Saturday 24 August 2013

အမှားပျောက်သော တစ်နေ့နေ့


သူ ကျွန်တော် ဝေးကွာခဲ့တာကြာပြီဖြစ်သည်။
သူမှားသလား။ ကျွန်တော်မှားသလား။
အမှားတစ်ခုကို အစဆွဲထုတ်ကြည့်ပါဦးမည်။

ကဗျာတစ်ပုဒ်အကြောင်း သူက အစအဆုံးသိသလောက် ကျွန်တော်က သူရှင်းပြသလောက်ကိုပဲ နာယူတတ်ခဲ့သူဖြစ်သည်။ ဝတ္ထုတစ်ပုဒ်အကြောင်းကို သူက ဝေဖန်ပိုင်းခြားတတ်သလောက် ကျွန်တော်ကတော့ စာဖတ်သူသီးသန့်အနေအထားသာရှိသည်။ သို့သော် သူသည် စာချစ်သူတစ်ယောက်ဖြစ်၍ ကျွန်တော်သည်လည်း စာချစ်သူတစ်ယောက်ဖြစ်နေသည်ကတော့ သေချာပါသည်။ သူက စာရေးဆရာများအပေါ် ရူးသွပ်သလောက် ကျွန်တော်ကတော့ စိတ်နှင့် အစပ်အဟပ်တည့်သော စာများကိုသာ ရှာဖွေဖတ်ရင်း သူကဲ့သို့ စာရေးဆရာများအပေါ် မရူးသွပ်မိခဲ့။ စိတ်နှင့် အစပ်အဟပ်တည့်သော စာရေးသားသူ ဆရာဆိုလျှင် နာမည်လောက်သာ မှတ်ထားပြီး နောက်ထပ်ဝယ်သော စာအုပ်များတွင် ထိုစာရေးဆရာများသာ တိုးလာတတ်ခဲ့သည်။
ဟုတ်၏။ သူသည် ဗဟုသုတဟင်းလေးအိုးကြီးဆိုလျှင် ကျွန်တော်က မဆလာတစ်ထုပ်သာဖြစ်သည်။ သူကဲ့သို့ ဗဟုသုတ မကြွယ်ဝပဲ ကိုယ်လေ့လာလိုက်စားချင်သော ပညာရပ်မှာသာလျှင် ကျွမ်းကျင်မှုရှိပါသည်။ သူက စာရေးဆရာ ဖြစ်ဖို့ ရည်မှန်းချက်ရှိသူဆိုလျှင် ကျွန်တော်က သူရေးသည့်စာများကို မနားတမ်းဖတ်ပေးမည်ဆိုသည့် ကတိကို ပေးနိုင်သည့် အဆင့်တွင်သာ ရှိပါသည်။

သေချာတာကတော့ သူသည် ကျွန်တော်၏ သူငယ်ချင်းကောင်း အဆင့်တွင်ရှိလျှက် ကျွန်တော်သည် သူ၏ သူငယ်ချင်းကောင်းအဆင့်တွင် ရှိနေပါသည်။
သူ နှင့် ကျွန်တော့်ကြား မာနလေးများ ခပ်ပါးပါးစည်းချထားသည်ဟု ကျွန်တော် ယုံကြည်သည်။ ထိုမာနစည်းကို ကျော်ဖြတ်ရန် သူကလည်း မရဲဝံ့သလို ကျွန်တော်ကလည်း မရဲဝဲ့ခဲ့ပါ။
ရင်ဖွင့် ပေါင်း၍ရသော သူငယ်ချင်းနှစ်ယောက်ကြား ခြားနေသော မာနကို တိုက်ဖျက်ဖို့ သူကော ကျွန်တော်ပါ ကြိုးစားခဲ့သည်ကတော့ အသေအချာ။ သို့သော် မအောင်မြင်ခဲ့ခြင်းကပင် သူနှင့်ကျွန်တော့်အတွက်ဝေးကွာခြင်းတို့ ဖန်ဆင်းခဲ့ပြီဖြစ်သည်။ သို့သော် စိတ်ချင်းနီးစပ်နေသည်ဟုလည်း ယုံကြည်နေမိပြန်သေးသည်။
သူနှင့် ကျွန်တော့်ကြား နေရာယူလာသော ဝေးကွာမှုတို့တွင် စိမ်းသက်မှုများ မရှိခဲ့ခြင်းသည် သူနှင့် ကျွန်တော့်အတွက် ကံကောင်းမှုတစ်ခုပင်ဖြစ်သည်။ စိမ်းသက်မှုတို့ မရှိငြား နှလုံးသားချင်းရင်းနှီးမှုအတွက် ဝေးကွာမှုတို့ကို ကျွန်တော် ပြန်လည် အဖြေရှာရပါမည်။
-+-
ကျွန်တော်နှင့် ခင်သူအတော်များများက ကျွန်တော့်ကို ဝေဖန်ကြသည်။ မာနကြီးလွန်းသည် တဲ့။ သူ့အတွက်ဆို ကျွန်တော့်မာနတရားကို အဆင့်နှိမ့်ပေးခဲ့သည်ကိုတော့ ကျွန်တော်ကိုယ်တိုင် သေချာခဲ့ပါသည်။ သူကိုယ်တိုင်လည်း ထိုနည်းလည်းကောင်းဖြစ်မည်ဟု ယုံကြည်မိသည်။
သူ အရင်ကလို ကျွန်တော်နှင့်တွေ့တိုင်း ပြုံးမပြတော့။ သူ အရင်ကလို ကျွန်တော့်ကို တွေ့တိုင်းမခေါ်တော့။ သူ အရင်ကလို ကျွန်တော်နှင့် စကားတို့ ဖေါင်မဖွဲ့တော့။
သူနျင့် ကျွန်တော့်ကြား ခြားထားသော မာနစည်းပါးပါးသည် တစ်စုံတစ်ရာနှင့် ပေါင်းစပ်ကာ အင်အားကြီးမားသည့် ထုထပ်ခိုင်ခံ့သော နံရံတစ်ခုဖြစ်သွားသည်ကတော့ သေချာနေပါသည်။ ထိုအရာကို ဖြိုခွဲရန် ကျွန်တော်ကြိုးစားနေပါသည်။ သူကော ကြိုးစားပါမည်လား။ သို့မဟုတ် ကျွန်တော့်ကိုသာမန်ကာ လျှံကာသူငယ်ချင်းတစ်ယောက်အဖြစ် မေ့သွားလေမည်လား။ ကျွန်တော် စိုးရိမ်နေပါသည်။ သူနှင့် ကျွန်တော့်အတွက် ချရန်ခက်ခဲလှသော ညီမျှခြင်းကို ချဖို့ ကျွန်တော်ကြိုးစားနေခဲ့သည်ကို သူ သိစေချင်လှပါသည်။
သို့သော် ခပ်ပါးပါးကျန်ရှိနေသော မာနတရားက ထုတ်ဖေါ်ဖို့ တားဆီးနေပြန်သည်။
လွမ်းသည်။
ကျွ်တော့်အိပ်မက်တွေကို သူ့အား တခုတ်တရ ဖွင့်ပြောပြခဲ့သော နေ့တို့ကို လွမ်းသည်။ ကျွန်တော့်ဘဝအမောတွေကို သူ့ကိုပြောရင်း ဖြေလျော့ခဲ့သော နေ့တို့ကို လွမ်းသည်။ ကျွန်တော့်တစ်နေ့တာကို သူ့ကို ဖွင့်ပြောပြရင်း ကျွန်တော့်ဒိုင်ယာရီလေးအဖြစ် ထားရှိခဲ့သော နေ့တို့ကို လွမ်းသည်။
လွမ်းသည်။
သူ့အိပ်မက်တွေကို တခုတ်တရ ဖွင့်ပြောခဲ့သောသူ့လေသံလေးကို လွမ်းသည်။ သူ့ဘဝအမောတွေကို သရော်သံစွတ်ပြီး ပြောတတ်သော သူ့လေသံလေးကို လွမ်းသည်။ သူ့တစ်နေ့တုကို ဖွင့်ပြောပြရင်း ကျွန်တော့်ကို သူ့ဒိုင်ယာရီလေးအဖြစ်ရှိနေစေခဲ့သော နေ့တို့ကို လွမ်းသည်။
သူ့စိတ်အနည်မထိုင်မှုတို့ကို ကျွန်တော်သိခွင့်ရှိသော နေ့တို့ကို လွမ်းပါသည်။ ကျွန်တော့်စိတ်အနည်မထိုင်မှုတို့ကို သူသိခွင့်ရှိသော နေ့တို့ကို လွမ်းပါသည်။ သူနှင့် ကျွန်တော်သည် ချစ်သူ မဟုတ်ခဲ့ပါ။ ချစ်သူထက်ပိုသော သူငယ်ချင်းများ ဖြစ်ပါသည်။
သူ့အတွက်ဆိုလျှင် ကျွန်တော် ညလုံးပေါက် အိပ်ရေးပျက်ကာ တွေးပူဖူးသည်။ သူကော ကျွန်တော့်အတွက် စိတ်ပူဖူးသလားဟု ကျွန်တော်မသိပါ။ သေချာတာကတော့သူ့နှလုံးသားကို ကျွန်တော်ယုံကြည်နေပါသည်။ သူသည် သိခွင့်မကြုံသေးသော ကျွန်တော့်ဘဝအရေးတို့အတွက် စိတ်ပူနေပါလိမ့်မည်။
နီးစပ်ခြင်း ဝေးကွာခြင်းကို တိုင်းတာမိသမျှ သူနှင့်ကျွန်တော့်ဝေးကွာခြင်းဆိုသည်မှာ စကားလက်ဆုံမကျရုံနှင့် သူ့အကြောင်း မသိရရုံလောက်၊ ကိုယ့်အကြောင်း သူ့မပြောရသေးရုံလောက်သာ ရှိပါသေးသည်။ တကယ်ဆို သူနှင့် ကျွန်တော့်ကြား ဝေးကွာခြင်းတံတိုင်းပိုကြီးမားလာခြင်းမှာ အချိန်မလုံလောာက်မှုကြောင့်သာ ဖြစ်နိုင်ပါသည်။ သူသည်လည်း အလုပ်များသော ဝန်ထမ်းတစ်ဦးဖြစ်သလို ကျွန်တော်သည်လည်း အလုပ်များသော လူတစ်ယောက်ဖြစ်နေသည်။ သူ့အတွက်အရင်လို အချိန်မပေးနိုင်တော့သလို ကျွန်တော့်အတွက်လည်း သူ အချိန်မပေးနိုင်တော့တာသာ ဖြစ်သည်။

တစ်ချိန်ချိန်၊ သူသည်လည်း မီလျှံနာသူဌေးတစ်ဦးဖြစ်၍ ကျွန်တော်သည်လည်း မီလျှံနာတစ်ဦးဖြစ်သော ဘဝတွင် သူနှင့် ကျွန်တော် စကားလက်ဆုံပြန်ကျနိုင်ပါလိမ့်မည်။
ယခုအချိန်မှာတော့ နှလု့းသားချင်းနီး၍ အနေဝေးကွာနေသော သူငယ်ချင်းတစ်ယောက်ကို လွမ်းဆွတ်နေရုံမျှသာ တတ်နိုင်ပါတော့သည်။
-+-
သူ ကျွန်တော် ဝေးကွာနေပါသည်။
ဝေးကွာခြင်းအဖြေကိုလည်း ရှာတွေ့ပြီဖြစ်ပါသည်။
သူနှင့် ကျွန်တော် ကိုရီးယားဇာတ်ကားတွေထဲကလို ဆိုဂျူသောက်ချိန်မရပါ။ သူ့အားချိန်သည် အိပ်ချိန်ဖြစ်နေသလို ကျွန်တော်အားချိန်သည်လည်း အိပ်ချိန်ဖြစ်နေပါသည်။ သူနှင့်ကျွန်တော် ကိုရီးယားဇာတ်လမ်းတွဲများထဲကလို ဖုန်းနေ့စဉ်မပြောနိုင်ပါ။ ဖုန်းခ ဈေးကြီးလွန်းပါသည်။ သူနှင့် ကျွန်တော် တစ်ယောက်ကိုတစ်ယောက်လွမ်းနေပါသည်။ သို့သော် I miss you ဆိုသည် မက်ဆေ့ဂ်ျလည်း မပို့ကြပါ။ မက်ဆေ့ဂ်ျတစ်စောင်၂၅ကျပ်ကောက်သော မြန်မာနိုင်ငံဖြစ်နေပါသည်။
သို့သော် သူနှင့် ကျွန်တော်သည်မြန်မာနိုင်ငံသားများဖြစ်ပါသည်။ ရင်းနှီးနွေးထွေးသော သူငယ်ချင်းအစဉ်အလာကို လက်ဆင့်ကမ်းသယ်ဆောင်လာကြသူများဖြစ်ပါသည်။ သူ ကျွန်တော် ဝေးကွာနေကြသော်လည်း စိတ်ချင်းနီးစပ်နေသည်မို့ တစ်ချိန်ချိန် ကိုသာ မျှော်လင့်ရပါတော့မည်။ မြန်မာနိုင်ငံတွင် လူတစ်ဦး၏ အခြေခံလစာဖြင့် တစ်မိသားစုလုံးစားသောက်နိုင်သည့် အချိန်၊ ဖုန်းခေါ်ဆိုခနှုန်းထားများ ကျဆင်းသွားသည့်အချိန်၊ သို့မဟုတ် အင်တာနက်သုံးနှုန်းခများသည် နေ့စဉ်ဝင်ငွေကို မထိခိုက်နိုင်လောက်သည့်အချိန်တွင်တော့ သူနှင့် ကျွန်တော် စကားလက်ဆုံကျဖို့ရာ အခွင့်အလမ်းများပြားလာမည်ဟု ထင်ပါသည်။
ထို တစ်နေ့နေ့ကို ကျွန်တော် မျှော်လင့်နေပါသည်။
အမှားစသည် သူ့ထံတွင်မရှိသလို ကျွန်တော့်ထံတွင်လည်း မရှိပါ။ အမှားစသည်…။

ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်