Monday 28 January 2013

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်(၂)


အတိတ်သို့  အတွေးတို့နှင့် လမ်းလျှောက်ထွက်ခဲ့သည့် ကျွန်တော့်အတွက် ကြည့်လေရာ နေရာတိုင်းသည် မှုန်သီဝေဝါးနေသည်။ သို့သော် နှလုံးသားထက်မှ ခံစားချက်တို့နှင့် ပေါင်းစပ်လိုက်သော အခါ အရာရာသည် ပြတ်သားထင်ရှားနေပြန်သည်။ အတိတ်ဝယ် အရောင်တို့မစွန်းထင်းသေးသော လူငယ်တစ်ယောက်၏ နှလုံးသား ရှိသည်။ နုပျိုသစ်လွင်နေသော ရင်ခုန်သံစည်းချက်တို့ရှိသည်။ ယုံကြည်ရာနောက်သို့ မိုက်မိုက်မဲမဲနှင့် တစိုက်မတ်မတ်လိုက်ခဲ့သော ခြေလှမ်းတို့ ရှိသည်။ မသေသော ဆေးဆရာ၊ မမှားသော ရှေ့နေ ရယ်မရှိ ဆိုသည့် စကားအတိုင်း အထပ်လိုက်ပုံနေသော အမှားများစွာ  ရှိသည်။



အတိတ်သို့သွားရာ လမ်းလေးသည် တဖြောင့်တည်းမရှိပဲ ကွေ့ကောက်ကာ အတက်အဆင်းများလည်း ပေါများပြန်သည်။ တချိန်တုန်းက ဒီလိုအခက်အခဲမျိုးကို ကျော်လွှားနိုင်ခဲ့ပါ့လား ဆိုသည့်အသိက စိတ်ဝယ် ကျေနပ်ခြင်းအပြည့်ရှိစေသည်။ ရံဖန်ရံခါ နားခိုခဲ့ရသည့် အရိပ်တို့ကို မြင်မိပြန်တော့ ယခုလက်ရှိအချိန်ထိ မည်သူ့အတွက်မျှ အမိုးအကာအဖြစ်မနေပေးမိသေးတာကို အထိတ်တလန့် သိလိုက်ရ၏။ အရိပ်အဖြစ်နှင့်လည်း မည်သူ့ကိုမျှ နားခိုခွင့်မပေးခဲ့မိသေး။ ကိုယ်ခိုခဲ့မိသည့် အရိပ်တို့အား မျက်နှာမပြရဲစွာ တိတ်တဆိတ်ကျော်သွားလိုက်မိသည်။ အတ္တတို့ကြီးစိုးနေသည့် နှလုံးသားအား ခပ်ဖေါ့ဖေါ့တွေးမိရင်း တစ်ထောင့်တစ်နေရာတွင် လူသားဆန်မှု တွေ့နိုင်ပါသည်ဟု တွေးကာ ခရီးဆက်မိပြန်သည်။

သည်နေရာလေးဝယ် တွေ့မြင်ရသမျှတို့သည် ကျွန်တာ့်အတွက် သူစိမ်းဆန်လှသည်။ တမင်မေ့ထားသော နေရာတစ်ခုအား ရောက်လာခြင်းကြောင့်ဖြစ်သည်။ရှင်သန်ရာဘဝတစ်လျှောက်ဝယ် သည်နေရာလေးသည် အကြီးဆုံးအမှားပြုလုပ်ခဲ့ရာနေရာလေးဖြစ်သည်ဟု ယူဆကာ မေ့ထားခဲ့ခြင်းပင်။ သို့သော် ယခုတော့ သည်နေရာလေးကို ပြန်လည်ဆန်းစစ်ချင်မိသည်။ ထို့ကြောင့် ကွေ့ဝိုက်တော့မည့် အတွေးခြေလှမ်းတို့အား တည့်တည့်လျှောက်လိုက်တော့သည်။ ဘဝဝယ် အကြီးမားဆုံးအမှားတစ်ခုအား ပြုလုပ်တော့မည့် လူငယ်လေးတစ်ယောက်နှင့် လူသုံးယောက်ကို မြင်နေရသည်။ လူ သုံးယောက်၏ ခပ်မဲ့မဲ့မျက်နှာထားနှင့် စကားပြောခြင်းအမှု ပြီးဆုံးစဉ်မှာပဲ ထိုလူငယ်သည် သူ့လက်ထဲမှစာရွက်ကို စုတ်ဖြဲရန်ပြင်လိုက်သည်။ ကျွန်တော် တားဖို့ရာကြိုးစားသော်လည်း အမှိုက်အပိုင်းအစတွေသည်သာ စားပွဲခုံပေါ်တွင် ကျန်ခဲ့လျှက်။ ဝေဖန်ခံရခြင်းဆိုသည်ကို အမုန်းကြီးမုန်းသွားပြီဖြစ်သည့် လူငယ်လေး၏ ရင်ထဲတွင် မှားယွင်းသော ဆုံးဖြတ်ချက် ချလိုက်သည်ကိုတွေ့နေရသော်လည်း တားမြစ်ခွင့်မရ။ ထွက်သွားသည့် လူငယ်လေးအား ငေးကြည့်ရင်း နာကျင်မှုတို့က တဆစ်ဆစ်နှင့် နှလုံးအိမ်သို့ ရောက်ရှိလာသည်။ ယုံကြည်မှုနောက်သို့ တစိုတ်မတ်မတ်လိုက်ခဲ့သော ခြေလှမ်းများ ပျက်ပြယ်သွားသည့် နေရာလေးအားကြည့်ရင်း ရှေ့ဆက်မသွားချင်တော့လောက်အောင် ဝမ်းနည်းမှုတို့က လှိုက်တက်လာသည်။ သို့သော် ကျွန်တော် သွားဦးမည်။ ဘာတွေများ မှားခဲ့မိသေးလဲ ဆိုသည်ကို သေချာအောင်သွားကြည့်ရဦးမည်။

အမှောင်မဲ့သည့် လမ်းလေးကိုကြည့်ရင်း ရင်ဝယ် ကြည်နူးလာသည်။ လင်းချင်းနေသော လမ်းလေးဝယ် သူ့ခံယူချက်ကို အကြွင်းမဲ့ယုံကြည်သည့် လူငယ်လေးတစ်ယောက် ရှိလေသည်။ ယုံကြည်ချက်၏ သားကောင်ဟု အခေါ်ခံရသော်လည်း အပြုံးမပျက်သည့် စိတ်ဓါတ်ရှိသည်။ လူငယ်လေး၏ ရင်ထဲတွင် မိသားစုအား ကြင်နာတတ်သည့် နှလုံးသားရှိသည်။ သူငယ်ချင်းဆိုသည်ကို တန်ဖိုးထားတတ်သည်။ အချစ်ဆိုသည်ကို မြတ်နိုးတတ်သည်။ ထိုအရာတို့ကိုကြည့်ရင်း ထိတ်လန့်စွာ တွေးမိပြန်သည်။ အရွယ်ရောက်လာသည်နှင့်အမျှ လူတစ်ယောက်၌ ရှိသင့်ရှိထိုက်သော ကျင့်ဝတ်တို့သည် မှေးမှိန်သွားတတ်ပါသလား။ နူးညံ့သိမ်မွေ့သော နှလုံးသားသည် ကြမ်းတမ်းခက်ထန်တတ်ပါသလား။
ထိုမေးခွန်းတို့ကို ဖြေဖို့ရာ ပစ္စုပ္ပန်ရှိ ဘဝအား ဆန်းစစ်မိပြန်သည်။ ပစ္စုပ္ပန်သည်ကား ဖြေရှင်းစရာ၊ ရွေးချယ်စရာတွေ တစ်ပုံတစ်ပင်နှင့် ဝင်္ကပါတစ်ခုနှယ်ရှိသည်။ သူငယ်ချင်း၏ အကူအညီတောင်းမှုကို မျက်နှာလွဲခဲပစ်နေထိုင်တတ်သော နှလုံးသားရှိသည်။ ကျန်ခဲ့ပြီဖြစ်သော မိသားစုထက် ကိုယ်တိုင်ဖန်တီးထားသော မိသားစုအပေါ် ကြင်နာတတ်သော နှလုံးသားရှိသည်။ ကျန်ခဲ့ပြီဖြစ်သော မိသားစုဆီ ပြန်မသွားမိသည်မှာ တော်တော်ပင်ကြာချေပြီ။ လက်ရှိ ပစ္စုပ္ပန်တွင် ချစ်ခြင်းထက် တာဝန်ဆိုသည့် အရာအတွက်သာ ဘဝကို နှစ်မြုပ်ထားမိသည်။ အတိတ်မှ အကျင့်ကောင်းများ ပျောက်ကွယ်လေပြီလား။ သားတစ်ယောက်၏ ကျင့်ဝတ်ကို မေ့ထားခဲ့သည်မှာတော်တော်ပင်ကြာချေပြီ။ မိဘနှစ်ပါးနှင့် ညီငယ်များ ဘယ်လောက်တောင် လွမ်းနေလိမ့်မလဲ ဟုတွေးမိတော့ မျက်ရည်တို့က အလိုလို ရစ်ဝဲချင်၏။
လက်ရှိ ရင်ဆိုင်နေရသည့် ဘဝဝယ် နေပျော်ပါသလား ဟူသည့်အတွေးက မခိုင်းရပါပဲ ရောက်လာပြန်၏။ ထိုအတွေးက ရင်ထဲဝယ် ဖျဉ်းခနဲ စပ်သွားစေသည်။ ပျော်ပါတယ်၊ ပျော်ပါတယ် ဟု ဖြေတွေးနေသည့်ကြားမှပင် နေမပျော်ဘူး ဟူသည့် စကားသံက ကျယ်လောင်စွာ မြည်ဟီးသွားသလိုလို။ နေပျော်ရင် ရည်မှန်းချက်က ဘာလဲ ဟုမေးသည့် အတွေးက ထပ်မံနှိပ်စက်လာတော့ ဖြေစရာစကားပျောက်ဆုံးနေပြန်သည်။ ငါ ဘာဖြစ်ချင်တာလဲ ဟု အသံကုန်အော်လိုက်မိသည့်အလား ရင်ထဲမှာပဲ့တင်ကျန်ခဲ့၏။ မျှော်လင့်ခြင်းရှိပါမှ ရည်မှန်းချက်ရှိနိုင်သည်။ ကျွန်တော် ဘာကိုများ မျှော်လင့်နေပါသလဲ၊ ဘာကိုများ မျှော်လင့်ခဲ့ဖူးသလဲ ဟူသည့် မေးခွန်းသည် အတွေးထဲဝယ် တဝဲလည်လည်နှင့်။

အတိတ်ဝယ် တစ်စုံတစ်ရာကို မျှော်လင့်ဖူးသလိုလို။ နှလုံးသားထဲမှ ဖုံးအုပ်ထားခဲ့သော ဆာလောင်မှုတို့က ရုတ်ခြည်း ဟုန်းခနဲ တောက်လာသည်။ ညာဘက်လက်ချောင်းများမှတစ်ဆင့် နှလုံးသားထဲသို့ အလွန်တရာ တမ်းတနေသည့် တစုံတစ်ရာ ရောက်ရှိလာသည်။ ကျွန်တော် မျှော်လင့်ခဲ့ဖူးသည်။ ဟုတ်သည်။ စာရေးခြင်းကို အနုပညာမြောက်သည်ထိ မရေးတတ်ခဲ့သော ကျွန်တောသည့် စာရေးဆရာအဖြစ်ကို မျှော်လင့်ခဲ့ဖူးသည်။ အနုပညာရသမြောက်အောင် မရေးတတ်ခြင်းမှန်သော်လည်း ရသမြောက်သော စာပေကိုတော့ အမှန်တကယ်ပင် ချစ်မြတ်နိုးမိသည်။ ယခု ကျွန်တော့်အသက် ၄၀ ရှိပါပြီ။ ကျွန်တော့ဘဝတစ်ခုလုံးကို တာဝန်တွေကြား ရှင်သန်ခဲ့ပြီးပါပြီ။ အချိန်ပေးပြီးကြိုးစားသော်လည်း မအောင်မြင်ဘူးဆိုလျှင်တောင် ဒါ အရင်းပဲဖြစ်သည်။ ကျွန်တော့်နှလုံးသားမှ မက်မောရသော မျှော်လင့်ခြင်းအတွက် အမြတ်မရဘူးဆိုလျှင်တောင်မှ ကြိုးစားသင့်ပါသည်။ ကြိုးစားဖို့ ထိုတ်တန်ပါသည်။ ထိုအတွေးနှင့်ပင် တချိန်က စုတ်ဖြဲခဲ့မိသော စာရွက်အပိုင်းအစလေးကို သွားယူလိုက်မိသည်။ ဘယ်နားထားမိလဲ တကူးတကတွေးစရာမလိုလောက်အောင်ပင် ဦးနှောက်က လန်းဆန်းနေသည်မှာ အံ့သြဖွယ်ရာပင်။ သည်မျှော်လင့်ခြင်းအတွက် အောင်မြင်နိုင်သည့် ပါရမီရှိချင်မှရှိလိမ့်မည်။ သို့သော် ကြိုးစားမှု၏ အသီးအပွင့်ကိုတော့ ထိုတ်သင့်သလောက် ရပါလိမ့်မည်။

အနာဂတ်ရှိ မျှော်လင့်ချက်တှိ့၏ ဦးတည်ရာ ပန်းတိုင်ဆီသို့ လှမ်းမျှော်ကြည့်မိတော့ ကျွန်တော့်ရင်တစ်ခုလုံးနွေးထွေးသွားရသည်။ မျှော်လင့်ခြင်း၏ ပန်းတိုင် စာရေးဆရာဟူသည့် နေရာလေးသည် ငေးကြည့်ရုံမျှနှင့်ပင် ရင်တစ်ခုလုံးနွေးထွေးသွားစေသည်ကို ဘာ့ကြောင့်များ မေ့လျော့နေခဲ့မှန်းမသိပါ။ တကယ်ဆိုလျှင် ရှင်သန်ခဲ့ရာ ဘဝတစ်လျှောက်လုံးဝယ် အလိုချင်အတပ်မက်ဆုံး မျှော်လင့်ချက် ဖြစ်ခဲ့ပါလျှက်နှင့် စာမရေးတော့ ဟူသည့် ဆုံးဖြတ်ချက်ကို မိုက်မိုက်မဲမဲ ချခဲ့မိသည်ပဲ။ ပို့သမျှစာတိုင်းအရွေးမခံရတာတစ်ခုတည်းနှင့်တော့ ကျွန်တော်လက်မလျှော့ခဲ့ပါ။ သို့သော် ပတ်ဝန်းကျင်မှဝေဖန်သံများပါ လျှံကျလာသည့်အခါ တွန်းပါများ၍ နဲ့သည့် ကျောက်တုံးလိုပင် ကျွန်တော့် ယုံကြည်ချက်တို့ ယိုင်လဲခဲ့ရသည်။ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်သောကြော့င့် ပို၍လွတ်လပ်ပေါ့ပါးလာလိမ့်မည်ဟူသော အတွေးကိုပါ တွေးခဲ့မိသည်ထိ မိုက်မဲခဲ့သည်။

စာရေးဆရာ ဆိုသည့် ပန်းတိုင်လေးကတော့ ကျွန်တော့်အား နားလည်ဟန်နှင့် ပြုံး၍ကြည့်နေသည်။ အတိတ်မှ ပစ်ပယ်ခဲ့သော ရည်မှန်းချက်ကို ယခုပစ္စုပ္ပန်တွင် ပြန်လည်ကောက်ယူလျှင် နောက်မကျသေးဘူးထင်ပါသည်။ တစိုက်မက်မက်သာ ထိုရည်မှန်းချက်ပြည့်အောင်ကြိုးစားမည်ဆိုလျှင် အနာဂတ်တွင်တော့ ကြိုးစားမှု၏ အသီးအပွင့်ကို ခံစားနိုင်သည်မဟုတ်ပါလား။
မျက်လုံးတို့ စုံမှိတ်ကာ အနာဂတ်သို့ မျှော်မှန်းကြည့်မိပြန်သည်။ ကျန်ခဲ့ပြီဖြစ်သော မိသားစုနှင့် ကျွန်တော်၏ ကိုယ်ပိုင်မိသားစုနှစ်စုတို့သည် ပြုံးပျော်ရွှင်စွာ တစ်ဦးနှင့်တစ်ဦး နားလည်မှုတို့ ရင့်သန်လျှက်။ ကျွန်တော့် အိမ်ရှေ့တွင်တော့ စာရေးဆရာ ရည်ဝေ ဟူသည့် ဆိုင်းဘုတ်လေးက ခန့်ညားစွာ နေရာယူလျှက်။ ထိုသို့ဖြစ်ဖို့ရာ ခဲယဉ်းလှသည်တော့ မဟုတ်ပါ။ ကျန်ခဲ့သည့်မိသားစုဆီသို့ အသွားအလာပြတ်နေမှုတို့ကို ရပ်တန့်ရုံသာ။ စွန့်ပစ်ခဲ့သလိုဖြစ်၍ ကျွန်တော့်ကို မုန်းလုပြီဖြစ်သော ညီငယ်တို့အား အစ်ကိုတစ်ယောက်၏ မေတ္တာကို အဆုံးစွန်ထိ ပေးဆပ်ရုံသာ။ မိဘနှစ်ပါးကတော့ မည်သည့်အချိန်မဆို သားကြီးကျွန်တော့်အား လက်ကမ်းကြိုနေပေလိမ့်မည်။
မောင်နှမအရင်းလို ခင်မင်ခဲ့ရသော သူငယ်ချင်းများစွာအတွက် ကျွန်တော်သည် သူငယ်ချင်းသံယောဇဉ်ကို တန်ဖိုးထားသူဖြစ်ကြောင်း ပြသရပေဦးမည်။ လူမှုရေးဖြင့်တည်ဆောက်ထားသော အပေါင်းအသင်းထက် ယုံကြည်မှုနှင့်တည်ဆောက်ထားသော သူငယ်ချင်းသံယောဇဉ်ကို ပိုမြတ်နိုးမိပါလျှက်နှင့် ဘာ့ကြောင့်များ မေ့လျော့ခဲ့ပါသလဲဟု ကိုယ့်ကိုယ်ကို မေးရင်းစိတ်တိုချင်မိသည်။ သူငယ်ချင်းဆိုသည်မှာ နှလုံးသားထက် ကမ္ဗည်းထိုးထားသည်မလား။

အတိတ်ဝယ် မျှော်လင့်ချက်ကို တစ်ခါစွန့်လွှတ်ခဲ့ပြီးပါပြီ။ စိတ်ကျေနပ်ခြင်းတို့မရှိသော ဘဝဝယ်  သည်းခံရင်း နေခဲ့ဖူးပြီ။ ပစ္စုပ္ပန်မှာ ထိုမျှော်လင့်ချက်ကို တစ်ခါပြန်ကောက်မိပါပြီ။ ဘယ်သောအခါမျှ လွှတ်မချတော့ ဟူသည့် ဆုံးဖြတ်ချက်ကလည်း ခိုင်မာနေပြန်သည်။
အတိတ်၏ ပုံရိပ်တို့ ထင်ကျန်ခံခဲ့ရသည်က ပစ္စုပ္ပန်၊ ပစ္စုပ္ပန်၏ မျှော်လင့်ချက်ကိုအသက်ဝင်စေသူက အနာဂတ်ဖြစ်သည်။ ပစ္စုပ္ပန်ကတည်းက အသက်သွင်းဖို့ကြိုးစားမှသာ ကျွန်တော်၏ မျှော်လင့်ချက်တို့ အနာဂတ်တွင် အသက်ဝင်လာနိုင်မည် ဖြစ်သည်။ထို့ကြောင့် ယခုအချိန်မှ ကြိုးစားခြင်းသည် နောက်ကျသည်ဟု မဆိုနိုင်ပါ။ ပစ္စုပ္ပန်တိုင်းသည် အနာဂတ်အတွက် မျှော်လင့်ချက်ကို အသက်သွင်းသူဖြစ်သည်မလား။ အတွေးနှင့်အတူ လက်က ဘောပင်သည် ဖွင့်လက်စ ဗလာစာအုပ်ပေါ်သို့ ခြေချလိုက်မိသည်။ စိတ်တို့ မပြတ်သားစွာ ပြန်လည်သိမ်းဆည်းခဲ့မိသော စာရွက်အပိုင်းအစလေးများထဲမှ ရေးလက်စဝတ္ထုကို အဆုံးသတ်ရဦးမည်။

ရည်ဝေ

1 comment:

မိုးနတ်ကြယ်စင် said...

အက်ဆေးလေးက တွေးစရာတွေ အများကြီးပေးတယ်
so good !
i like it :)))

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်