Friday 29 June 2012

............. ချစ်တယ်


.........ချစ်တယ်

အလွမ်းတဲ့လား
ကြည့်လေရာနေရာတိုင်း
သူ့ပုံရိပ်သာပေါ်လို့
ကြားလေသမျှ အသံဟာလည်း
သူ့စကားသံ
ဝန်ခံလိုက်ပါတယ်..
သံယောဇဉ်ကို မရည်ရွယ်ပါပဲ ရိုက်ချိုးခဲ့မိပြီ..လို့
အဖြူပေါ်ကို အနက်စွန်းမိခဲ့တဲ့


ကိုယ့်နှလုံးသားဆန္ဒကို
ကိုယ်ကိုယ်တိုင် ရှက်နိုးလို့
သော့ခတ်သိမ်းပစ်လိုက်တယ်
ဘယ်သူ့ကိုမှ ချစ်ခွင့်မရှိ ဆိုတဲ့စာတန်းလေးနဲ့..
တခါတရံ
လျှောက်ခဲ့တဲ့ လမ်းအချို့မှာ
သူပါဖူးတယ် ဆိုတဲ့အတွေးနဲ့ ကိုယ်ပြုံးတယ်
တခါတရံ ကိုယ့်ဘေးက စာသင်ခုံထက်
သူ ထိုင်ဖူးတယ် ဆိုတဲ့အတွေးနဲ့ ကိုယ်ပြုံးတယ်
အဲ့အပြုံးအောက်က
နင့်သည့်းတဲ့အလွမ်းစိုင်တွေ သူမမြင်ဖူးသေးဘူး
အဲ့အပြုံးအောက်က
နင့်သည်းတဲ့ ချစ်ခြင်းတွေ သူမမြင်ဖူးသေးဘူး
လက်နှစ်ဘက်တွဲထားခြင်းမှာ
သူ့လက်က ဖြူလွှလွှအရောင်ဟာ
ကိုယ့်လက်က ပန်းနုရောင်ကို ဖွက်ထားစေဖို့
တွန်းအားပေးတယ်
ဒီလိုနဲ့ သော့ခတ်သိမ်းခဲ့မိတာ ဆယ်စုနှစ်တစ်စုပြည့်ခဲ့ပြီ သူငယ်ချင်းရေ
အရောင်မလွင့်သေးတဲ့ ကိုယ့်လက်ကို ရှက်နိုးရင်း
ဘဝကိုလည်း အတန်အသင့် ဖြတ်ခဲ့ပြီးပေါ့
ခံစားချက်အဖုံဖုံကိုလည်း ကျော်ခဲ့ပြီးပေါ့
ဒါပေမယ့် ကိုယ့်လက်က အရောင်မလွင့်သေးတော့..
တစ်ဆယ့်ခြောက်နှစ်ဆိုတဲ့အရွယ်ကို
ု အံ့သြမိပါရဲ့
ခံစားချက်တစ်ခုကို နင့်နင့်သည်းသည်းခံစားတတ်တဲ့ အရွယ်လားလို့လေ
အချစ်ဦးဆိုတာ ဘယ်လိုမျိုးလဲ
သူတကာ မေးတိုင်း ကိုယ်ပြုံးမိပါရဲ့
မခံစားတတ်ဘူး မခံစားတတ်ခဲ့ဘူး မခံစားချင်ဘူး
ဒီအငြင်းစကားနဲ့ ရှောင်လွှဲခဲ့တဲ့ ကိုယ့်ရင်ထဲမှာ
ဘယ်သူမှ မသိခဲ့တဲ့ အချစ်ဦးတစ်ယောက်ရှိတယ်
သူမမြင်မတွှေုအောင် ရှောင်လွှဲခဲ့ရတဲ့ ကိုယ့်ရင်ထဲမှာ
ဘယ်သူမှ မသိခဲ့တဲ့ ကြေကွဲခြင်းတွေရှိတယ်
ချစ်တယ် ချစ်ခဲ့တယ် ချစ်ခဲ့ဖူးပါတယ် ချစ်နေဆဲပါပဲ
ဒီစကားတစ်ခွန်းကို အထပ်ထပ်အခါခါရေရွတ်လို့
ဖွင့်ပြောဖို့ကြိုးစားနေတဲ့ နှလုံးသားတစ်ခုရှိတယ်
ခတ်ထားတဲ့ သော့ကို ရိုက်ချိုးဖို့ကြိုးစားပေမယ့်
ဘယ်လိုမှ မပျက်စီးနိုင်တဲ့ အဖြူရောင်စည်းတစ်ခုရှိတယ်
နောက်ဆုံးတော့လည်း တိုးဖွဖွလေး ရေရွတ်နေရုံသာ...
............................... ချစ်တယ်...လို့။

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်