခွါခဲ့တာ။ ကြောင်းရင်းတရားအမှန်က ကိုယ့်နှလုံးသားလိုအပ်ချက်ကို သူမသိလို့တဲ့။ သိလား။ သုညလေးဟာ ဝလုံးလေးဖြစ်လာသလား၊ သုညလေးပဲ ဖြစ်လက်စရှိသလား။ ကိုယ့်ကိုယ်ကိုယ် ခုထိ ဝေခွဲမရနိုငသေးဘူး။ လွယ်ပါတယ် လို့ သူများတွေပြောနေတဲ့ လမ်းကို ခက်ခက်ခဲခဲ လျှေက်ြနေတုန်းပဲ။
မြို့ထဲမှာဖလမ်းဖလမ်း နဲ့ လမ်းသလားပြမှတော့ အချိန်နေရာမရွေး သတိထားမိရအောင် ကိုယ်က အပျော်မယ်လည်း မဟုတ်ခဲ့။ ကိုယ့် ရွေးချယ်မှုနဲ့ တပါးသူ့အတွေး ခဏခဏ တိုက်ဆိုင်လာတဲ့အခါ ကိုယ် ကြောက်တယ်။ ကိုယ်လာခဲ့တဲ့ ငွေရှင်ကြေးရှင်လောကကိုလည်း ကိုယ်ကြောက်တယ်။ ကိုယ် သိပ်သွားချင်လွန်းတဲ့ ပညာရှင်လောကကိုလည်း ကိုယ်ကြောက်တယ်။ ကိုယ့်ရွေးချယ်မှုတွေဟာမှန်သလားမှားသလား ဝေခွဲမရသေးခင် စိတ်လွတ်လပ်မှုကို ကိုယ်ကိုယ်တိုင် ရှာဖွေလိုက်တဲ့အခါ ကိုယ်က အများအမြင်မှာ….။
သိပ် ကျေးဇူးတင်တယ်။ ကိုယ်တိုင်ဂရုမပြုမိတဲ့ အကြောင်းတရားပဲ။ ကိုယ့်ကိုယ်ကိုယ် ထိန်းမတ်ဖို့ ကိုယ်လိုအပ်တဲ့ စွမ်းအင်ဟာ ကိုယ့်အပြုအမှုတဲ့။
ကိုယ့်အပြုအမှုတိုင်းမှာ ကိုယ် သိပ်မြတ်နိုးတဲ့ စိတ်လွတ်လပ်မှုကို ထိန်းချုပ်ရုံနဲ့ ကိုယ်ဟာ သိပ်အဆင်ပြေသွားမယ့် မိတ်ဆွေကောင်းတဲ့။
ကိုယ် တကယ်ကြီးပြေးသွားချင်ပါရဲ့…။ တကယ်ကြီး ပြေးသွားချင်ပါရဲ့။ တကယ်ကြီးပဲပြေးသွားချင်ပါရဲ့။ စိတ်လွတ်လပ်မှုသာ ရှိရှာ နေရာဆီ။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်