Monday 5 August 2013

သက်ရှိနာ

“သက်ရှိနာ”


            ကိုယ် လူဖြစ်ခြင်း၏ အသီးအပွင့်ကို ခံစားနေရသည်။ ကိုယ်သည်အသက်ရှိသော သတ္တဝါအဆင့်မှ လူအဆင့်သို့ အလိုမတူပဲ ရာထူးတိုးမြှင့်ခြင်းခံလိုက်ရသော သာမန်သက်ရှိတစ်ကောင်ဖြစ်သည်။ ကိုယ့်တွင် ဦးနှောက်ရှိပါသလား။ မသိ။ ကိုယ်မသိပါ။ ကိုယ့်တွင်ရှိသော ဦးနှောက်သည်ပုစွန်ဦးနှောက်လို ဗလာဖြစ်နေနိုင်သည်။ သူများခိုင်းမှ လုပ်တတ်သော ကွန်ပြူတာဦးနှောက်ဖြစ်နေနိုင်သည်။ သို့မဟုတ် ဥာဏ်ပညာကြီးရင့်လွန်းသော လူပီသသည့် ဦးနှောက်ဖြစ်နေနိုင်သည်။ လက်ရှိအချိန်မှာတော့ ကိုယ့်တွင် ဦးနှောက်ရှိမရှိ ကိုယ်သေချာရေရာစွာမသိသေး။
            ကိုယ်ရှင်သန်မှုသည် အဆင့်မည်မျှတွင်ရှိနေကြောင်း ကိုယ်မတွက်ချက်တတ်သေးပါ။ ဆာလျှင်စားမည်။ ငိုက်လျှင် အိပ်မည်။ စာကျက်ချိန် စာကျက်မည် ဆိုသည့်အဆင့်မှ အလိုမတူပဲ ဗားရှင်းမြှင့်ခံလိုက်ရသည့်အခါ ကိုယ့်တွင် တစ်ခါမျှ မပေါ်လာဖူးသော အတွေးတို့ဝင်လာချေပြီ။ ကိုယ် မှော်ဆရာ ဖြစ်ချင်သည်။ မှော်ဆရာဖြစ်ချင်လာပြီ။ မှော်ဆရာဖြစ်ချင်နေပြီဖြစ်သည်။

            အပ်ချလောင်းဟု ကိုယ့်စိတ်ကိုယ်ကြီးရင့်စေနိုင်သော အစွမ်းတို့ လိုချင်သည်။ အပ်ချလောင်းဟူ၍ ကိုယ်မကျော်ဖြတ်ချင်သော အစိတ်အပိုင်းတို့ကို ဖြတ်တောက်ချင်သည်။ အပ်ချလောင်းဟူ၍ ကိုယ့်အတွက် မလိုအပ်သော သက်ရှိလူသားတို့ကို ကိုယ့်ဘဝအတွင်းမှ ပယ်ဖျောက်ချင်သည်။ အပ်ချလောင်းဟူ၍ ကိုယ့်ကိုယ်ကို အသက်မဲ့စေချင်လှသည်။ သို့ဆိုလျှင်ဖြင့် လူဖြစ်ခြင်း၏ အသီးအပွင့်တို့မှ ရှောင်ဖယ်နိုင်မယ်လေလား။
            ကမ္ဘာကြီးကထူးဆန်းသည်။ အသက်ရှိသူချင်း အတူတူတောင် လူဆိုသည့် သတ္တဝါကိုကျတော့ ထူးဆန်းကြီးမြတ်လှသည့်ဦးနှောက်ဖြင့် ဖွဲ့စည်းပေးထားသည်။ ငြင်းခွင့်ရှိလျှင်ဖြင့် ကိုယ်ငြင်းချင်လှပါသည်။ ကိုယ် လူမဖြစ်ချင်သေးပါ။ ကမ္ဘာကြီးက လက်ဆောင်ပေးသော သက်ရှိနာကို လက်ခံရန် ကိုယ်အဆင့်သင့်မဖြစ်သေးပါ။ သို့သော် ကိုယ်သည် အလိုမတူပါပဲ  လူအဖြစ်သို့ ဗားရှင်းအမြှင့် ခံလိုက်ရပြီဖြစ်သည်။ ကိုယ်၏ နေထိုင်မှုဇယားတွင် သက်ရှိနာအတွက် နေရာတစ်ခုပေးလိုက်ရပြီဖြစ်၏။ သက်ရှိနာရောက်ရှိလာခြင်းကြောင့် ကိုယ်၏ နေထိုင်မှုပုံစံသည်လည်း ကိုယ်မမျှော်လင့်ထားသော အဆင့်သို့ ပြောင်းရွှေ့လိုက်ရပြီဖြစ်၏။
            ရှင်သန်ခြင်းကို အနာဟု ကိုယ်ဆိုသည်။ ဟုတ်သည်။ ရှင်သန်ခြင်းကြောင့်ကောင်းကျိုးချမ်းသာရသူများသည် လူအဖြစ်သို့ ဗားရှင်းမမြှင့်ရသေးသူများသာရှိ၍ လူဖြစ်ပြီးသည့် ဗားရှင်းမြင့်သူများအဖို့ ကောင်းကျိုးမရှိ။ ကောင်းကျိုးမရှိရှာ။ နေသည်။ နေဖို့အတွက်ကြိုးစားရသည်။ သေသည်။ သေဖို့အတွက်ကျန်ရစ်သူက ကြိုးစားရသည်။ စားဝတ်နေရေးဆိုသည့် သက်ရှိနာကြီးသည် ကမ္ဘာပေါ်တွင် လူမဖြစ်တစ်ဖြစ်ကော၊ လူဖြစ်နေသူများပါ ခံသားနေကြရသည်။ တချို့ လူအဖြစ်သို့ ဗားရှင်းမမြှင့်ရသေးသော်လည်း  သက်ရှိနာကို ခံစားနေကြရသည်။ ဦးနှောက်ကြီးရင့်သူကိုသာမက ဦးနှောက်နုနယ်သေးသူကိုပါ သက်ရှိနာဆိုသည့် ဒဏ်ရာပေးနေသည်ကတော့ ကမ္ဘာကြီး တဆိတ် တရားလွန်လာပြီထင်၏။
(-)
လူနှစ်ယောက်ပေါင်းစပ်ခြင်းကို အဖြေရှာကြည့်တိုင်း ကိန်းသေမဟုတ်ခဲ့တာကိုက လူရဲ့ ထူးခြားမှု။ လူမှာ ဘာများရှိနေလဲ။ သက်ရှိသတ္တဝါဆိုတဲ့ အကြောင်းခြင်းရာကြောင့်လား။
            အသက်ရှိခြင်းကို သေချာဆန်းစစ်ကြည့်တော့ ထူးဆန်းလွန်းသည့် အနာတစ်ခုဖြစ်နေသည်။ အသက်ရှိခြင်းက ပျော်ရွှင်မှုတို့ ပေးသည်။ ဝမ်းနည်းမှုတို့ ပေးသည်။ နာကျင်မှုတို့ ပေးသည်။ ခံစားချက် ဆိုသည့် အရာကို ဖမ်းဆုပ်ခွင့်ရခြင်းသည် သက်ရှိဆိုသော လူဖြစ်ခြင်းကြောင့်သာ။ သက်ရှိသော လူကို တပ်ဆင်ပေးထားကြတာက နှလုံးသား။ ဒီခံစားချက်တွေကို ဖမ်းယူဖို့ နှလုံးသား တပ်ဆင်ပေးထားကြသည်။ ထို့ကြောင့်ပင် ရှင်သန်ခြင်းသည် အနာတစ်ခုအဖြစ် အသက်ဝင်လာသည်။
            အသက်ရှိခြင်းသည်ပင် အနာတစ်ခုဖြစ်သည်ဟု ဆိုလျှင် ……………။
ရှင်သန်ခြင်းသာ အနာတရတို့ ဖြစ်တည်ရာ အစပင်ဖြစ်သည်။ ထိုရှင်သန်ခြင်းကြောင့်ပင် ကိုယ်တို့ နာကျင်ရသည်။ ပျော်ရွှင်ခြင်းအစာကို ကျွေး၍ နာကျင်ခြင်းဒဏ်ရာကို ပေးသည်။ အစာကျွေးသည့်အချိန်တခဏ၌ ပျော်ရသော်လည်း ဒဏ်ရာရသည့်အခိုက်တွင်မူ ပြန်လည်နာလံမထူနိုင်ဘူးဟု ထင်ရလောက်အောင်ထိ နာကျင်ရသည်။
            သူပေးသည့် အစာ၊သူကျွေးသည့်အစာကို လက်ခံရာတွင် သတိလေးကပ်၍ လက်ခံပါမှ တော်ကာကျသည်။ သတိလေးကပ်၍ လက်ခံသူပင်လျှင် နာကျင်ခြင်းဒဏ်ရာကို ရချိန်၌ သေလုမြောပါး ခံစားရသည်မဟုတ်ပါလား။
(-)
           သို့ဆိုလျှင်ဖြင့် ကမ္ဘာကြီးကပေးသောလက်ဆောင် အသက်ရှိခြင်းသည်အဆိပ်တစ်ခုဟု ဆိုကြည့်ပါစို့။
ကိုယ်တို့သည် ထိုအဆိပ်ကိုပင် တတိတိသောက်သုံးရင်း ထိုအဆိပ်ကုန်သည့်အချိန်ထိ နေထိုင်ရမှာဖြစ်သည်။ တခါတရံကိုယ်တို့သည် ထိုအဆိပ်ကိုပင် ဈေးကြီးပေးကာ ဝယ်ယူမိကြသေးသည်။ မက်မက်မောမော တပ်မက်နေကြရသော ထိုအဆိပ်သည် သူ့ကို သောက်သုံးလျှက်ကပင်လျှင် သူ့အတွက်၊ သူ့ကို ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားနေရသေးသည်။
ထိုအဆိပ်၏ အင်အားကြီးမားမှုကို ဘယ်အရာနှင့်များ ချေဖျက်နိုင်လေမည်လဲ။ ထိုသက်ရှိနာကို ဘယ်ဆေးနှင့်များ ပျောက်ကင်းအောင် ပြုနိုင်လေမည်လဲ။
(-)
သက်ရှိနာ။

            စားဝတ်နေရေးဟူသည့် သက်ရှိနာ။ ဝမ်းနည်းခြင်းကြေကွဲခြင်းပျော်ရွှင်ခြင်း ဟူသည့် သက်ရှိနာ။ သက်ရှိနာသည် အပေါင်းအဖေါ်နှင့်လာသည်။ သက်ရှိနာသည် အကြော်အလှော်နှင့်လာသည်။ သက်ရှိနာသည် စားမြိန်အောင် ဖွယ်ဖွယ်ရာရာချက်ပြုတ်ထားသော ထမင်းစားပွဲဖြစ်သည်။ သက်ရှိနာသည် အဝေးကငေးကြည့်ရုံနှင့်ပင် လုံလောက်သော စိတ်ခံစားမှုမရရှိသည့် လှလွန်းသည့်ယမင်းရုပ်လေးဖြစ်သည်။  သက်ရှိနာသည် ငေးကြည့်လိုက်ရုံနှင့် အားလုံးကို လက်မြှောက်အရှုံးပေးချင်လောက်အောင်ထိ စွမ်းအားပြင်းသည့် လက်နက်ကိုင်တစ်ယောက်ဖြစ်သည်။
            မနေ့ကကိုယ့်တွင် နေစရာအိမ်ရှိသည်။ ယနေ့ကိုယ့်တွင် နေစရာအိမ်မရှိတော့။ မနေ့ကကိုယ့်တွင် စားစရာ လောက်လောက်ငငရှိသည်။ယနေ့ကိုယ့်တွင် တစ်နပ်စာပင်မသေချာတော့။ မနေ့က ကိုယ့်တွင် ပျော်ရွှင်ခြင်းများပြည့်နှက်နေခဲ့သည်။ ယနေ့ကိုယ့်တွင် နာကျင်မှုများပြည့်နှက်နေသည်။ ကိုယ် အားလုံးကို အရှုံးပေး၍ ထွက်သွားချင်ပြီ။
            ကိုယ် အားလုံးကို အရှုံးပေးချင်နေပြီဖြစ်သည်။
            သက်ရှိနာအတွက် ဆေးကို ကိုယ်ရှာရတော့မည်။ သက်ရှိနာဆိုသည့် ကုရာနတ္တိဆေးမရှိသော အနာအတွက် ကိုယ် ရုန်းကန်ရတော့မည်။ သက်ရှိနာဟူသည့်အနာအတွက် ကိုယ် အစွမ်းရှိသလောက် ရုန်းကန်ရတော့မည်။
            သက်ရှိနာတစ်ခုအတွက် ဖြည့်ဆည်းပေးချိန်၌  နောက်သက်ရှိနာအတွက် မေ့ထားရမည်။ မည်မျှပင် နာကျင်နေပါစေ မေ့ထားရမည်။ ခုကိုယ့်တွင် စွဲကပ်နေသော သက်ရှိနာနှစ်မျိုးရှိသည်။ တစ်စုံတစ်ခုကိုဖြည့်ဆည်းပြီးမှ နောက်တစ်စုံတစ်ခုကို ဖြည့်ဆည်းနိုင်မည်ဖြစ်သည်။ ကိုယ် ဖြည့်ဆည်းမည့် သက်ရှိနာသည်လည်း ကမ္ဘာပေါ်တွင် ဗားရှင်းမြှင့်ထားသော လူဟူသည့် သတ္တဝါတို၏ထုံးစံအတိုင်း စားဝတ်နေရေးဟူသည့် သက်ရှိနာသာဖြစ်သည်။ ကိုယ့်နှလုံးသား မည်မျှထိနာကျင်နေပါစေ၊ ကိုယ်လှည့်ကြည့်ပိုင်ခွင့်မရှိတော့။ အချစ်အမုန်းအလွမ်း စသော သက်ရှိနာသည် စားဝတ်နေရေးဟူသည့် သက်ရှိနာလောက် အရေးကြီးမနေသည်ကတော့အမှန်။ လွမ်းလွန်း၍ မသေနိုင်သော်လည်း ထမင်းငတ်တာအချိန်ကြာလာလျှင်တော့သေနိုင်သည်။
            ကိုယ့်ဦးနှောက်ကြီး ကြီးကြီးရင့်ရင့်ရှိပါရဲ့လား။ ကိုယ်မသိသေးပါ။ သို့သော် ကိုယ့်နှလုံးသားမှ နားမလည်နိုင်သော အတွက်အချက်တို့ကို တွက်ချက်ပြထားသော ဦးနှောက်ကြီးဖြင့် မတွေးဆသော်ငြား ဆာလောင်နေသော အစာအိမ်မှအချက်ပြမှုဖြင့် ထိုမျှလောက်တော့ တွေးဆနိုင်ပါသည်။
            လေးလေးစားစားဦးညွတ်လိုက်ပါ၏။
            အိတ်တစ်လုံးကိုလွယ်၍ နေရာမရွေး သွားကာ သက်ရှိနာကို အံတုနေသည့် လူမဖြစ်သေးသည့် သက်ရှိလေးများ။ ကိုယ် သက်ရှိလေးအဆင့်မှ ဗားရှင်းမြင့်ခဲ့လေပြီလား။ ကိုယ့်ကိုယ်ကို မသေချာသေးသော်ငြား လူဟု သတ်မှတ်ခံလိုက်ရသည်ကတော့ သေချာနေပြီဖြစ်သည်။ သေချာသွားပြီဖြစ်သည်။ ကိုယ်သည် သက်ရှိဘဝမှ ကြီးရင့်သင့်ပြီဖြစ်သော သတ္တဝါတစ်ကောင်သာ ဖြစ်ပါသည်။ သို့မဟုတ် သက်ရှိနာ၏ အဆိပ်ကြောင့် ရူးသွပ်ခဲ့သော သက်ရှိတစ်ကောင်ဖြစ်ပါသည်။ ယခု ရူးသွပ်မှုမှ လွတ်မြောက်ခဲ့လေသည်လား။ သို့မဟုတ် သက်ရှိနာဆိုသည့်အဆိပ်ထကြွလာမှုကို ယခုမှ ခံစားရသည်ခေါ်လေသည်လား။ ထို့အတွက် ကိုယ့်သက်ရှိနာအတွက် ဖြည့်ဆည်းရပါတော့မည်။ ကိုယ့်အတွက် ပထမဆုံးလိုအပ်မှု ငွေ ၁၀၀၀ တိတိ။ တစ်ယောက်စာတော့ ထမင်းဆိုင်တွင် ဝယ်စားနိုင်ပါမည်။ ထို့နောက် ဒုတိယလိုအပ်ချက် ပုံမှန်ဝင်ငွေရနိုင်မည့် အလုပ်တစ်ခု။
            ကိုယ့်ခြေအစုံကို မားမားမတ်မတ်ရပ်နိုင်အောင်ကြိုးစားရင်း သက်ရှိနာအတွက် ရုန်းကန်ဖို့ကြိုးစားနေပါသည်။ စားဝတ်နေရေးဟူသည့် သက်ရှိနာကို အတော်အတန်ဖြည့်ဆည်းပေးနိုင်ပြီဆိုလျှင်တော့ ဦးနှောက်မပါသော နှလုံးသားမှပေးသည့်တာဝန်အတွက်၊ ဒုတိယသက်ရှိနာအတွက် ကိုယ်ထပ်မံဖြည့်ဆည်းရပါဦးမည်။
            သက်ရှိနာတွင် ကိုယ်ထပ်မံဖြည့်ဆည်းချင်သည်က ရုန်းကန်ခြင်းဟူသည့် ဆေးထည့်မှသာ သက်ရှိနာသည် အနည်းငယ်သက်သာနိုင်မည်ဟု ပင်ဖြစ်သည်။ထို့အတွက် ကိုယ် ရုန်းကန်ခြင်းဟူသည့် ဆေးကို ဖြည့်ပေးပါတော့မည်။ အနာတွင်းသို့ ထည့်ပေးပါတော့မည်။
ရည်ဝေ(လင်းရောင်ခြည်)

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်