Sunday 16 February 2014

“စိတ်အခင်းအကျင်းဟာ လိုက်မမီနိုင်လောက်အောင်ထိ ဝင်္ကပါဆန်နေတဲ့အခါ ကျွန်တော် သိမ်ငယ်လာမိတယ်”


ပေါင်း နုတ် မြှောက် စား
ခုထိ မကျွမ်းကျင်သေးတဲ့အရာပဲ
လမ်းတစ်ဝက်ရောက်ြ့ပီလား
အရှေ့ဆီ ငေးလေသမျှ
ဝေးနေဆဲ လမ်းကြောကိုပဲ မြင်တဲ့အခါ
စိတ်ကြီးက ပိုပိုမောလာ။


အတူတူမက်ခဲ့တဲ့ အိပ်မက်
တစ်ယောက် တစ်နေရာစီပဲ
ဒါပေမဲ့ ခိုင်ခိုင်မြဲမယ် တွေးမိရဲ့
အိပ်မက်တွေ ပန်းပွင့်လာတဲ့အခါ
အသီးစားဖို့ စောင့်ရကျိုး နပ်မှာပါ အတွေးနဲ့
ခုထိ အိပ်မက်တွေ ပျိုးမိနေကြတုန်း။

ရှေ့တိုးနောက်ဆုတ် ဘေးရွေ့
လမ်းအခင်းအကျင်းတွေရွှေ့တယ်
သံယောဇဉ်တွေ မီးနီမိတယ်
ဒီလိုနဲ့ပဲ ...ဝေးကွာသွားတဲ့အရာ။

ဖမ်းမိမလို ဆုပ်မိမလိုနဲ့
တိမ်သားအစိုင်အခဲလို
ဆော့ကစားခံလိုက်ရ

မင်းရေးမကြွယ် တိမ်ရေးမကြွယ်
ဝင်္ကပါထဲ ပိတ်မိနေတဲ့အခါ
..။

သိမ်ငယ်တယ်
ဟုတ်တယ်
ကျွန်တော် သိမ်ငယ်တယ်
နှုတ်ခမ်းပါးလေးနဲ့ ဆိုချင်မိတဲ့ စကားတွေမှာ
ပွင့်လင်းမြင်သာမှုတွေမပါလာခဲ့ဘူး
ပွင့်ပွင့်လင်းလင်းသာ ပြောကြေးဆို
ခု
ကျွန်တော် ဆဲရေး ပစ်ချင်တယ်
လူ့ယဉ်ကျေးဘောင်ကြီးနဲ့ ပိတ်မိနေတဲ့ ကျွန်တော် ဆဲရေးပစ်ချင်တယ်
ပွင့်ပွင့်လင်းလင်းပြောရရင် သိမ်ငယ်မှုနဲ့ ထပ်တူ ဆဲရေး ပစ်ချင်တယ်
..။

ကလေးတစ်ယောက်ပြောတဲ့ စကားလို
ဘောင် မှာ ပိတ်မိနေတယ် ဆိုတဲ့ အကြောင်း
ဝန်မခံချင်ဘဲဝန်ခံလိုက်ရ
ဟေး အာခီ
ငါ အခု လေးထောင့်ကြီးထဲမှာ
ဟိုထွက်မရ ဒီထွက်မရ
ပိတ်မိနေတဲ့ တံခါးတွေနဲ့
မင်းရေးတဲံ ကဗျာတွေအကြောင်း
ငါ သိပ်အပြစ်မမြင်တော့ဘူး
ခေတ်ကြီးကို သာ မေးချင်နေ။

မဟာဗန္ဓုလပန်းခြံထဲက ပွင့်လင်းမြင်သာမှုတွေနဲ့
နာမည်ကျော်အင်းလျားက ပွင့်လင်းမြင်သာမှုတွေမှာ
မြန်မာဆိုတဲ့ ယဉ်ကျေးမှုကို လိုက်ရှာဖွေမိရင်း
ငါ့ကိုယ်ငါ ဘောင်ထဲထည့်ပိတ်လို့
ဆဲရေးပစ်ချင်တဲ့ စိတ်ရိုင်းကြီးနဲ့
ငါ သိမ်ငယ်နေမိတယ်။

လောကပြာပြာနဲ့
စိတ်ကြီး သိမ်ငယ်နေမိတယ်
မြက်ခင်းပြင်တွေလည်း မစိမ်းလန်းပါဘူး
ကတ္တရာတိုင်းလည်း မမည်းနက်ခဲ့ပါဘူး
ငါ့နှလုံးသားလည်း မရင့်ကျက်ခဲ့ပါဘူး
ခု ငါ ဆဲရေးပစ်ချင်နေမိ။

လူယဉ်ကျေးဆန်တဲ့ဘောင်ကြီးကို ကြည့်ရင်း
သိပ် သိမ်ငယ်မိနေတဲ့ စိတ်ကြီး
အပူဆန်တယ်။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်