Tuesday 22 November 2011

ကြိုးလေးသုံးချောင်း



“အမေ သား အမေနဲ့ ရွာကို ပြန်လိုက်လို့ မရဘူးလားဟင်”

“ဟဲ့ ဒီမှာ အလုပ် လုပ်ရပါမယ်ဆိုကာမှ… အငယ်လေး နင် ငါ့ကို ရုတ်ရုတ် ရုတ်ရုတ် တော့ မလုပ်နဲ့နော် နင့်အစ်ကို နှစ်ယောက်လုံးလည်း ဒီဆိုင်မှာရှိတယ် ဘာကြောက်နေတာတုန်း”

အမေနှင့် ညီဖြစ်သူ ၏ တီးတိုးစကားဆိုနေသံကြောင့် အောင်ဝင်း ဝင်ပြောလိုက်မိသည်။


“အမေ သားနဲ့ ကိုကြီး နှစ်ယောက်ပေါင်းလစာနဲ့ သုံးလောက်တယ်မလား… ညီလေးကိုပြန်ခေါ်သွားပါ့လားဗျာ.. သူ ဘယ်လိုလုပ် အမေနဲ့ ခွဲပြီး နေနိုင်မှာလဲ”

“ဟဲ့ နင် မသိပဲနဲ့ တိတ်တိတ်နေစမ်း”

ညီငယ်ကို အောင်ဝင်း ဖတ်ထားရင်း သက်ပြင်းရှိုက်မိသည်။ ညီငယ်က ခုမှ အသက် ငါးနှစ်ပဲရှိသေးသည်။ တိတိပပဆိုရသော် ပြည့်ပင်မပြည့်သေး။ အမေနှင့် ခွဲပြီး အလုပ်လုပ်ရမည်ဆိုတော့ သူ ကြောက်ရှာမည်ပင်။
ညီငယ်ကတော့ သူတို့ အမေက အရိုက်ကြမ်းသည်မို့ အသံမထွက်ပဲ မျက်ရည်များစီးကျလျက် ။ ။ အမေက ဆိုင်ရှင်ဆီသွားချိန်တွင်ပင် ကိုကြီးနိုင်မင်း က သူတို့အနား ရောက်လာရင်း

“မင်းမင်း.. ငိုမနေနဲ့လေ ဒီမှာ အစ်ကိုတို့ရှိနေမှာပဲကို အလတ်ကောင် မင်းမင်း သာ ရွာမှာ အမေနဲ့ နေရင် ပထွေးနဲ့အဆင်ပြေမယ်ထင်လား ငါတို့မျက်စိအောက်မှာရှိတာက ငါတို့ စိတ်ချရတယ်လေကွာ မငိုကြနဲ့ ငါ့ညီတို့ရာ”

ကိုကြီးနိုင်မင်း ထွေးပွေ့လာသောလက်ဝယ် အောင်ဝင်းငြိမ်နေမိရင်း ညီငယ်မင်းမင်းကိုပါထွေးပွေ့တော့ အနည်းငယ် အားတက်လာဟန်နှင့် မင်းမင်းမျက်နှာလေး ကြည်လင်လာသည်။

“နိုင်မင်းရေ.. စား ပွဲ အသစ်လာတယ်ဟေ့ ဘာစားမလဲမေးပါဦး”
ဆိုင်ရှင် ဦးဝကြီးစကားကြောင့် ကိုကြီးနိုင်မင်း ကပျာကသီထွက်သွားတော့ အောင်ဝင်းလည်း ကျလုဆဲဆဲမျက်ရည်ကို ထိန်းမိရင်း စားပွဲထိုးရန် ထွက်လာလိုက်သည်။ ညီငယ်လေးကတော့ စားပွဲခုံများကြားဝယ် မျက်နှာလေးအငယ်သားနှင့် မက်တပ်ရပ်လျှက်..။


@@@@@@@@@@@@@@@@@@@


“ဦးဝကြီးရယ် ကျွန်မ တော်တော် အသုံးလိုနေလို့ပါတော် သုံးလစာ ကြိုပေးပါရှင် တောင်းပန်ပါတယ်”

“ဟာ.. မိအေးရယ် နင်ကလည်း ကလေးတွေကိ တစ်လစာတော့ ပေးသုံးလိုက်ပါဦးလားဟ သူတို့လည်းလိုချင်တာရှိမှာပေါ့”

“အို… ဘာသုံးစရာရှိမှာလဲ ဦးဝကြီးရဲ့ ထမင်းစားလည်း ဒီလက်ဖက်ရည်ဆိုင်မှာပဲဟာကို အဝတ်အစားလည်း ဝယ်စရာမလိုဘူးလေ ဦးဝကြီးတို့ က ဆင်ပေးနေတာပဲကို ကျွန်မက ရွာမှာတော်တော် အသုံးလိုနေလို့ပါရှင်”

ကြားနေရသောစကားသံတွေအား နားပိတ်ထားခွင့်ရှိလျှင်ဖြင့် ပိတ်ထားချင်ပါသည်။ ခုတော့ အောင်ဝင်း၏ ရင်ဝယ် ဒေါသတို့က တလူးလူးတလွန့်လွန့်ဖြစ်ချေပြီ။ သူတို့ညီအစ်ကို သုံးယောက်လုံး ဦးဝကြီးဆိုင်ဝယ် ဘယ်လောက်ကြာအောင် နေရဦးမလဲ ဟူသော အတွေးဖြင့် စိတ်တို့က တင်းကျပ်လာသည်။

…..

“ကိုကြီး သား အမေနဲ့ ပြန်လိုက်ရမှာလားဟင်”

ညီငယ် မင်းမင်းအမေးကို အောင်ဝင်းမဖြေရက်။ သက်ပြင်းတစ်ချက်ခိုးချလိုက်မိရင်း ကိုကြီးနိုင်မင်းကို လှည့်လိုက်တော့ ကိုကြီးလည်း သက်ပြင်းခိုးချလိုက်သည်ကိုတွေ့ရ၏။ ညီငယ် မင်းမင်းက အမေကို အရမ်းတွယ်တာတက်သော ကလေး။ မင်းမင်းကို ပို့စက ခြောက်လလောက်သာ ဟုဆိုခဲ့ပြီး သူတို့သုံးယောက်လစာ ခြောက်လစာကို အမေ ကြိုထုတ်ပြီး ရွာပြန်သွားသည်။ ခုတစ်ခေါက်လည်း လစာ ကြိုထုတ်သွားပြီ လို့ သူ ဘယ်လိုလုပ်ပြီး မင်းမင်းကို ပြောရမည်လဲ။

“မင်းမင်း.. ဟိုဝိုင်းကို အရင်သွားလိုက်ပါဦး.. ဘာမှာ မှာလဲလို့”

ကိုကြီးနိုင်မင်း၏ စကားအလွှဲဝယ်
“ဟုတ်”  ဟု ခေါင်းညိမ့်ကာ ထွက်သွားသော ညီငယ်လေးကို စိတ်မကောင်းစွာကြည့်မိရင်း ပုခုံးအား ရုတ်တရက် လှမ်းဖက်ခံလိုက်ရမှုကြောင့် ကြည့်လိုက်မိတော့ ကိုကြီးနိုင်မင်း။

“အင်း.. မင်းလည်း အဖျော်ဆရာဆီမှာ ကောင်းကောင်းသင်ကွာငါလည်း အကြော်ဆရာဆီမှာ တတ်အောင်သင်မယ် ငါတို့နှစ်ယောက်လစာတိုးလာရင် အမေ ညီလေးကို ပြန်ခေါ်မလားမသိပါဘူး”
သုံးနှစ်စီ အသက်ကွာဟသော သူတို့ ညီအစ်ကို သုံးယောက်တွင် အမေ့အား မကျေမနပ် ဖြစ်သူ ဟူ၍ အောင်ဝင်းတစ်ယောက်သာရှိသည်လေ။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@


“နိုင်မင်း သားမှာ စုထားတဲ့ ပိုက်ဆံ ရှိသေးရင် အမေ့ကို ပေးလိုက်စမ်း”
အမေ့  မေးစကားကြောင့်ကိုကြီးနိုင်မင်းရှေ့ဝယ် သူရပ်လိုက်မိရင်း ပြောလိုက်မိသည်။
“အမေ ကျွန်တော်တို့ လစာတွေ ယူပြီးပြီလေ. ဘာလို့ ဒီဟာတွေ ထိ လိုက်တောင်းနေရတာတုန်း အမေ့ယောင်္ကျားက ဘာအလုပ်မှ မလုပ်ဘူးလားဗျ”
ရိုက်ရန်ဟန်ပြင်လိုက်သော အမေ့လက်ကို ရိပ်ခနဲ မြင်လိုက်ရသောကြောင့် မျက်လုံးစုံမှိတ်လိုက်မိသော်လည်း အခါတိုင်းလို သှူုပါးပေါ် ကျမလာခဲ့။ မျက်လုံးဖွင့်ကြည့်လိုက်မိတော့ ကိုကြီးနိုင်မင်းက သူနှင့် အမေ့ကြားတွင် ရောက်နေသည်။

“အောင်ဝင်း မင်းကို ဦးဝကြီး ခေါ်နေတယ်..သွားလိုက်ဦး”
ကိုကြီးနိုင်မင်း ပြောစကားကြောင့်သာ ထွက်လာရသော်လည်း ဦးဝကြီး ဆီ သူမသွားဖြစ်။ သူ့ကို မမြင်နိုင်လောက်သည့် နေရာတွင် ရပ်ကာ ကိုကြီးတို့အား ငေးကြည့်မိတော့ ရင်ဝယ် နင့်ခနဲ။ သူနျင့် ကိုကြီးနိုင်မင်းစုထားသည့် စုဗူးလေးက ကိုကြီးနိုင်မင်းလက်ထဲဝယ ဖွင့်လျက်သား။ ဆိုင်သို့ လာသည့် ဖေါက်သည်တွေသည် သူတို့ ညီအစ်ကိုသုံးယောက်အား ချစ်ခင်၍ မုန့်ဖိုးများပေးသွားတိုင်း သူတို့ ညီအစ်ကိုစုထားသည့်ပိုက်ဆံ။ ဒီတစ်ခေါက်တော့ ညီလေးမင်းမင်းကို အဝတ်အစားသစ်လေး ဝယ်ပေးမည်ရယ်လို့ အားခဲထားခြင်း။ ခုတော့ ဘာတတ်နိုင်မည်လဲ။

“ရော့ အမေ အကြော်ဆရာဆီ သား သွားလိုက်ဦးမယ်”
ပိုက်ဆံတွေကို မရေပဲ ပေးသွားသော ကိုကြီးနိုင်မင်းအားကြည့်ရင်း သူ့မျက်ဝန်းဝယ် မျက်ရည်စတို့ ဝေ့သီလာပြန်သည်။ မျက်ရည်စတို့အား အသာအယာသုတ်ရင်း ဦးဝကြီးဆီ သွားဖို့ရန်ပြင်တော့ မင်းမင်း၏ အသံသဲ့သဲ့ကြားရသဖြင့်ပြန်လှည့်ကြည့်မိလိုက်သည်။

“အမေ့ သားစုထားတာလေးတွေ..”
နှစ်ဆယ်တန် အထပ်လိုက်ကလေးတွေ အမေ့အား ပေးနေသော မင်းမင်း။

@@@@@@@@@@@@@@@@@@@@@@@@@.


“သူတို့ အမေက အရမ်း ရက်စက်တာလေ ကလေးတွေ လစာကို လမကုန်ခင် ကြိုကြိုထုတ်သွားတာ.. ကလေးတွေ သုံးဖို့ လည်း နည်းနည်းလေးမှ မချန်ခဲ့ဘူး နောက်ယောင်္ကျားနဲ့ ရွာမှာ နေတာလေဘာအလုပ်မှလည်း မလုပ်ဘူး တော်သေးတာ ကလေးထပ်မရလို့ပေါ့.. ကလေးများထပ်ရရင် ဒီလိုပဲ ခိုင်းစားဦးမယ်ထင်ပ”

မပြောပါနဲ့။ သူ နားတို့ ပိတ်ထားချင်မိသည်။ ဦးဝကြီး ၏ ညီမဖြစ်သူက လက်ဖက်ရည်ဆိုင်သို့ လာစားနေကျ ဖေါက်သည် ညီအစ်မနှစ်ယောက်အား သူတို့အကြောင်း ပြောပြနေခြင်းပင်။ အမှန်စကားတွေ ဖြစ်သော်လည်း ခံရခက်လွန်းလှပါသည်။ ဘယ်သူကကော ကိုယ့်အမေ မကောင်းကြောင်း နားထောင်ချင်မည်လဲ။ ကိုကြီးနှင့် ညီငယ်မင်းမင်းကို ကြည့်မိတော့ သူတို့လည်း မကျေမနပ်ဖြစ်နေဟန်နှင့်။

ဟော မင်းမင်း မျက်ရည်တွေ ဝိုင်းလာချေပြီ။ ကိုကြီးနိုင်မင်းက မင်းမင်းဘေးမှ တတွတ်တွတ်နှင့် ချော့နေသည်။

ဦးဝကြီးတို့ မိသားစု စိတ်ထားကောင်းကြပါသည်။ အဝတ်အစားဆိုလည်း ပေးသည်။ ပညာဆိုလည်း မင်းမင်းကို စာရေးတတ်ဖတ်တတ်အောင် သူငယ်တန်းထိ သင်ပေးခဲ့သည်ပဲ။ နောက်ပိုင်း ဆိုင်ရောင်းအား ကောင်းလာလို့သာ မင်းမင်းကို တစ်တန်း ပေးမတက်တော့ခြင်းပင်။ ပွဲတော်ရက်တွေ ရှိလျှင်လည်း မုန့်ဖိုးပေးသည်သာ။

သို့သော်..အဲ့ဒီ သို့သော်ကဖြင့် တော်တော်ဆိုးလှသည်။ မအေမကောင်းကြောင်း ကြားသိနေရသည့် သားသမီးနေရာတွင် သူတို့လည်း ခဏလောက်တော့ ရောက်စေချင်စမ်းလှပါသည်လေ။

မင်းမင်းနှင့် ကိုကြီးကိုကြည့်ရင်း သူတွေးမိသည်။ သည်လိုအပြောခံနေရချိန်၊ ကြားနေရချိန်ဝယ် သူတို့က အသနားခံ မျက်နှာများနှင့် နေပြကြရမည်လား။ မနေချင်၊ မနေချင်ပါလေ။ နဂိုကမှ အမေ့ကိုဆို မုန်းချင်လှပြီဖြစ်သော အောင်ဝင်း သည်စကားတွေကြောင့် ပိုမုန်းမိသွားချင်သည်။ ဘာပဲဖြစ်ဖြစ် တချိန်ချိန်မှာတော့ မင်းမင်းကို ပညာတတ်ကြီး ဖြစ်စေချင်လှသည်။ သူနှင့် ကိုကြီးနိုင်မင်းက သေစာ၊ ရှင်စာလောက်သာတတ်သည်မလား။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@

အိပ်ပျော်နေသော ကိုကြီးနှင့် မင်းမင်းကို ကြည့်ရင်း စိတ်ထဲဝယ် တောင်းပန်ခြင်းမျာစွာနှင့်။ သို့သော် ခိုင်မာသည့် ဆုံးဖြတ်ချက်ကတော့ မပြောင်းလဲ။ တစ်နေ့ ပြန်လာခေါ်မည် ဟုသာ တီးတိုးကတိပြုမိရင်း။ ကြီးမားလှသည့် အမှောင်ထုထဲသို့ တိုးဝင်ရင်း လမ်းစရှာရမည့်အဖြစ်ကို သူလည်း ကြောက်လှပါသည်။ သို့သော်ဒီအတိုင်းတော့ မဖြစ်သေး။ မင်းမင်းအတွက် တစ်ခုခု လုပ်ပေးနိုင်အောင်တော့ ကြိုးစားရမည်။
မင်းမင်းရေ ကိုလတ် ပြန်လာခေါ်မယ်နော် ..ဟု ရေရွတ်ရင်း မင်းမင်း၏နားသယ်ရှိ ဆံစလေးတစ်ချို့သပ်ပေးမိတော့ မင်းမင်း၏ ခန္ဓာကို အနည်းငယ် လူးလွန့်သွားသည်။ ကိုကြီးနိုင်မင်းကို ကြည့်လိုက်မိတော့ သူ့ရင်ဝယ် ထိတ်ခနဲ။ ကိုကြီး၏ မျက်တောင်ဖျားအောက် အလင်းသဲ့သဲ့ ပြန်နေတာလေးများသည် မျက်ရ်ာစများဖ်ြလေသလား။ သူမဝေခွဲတတ်စွာ ခေါင်းခါယမ်းလိုက်ရင်း အဝတ်အိတ်ကို ကျောပိုးလိုက်သည်။ နှုတ်ဆက်ခဲ့တယ် ကိုကြီါ်နဲ့ ညီလေးရယ်.. တနေ့ ကျွန်တော် ပြန်လာခဲ့ပါ့မယ်  ဆိုသော စကားတို့ကတော့ နှုတ်မှမဖွင့်ဟသော်လည်း စိတ်ဝယ်အကြိမ်ကြိမ်မြည်တမ်းလျှက်…။


“ဟ ဟုတ်မှလည်း လုပ်ပါ ငါ့တူရာ မင်းတကယ်ဖျော်တတ်တာသေချာလား”
မယုံသင်္ကာဟန်နှင့် မေးလိုက်သော ဦးလေးကြီးကို သူပြုံးကြည့်လိုက်မိရင်း..
“ဟုတ်ကဲ့ စမ်းခိုင်းကြည့်ပါ ဦး”

ဆိုင်အတော်များများဝင်အပြီးမှာတော့ သူ သည်ဆိုင်လေးမှာ အလုပ်လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။ တစ်လ လစာ သုံးသောင်းဆိုသည်မှာ မက်မောစရာကောင်းလှသည်။ အရင် ဦးဝကြီးတို့ ဆိုင်တွင် သူတို့ညီအစ်ကို သုံးယောက်ပေါင်းမှ ငါးသောင်းခွဲပဲရှိသည်။
မင်းမင်းအတွက်က တစ်သောင်း၊ ကိုကြီးက သုံးသောင်း၊ သူ့အတွက် တစ်သောင်းခွဲ။ မင်းမင်းရေ ညီလေး သိပ်မကြာခင် အစ်ကိုပြန်လာခေါ်မယ်ကွာ..ဟု မင်းမင်းအား တီးတိုးကတိပေးမိရင်း သုံးစုံသာပါသော အဝတ်အစားအိတ်ကို ဖျာပေါ်တင်လိုက်သည်။ သည်နေ့မှစ၍ သူ ဒီဆိုင်တွင် နေရတော့မည်မဟုတ်ပါလား။


@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

“ သား .. အောင်ဝင်း အမေလေ သားဒီမှာရှိတယ်ဆိုလို့ လိုက်လာတာ..”

သူ စကားမဆိုမိ။ သည်မိခင်ရဲ့ လောင်းရိပ်အောက်မှ သူလွတ်မြောက်ပြီ ထင်ခဲ့မိသည်။ ခုတော့.. လေးလပဲရှိသေးသည်။ သူ့ကို ရှာတွေ့ချေပြီပဲ။ သူတို့နှစ်ယောက်ကို ဆိုင်ရှင် မိသားစုနှင့် သူ့လို ဘဝတူ အလုပ်သမားလေးများကလည်း ငေးကြည့်လျက်။

“အမေလေ..အမေ ဟိုလူနဲ့လည်း ကွဲသွားပြီ မင်းမင်းကို ခုလာခေါ်တာ ရွာမှာ အမေတစ်ယောက်တည်းဆိုတော့လေ.. ”

မင်းမင်း ညီလေး စိတ်ချမ်းသာပြီပေါ့။ မင်းမင်းအတွက် သူ ပျော်လိုက်မိပါသည်။

“ဦးဝကြီး ဆိုင်ကိုပဲ ပြန်လာပါ သားရယ်.. အဲ့ဒါမှ မင်းမင်းကို အမေ ခေါ်သွားလို့ရမှာ”

မင်းမင်းကို အမေ ခေါ်သွားလို့ရမှာ ..ဟူသည့် စကားကြောင့် သူ ခေါင်းကို ခပ်လေးလေး ညိမ့်ပြမိလိုက်သည်။ ညီလေးအတွက် ဦးဝကြီး ဆိုင်ကို သူ ပြန်ပါမည်။ သို့သော် လစာတော့ တိုးတောင်းရပေမည်။
..

“ဟေ့ကောင် အောင်ဝင်း ညီလေး”

အားပါးတရ အော်ရင်း ပြေးဖတ်လာသော ကိုကြီးနိုင်မင်းအား သူ ပြန်ဖတ်မိရင်း ဆိုင်ထဲသို့ မျက်လုံးတို့ ဝေ့ဝဲကာ ရှာမိတော့ တွေ့ပါပြီ။ ညီငယ်မင်းမင်း..။

“ကိုလတ်.. နေနိုင်လိုက်တာ ကိုလတ်.. သားကိုတောင် ထားခဲ့တယ်”

မျက်ရည်တို့ စီးကျနေသော ညီငယ်မင်းမင်းက သူ့အား ပြေးဖတ်ဖို့ထက် ထိုစကားကိုသာ ဆိုရင်း စားပွဲထိုးဖို့ရာသာပြင်ဆင်နေသောအခါ သူ ညီငယ်ဆီ ပြေးသွားမိရသည်။ ထားခဲ့တာ မဟုတ်ပါဘူး ညီလေးရယ်..ထားဖို့ စွန့်စားခဲ့ရတာပါ ဟူသည့် စကားသံကတော့ အပြင်သို့ ထွက်မလာခဲ့။ ညီငယ်ကိုသာ အသက်ရှုကျပ်လောက်အောင်ထိ ဖတ်ထားလိုက်မိရင်း…။
…..
“အောင်ဝင်း မင်းဘာလို့ ပြန်လာတာလဲကွာ”

အစ်ကိုဖြစ်သူ နိုင်မင်း အမေးစကားကြောင့် အောင်ဝင်း အသာအယာ ပြုံးမိရင်း ပြန်ဖြေလိုက်သည်။

“မင်းမင်း ရွာပြန်လိုက်သွားလို့ရအောင်လို့ပါ”

“မင်း ပြန်လာတာ ဝမ်းသာပေမဲ့ အမေက နောက်ကျရင် မင်းမင်းကို ပြန်လာထားဦးမှာပဲ”

“ဘာ့လို့လဲ”

မစဉ်းစားတတ်စွာ သူမေးမိတော့

“ဟိုလူနဲ့ အမေက ခဏပဲ ရန်ဖြစ်တာပါ ပြီးရင် ပြန်လာမှာပဲ ခု ရန်ဖြစ်တယ်ဆိုတာကလည်း သူ အသုံးမလောက်တော့လို့ ဖြစ်တာ”

သူသက်ပြင်းချရင်း တီးတိုးစကားဆိုမိတော့သည်။

“သည်လို အမေနဲ့ တွေ့ဆုံဖို့ ကျွန်တော်တို့ကိုက ကံပါလာတယ်ထင်ပါတယ် ကိုကြီးရယ် အဖေရှိရင်ကော ဒီလိုဖြစ်ပါ့မလား”

“ဒီလိုမတွေးပါနဲ့ ငါ့ညီရယ် ဘာပဲဖြစ်ဖြစ်လေ မင်းမင်းခဏတော့ အမေနဲ့ အတူနေခွင့် ရမှာပါ”

“အင်း..”

သူခေါင်းညိမ့်မိရင်း မင်းမင်းကို ကြည့်မိတော့ သူ့လက်ကို မလွှတ်တမ်း ဆုပ်ကိုင်ရင်း နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

“အိပ်ရအောင်ဗျာ.. မနက်လည်း သုံးနာရီလောက်ထရမှာကို အိပ်ရအောင် ကိုကြီး.”
………………

“သား ရွာ ပြန်မလိုက်တော့ဘူး အမေ..်”

မင်းမင်း ဆိုစကားကြားမိတော့ အောင်ဝင်း အံ့အားသင့် သွားမိသည်။

“မင်းမင်း ညီလေးပဲ လိုက်ချင်တယ်ဆို ဒါ့ကြောင့်မို့ အစ်ကို ပြန်လာတာလေ”
မင်းမင်း ခေါင်းခါရင်း ပြောလိုက်သည့် စကားကြောင့် သူ ညီငယ်အား အသနားပိုစွာ ဖက်ထားလိုက်မိသည်။ မင်းမင်းပြောလိုက်သည်က

“ သည်မှာမှ ကိုကြီးနဲ့ ကိုလတ်က သားကို ချော့တာဘာညာရှိသေးတယ် ပွဲတွေဘာတွေ လိုက်ပို့တာ ရှိသေးတယ်.. ဟိုမှာဆိုရင် အမေက သားကို လှည့်ကြည့်မှာ မဟုတ်ဘူး..” တဲ့လေ။ ဦးဝကြီးဆိုင်သို့ မင်းမင်းရောက်တာပင် နှစ်နှစ်ကျော်ပြီဆိုတော့လည်း သိတတ်နားလည်သည့် အရွယ်သို့ဝင်လာပြီဆိုသည်ကို သူမေ့နေမိပြီထင့်။ ညီလေးရယ်..ဟုသာ ရေရွတ်မိရင်း ဖတ်ထားသည့်လက်တို့ကိုတော့ ဖြေလျော့ဖို့ မေ့လျော့စွာ…။

@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
ရည်ဝေ

2 comments:

Anonymous said...

သနားဖို့ကောင်းတဲ့ ညီအစ်ကိုသုံးယောက်..
အမေဖြစ်သူက တော်တော်ရက်စက်တဲ့သူပဲ။ ဒါမျိုးအမေကျ ဘယ်လိုပြောရမလဲ..။ စုန်ရေ နဲ့ ဆန်ရေ ကွာသွားတယ်။

ချစ်ခင်လျက်
အဖြူလေး

စံပယ်ချို said...

အမေ ဆိုတာအဲဒီလိုလားဟယ် အံ့သြဖို့ကောင်းလိုက်တာနော်
သူတို့ညီအကိုသုံးယောက်အဖြစ်ကလဲ ဘယ်လိုပြောရမှန်းကိုမသိရအောင်
စိတ်ထဲမှာ ခံစားရတယ်
ခင်ခင်မင်မင် jasmine

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်