Wednesday 30 January 2013

တမ်းမက်ခြင်းဒိုင်ယာရီ

“အလွမ်းသင့်ရှိုက်သံသဲ့သဲ့နဲ့ အနက်ရောင်ဝတ်တဲ့ည(တမ်းမက်ခြင်းဒိုင်ယာရီ)”


“ချစ်တယ်” တဲ့။
ပြောရမှာ လွယ်တဲ့ သည်စကားနှစ်ခွန်းကို နှလုံးသားက ခွင့်မပြုခဲ့ဘူး။ ဖြူစင်ခြင်းတွေသာ အဝန်းရံခံခဲ့ရတဲ့ ကောင်မလေးအတွက် ကျွန်တော် အရောင်ဆိုးသူ မဖြစ်ချင်ခဲ့ဘူး။ ဒီလိုနဲ့ပဲ အဖြူရောင်ကောင်မလေးကိုငေးကြည့်ခဲ့တာ ကျွန်တော့်နှလုံးသားလေးမှာတောင် ချစ်ခြင်းတွေ တော်တော်စွန်းထင်းနေပြီ။ “ကောင်မလေးကို ချစ်တယ်” ဆိုတဲ့ စာတန်းတွေအပြည့်နဲ့ ကျွန်တော့်အိပ်ခန်းနံရံဟာလည်း ပန်းနုရောင်မင်တွေအပြည့်နဲ့ပေါ့။
မပြောဖြစ်ခဲ့ပေမယ့် ကျွန်တော် ကောင်မလေးတစ်ယောက်ကို ချစ်ခဲ့ပါတယ်။ ဒီနေ့ထိလည်း ချစ်ဆဲပဲဆိုတာ
မညာတတ်တဲ့ နှလုံးသားလေးက ဝန်ခံနေလေရဲ့။

……….


သူ့ကိုကြည့်လိုက်ရင်လေ ငှက်ကလေးတစ်ကောင် လေထဲမှာပျံဝဲနေသလိုပဲ။ အရာရာဟာလွတ်လပ်ပေါ့ပါးလို့ အပြုံးစစ်စစ်တွေ တစ်ပွင့်ပြီးတစ်ပွင့်ဖူးပွင့်နေလိုက်တာ။ တကယ်ပါ။ သည်လောက်ဖြူစင်တဲ့ ကောင်မလေးမျိုး ကျွန်တော့်တစ်သက် ဒီတစ်ခါသာ တွေ့ဖူးလေရဲ့။ တကယ်ပါ။ အပြုံးတစ်ခုရဲ့ ဝင်းလဲ့နှုန်းဟာ နှလုံသားတစ်ခုလုံး အဖမ်းစားခံရနိုင်မှန်း ဒီကောင်မလေးနဲ့မှ သေချာသွားလေရဲ့ဗျာ။
သူ တကယ်ဖြူစင်လိုက်တာ။

“ကိုသူရ ခက်နွယ် စိတ်ရှုပ်တယ်”

ရုတ်တရက် ကိုယ့်ကိုကြည့်ပြောလိုက်တဲ့ စကားကြောင့် ကိုယ့်ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားလေရဲ့။ ဘာလို့လဲ မမေးမိပေမဲ့ သူဖြေလိုက်တဲ့စကားတစ်ခွန်းက ကိုယ့်နှုတ်ခမ်းတွေ အေးစက်ဆွံ့အသွားစေတယ်။

“အောင်အောင်က ခက်နွယ်ကို ပရိုပို့(စ်) လုပ်တယ်.. အဲ့ဒါမျိုးတွေ မကြုံချင်ဘူး ကိုသူရရယ်… ခုတော့ သူငယ်ချင်းလို ဘယ်လိုဆက်ခင်ရတော့မလဲ”

ခက်တယ် ခက်နွယ်ရယ်..လို့ပဲ ရင်ထဲမှာ ရေရွတ်မိပါရဲ့။ စိတ်ရှုပ်နေမှန်းသိသာအောင် ခက်နွယ်မျက်နှာလေးနွမ်းနေလေတော့ ……..။ တကယ်ခက်ပါရဲ့..ကွယ်။
အဖြူရောင် သံယောဇဉ် ဆိုတာ ပုံပြင်ထဲမှာပဲရှိတတ်တယ်လို့ ယုံကြည်ထားခဲ့တာ။ အခုတော့ ခက်နွယ်ရဲ့ အဖြူရောင်သံယောဇဉ်လေးက ရင်ထဲက သမုဒယသံယောဇဉ်ကို တားလေပြီပဲ။ ဒါပေမယ့်လည်း ရင်ထဲမှာတော့ နင့်နင့်သည်းသည်း ရေရွတ်နေမိလေရဲ့။ ချစ်တယ်…..ချစ်တယ် ခက်နွယ်ရယ်လို့။

တနေ့မှာတော့ ကျွန်တော့်ရဲ့ အဖြူရောင်ကောင်မလေးက စကားတစ်ခွန်းဆိုလာလေရဲ့။
“အချစ်ဆိုတာ ထူးဆန်းတယ်နော်”..တဲ့။
ကျွန်တော့်မှာတော့ မထိတ်သာမလန့်သာနဲ့ “ဟဲ့ ဘာကြောင့်တုန်း ကောင်မလေးရဲ့” လို့မေးမိပြန်သေးရဲ့။ သူ ချစ်တတ်သွားပြီလားဆိုတဲ့ စိုးရိမ်စိတ်လေးကလည်း ရင်ထဲမှာတဒိုင်းဒိုင်းနဲ့။ မှန်ပါရဲ့။ အချစ်ဆိုတာ ထူးဆန်းတယ်။
“သြော် တစ်ချိန်လုံးကျောင်းအတူတက်ခဲ့ပြီးမှ အခုမှ သမီးရည်းစားဖြစ်နေကြတဲ့ ခက်နွယ်ရဲ့ သူငယ်ချင်းနှစ်ယောက်အကြောင်းတွေးမိလို့ပါ”
ကောင်မလေး ဖြေသံကြားမှ ကျွန်တော့်ရင်ခုန်သံတွေဟာလည်း တဖြည်းဖြည်း ငြိမ်ကျသွားလေရဲ့။ ဟုတ်တယ်။ အချစ်က တကယ်ထူးဆန်းတယ်။

မထင်မှတ်ပဲ သိခွင့်ရလိုက်တဲ့ အဖြေတစ်ခုပါပဲ။ ကောင်မလေးဆီမှာ တိတ်တိခိုးချစ်သူရှိဖူးသတဲ့။ ရှိနေဆဲပဲတဲ့လေ။
အဲ့ဒီ့နေ့က ကောင်မလေး ကျောင်းကိုလာပေမယ့် ကောင်မလေးရဲ့ မျက်နှာညိုနေခဲ့တယ်။ အိမ်အပြန် ဘက်စ်ကားပေါ်အတက်မှာ သူမလက်ထဲက စာအုပ်လေးတစ်အုပ် ပြုတ်ကျကျန်ခဲ့တာကို မသိလောက်အောင်ထိ ကောင်မလေး စိတ်ရှုပ်နေခဲ့တယ်။
အဲ့ဒီ့စာအုပ်လေးကို ကောက်ရခဲ့တဲ့ ကိုယ့်အတွက်ကတော့ ကံကောင်းခြင်းလား ကံဆိုးခြင်းလား ကိုယ်မသိဘူး။ ကိုယ့်အတွက် ကံဆိုးခြင်းလို့ မထင်ပါဘူး ကောင်မလေးရေ။
ခေတ်ဦး ဆိုတဲ့ နာမည်လေးတစ်ခုကြောင့် ဒီနေ့ ကောင်မလေး စိတ်ညစ်တယ် တဲ့လား။ဒီနေ့ နေ့စွဲလေးတပ်ထားတဲ့ ဒိုင်ယာရီစာအုပ်လေးထဲမှာ ခေတ်ဦးရယ် ဆိုတဲ့ ညည်းတွားသံဆန်ဆန်စာကြောင်းလေးက ကျွန်တော့်ရင်ကို မိုးပြိုစေခဲ့တယ်။ ခက်နွယ်ရယ်လို့ပဲတိုးတိုးတိတ်တိတ် ရေရွတ်မိရင်း ကောင်မလေးရဲ့ဒိုင်ယာရီစာအုပ်ကို တချို့တလေ ကြည့်လိုက်မိတော့ ရင်မှာ နင့်ခနဲ။ချစ်တတ်လိုက်တာ ကောင်မလေးရယ် လို့ အထပ်ထပ်ညည်းဆိုရင်း ခေတ်ဦးဆိုတဲ့ လူတစ်ယောက်ကို မကျေနပ်စိတ်တွေဟာ ရင်မှာ အရှိန်ပြင်းပြင်းနဲ့ ပေါက်ဖွါးလာတယ်။ တကယ်ပါ။ အခွင့်ရှိရင်ကျွန်တော် ခေတ်ဦးဖြစ်ချင်တယ်။ ချမ်းသာတဲ့မိသားစုက ပေါက်ဖွါးဖို့ထက်ကောင်မလေးရဲ့ ချစ်ခြင်းကို တစ်သက်တာ အပိုင်စားရထားတဲ့ ခေတ်ဦး ဘဝကိုပဲ ကျွန်တော် လိုချင်တယ်။
မဖြစ်နိုင်မှန်းသိလျှက် လိုချင်ခဲ့ပါတယ်။

..................
ဒီချိန်ထိမဖျက်မိသေးတဲ့ ပန်းနုရောင်မင်တွေဟာ ကျွန်တော့်အိပ်ခန်းထဲမှာ တချို့တလေ မှေးမှိန်သွားပေမယ့် ဘယ်ချိန်ကြည့်ကြည့် နှလုံးသားထဲတော့ လင်းလက်ဆဲ။
ဒီနေ့ဟာ ကောင်မလေးမွေးနေ့ ဆိုတဲ့ အမှတ်ရမှုက နှလုံးသားကိုရိုက်ခတ်တယ်။ ဘယ်ရောက်နေလဲ ကောင်မလေးရေ။ အလွမ်းလို့ မသတ်မှတ်ချင်တဲ့ တမ်းတမှုတွေက နှလုံးသားထဲကို အလုံးအရင်းနေရာဝင်ယူတယ်။
ဒီချိန်ထိ ကိုယ့်လိုပဲ သူကောတစ်ယောက်တည်းပဲလား။ ကျွန်တော် သိချင်လိုက်တာ။

ကျောင်းပြီးကတည်းက ဝေးကွာခဲ့တာ ဒီချိန်ထိလေ။ သူ့အကြောင်း တစ်စွန်းတစ်စကြားရဖို့တောင် ကျွန်တော် မကြိုးစားမိတော့ဘူး။ တစွန်းတစကြားသိရုံနဲ့ ကျွန်တော့် ခြေထောက်တွေဟာ သူရှိရာကို ပြေးသွားဖြစ်မှာမို့ ကိုယ့်ကိုယ်ကို ထိန်းချုပ်ခဲ့ရတာလေ။


ခက်နွယ်ရေ……..ဆိုတဲ့ ရင်ထဲက တိုးဖွဖွမြည်တမ်းသံက နှုတ်ခမ်းထက် ပေါ်လုလု။ တော်ပါပြီကွယ်။ အိပ်စက်ရဦးမယ်။ အနက်ရောင်ခြုံထည်ရဲ့ ရင်ငွေ့အောက်မှာ သူ့ကို လွမ်းနေကြောင်းသူ သိမှသိပါလေစ ကောင်မလေး..ရေ။ ညဟာသူ့ရဲ့ မှော်ဆန်တဲ့ စွဲဆောင်မှုတွေနဲ့တောင် ငါ့ကို မစွဲဆောင်နိုင်တော့ဘူး။ ဒီညတော့မင်းကို လွမ်းရင်း ငါ ရူးပြီ ..လို့ တိုးတိတ်တိတ် ရွတ်မိတော့ သူ့ရဲ့ ဖြူစင်တဲ့ မှော်ဝင်အပြုံးလေး က နှလုံးသားထက်မှာ ဖျတ်ခနဲ ပေါ်တယ်။
အသက်သုံးဆယ်ကျော်နေပြီဖြစ်တဲ့ ယောင်္ကျားတစ်ယောက်ရဲ့ ရင်ခုန်သံက သူ့အကြောင်းတွေးရုံနဲ့ လန်းဆန်းလတ်ဆတ်နေတုန်းမှန်း သူ သိစေချင်လိုက်တာ။
ဟော..ဟို မှာ..လေအဝေ့မှာ လွင့်ဝဲကြွေကျလာတဲ့သစ်ရွက်လေးတွေ။
လေထဲလွင့်ပျံနေပုံက လွတ်လပ်လိုက်တာ။ တစ်စုံတစ်ယောက်ကိုတောင် သတိရသွားမိလောက်အောင်ထိ။
တကယ်ပါ။ အချစ်က ထူးဆန်းတယ်။ ကျွန်တော်သူ့ကို တမ်းမက်နေတုန်းပဲ။
အပြုံးစစ်စစ်တစ်ပွင့်ကို ဒီနေ့မှ တမ်းတနေတတ်လိုက်တာ။ ရင်တစ်ခုလုံးကွဲအက်မတက်။

ခက်နွယ်ရေ တွေ့ချင်………လိုက်တာ။

ချစ်တယ် လို့ဖွင့်မပြောခဲ့မိတဲ့အမှားတစ်ခုအတွက် ကျွန်တော် ဒီနေ့ထိ နောင်တမရခဲ့ပါဘူး။ သူ့ရဲ့ ဖြူစင်မှုလေးတွေ ကျွန်တော့်ကြောင့် မစွန်းထင်းခဲ့ဖို့ရာအတွက် ကျွန်တော်ရင်ကွဲခံဝံ့တယ်။ သူ့ရဲ့အပြုံးစစ်စစ်လေးတွေ ကျွန်တော့်ကြောင့် ပျောက်ပျက်မသွားဖို့ရာအတွက် ကျွန်တော် ရင်ကွဲခံဝံ့တယ်။

တကယ်ပါ။ ကျွန်တော် သူ့ကို ချစ်ခဲ့တယ်။ ဒီချိန်ထိလည်း ချစ်နေဆဲပါပဲ။
ချစ်ခြင်းရဲ့အသီးအပွင့်က အလွမ်းအဆွေးသာဖြစ်ပေမယ့် ကျွန်တော်ကျေနပ်တယ်။ ကျွန်တော်သူ့ကို ချစ်နေတုန်းပဲ။


………………………………………………………………
ရည်ဝေ

2 comments:

ချောကလက်ကျူးပစ်လေး said...

လာဖတ်သွားတယ်အမရေ။

မိုးနတ်ကြယ်စင် said...

အင်းးးးးးးးးးး
နှစ်သက်လိုက်တာ...
အရေးအဖွဲ့လေးတွေက ဟာကွက်မရှိအောင်ကို ပြည့်စုံပြီး
လှပခမ်းနားလိုက်တာ....သဘောကျမိပါရဲ့...
အသုံးအနှုန်းလေးတွေ နူးညံ့လှပသလောက်
ချစ်ခြင်းတွေကလဲ အကိုင်းအခက်ဖြာဝေနေလိုက်တာ...
ခက်နွယ်ရယ်....မင်းကိုသိပ်ချစ်တဲ့ လူတစ်ယောက်
အနားမှာရှိနေခဲ့တာ မင်းဘာလို့များမသိခဲ့တာပါလဲ...
အရေးအသားလေးတွေလဲ နှစ်သက်မိပါရဲ့....
စကားလုံးတိုင်းကိုလဲ အခေါက်ခေါက်အခါခါ ပြန်ဖတ်ပြီး
ရင်ဘတ်ထဲထိ ထဲ့စီခဲ့မိပါရဲ့....
ခက်နွယ်ရေ....ကိုသူရလိုပဲ ခက်နွယ်ကိုလေ
ကိုယ် ပြင်းပြင်းရှရှသတိရမိပါရဲ့ကွယ် ....:)))
ခင်တဲ့....မိုးနတ်

(နူးညံ့လှပ လက်ရာမြောက်တဲ့ ၀တ္ထုတိုလေးက
အတိုင်းထက် အလွန်ပဲ ချစ်စရာကောင်းလိုက်တာ..:)
ဒါပေသိ ....ကိုသူရအတွက်တော့ မိုးနတ်
စိတ်မကောင်းဖြစ်နေမိတယ်...:(((

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်