Sunday 20 November 2011

မေတ္တာရောင်ပြန်



“အဲ့ဒီအချိန်တုန်းက ငါသိတာ တစ်ခုတည်းပဲ..သူ့ကိုပဲကြည့်နေချင်တယ် သူ့မျက်နှာလေး ညှိုးသွားမှာ ငါကြောက်နေတယ်”
သူငယ်ချင်းများ၏ ခပ်လှောင်လှောင်အကြည့်ကို သိပါလျက် သူ ဂရုမစိုက်နိုင်ပါ။ သူ့ရင်တွင်းဝေဒနာတို့ ဖွင့်ဟမှ သူ အနည်းငယ် နေသာထိုင်သာရှိလိမ့်မည်။
“နေပါဦး..ငါမေးပါရစေဦး မင်းက သူ့ကို မြင်မြင်ချင်းချစ်သွားတာလား”
အောင်သွင့် အမေးကို ခေါင်းခါပြမိရင်း
“မဟုတ်ဘူး.. သူ့ကို ငါသိတာ နှစ်ချီနေပြီ တစ်ခါမှ စကားလည်း မပြောခဲ့ဖူးဘူး အဲ့ဒီနေ့က..အဲ့ဒီနေ့က သူ ငါ့ကို အံ့သြတကြီး ပြောလိုက်ပုံလေး အရမ်းချစ်ဖို့ကောင်းတာပဲ”
အောင်သွင်နှင့် ရဲနောင်တို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ဖြစ်မိချေပြီ။
“အချစ်ဆိုတဲ့ ခံစားချက်ကြီး ဖြစ်သွားလောက်အောင်ထိလား.. ဘာပြောလိုက်လို့လဲ”
ရဲနောင် အမေးစကားကြောင့် သူပြုံးမိရင်း ထိုအဖြစ်အပျက်လေးကို ပြန်လည် တမ်းတကြည့်မိလိုက်သည်။
……..


ဆိုင်လာပြီး အအေးသောက်နေကျကောင်မလေးပဲ။ မရယ်စဖူး အရယ်ထူးကာ သူ့ကိုရယ်ပြရင်း မဝံ့မရဲမေးလိုဟန်နှင့်။ ကိုယ်က ဆိုင်ရှင်ဆိုတော့ ဧည့်ဝတ်ကျေပွန်ရမည်လေ။ ဘာများမေးမလို့ပါလိမ့်။
“ဟို..မတွေ့တာကြာပြီနော်”
ကောင်မလေးအမေးစကားကို သူ မသိမသာပြုံးမိရင်း
“သြော် ဟုတ်ကဲ့ မြဝတီက သူငယ်ချင်းတစ်ယောက်ဆီသွားရင်း အလုပ်လုပ်နေတာ ခုမှပြန်လာဖြစ်တာ”
သူ့အဖြေစကားကြောင့် ကောင်မလေးက ပြုံးရင်း ပြန်ပြောလိုက်ပုံက
“အော….လုံးဝနိုင်ငံခြားသားစတိုင်ပေါက်နေလို့ နိုင်ငံခြားသွားတာများလားလို့..ညီမလေ အစ်ကို့ကို ပြန်တွေ့စက ငါသိပါတယ်..ဒီလူကြီးကို လို့ နောက်မှ ဒီဆိုင်မှန်း မှတ်မိသွားတာ”
ပါးစပ်လေးအဟောင်းသားနှင့် အရိုးခံလေးပြောလိုက်ပုံဝယ် သူ့နှလုံးသား ကျရှုံးသွားချေပြီ။ ရင်ထဲ ထိုပုံစံလေးအား ချစ်သွားမိသည်မှာ သူမ မျက်နှာလေးအား ထိုင်ငေးကြည့်နေမိချင်သည်ထိ။

“အစ်ကို သီးစုံရေခဲမုန့် တစ်ခွက်ပေးပါ”
သူမလေး ပြောသံကြားမှ မျက်ဝန်းတို့လွှဲမိချေပြီ။
အချစ်ဆိုသည်မှာ အချိန်အခါမရွေး ပေါ်ထွက်တတ်ကြောင်း သိခဲ့ရသည့်နေ့ဖြစ်သလို အချစ်ဆိုသည်မှာ
တွေ့နေကျလူတစ်ယောက်ကို ချစ်တတ်သည် ဆိုသည့် အသိတစ်ခုလည်း တိုးသောနေ့ ဖြစ်ခဲ့သည်ပဲ။

……………………………

“ဒီင်္လိုမျိုးနဲ့လည်း အချစ်က ပေါ်ပေါက်တတ်သလား”
ရဲနောင်၏ လှောင်ပြောလိုဟန် ရယ်ဟဟကို သူအမျက်စကားမဆိုမိ။ တကယ်တမ်း အချစ်တွင် နစ်ဝင်မိသောတစ်နေ့ ရဲနောင် နားလည်ပေလိမ့်မည်။ လက်ရှိအချိန်မှာ သူ့ချစ်ခြင်းတွေ ဖွင့်ဟခွင့်ရရုံဖြင့် သူ သူငယ်ချင်းတွေကို ကျေးဇူးတင်လှပါသည်လေ။
“မင်း နေ့စဉ်တွေ့နေပါရဲ့နဲ့ ကောင်မလေးကို ဖွင့်မပြောဘူးလား ဘာလို့တုန်း”
“အောင်သွင်ရာ ငါပြောချင်တာပေါ့ ဒါပေမဲ့ကွာ ငါလည်း ဘလိုင်းကြီးမှ ဖွင့်မပြောရဲတာ ခင်မင်ရင်းနှီးအောင် ပထမဆုံးကြိုးစားမယ်ပေါ့ မျှော်လင့်ချက်ကြီးနဲ့….. သူနဲ့ ငါက မေးထူးခေါ်ပြောအဆင့်ပဲရှိတာကိုး”
“အင်း..အဲဒီတော့”
သူ မဖြေခင် အာခြောက်ပြေစေရန် ရေနွေးကြမ်းတစ်ကျိုက် မော့လိုက်သည်။ ပြီးနောက်
“ဒီလိုကွ………”
……………….

မနက်ခင်းဆိုလျှင် လက်ဖက်ရည်နှင့် အီကြာကွေးထွက်ဝယ်တတ်သော ထိုကောင်မလေးသည် တစ်ပတ်လျှင် သုံးရက်လောက်တော့ ညနေတိုင်း သူ့ဆိုင်ထိုင်ကာ သီးစုံ ရေခဲမုန့်တစ်ခွက် စားတတ်သည်။ ထို့ပြင် မည်သူမဆို ဆေးလိပ်လေးများသူ့ဘေးသောက်လိုက်မိလျှင် နှာခေါင်းလေးပိတ်ကာ ထိုသူသိသိ မသိသိ မျက်စောင်းကြီးထိုးနေတတ်၏။ သူမလေး ကို ကြည့်ရုံနှင့် သိသာနေသည်မှာ ကလေးဆန်တတ်သည့် အမူအယာရှိသည်ဟု။
နောက် သူမလေး လမ်းလျှောက်လျှင် ဘေးဘီဝဲယာကြည့်သည်ရယ်မရှိ။ အမြဲ ရှေ့သို့သာ ဦးတည်လျှောက်တတ်ပြီး သူမလေး အားသိသူတချို့တလေအား ပြုံးပြရန် ရှောင်လွှဲတတ်ပြန်သည်။ သူ ကိုယ်တိုင်ကြုံခဲ့ရသည်ပဲ။
လမ်းတွေ့တိုင်း ပြုံးပြရန်ကြိုးစားသူ သူ့ထံ မျက်လုံးမရောက်အောင် ရှောင်လွှဲတတ်သူ  သူမလေး၏ အမည်ကတော့ အနည်းငယ်ရိုးစင်းလှစွာ ချစ်ဖို့ကောင်းသည့် နာမည်လေး။ ယုဝေလွင်.တဲ့။
တစ်ပတ်ကို သုံးခေါက်လောက်သူ့ဆိုင်လာထိုင်တတ်သည့် သူမလေး သည် အချစ်ကိုမသိသည့်ဟန်ဖမ်းထားသော်ငြား တစုံတစ်ယောက်ကို အချစ်တို့ ပျော်ဝင်နေသည့်မျက်လုံးမျိုးနှင့် ကြည့်တတ်လာသောအခါ သူရင်ကွဲရပေပြီ။

သူ့ဆိုင်လေးမှာ ထိုင်ရင်း သူမလေး က ထိုတစ်စုံတစ်ယောက်ကို လှမ်းကြည့်နေချိန်မှာ သူကတော့ သူမလေး ကို ကွယ်ရာကသာ ငေးကြည့်ရတော့သည်ပဲ။ ရင်ထဲက ချစ်ခြင်းကိုဖွင့်ဆိုဖို့ရာ သတ္တိမရှိတော့သလို အခြေအနေလည်း မပေးတော့ပြီပဲ။
ကိုယ့်နှလုံးသားတစ်ခုလုံးပေးမိထားသူက တခြားတစ်ယောက်ကို  သူမ ၏နှလုံးသားအားပေးအပ်ထားသောအခါ မြင်နေရသည့်သူ့ရင်ထဲ ကြေကွဲလိုက်ပုံများ။

…………………………………………

“နေပါဦးကွာ ကောင်မလေးမှာ ကြိုက်တဲ့သူ ရှိနေတာနဲ့ပဲ ဖွင့်မပြောတော့ဘူး..ဆိုတာ ဟုတ်မှမဟုတ်တာ မင်းညံ့တာပေါ့ ဖွင့်ပြောသင့်တာ ခိုင်မင်းရ”
“ဟုတ်တယ် မင်းညံ့တာ ကောင်မလေးက မင်းကိုစိတ်မဝင်စားဘူးလို့ အတိအကျကြီးမှ မပြောနိုင်တာကွာ”
အောင်သွင့် ပြောစကားကို ရဲနောင်က ထပ်ဆင့် ထောက်ခံလိုက်ပြန်သည်။ သူ မချိပြုံး ပြုံးမိချေသည်ပဲ။ ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့ ဘယ်သူက ဝန်မခံချင်ပဲနေပါ့မလဲ။ ကြိုးစားဖူးတာပေါ့။ ဖွင့်ပြောဖို့ ကိုယ်တိုင်ကြိုးစားဖူးတာပေါ့။ ဒါပေမဲ့လည်းလေ

………………

“နေပါဦး…ငါမေးပါဦးမယ် တဖက်ကလည်း နင့်ကိုသဘောကျတယ်မလား..ဘာလို့နင်က နည်းနည်းမျက်နှာချိုချိုနဲ့ မနေပြရတာလဲ လမ်းတွေ့ရင်လည်း ပြုံးပြ နှုတ်ဆက်မှပေါ့
“မှားတယ် နွယ် ငါ့ဘက်က ချစ်တယ် ဆိုတဲ့ခံစားချက်ကြီးတစ်ခုလုံးရှိနေတာတောင် လွန်လှပြီ..သူ့ဘက်က ဖွင့်မပြောပါပဲနဲ့”
နားစည်ထဲသို့ တိုးဝင်လာသော တိုးရှရှနှင့် ထွက်ပေါ်လာသည့်အသံသည် သူမလေး၏ အသံဖြစ်သည်မှာသေချာလှသည်။ မှိတ်ထားသည့် မျက်လုံးကို အသာအယာဖွင့်ကြည့်တော့ သူမလေးနှင့် မိန်းခလေးတစ်ဦး။ ကောင်တာဘေးစားပွဲတွင် ထိုင်လျက်ရှိနေသည့် သူမတို့ကို ကြည့်ရသည်မှာ သူအိပ်နေသည် ဟု ထင်နေဟန်တူသည်။ မျက်လုံးကို အသာအယာပြန်မှိတ်လိုက်မိပြီး နားစွင့်ထားမိပြန်သည်။

“နွယ် နင်သိလား ငါလေ ဟိုးအရင်တည်းက ငါ့ကို လိုက်တဲ့သူတွေကို ပြုံးမပြခဲ့ဘူး.. အဲ့ဒီအခါဘာတွေ့ရလဲဆိုတော့ ငါ့ကို ချစ်နေပါတယ်လို့ သူငယ်ချင်းတွေကတဆင့် အရိပ်အမြွတ်ပြောထားသူတွေလေ ငါ့အပြုံးကို မမြင်ရတော့ အားလုံးနောက်ဆုတ်ကုန်တာပဲ အဲ့ဒါ ဘာ့လို့လဲ သိလား”
“အင်း ပြောပါဦး ဘာ့လို့တုန်း”
“အတ္တလေ အတ္တ ယောင်္ကျားတွေရဲ့ အတ္တပေါ့ အငြင်းမခံနိုင်ရဲကြတာ တချို့ကပြောကြသေး ဘာတဲ့ ဖွင့်မပြောဘူးတဲ့ ဖွင့်မပြောတာကမှ ငါးဆယ်ရာခိုင်နှုန်းသေချာသေးသတဲ့ ဖွင့်ပြောလိုက်ရင် တစ်ရာခိုင်နှုန်းတောင် မကျန်မှာစိုးရတယ်တဲ့လေ”
“ဝေလွင်ရယ် နင်ကိုက အတွေးခေါင်လွန်းတာပါ”
“ထားပါလေ ကိုယ့်အတွေးနဲ့ကိုယ်ပေါ့ ခု ငါတွေးထားတာကတော့ သူ ငါ့ကိုချစ်ရင် ငါ့ဘက်က မျက်နှာသာမပေးလည်း ဖွင့်ပြောမှာပဲ အငြင်းခံရမှာကိုကြောက်နေစရာမလိုဘူး”
“ဟဲ့ ဒါကတော့ ဘယ်သူက အငြင်းခံချင်မလဲ လူ့ဂွစာမလေးရဲ့”
သူမလေး သူငယ်ချင်းခေါ်တဲ့ နာမည်ပြောင်လေးကို သူလည်း ထောက်ခံလိုက်မိပါသည်လေ။ ဟုတ်ပါ့။ လူ့ဂွစာမလေး။
“မဟုတ်ဘူးလေဟာ ချစ်ရဲရင် အငြင်းလည်းခံနိုင်ရဲရမှာပေါ့ ဒီကောင်မလေးလည်းငါ့ကို သဘောကျတဲ့ပုံပဲ ငါဖွင့်ပြောလိုက်မယ် ဆိုတာမျိုးက အချစ်မှမဟုတ်တာ”
“ထားပါတော့ဟာ ခု မေးပါရစေဦး သူ့ဘက်သဘောကျတာတော့ သေချာတယ်မလား”
“အင်း..ဒါပေမဲ့ ငါ့အရိပ်အကဲကြည့်နေတယ်”
“နင်ဟာ”
“ငါ့ကို အပြစ်တင်မစောစမ်းပါနဲ့ ဟာ သူ့မှာလည်း အီစီကလီတွေအများကြီးရှိတယ်ဟ သဘောကျတယ် ဆိုပေမဲ့ ငါ့ကိုချစ်လားမချစ်လား မသေချာပါဘူး”
“အင်း.. တကယ်က နင်ကိုက အတွေးခေါင်လွန်းတာပါဟာ”
နွယ်ဆိုသည့် ကောင်မလေး၏ ပြောစကားကို သူမလေးက မထီတရီဟန်နှင့် နှုတ်ခမ်းလေးတွန့်ကာ ပြုံးနေပြန်သည်။ ဘာအတွေးကြောင့်များပါလိမ့်။

……………………………………….

“ဒါနဲ့ပဲ ဖွင့်မပြောဖြစ်တော့ဘူးလား ကြောင့်ပါ့ကွာ ခိုင်မင်းရေ မင်းကတော့ တကယ့်မအူမလည်ပဲ”
အောင်သွင်နှင့် ရဲနောင်၏ ပြိုင်တူဆိုသံစကားကြောင့် သူ ပြုံးမိရင်း
“နေပါဦးကွာ..မင်းတို့ကလဲ..လာမှာပေါ့..ဆက်နားထောင်ပါဦး”
“အေးပါ..ဆက်ဆက်.. ငါတို့နှစ်ယောက်လဲ နားထောင်ရတာ အာခြောက်လှပြီ.. လက်ဖက်ရည် တစ်ခွက်ထပ်မှာသောက်လိုက်ဦးမယ်”
“ငါ့အတွက်ပါ မှာလိုက် အောင်သွင်”
“ဘာမှလဲမဆိုင် နားထောင်ရတာအာခြောက်သတဲ့” သူပြောမိတော့..
“မင်း ဇာတ်လမ်းမင်းဆက်ပါ..ညီလေးရေ ပေါ့ကျ နှစ်ခွက်ပေးဦးဟေ့”
အောင်သွင့်ကို သူ မကြည်ကြည့် ကြည့်ရင်း ရင်တွင်းသံစဉ်လေးအား ဆက်လက်ဖွင့်ဟမိပြန်သည်။

....................................................

သူမလေး ကို သူ ချောင်းနေတာကြာပြီ။ ဆိုင်လာပြီး ရေခဲမုန့်စားတိုင်းဖွင့်ပြောဖို့။ သို့သော် မဖွင်ဟရဲ။ သူမလေး၏ မထီတရီမျက်နှာလေးကိုကြည့်ကာ ကြောက်မိပြန်သည်။ တကယ်တမ်း ကိုယ့်ဆိုင် လာနေကျသူကို ဖွင့်ပြောရမည်ဆိုတော့ တော်ကြာ တမျိုးမြင်မှာ ကြောက်ရပြန်သေးသည်။ အမေ့အလစ်ကိုစောင့်ရပြန်သေးသည်။ တွေးစရာတွေမှ အားကြီး။ ပြန်အမ်းသည့်ပိုက်ဆံနှင့် စာလေးပေးမည်ဆိုပြန်တော့ ငတိမလေးက ဘယ်တော့မဆို ငွေကျပ် ၆၅၀ အတိအကျပေးသည်ချည်း။
သူ့မှာတစ်ခုသာ  သေသေချာချာလေး လုပ်ပြနိုင်တော့သည်မှာ သူမလေးလာတိုင်း သူဖွင့်သည့်သီချင်းက bigbag ရဲ့ ဘာလိုလိုနဲ့ တစ်နှစ်ပြည့်ပြီပဲ အရင်လိုပဲ ငါ့စိတ်နာတယ်…ဒီချိန်ပဲည ငါ ကြေကွဲခဲ့..အစရှိသည့်သီချင်းလေးအား တချိန်လုံးဖွင့်ထားရုံသာ။

“လမ်းကြုံရင် ပြောပေးကြပါ ကျွန်တော့်ရဲ့ အိပ်မက်တွေမှာသူ့ရဲ့ ပုံရိပ်တွေ အမြဲတမ်း စွဲလမ်းလို့နေတယ်”

သီချင်းသံစဉ်လေးအား ညည်းရင်း ကောင်မလေးကို ကြည့်မိပြန်တော့ ဖိတ်စာလေးတစ်စောင်ကိုင်ကာ ငိုင်နေသည့် ကောင်မလေး။ ဖိတ်စာတွင်းမှ စာလေးတစ်စောင်။ ကောင်မလေး ငိုနေသလား သူဆန်းစစ်မိတော့ မသေချာပြန်။ ကောင်မလေး၏ မျက်ဝန်းသည် အနီရိပ်ယောင်မသမ်း။

“ဟဲ့..သား.. ဆေးဆိုင်ခဏသွားစမ်း..စကြာမင်းလိမ်းဆေးတစ်ဘူးဝယ်ခဲ့.. အကြောတွေတောင့်နေတာ လိမ်းဖို့ကြည့်တော့ ဆေးကုန်နေပြီ”
သူ တစ်ဦးတည်းသော စားပွဲထိုးလေးအား သွားခိုင်းဖို့ရာကြည့်တော့ အမေက
“မင်းပဲသွား..ငါ့သား..သူသွား၇င် အချိန်ကြာတယ်”
ဘာတက်နိုင်မည်လကြွယ်။ ကောင်မလေးအား ငေးကြည့်ချင်နေသော်ငြားလည်း ဆေးဝယ်ထွက်ခဲ့ရသည်ပေါ့။
ထိုနေ့က သူပြန်ရောက်တော့ ကောင်မလေး ရှိမနေတော့ပေ။

…………………………………………………………………………………

“အဲ့ဒါနဲ့ပဲ..ဒီချိန်ထိ ဖွင့်မပြောဖြစ်တာ ဘာဆိုင်လို့လဲ”
သူ နာကျင်စွာ ပြုံးမိရင်း..
“သူ ငါ့ဆိုင် မလာတော့ဘူးလေ အဲ့ဒီနေ့ကစပြီး.. အိမ်တွင်းပုန်းတာပဲတွေ့တော့တယ်”
“သြော်..ဘယ်သူ့ မင်္ဂလာဖိတ်စာလည်း သိလား”
“နောက်တစ်ပတ်ကျ သူကြည့်နေကျ ကောင်လေးက မင်္ဂလာဆောင်သွားတယ် အဲ့ဒီနောက်ပိုင်းကစပြီး ကောင်မလေး အပြင်ထွက်သွားလာတာတွေ ရှောင်သွားတယ်”
“မင်း..မကြိုးစားဖြစ်တော့ဘူးပေါ့..ရည်းစားစကားပြောဖို့”
အောင်သွင့်စကားကြောင့် သူတားမြစ်ရင်း
“ရည်းစားစကားလို့ မပြောပါနဲ့ကွာ ပေါ့တိမ်လွန်းပါတယ် ချစ်သူဖြစ်ခွင့်လို့ပြောပါ”
အောင်သွင်နှင့် ရဲနောင်တို့ နှုတ်ခမ်းများမဲ့ရွဲ့ကာ တိုးတိုးဆဲရေးလိုက်သည်ကို သူ မသိကျိုးကျွန်ပြုမိရင်း..။
“ထားပါတော့ ဆက်မကြိုးစားဖြစ်တော့ဘူးလားလို့ မေးနေတာ”
“မကြိုးစားချင်သေးတာ.. အချစ်အတွက် သူ နာကျင်နေတဲ့ အချိန်မှာ မြေနိမ့်ရာလှံစိုက်တယ် လို့ ထင်မှာစိုးလို့”
“အင်း….”
ခေါင်းခါရင်း လှောင်လိုဟန်ရှိသည့် သူငယ်ချင်းနှစ်ယောက်ကို သူ ဥပက္ခာ ပြုထားလိုက်မိသည်။ ရင်တွင်းချစ်ခြင်းငယ်ကို ဖွင့်ဟမိခြင်းဖြင့် သူ အနည်းငယ်တော့ ရင်ပေါ့သွားချေပြီ။
ယုဝေလွင် ဆိုတဲ့ ကောင်မလေးကတော့ သူမလေးအတွက် ရူးနေသည့် သူ့ကို သတိထားမိပါ့မလား။ အတွေးတို့နှင့် ရင်မောမိရင်း မရည်ရွယ်ပါပဲ လေပူတစ်ချက မှုတ်ထုတ်လိုက်မိသည်လေ။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
သူမက ယောင်္ကျားတစ်ယောက်ကို စံထားချစ်မိနေချိန်မှာ သူမအားငေးကြည့်နေတတ်သော ကောင်လေးတစ်ယောက်ရှိနေသည်ကို သတိပင်မထားမိခဲ့။ သူမ၏ စံထားရာ ယောင်္ကျားသားအား တိတ်တဆိတ်ငေးကြည့်ရုံနှင့်သာ ကျေနပ်ခဲ့သည်။
တကယ်တမ်းတော့ သူမ သည် အတ္တကိုလက်မလွှတ်နိုင်သူတစ်ဦးသာ။ သူမ ၏ စံထားရာယောင်္ကျားသားဆီ သူမ မသွားခဲ့။ အဝေးကငေးကြည့်ရုံနှင့်ကျေနပ်ခဲ့ခြင်းမှာ ထိုယောင်္ကျားသားအား လက်မခံလိုခြင်းကြောင့်ပင်။ ယုတ်စွအဆုံး ထိုယောင်္ကျားသားအား လမ်းတွေ့လျှင် ပြုံးပြဖို့ရာပင်မရှိခဲ့။
တဖတ်သတ်အချစ်ကို ကိုးကွယ်နေရခြင်းအား နှစ်သက်စွာခံစားရင်း သူမ သည် တကိုယ်ရည် ဘဝကို နှစ်သက်သူဖြစ်လာသည်လေ။
စာလေးတစ်စောင်မရခင်အထိပေါ့။
သူမ၏ စံထားရာယောင်္ကျားသားသည်လည်း သူမအားချစ်နေခဲ့သည်ပဲ။ သို့သော် သူမသည် ထိုသူ့အား လက်ခံလိုဟန်မပြခဲ့သလို ခံစားချက်မရှိဟန်ပြခဲ့ခြင်းက သူ့အတွက်အခြားတစ်ယောက်အား ရွေးချယ်စရာဖြစ်သွားခဲ့သည် တဲ့။
ဖိတ်စာလေးနှင့်အတူပါလာသော စာလေးတစ်စောင်။ ရယူလိုခဲ့ခြင်းမရှိခဲ့သဖြင့် ဖိတ်စာကိုတွေ့စဉ်မှာ ခံစားချက်မရှိခဲ့သော်လည်းထိုစာလေးအတွေ့မှာတော့ သူမ ကြေကွဲခဲ့ရသည်ပဲ။
ထိုစဉ်တည်းက သူမ အတွေးထဲရှိခဲ့သည်က “ငါက လွယ်လွယ်နဲ့ ချစ်ခဲ့လို့ ခုလို ယူကျုံးမရဖြစ်ရတာပဲ..ငါ နောက်ထပ် မခံစားတော့ဘူး..သံယောဇဉ်ပဲဖြစ်ဖြစ် အချစ်ပဲဖြစ်ဖြစ် လက်မခံတော့ဘူး”ဟု။ ဒါသည်ပင် သူမ၏ ခံယူချက်ဖြစ်ခဲ့သည်။ သံယောဇဉ်ကို လွယ်လွယ်နှင့်မပျိုးမိဖို့ အမြဲ ကိုယ့်ကိုယ်ကို သတိပေးတတ်သော သူမ သည် အမြဲလိုလို မြင်နေရသည့် ပုံရိပ်လေးတစ်ခုကို လျှစ်လျှုရှုခဲ့မိသည်ထိ ပင်။
သို့သော်..သူမ မျက်ဝန်းထဲသို့ ထိုကောင်လေးက ဇွတ်အတင်းတိုးဝင်လာသောအခါ……………
……..
တကယ်တမ်းတော့ သူမသည် အမှားတစ်ခုကို နှစ်ခါဆက်တိုက် မှားခဲ့သူဖြစ်သည်။ သူမ ချစ်မိသောသူနှင့် လက်တွဲဖို့ရာ ဆန္ဒမရှိခဲ့သူ သူမသည် ထိုကောင်လေးအား သတိထားမိပြီးနောက်ပိုင်းဝယ် သံယောဇဉ်မတွယ်မိအောင် ကြိုးစားဖြစ်ခဲ့သည်။
………………………
အမှန်တကယ်ပင် သူမ ရုန်းထွက်ချင်မိသည်။ ဒီနူးညံ့သည့် ခံစားချက်က သူမ နှလုံးသားအား ဆွဲဆောင်ထားသည်မှာ ရုန်းထွက်ဖို့အင်အားမဲ့သည်အထိ။ သိမ်မွေ့နူးညံ့သော၊ ထူးဆန်းအံ့သြဖွယ်ကောင်းသော ခံစားချက်လေး။ အချစ်တဲ့။
ဒီဝင်္ကပါထဲမှ ရုန်းထွက်ဖို့ရာခက်ခဲနေသူ သူမ ရူးသွပ်နေပြီလား။ မဖြစ်နိုင်ပါလေ။ ဒီဝင်္ကပါထဲမှ ရုးန်ထွက်နိုင်ပြီဟု ယူဆသူများသည်သာ မူမမှန်သည့်သူပင်ဖြစ်ချိမ့်မည်။ အချစ်ဆိုသည့်အရာနှင့်တွေ့လျှင် လူတိုင်း ရူးသွပ်ကြသည်မှာ ဓမ္မတာပင်မဟုတ်ပါ့လား။ ထို့ကြောင့် သူမသည် အချစ်နှင့်တွေ့နေသည့် မူမှန်ရူးသွပ်သူတစ်ဦးသာဖြစ်ပါသည်။
အချစ်ဆိုသည်မှာ သူမ အတွက်တော့ အလှမ်းဝေးသည့်အရာတစ်ခု။ အချစ်တစ်ခုရှုံးပြီးသည့်နောက်ပိုင်းမှစကာ စစ်မှန်သည့်အချစ်ရှိသည်ဟု မယုံကြည်ခဲ့တော့သလို ကြုံခဲ့ဖူးသည့် ချစ်ပါသည်ဆိုသော ယောင်္ကျားများအား ခေါင်းခါငြင်းကာ ၎င်းတို့၏အချစ်ဆိုသည်ကို မယုံကြည်ခဲ့သူတစ်ဦး။ သို့မို့ကြောင့်ပင် ကံတရားက ဒဏ်ခတ်လေသည်ထင့်။ စဉ်းစားမည်ဆိုသည့်စကားလေးပင်မပြောခဲ့ပဲ အမြဲငြင်းမိခဲ့သူ သူမ ဝဋ်လည်လေပြီ။
အချစ်ဆိုတာမမျှော်လင့်သည့်နေရာမှပေါ်ထွက်တတ်သလား။ သူမ မသိပါ။ သို့မဟုတ် မြင်မြင်ခြင်းအချစ်ဆိုတာရှိသလား။ သူမ မသိ။ သူ့ကိုစတွေ့သည့်အချိန်တုန်းကတော့ တချိန်တွင် သူမချစ်လာမည့်သူဟု မမျှော်မှန်းခဲ့မိသည်မှာ သေချာပါသည်။ တချိန်တွင် သူမနှလုံးသားအား မြုပ်နှံမိမည့်သူ ဟု ကြိုမသိမိခဲ့သော သူမ၏ ချစ်ရသူလေးသည် အမှန်တကယ်ကို လူအများအလယ်တွင်မထင်ရှားသော သာမန်လူငယ်လေးမျှသာ။
လူတစ်ယောက်ကို ဘာရယ်မဟုတ် ဂရုတစိုက်ကြည့်မိရင်းနှင့်ပင် အချစ်ဆိုတာကြီး ပေါက်ဖွားလေတတ်သည်လား။
ဟုတ်သည်။ အဖြေကိုသိချင်စမ်းပါဘိ။
သည်နေ့တော့ သူ မရှိသော ဆိုင်လေးဝယ် ဝင်ထိုင် ဖြစ်မိပြီ။ တမင်မေ့ထားသော ပုံရိပ်လေးအား မျက်ဝန်းထဲ မှန်းဆရင်း မှာလိုက်မိသည်က
“မောင်လေးရေ…သီးစုံရေခဲမုန့်တစ်ခွက်”…..လို့။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
“ဟေ့ကောင်တွေ..ငါ သတင်းကောင်းပြောမလို့ လှမ်းခေါ်တာကွ”
“ပြောပါဦး..ဘာသတင်းတုန်း”
“ကောင်မလေး ပြန်လာပြီကွ.ဒါ့အပြင် သူက စာအုပ်ဆိုင်ဖွင့်ထားတယ်”
“အဲ့ဒီတော့……”
“ငါ..စာပေးလို့လွယ်ပြီပေါ့ကွ..ရေးတောင်ရေးပြီးပြီ”
အတွေးနဲ့ ပျော်နေသည့်သူ့ကို အောင်သွင်က ကောင်းချီးထောမနာပေးပြန်သည်။
“ရူးပါ့ကွာ..ဒီခေတ်ထဲ ဘယ်သူက စာပေးလို့လဲ ”
“သူ့မိဘတွေ မလစ်ပဲ မင်းဘယ်လိုပေးမလဲ” ဟူသော ရဲနောင်ဆိုစကားကြောင့် သူက ပိုင်ပါတယ် ဆိုသည့်အပြုံးနှင့် ပြုံးပြမိရင်း
“ဟာ..ပူစရာမလိုဘူး.. သူ့မိဘတွေက မနက်ရှစ်နာရီကနေ ညနေငါးနာရီထိ ရုံးသွားကြတာ”
“ကောင်မလေးတော့ မျက်ခုံးလှုပ်နေတော့မယ်ထင်ပ..နေပါဦး သူက ခုမှ ဘာလို့ စာအုပ်ဆိုင်ထဖွင့်ရတာတုန်း”
“အောင်သွင်ရာ.. သူလည်း ခုမှ အားလို့နေမှာပေါ့ ဘာပဲဖြစ်ဖြစ် ခုတော့ ငါ့အတွက် ကောင်းသွားပြီ. မင်းတို့နဲ့ ငါ့ချစ်သူလေးနဲက မကြာခင် မိတ်ဆက်ပေးမယ်..ဒါပဲ ခုလောလောဆယ်တော့ လက်ဖက်ရည်ဖိုး မင်းတို့ရှင်းလိုက်တော့”
အနိုင်နှင့် ပိုင်းထွက်လာသော သူ့အား သူငယ်ချင်းများက ထောမနာပြု ဆဲဆိုရင်း လက်ဖက်ရည်ဆိုင်ယယ် ကျန်ခဲ့လေတော့သည်။
………..
 “ပထမ ကိုယ်ထင်တာက မင်းက ကိုယ့်ထက်အသက်ကြီးမယ်ပေါ့.. နောက်မှ သေချာသိတာ ကိုယ့်ထက် အသက်ငယ်မှန်း”

အသက်လေး နှစ်နှစ်လောက်ကြီးသည်ကို စာဖွဲ့ပြောနေသော ကောင်မလေးအားကြည့်ကာ သူ ညစ်ကျယ်ကျယ်ပြုံးလိုက်ရင်း

“ဒါဆို မောင်လို့ခေါ်လေ.. မောင်ကတော့ မ လို့ပဲခေါ်မှာနော်”
“အယ်..ခေါ်ချင်ပါဘူး..ရှက်စရာကြီး”
ထိုအခိုက် ကောင်မလေး ထိတ်ထိတ်ပျာပျာဖြင့် သူအား စာအပ်ငှားခပြန်အမ်းရင်း
“ မြန်မြန်ပြန်တော့ ဟိုမှာ အမေ ပြန်လာပြီ..”
“ယောက္ခမကြီး ဘယ်မှာတုန်း” သူ့ဆိုစကားကြောင့် ကောင်မလေးက မျက်စောင်းထိုးရင်း
“နောက်မနေနဲ့ ပြီး၇င် အဖေပါပြန်လာတော့မှာ…သွားသွား.”
“မောင်လို့ ခေါ်ရင် ပြန်မယ်”
စာရင်းစစ်ဝတ်စုံနှင့် ယောက္ခမကြီးကတော့ သူတို့နားသို့ ရောက်လာချေတော့မည်။
“ကဲ….”
.ကောင်မလေးက မျက်စောင်းထိုးရင်း ခေါ်လိုက်သည်က …တိုးတိုးလေး
“မောင်”..တဲ့။
“သြော် တိုးတိုးလေးမေးရဦးမယ် မက ဘွဲ့ရထားတော့လေ မောင်က ခုမှ ဒုတိယနှစ်ပဲရှိသေးတာ ယောက္ခမကြီးက “သဘောတူမှာပါနော်”
စာအုပ်နှင့် ကောက်ပေါက်ရန် ဟန်ပြန်လိုက်သောကောင်မလေးကြောင့် သူ အပြေးလေး ပြေးထွက်ခဲ့ရင်း..။ ယောက္ခမကြီးက သူ့အားကြည့်လိုက်သောကြောင့် အပြေးရပ်ကာ သူကိုယ်ရှိန်သပ်ရင်း လူလိမ္မာလေးဟန်ပန်နှင့်

“အန်တီ ရုံးက ပြန်လာတာလား ခင်ဗျ”..ဟုနှုတ်ဆက်ရင်း

သူတို့အားငေးကြည့်နေသော ချစ်သူ ကောင်မလေးအား မျက်လုံးလေးတစ်ဖက် ခိုးမှိတ်ပြလိုက်မိရင်း…………..။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရည်ဝေ
၂၀- နိုဝင်ဘာ ၂၀၁၁
Sm17206.blogspot.com
Freeblogspot.org/htayhsu

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်