Tuesday 1 January 2013

ရပ်တန့်နေသော အိပ်မက်မြစ်များ


ဟာဗျာ လို့ စိတ်ထဲကနေ မချိတင်ကဲ ရွတ်လိုက်မိရင်း ကျွန်တော့်မိန်းမကို လှမ်းကြည့်မိတော့ သူလည်း မျက်နှလွဲထားတာတွေ့ရတယ်။ ဟုတ်တယ်ဗျာ။ ကျွန်တော့်ရင်ထဲမှာ ကလေးအတွက် စိတ်မကောင်းဖြစ်သလို သူလည်း ခံစားနေရမှာပဲ။ ကလေး အမေဖြစ်တဲ့ အနှိပ်သည် အမျိုးသမီးကို ကြည့်တော့ ကြုံနေကျ မထူးဆန်းတဲ့ မျက်နှာမျိုးနဲ့
ဆက်နှိပ်နေတယ်။
“လမ်းကူးရရင် ဘယ်လိုလုပ်မလဲပြန်ခေါ်လိုက်ပါဗျ” လို့ မပြောသာ ပြောသာနဲ့ ကျွန်တော်ပြောလိုက်မိသေးတယ်။ ဒီတော့ အဲ့အမျိုးသမီးက “လမ်းမကူးရပါဘူး ကွမ်းယာဆိုင်က ဒီဘက်မှာတင်ရှိတယ်” တဲ့လေ။ ကျွန်တော့် သားသမီးကို ဘယ်တော့မှ ကွမ်းမဝယ်ခိုင်းဘူး ဆိုတဲ့ ဆုံးဖြတ်ချက်ကတော့ အရင်ကထက်ကို ပိုပို ခိုင်မာလာတယ်။

ဒီသားအမိနဲ့ ကျွန်တော်တို့ သိတာ မကြာသေးပါဘူး။ ကျွန်တော့်မိန်းမက စိတ်သွက်လက်သွက်လွန်းတော့ အလုပ်လုပ်လွန်းတယ်ဗျ။ ကြာလာတဲ့အခါကျတော့ ကြွက်သားတွေ တင်းပြီး ညောင်းတော့တာပဲ။ တနည်းပြောရရင်တော့ အနှိပ်ခံပြီး ဇိမ်ခံတာပေါ့ဗျာ။ ခက်တာက ကျွန်တော်တို့ နီးနီးနားနားမှာ အနှိပ်သည်မရှိဘူး။ အဲ့ဒါနဲ့ မာဆတ်က ကောင်မလေးတစ်ယောက်ကို ဆက်သွယ်ပြီး ဖုန်းဆက်ပြီး လာခိုင်းတာပေါ့လေ။ တစ်ခါနှိပ် ၅၀၀၀ နှုန်းနဲ့။ အဲ့ကောင်မလေး နှိပ်တာကြည့်ပြီး ကျွန်တော်တောင် မာဆတ်သွားချင်မိသွားတယ်။ နှိပ်တာက ပူးပူးကပ်ကပ်လေးတွေကိုဗျ။ ယောင်္ကျားလေးနဲ့ မိန်းကလေးဆိုတော့..ဟင်း မပြောချင်တော့ပါဘူးဗျာ။
ကျွန်တော့်မိန်းမ ဘယ်လောက်ထိ အနှိပ်ခံရတာကြိုက်သလဲဆို သူခေါ်နေကျ ကောင်မလေး မလာတဲ့အခါတိုင်း မာဆတ်လိုက်သွားပြီး အနှိပ်ခံသဗျ။ ဒီမာဆတ်က ရိုးရိုးသားသား နှိပ်ပေးရုံတင်ပါလို့လည်းပြောသေးတယ်။ ကျွန်တော်က မဟုတ်ပါဘူး လို့ ဘယ်လောက်ပြောပြော သူမယုံဘူး။ ဟုတ်တယ်လေ။ မာဆတ်ဆိုတာ နှိပ်ယုံသက်သက်တော့ ကျွန်တော်မထင်ဘူး။ ယောင်္ကျားလေးတွေက ပိုသိတာပေါ့ဗျာ။ ကျွန်တော့်စကားကို မယုံတဲ့ သူ၊ တစ်နေ့တော့ဗျာ မျက်စိပျက်မျက်နှာပျက်နဲ့ ပြန်လာလိုက်တာ။ လူကလည်း သွေးဆုတ်သလို မျက်နှာမျိုးနဲ့ ဖြူဖျော့နေတာပဲ။ ပြီးမှ ကျွန်တော့်ကိုပြောတယ်။ “ရှက်လိုက်တာ မောင်ရယ်.. အထဲမှာ ပလူးပလဲနေ နေကြတာကို မသိပဲ မ က အတွင်းကို ဝင်သွားတာ တော်သေးတယ် မျက်လုံးကို ဇွတ်အတင်းမှတ်ခဲ့မိလို့သာပေါ့” တဲ့။ “မောင် ပြောသားပဲလို့” ကျွန်တော်တောင် မဏ္ဍာပ်တိုင်တက်ပြမိသေး။ ထားပါတော့။ အဲ့ဒီ့နေ့ကစပြီး မာဆတ်က ကောင်မလေးကို မခေါ်တော့ပဲ သူ လူကြိတ်ရှာနေတာလေ။ အနှိပ်ခံဖို့။ ဟိုတလောကပဲ သူ့ဆီ အိမ်ပေါင်၊ ငွေချေးလုပ်နေတဲ့ ပွဲစားတွေက မျက်နှာလို မျက်နှာရနဲ့ သမီးအတွက် နှိပ်ဖို့ လူရှာလာခဲ့တယ် ဆိုပြီးတော့ ဇွတ်အတင်းကို အနှိပ်ခံခိုင်းတာပါ့လား။ ကျွန်တော့်မိန်းမကလည်း အဲ့ဒီနေ့ကစလို့ အကြိုက်တွေ့သွားလိုက်တာ ဒီနေ့ထိ ဆိုပါတော့။ ဒီအမျိုးသမီးရဲ့ ဈေးနှုန်းက တစ်ယောက်နှိပ် ၁၅၀၀။ အဲ့ဒါကို ကျွန်တော့်မိန်းမက ၃၀၀၀ ထိ တိုးပေးပစ်လိုက်တယ်။အဓိက ကတော့ အဲ့အမျိုးသမီးလည်း ပိုအဆင်ပြေ၊ သူလည်း အဆင်ပြေနေလို့ပေါ့လေ။

ဒါပေမယ့် ဒီအမျိုးသမီးက ကျောင်းပိတ်ရက်တွေ ဆို သူ့ကလေးကို ခေါ်လာတတ်သဗျ။ အဲ့ဒါတော့ မကြိုက်ချင်ဘူး။ ဟုတ်တယ်လေ။ သူကသာမတွေးတာ။ ကျွန်တော်ကော၊ ကျွန်တော့်မိန်းမစိတ်ထဲကော တွေးကြတယ်။ ကလေးစိတ်ထဲ ငါ့အမေကနှိပ်ပေးနေရပါ့လား ဆိုတဲ့အတွေးကြီးများတွေးမိရင် ဘယ်လောက်တောင် စိတ်မချမ်းမသာဖြစ်လေမလဲ ဆိုတာကို။ အဲ့မိန်းမကတော့ မတွေးတဲ့အတိုင်းပဲ။ ကျွန်တော်တို့လင်မယားမှာ ကလေးနှစ်ယောက်ရှိသဗျ။ နှစ်ယောက်လုံးက လေးနှစ်နဲ့ ခြောက်နှစ်ဆိုတော့အနိုင်လိုချင်တဲ့ကလေးအရွယ်လေးတွေ။ သူ့ကလေးက ဆယ်နှစ်နီးပါးပေါ့။ ကလေးတွေနဲ့ ကစားလေလို့ပြောမိပေမယ့် မကစားစေချင်ဘူး။ ဘာ့လို့ဆို ကျွန်တော့်ကလေးတွေရဲ့ အနိုင်ကျင့်တတ်မှု၊ ဗိုလ်ကျလိုမှုတို့အတွက် ကလေးအမေကို အားမနာချင်ဘူးဗျာ။ ကလေးမလေး ကံကောင်းရှာတယ်။ ကျွန်တော့်ကလေးနှစ်ယောက်လုံးက သူ့ကို ချစ်ကြတယ်။ ဒါပေမယ့် ကစားတဲ့အခါမှာ အနိုင်ယူ၊ ဗိုလ်ကျမှုတွေကတော့ အနည်းနဲ့အများဆိုသလို ရှိတာပေါ့။ ကိုယ့်ကလေးတွေကို တားမယ်လုပ်တိုင်း သူ့အမေက ညီမလေးတွေကို အလျှော့ပေးလိုက်ဆိုတဲ့ စကားနဲ့ပဲ ကလေးမလေး ငြိမ်သွားရရှာတာ။ တကယ့်ကို သနားရပါတယ်ဗျာ။ ဒ့ပေမယ့်လည်း သူ့ယောင်္ကျားက တခြားမြို့ကို အလုပ်သွားလုပ်ရတာဆိုတော့ ဘိုးအေဖြစ်သူနဲ့သမီးပဲ အိမ်မှာရှိတယ်တဲ့။ ဘိုးအေဖြစ်သူက ညနေဆို ဘုံဆိုင်ကို မသွားရမနေနိုင်တဲ့။ ဒါ့ကြောင့် တစ်ယောက်တည်း ဖြစ်မှာစိုးလို့ ခေါ်လာတာပါတဲ့။ ဘယ်လိုတားရမလဲဗျာ။

ဟော ပြောရင်းဆိုရင်း ကွမ်းဝယ်ကနေတောင် ပြန်လာပြီ။ မျက်နှာကိုသတိထားကြည့်မိတော့ငြိုငြင်တဲ့ မျက်နှာမျိုးလည်း မတွေ့ရဘူး။ လိမ္မာလိုက်တာ လို့တွေးရင်းပဲ ကျွန်တော် သက်ပြင်းတစ်ချက်ခိုးချလိုက်မိတယ်။
“သွားလုပ်လေ…သွား..သွား.. အိမ်စာပါလာတယ်ဆို သွားလုပ်”
အနှိပ်သည် အမျိုးသမီးစကားကြားရတာ့ ကျွန်တော်လည်း ကလေးမကို သမီးငယ်စားပွဲကို မေးထိုးပြရင်း ဒီမှာလာလုပ်လေလို့ ပြောလိုက်မိတယ်။ အဲ့ဒီမှာ စမှားတာပဲဗျာ။ သမီးငယ်က လေးနှစ်မပြည့်သေးတော့လည်း သူ့အလိုပဲ လိုက်နေရတာ။ ကြီးလာရင်တော့၊ ကျောင်းစာသင်ပြီးရင်တော့ နားလည်လာပါလိမ့်မယ်ဆိုပြီး ချစ်စိတ်နဲ့ လွှတ်ထားတာ မှားတာပဲ။
“မီးမီး စားပွဲကို မထိုင်ရဘူး.. မီးမီး စားပွဲ ပြန်ပေး.. ပြန်ပေး” ဆိုပြီး တစ်ကိုယ်လုံးတွန့်လိန်ကောက်ကွေးပြီး ငိုကြီးချက်မဖြစ်သွားတာဗျာ။ ကျွန်တော်လည်း ကလေးမကိုပြန်ခေါ်ရင်း သူ့အမေနှိပ်နေတဲ့နေရာနားမှာပဲ ရေးခိုင်းရတယ်။ အဲ့ဒါတောင် သမီးငယ်က ကျွန်တော့်ကို မျက်စောင်းထိုးတုန်း။ ဖေကြီးကို မခေါ်တော့ဘူး လို့လည်း ပြောသေးရဲ့။ ကျွန်တော်ကတော့ သမီးငယ်နဲ့ ကလေးမလေးရဲ့ ဘဝ ကွာခြားချက်ကို တွေးရင်း သက်ပြင်းသာ ချနေမိတော့တယ်။

…………

ဒီမနက်ကျမှ စောစောနိုးနေတာ။ ခါတိုင်းနေ့ဆို အိပ်ယာထနောက်ကျတယ်။ လမ်းသွားလမ်းလာတွေကို ကြည့်ရင်း ကျွန်တော့်ပါးစပ်က ဟာခနဲ အော်ထွက်မိမတက်ဖြစ်သွားတယ်။ အိမ်ရှေ့က ဖြတ်သွားတဲ့ မိန်းကလေးက ကျွန်တော့်မိန်းမကို နှိပ်ပေးနေကျ မာဆတ်ကကောင်မလေးလေ။ ထူးဆန်းတာက သူ့ပါးမှာ အနီစင်းရာကြီး။ ကြည့်ရတာ အရိုက်ခံရတယ် ထင်ပါရဲ့။ သူတို့ မာဆတ်က ပိုင်၇ှင်ပဲ ဖြစ်မှာပေါ့ လို့ တွေးရင်း မသက်မသာသက်ပြင်းတစ်ချက်ကို ချလိုက်မိသေးတယ်။

ကျွန်တော့်မိန်းမပြောတာကတော့ အဲ့ကောင်မလေးလည်း သနားစရာကောင်းတယ်။ မာဆတ်ပိုင်ရှင်က သူ့ဆရာတဲ့။ ခေါင်းလျှော်၊ အနှိပ်ပညာ မှာ မာဆတ်ပိုင်ရှင်ပြီးရင် သူအတော်ဆုံးဆိုပဲ။ သူက ဒီမာဆတ်မှာပဲ နေရင်း ယောင်္ကျားရသတဲ့။ ဒါပေမယ့် ရပြီးမှ သိရတာ မယားကြီးရှိသတဲ့။ အဲ့ဒီ့လူက မယားကြီးဆီ တလှည့်နေလိုက်၊ သူ့ဆီတစ်လှည့်နေလိုက်နဲ့တဲ့။ အခုကလေးမွေးပြီးမှ မလာတာတော်တော်ကြာနေပြီဆိုပဲ။ သူက ဒီမာဆတ်မှာ ကိုယ်ခန္ဓာရင်းနှီးမှုမရှိတဲ့အတွက် ဝင်ငွေနည်းသတဲ့။ သူ့ဆရာက သူ့ကို ထောက်ပံ့တာနဲ့ပဲစားနေရတာဆိုပဲ။
အဲ့ဒီမာဆတ်ပိုင်ရှင်ကလည်း ထောက်ပံ့သလို အရိုက်ကြမ်းသတဲ့။ တခြားသူတွေထက် သူကအရိုက်ပိုခံရတယ်။ ဘာ့လို့ဆို တခြားသူတွေက ဝင်ငွေကောင်းတော့ သူ့လို အကူအညီမယူရဘူးလေ။ သူက သူ့အတွက် မလိုဘူး ဆိုတောင် သူ့ကလေးအတွက် နို့ဘူးတွေဝယ်တာ ဘာညာနဲ့ လိုတာကိုး။ ကျွန်တော့်မိန်းမဆီမှာ လာနှိပ်တုန်းက ညည်းညည်းပြတော့ ကျွန်တော်လည်း မှတ်မိနေတာ။ ဘာတဲ့ သူလည်း ကိုယ်ပိုင်ဆိုင်လေး ဖွင့်ချင်တယ်တဲ့။ သားလေးရှေ့ရေးအတွက် ဒီဆိုင်မှာ မလုပ်ချင်တော့ဘူးဆိုပဲ။ ဟူးးးး စိတ်မောလိုက်တာဗျာ။ အဲ ခိုင်းထား တဲ့ အိမ်ကိစ္စ သွားမမေးရသေးဘူး။ သွားမေးဦးမှ ပါ လို့တွေးရင်း အိမ်ငှားတွေဆီ ထွက်လာလိုက်တယ်။ မနက်စောစောစီးစီး ဆိုပေမယ့်လည်း အလုပ်ဟာအလုပ်ပါပဲလေ။ နေ့ခင်းကျတော့လည်း သူတို့က အလုပ်သွားကြတာ။ ညနေနဲ့ ညခင်းကျတော့ ကျွန်ာတ်ေက တီဗီရှေ့က ခွါချင်တာမဟုတ်ဘူး။ လာသမျှဘောလုံးပွဲကို ထိုင်ကြည့်နေချင်တာ။

အိမ်၇ှင်အနေနဲ့ အိမ်ငှားတွေဆီ လာတာ ဝတ်တဲ့အဝတ်အစားက အိမ်နေရင်းဖြစ်ကတတ်ဆန်းဝတ်တာတွေ့ရင် “မ”  တော့ ဆူဦးမှာပဲလို့ တွေးရင်းပြုံးမိသေး။ ကျွန်တော့်မိန်းမက ဒူးနေရာဒူးတော်နေရာတော်ဆိုတဲ့စကားကို အလွန်ပြောတာကလား။ ကိုယ်က လူကြီးနေရာနဲ့သွားရမယ်ဆို ဘယ်လိုဝတ်စားသွားရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုးက ဘယ်ချိန်ကတည်းက သတ်မှတ်ထားသလဲမသိ။ သူ့ဆီမှာအများကြီး။
မ အကြောင်းတွေးရင်းန့ပဲ လျှောက်လာလိုက်တာ ရောက်ပါပြီ။ ကျွန်တော်နဲ့ မ ရဲ့ တစ်ခါမှမနေဖူးတဲ့အိမ်လေး။ ဝယ်ပြီးကတည်းက လူငှားတွေချည်း တရစပ်တင်နေတာ။
“သား ကြီးလာရင် ဘာလုပ်မလဲ”
အိမ်ငှားမိသားစုက ခြံဝန်းထဲမှာအေးအေးလူလူထိုင်နေကြသဗျ။ ဖအေလုပ်တဲ့သူက ကျွန်တော့်ကို တစ်ချက်ပြုံးပြရင်း သူ့သားကို မေးလက်စ မေးခွန်းဆက်မေးနေတယ်။ မအေလုပ်တဲ့သူကတော့ ကျွန်တော်ထိုင်ဖို့ ခုံယူပေးရင်း ခနလေးထိုင်ဦးနော်လို့ ပြောတယ်။ ကျွန်တော့်ကို ခနစောင့်လို့ ပြောပြီး သူ့သားကို မေးလက်စဆက်မေးနေတဲ့ ဖအေလုပ်သူကို ကျွန်တော်ဒေါသမထွက်မိဘူးဗျ။ မိဘဆိုတာ သားသမီးကို ကြင်နာယုယဖို့က နံပါတ်တစ်မလား။
“ဖြေလေ သားကြီးလာရင်ဘာလုပ်မလဲ”။
“သား ကြီးလာရင် ဆရာဝန်ကြီးလုပ်မယ်” သူ့သားအဖြေကို ခေါင်းငြိတ်ပြုံးပြရင်း သူကပြောပြန်တယ်။
“အဲ့ဒီအိပ်မက်ကို ဘယ်တော့မှ မမေ့နဲ့နော် သား” လို့ပြောပြီး ကျွန်တော့်ဘက်လှည့်လာတဲ့ သူ့ကို ကျွန်တော်ငေးကြည့်နေမိတယ်။ မျှော်လင့်ချက်ဆိုတာ အိပ်မက်လား ဆိုတဲ့ အတွေးတွေကောပေါ့။
အနှိပ်သည်အမျိုးသမီးရဲ့ ကလေးမလေးကောဘာကို မျှော်လင့်မလဲ။ မေမေ့ကို အနှိပ်သည်ဘဝက လွတ်စေချင်တယ်ဆိုတာမျိုး မျှော်လင့်မလား။ မာဆတ်က ကောင်မလေးရဲ့ ကလေးကကော ဘာကို မျှော်လင့်နိုင်မလဲ။ သူတို့ရဲ့ မျှော်လင့်ချက်တွေဟာ ဘယ်တော့ဖြစ်လာပါ့မလဲ။ ဖအေတွေကိုယ်စီက အရည်အချင်းမရှိပဲ ရှောင်ပြေးနေတဲ့သူတွေ။
ကျွန်တော့်မိန်းမ မှာလိုက်တဲ့ကိစ္စကိုအိမ်ငှားနဲ့ ပြောပြီးပြန်ထွက်လာခဲ့ပြီ။ ဒါပေမယ့် ကျွန်တော့်အတွေးတွေကတော့ အိပ်မက်ပျောက်တဲ့ ကလေးတွေဆီမှာ။ မျှော်လင့်ချက်တွေ ရပ်တန့်နေတဲ့ ကလေးတွေဆီမှာ။ သူတို့ရဲ့ မျှော်လင့်ချက်တွေ ဆက်သွားဖို့ဆိုရင် ဝုန်းခနဲသိန်းတစ်ထောင်ထီဆုကြီးပေါက်မှပဲရမယ်။ ခုတော့……………..။
ဟူး…..ဒီနေ့မှပဲ အိမ်ပြန်လမ်းက ဘာ့ကြောင့်ရှည်လျားနေတာလဲဗျာ……….။ အတွေးတွေနဲ့ ကျွန်တော် မောလှပြီ။

3 comments:

မျိုးဝင်း said...

ကောင်းပါ၏ ဟဲဟဲ အားလုံးဝင်ဖတ်သွားပါတယ်ဗျာ
ထပ်လည်းတင်ပါဦး

မိုးနတ်ကြယ်စင် said...

ဝတ္ထုတိုကို လာအားပေးသွားတယ်နော်...
နှစ်သစ်မှာ ပျော်ပါစေရှင်....:)

Yoemyaykya said...

အပြစ်မဲ့တဲ့ ကလေးလေးတွေ သနားမိပါရဲ့။ သူတို့မျှော်လင့်ချက်ဆိုတာရော သိပါ့မလားမသိဘူး။

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်