Tuesday 1 January 2013

ပိုးဖလံ(ကဗျာ)


မှော်ဆရာကိုမှ လှည့်စားခြင်းအတတ်ပြခဲ့သူ
ပြုစားဖို့ ကြိုးစားမိခဲ့သူ
ကိုယ်ပစ်တဲ့ လှံ ကိုယ့်ဆီပြန်လာမယ်မှန်း
မသိခဲ့မိသူ။

အခုတော့ မှော်ဆရာရဲ့ ပြကွက်တွေထဲ
အလဲလဲအပြိုပြို
သွန်လိုသွန်မှောက်လိုမှောက်
သူ့လက်ခုပ်ထဲကရေလို
တားမြစ်ပိုင်ခွင့်မရှိ
ထိန်းချုပ်နိုင်စွမ်းမရှိတော့
ရိုကျိုးစွာနဲ့ပဲ အပြုစားခံခဲ့ရပြီ။


ကစားလို့ပြီးတဲ့အဆုံး

မှော်ဆရာ့လက်ကအလွတ်မှာ
ယိုင်နဲ့နဲ့ နှလုံးသားကို ထိန်းမတ်တော့
ဒဏ်ရာတွေ ဗရပွနဲ့
ပလာစတာမကင်းတဲ့နေရာကို မရှိခဲ့
အချစ်ဆိုတာ ဒဏ်ရာတဲ့..
ဒီလိုပဲ သင်ယူခဲ့မိတယ်။

ကစားပွဲရဲ့ ရလဒ်ကို
တစစီရှင်းတော့
သူ့ဘက်က သံယောဇဉ်ဆိုတာ
ဗလာသာကျန်ခဲ့
တကယ်တော့ ကိုယ်ဟာ
မရှိကိုမှ အရှိထင်ခဲ့သူ။

စိတ်ကူးတွေနဲ့
ကြိုးရှုပ်တဲ့ ည
အဖြေကို သေချာသိခဲ့ပေမယ့်
ဒါပေမယ့်လည်း မှော်ဆရာရယ်

တမ်းမက်နေတုန်းပဲ.......။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်