Thursday 10 January 2013

မကြီးဆီစာလေးပေးပေးပါ

အမေ အပြင်သွားပါတယ်ရှင်………မယုံကြည်သော်လည်း ကလေးငယ်တစ်ဦးသာတွေ့၍ ပြန်လှည့်သွားသည် ထိုသူ၏နောက်ကျောပြင်ကိုကြည့်ကာ ကျန်ခဲ့သူကလေးငယ်ရင်ထဲမှာလည်း လိမ်ညာလိုက်ရသည့်အတွက် ရှက်ရွံနေပါသည်။ မိခင်ဖြစ်သူ၏ အကြွေးရှင်များ အိမ်လိုက်လာတိုင်း ဒိုင်ခံညာပေးရသည်မှာ ကလေးငယ်သာ။ သိပ်မကြာခင်ဝယ် အိမ်တွင်းမှ ဆူညံပေါက်ကွဲသံအချို့ ထွက်လာသည်။
ဖအေဖြစ်သူက မအေဖြစ်သူကို ရိုက်သည်ကို ကလေးငယ်တားဆီးချင်ပါသည်။ သို့သော် ကလေးငယ်မှာ ခုနှစ်နှစ်အရွယ်မျှသာရှိသေးသည့်အပြင် မိန်းခလေးလည်း ဖြစ်သည့်အတွက် တားဆီးရန် အင်အားမရှိ။ ဘေးနားရပ်နေသည့် အစ်ကိုသုံးယောက်ကြည့်လိုက်တော့ တားဆီးဖို့ စိတ်ဝင်စားကြဟန်မတူ။ အိမ်ရှေ့မှ ဝင်လာသည့် လူရိပ်ကြောင့် မအေဖြစ်သူကို ဖတ်ထားသည့် ကလေးငယ်မျက်ဝန်းတို့ ဝင်းလဲ့သွားသည်။ သို့သော် မအေဖြစ်သူကိုတော့ မလွှတ်သေး။ ကလေးငယ်၏ အားကိုးရာဖြစ်ဟန်တူသူ…ထိုလူက မအေဖြစ်သူရှေ့မှ ဝင်ကာလိုက်၏။

“အမေ အကြွေးတင်တယ်ဆိုတောင် အဖေ့ဖက်က ဒီလို မရိုက်သင့်ဘူးဗျ…….”
“ဘာနင်က ဝင်ပြောရဲတယ်လား ဖယ်စမ်း……………….” ဟုဆိုကာ ဝါးရင်းတုတ်နှင့် ဖအေဖြစ်သူက မအေဖြစ်သူ ကျောပေါ်ရိုက်သည့်အခိုက်ဝယ် ကလေးငယ် ကြောက်လန့်တကြား မျက်လုံးတို့ ပိတ်လိုက်သည်။ သို့သော် မအေဖြစ်သူထံ ထိုတုတ်က ကျမလာခဲ့ပါ။ ကလေးငယ်၏အားကိုးရာ ထိုလူက ကျောဖြင့်ဝင်ခံလိုက်၍ပင်။ နောက် သိပ်မကြာခင်ပင် ဖအေဖြစ်သူ အပြင်ထွက်သွားသည်။ မအေဖြစ်သူက သားသုံးယောက်ကို ထမင်းကျွေးဖို့ပြင်ဆင်နေသည်။ အိမ်အနောက်ဘက် စံပယ် သနပ်ခါး စသည်တို့ စုံလင်စွာစိုက်ထားသော မြေကွက်လပ်တွင်မတော့ ကလေးငယ်နှင့် ထိုလူ။
“မကြီး အရမ်းနာသွားလားဟင်…..”
“အင် မနာပါဘူး ကလေးရဲ့…မငိုနဲ့လေ…မကြီး ဘာမှမဖြစ်ဘူး..ကလေးဗိုက်ဆာနေပြီလား….စားတော့မလား..”
“အင်း..ဒါပေမဲ့ အမေက မအားသေးဘူးတဲ့….။”
“အော် မကြီး ခွံကျွေးမှာပေါ့ ခဏစောင့်။ သွားခူးလိုက်ဦးမယ်။ ဒီမှာပဲစားမလား..။”
“ဟုတ်။”
………………………………………………………………………………………………..

“မနက်စာ ခွံကျွေး မကြီးရာ..”
“ဟဲ့ အကြီးမ ခွံကျွေးရင် ကျောင်းနောက်ကျနေမှာပေါ့။ ဒီတိုင်း မြန်မြန်စားပေ့စေ။ ခွံကျွေးမနေနဲ့။”
မအေဖြစ်သူ၏ စကားကြားတော့ ကလေးမငယ် မျက်နှာညိုသွားချေပြီ။
“မြန်ပါတယ် အမေရာ…ကလေးကလည်း မြန်မြန်ဝါး..ဟုက်လား”
“ဟုတ်….” .ကြည်လင်ရွှင်ပြသောအသံလေး ကလေးမငယ်ဆီမှ ထွက်ပေါ်လာလေသည်။
“မြန်မြန်စားနော်..နင့်အစ်ကိုနှစ်ယောက်စောင့်နေတယ် ကျောင်းသွားဖို့။”
“ဟုတ်…”ဟု ကလေးမငယ်ထံမှ တိုးတိတ်ညင်သာသော အသံငယ်သာ ထွက်လာသည်။
….
“အမေ ပုံပြောပြ…ပြုံပင်နားထောင်ချင်လို့”
“အိုအေ ရှုပ်ရှုပ်ယှက်ယှက် မပြောတတ်ပါဘူး..စာကျက်ချင်ရင်ကျက် မကျက်ချင်ရင်အိပ် ဒါပဲ”
ခြေလှမ်းတို့ လေးကန်စွာဖြင့် လျှောက်လာသော ကလေးမလေး မျက်ဝန်းတို့ ဝင်းလက်သွားပြီ။ အပြေးလေးလျှောက်သွားသည်။ အစ်မဖြစ်သူဆီသို့….
“မကြီး ပုံပြောပြ”
“အော် အေးအေး ပြောပြမယ်နော် ခဏစောင့် မကြီး ပန်းကန်ဆေးပြီးရင်ပြောပြမယ်”
“ဟုတ်”
…….
 ကလေးမငယ်လေး အစ်မဖြစ်သူ၏ ပေါင်ပေါ် ခေါင်းအုံးလို့…..
အစ်မဖြစ်သူ၏လက်က ကလေးမငယ်၏ ခေါင်းကို နူးနူးညံ့ညံ့ ပွတ်သပ်ပေးနေသည်။
“ဟိုးရှေးရှေးတုန်းက………”
သိပ်မကြာခင်ပင် ကလေးမလေးအိပ်ပျော်သွားတော့ အစ်မဖြစ်သူက ကလေးမလေးကို ပွေ့ချီလိုက်သည်။ ပြီး အိပ်ယာပေါ်ဆီတင်ပေးလို့။ သူမကတော့ အလုပ်လုပ်ရပေဦးမည်။ ဒန်အိုးတွေဆေးဖို့ ကျန်သေးသည်။
……………………………………………………………………………………………………..
“ဟ ရတဲ့ ဝန်ထမ်းလစာနဲ့ လောက်အောင်သုံးပေါ့ကွ….မင်းအသုံးကြမ်းလို့ အကြွေးတင်တာ”
“အို ရှင့် လစာနဲ့ ကျွန်မလစာ နှစ်ယောက်ပေါင်းလည်း ဘယ်လိုလုပ် လောက်မှာလဲရှင့် ….ကလေးတွေ ကျောင်းစားရိတ်က ရှိသေးတယ်”
“ဟ..ငါ့ပြောပေါ့..မင်း မပြောပဲ အကြွေးတင်တာက ပိုရှက်စရာကောင်းတယ်ကွ”
“ရှင့်ပြောတော့ကော ရှင် ဘာများတက်နိုင်မှာမို့တုန်း”
ရုတ်တရက် ဆူဆူညံညံ အသံတို့ကြောင့် ကလေးမငယ် လန့်နိုးလာသည်။ မိဘနှစ်ပါး အော်ကြီးဟစ်ကျယ်စကားများနေခြင်းသာ။ သူမလေးကို လန့်သွားမှာစိုး၍ ပွေ့ဖက်ထားသူက အစ်မဖြစ်သူ။သို့သော် အစ်မဖြစ်သူမှာ မဖြစ်မနေထွက်တားရတော့သည်။ ဖအေဖြစ်သူက လက်ပါ ပါလာ၍ပင်။ အစ်ကိုသုံးယောက်ကတော့ ထမလာသေး။ မနိုးတာလား၊ အိပ်ချင်ဟန်ဆောင်တာလား မကွဲပြားပါ။
ဒီလောက်တားနေသည့်ကြားမှ ဖအေဖြစ်သူရိုက်လိုက်သည့်တုတ်က မအေဖြစ်သူ၏ ဒူးခေါင်းအလယ်တည့်တည့်ကိုရိုက်မိကာ သွေးတွေပန်းထွက်လာပါတော့၏။ ထို့နောက် မအေနှင့် အစ်မဖြစ်သူ အိမ်မှ ထွက်သွားသည်ကို ကလေးမလေး အိမ်ခန်းတွင်းမှ ချောင်းကြည့်နေခဲ့ရသည်။  ထိုနေ့မှစ၍ အစ်မဖြစ်သူပြန်မလာ။ အစ်ကိုသုံးယောက်နှင့် အဖေ့ကြား မနေတတ်သူ ကလေးမငယ် မျှော်နေပါသော်လည်း ပြန်မလာခဲ့။ ထိုအချိန်က ကလေးမငယ် အသက် ဆယ်နှစ်နီးပါးရှိချေပြီ။
….
ရေထမ်းသည့်အဒေါ်ကြီးက ညည်းအစ်မက စောင့်နေတယ် ဟူသောစကားကြောင့် ပျော်ရွှင်စွာ ပြေးထွက်လာသော ကလေးငယ်။ အစ်မ ဖြစ်သူကိုလည်းအတွေ့ ပြေးဖက်၍ ငိုပါတော့သည်။ အစ်မဖြစ်သူက ကလေးငယ်ကို ပေါင်ပေါ်တင်ကာ မြက်ခင်းပြင်ပေါ် ထိုင်ချလိုက်သည်။
“ကလေး မကြီးပြောတာ သေချာနားထောင်နော်…မကြီးက ရန်ကုန်မြို့ကြီးကို သွားပြီးအလုပ်လုပ်မလို့…အရင်လို မဆိုးရဘူးနော်..အမေ့စကားသေချာနားထောင်..ကြားလား”
“အမေက ခုဆေးရုံမှာ..သိပ်မကြာခင် ဆေးရုံက ဆင်းလာရင် ကလေးတို့ဆီ ပြန်လာလိမ့်မယ်..နော်”
“မကြီးသွားရင် ညီမလေးကို ဘယ်သူက ပုံပြောမှာလဲ…ဘယ်သူက ကျောင်းပို့ကျောင်းကြိုလုပ်မှာလဲ…ဟီး။။ …ဟီး ဘယ်သူက ထမင်းခွံကျွေးမှာလဲလို့….။”
ကလေးငယ် ပြောရင်းငိုလိုက်ချိန်ဝယ် အစ်မ ဖြစ်သူမှာလည်း ထိန်းမရတော့။ ကလေးငယ်ကို ဖက်ရင်း သူပါ ငိုမိတော့သည်။
“မကြီးက အလုပ်သွားလုပ်ရမှာ ကလေးရဲ့ မသွားလို့ မဖြစ်ဘူး..ကလေးကို လာနှုတ်ဆက်တာ......” ပြောရင်းကျလာသည့် မျက်ရည်တို့ကို သုတ်လိုက်ပြန်သည်။
“မကြီး သွားပြီနော် လိမ်လိမ်မာမာနေခဲ့နော်။။။။။”
“မကြီး မသွားပါနဲ့…မသွားပါနဲ့” ။…စက်ဘီးနှင့်ထွက်သွားသော အစ်မဖြစ်သူနောက် ပြေးလိုက်သည့်ကလေးငယ် မမီခဲ့ပါ။ မောလာသည့်အဆုံးရပ်လိုက်တော့ အိမ်နှင့် အတော်လှမ်းလှမ်းပင် ရောက်နေပေပြီ။ ကလေးငယ် အိမ်ဖက်ပြန်သွားသည်ကိုကြည့်ရင်း အကွယ်ဘေးပုန်းနေသူ အစ်မမျက်ရည်တို့ကျလာပြန်ပါသည်။ သြော်..သူမကိုသာ ခင်တွယ်ရှာသည့် ကလေးလေး။။
…………………………………………………………………………………………………………………….
ဟော ဒေါ်ကြီးကြည် လာပြီ။ မကြီးဆီက စာပါမယ်ထင်တယ် ဟု တွေးရင်းကလေးမလေး ပျော်သွားမိသည်။ အမေနှင့် ဒေါ်ကြီးကြည် စကားပြောနေတုန်း ကလေးမ စာတစ်စောင် ရေးလိုက်သည်။ ဒီဒေါ်ကြီးက ရန်ကုန်ကိုပြန်သွားမည်ဆိုတော့  မကြီးကို သတိရကြောင်း စာလေးထည့်ပေးချင်သည်။ အစ်မ အလုပ်လုပ်ပြီးဝယ်ပေးတဲ့ ရွှေအိုရောင်လုံချည်လေး အမေပေါင်ခိုင်းလို့ ပေါင်လိုက်ပြီဆိုတဲ့အကြောင်း ထည့်ရေးရမလား။ ဒီနောက်ပိုင်း အပေါင်ဆိုင်ကို ခဏခဏ သူမပဲ သွားနေရကြောင်း ထည့်ရေးရမလား။ မကောင်းပါဘူးလေ။ မကြီးကို လွမ်းနေတယ်။ သတိရနေတယ် ဆိုရင် မကြီး အမြန်ပြန်လာမှာပါ။ ဘယ်လောက် သတိရတယ် လွမ်းတယ် ဆိုတာပဲ ထည့်ရေးတော့မယ်ဟု တွေးရင်း စာရေးရန်ပြင်လိုက်သည်။ သူမ လက်ရေးလေးကို လှလှလေးရေးလိုက်ရင် မကြီးဝမ်းသာမည် ဟူသည့် အတွေးနှင့် လက်ရေးလှအောင် အသေအချာ ကြိုးစားရေးနေမိသည်။ ဘေးနားမှ ဒေါ်ကြီးကြည်နှင့်အမေဖြစ်သူတို့၏ စကားသံများကတော့ နားထဲဝင်တစ်ချက်မဝင်တစ်ချက်။
“မကြည်ရယ် ခြောက်လစာလောက် ကြိုထုတ်လို့ မရဘူးလား..ကျွန်မမှာလည်း လိုနေလို့ပါတော်”
“အဲလောက်ထိတော့ မလုပ်နဲ့ရှင် လေးလစာဆိုရင်တော့ ကြိုထုတ်ပေးခဲ့မယ်..ဒါတောင်ကျွန်မက ရန်ကုန်ရောက်မှ ရမှာနော်…ရှင့်မို့လို့ ကြိုထုတ်ပေးတာ”
“အေးပါတော်..ရပါတယ်။။။လေးလစာပဲပေါ့..ဘယ်တက်နိုင်မလဲ”
……
…………………………………………………………………………………………………………………………
“မကြီး ညီမလေးမျှော်နေတယ်နော်။။။အမြန်ပြန်လာခဲ့နော်။ ”မညီမညာကလေးတစ်ယောက်၏ လက်ရေးဟုသိသာစွာ။ အိမ်ဖော် ပွဲစားဒေါ်ကြည် စာကို လွှင့်ပစ်လိုက်သည်။ တော်ကြာဒီစာတွေ့လို့ အိမ်ကို သတိရပြီး အိမ်ပြန်ပြေးမှဖြင့် သူကြိုပေးခဲ့တဲ့လစာတွေ ရှုံးသွားးဦးမည်။ ကလေးမလေးကိုတော့ သနားပါသည်။ သို့သော် သူမ၏ စီးပွါးရေးအတွက်တော့ ထည့်တွက်ရဦးမည်။
……………………………………………………………………………………………………

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်