Friday 24 February 2012

ရင်ခွင်ဦးက စောင့်လိုကြိုနေမယ်


ရင်ခွင်ဦးက စောင့်လိုကြိုနေမယ်

(၁)
“မင်းဟာက မယားကြီးမရှိပဲ မယားငယ် ထားနေရတဲ့ကိန်းပါ့လား ဝေလင်းရာ တကယ်လက်ထပ်ယူလို့လည်းမရပဲနဲ့”

ကိုကျော်လှိုင့်စကားကြောင့် ရင်ထဲမှာ အင့်ခနဲ။ ကိုယ့်အပေါ်ကောင်းစေချင်သည့် စေတနာနှင့် နာအောင်ပြောနေတာမှန်းသိတော့လည်း ပြန်ပြောရခက်သားပင်။ ဒါပေသိ ဘာများတက်နိုင်ဦးမှာလဲ။ အချစ်ဆိုတာကို မခံစားဖူးသည့် အသစ်စက်စက်နှလုံးသားလေးက ဝါ့ကိုသာ တွယ်တာနေမိတာကိုး။ မချိပြုံးလေးနှင့်သာ ကိုကျော်လှိုင့်အား ပြုံးပြလိုက်မိသည်။
သို့သော် သေချာနေသည်ကတော့ သည်နေ့သည်ချိန်ထိ ဝါနှင့် တွေ့ဆုံခွင့်ရရှိခဲ့ခြင်းအပေါ် သူ နောင်တမရရှိသေးပါလေ။ ဝါနှင့်တွေ့ခွင့်ရခဲ့သည်ကလည်း ကိုကျော်လှိုင့်ကျေးဇူးပါကြောင့်ပင်။

…………….


ကိုကျော်လှိုင် ဇွတ်အတင်းခေါ်လာလို့သာ သူလိုက်လာရသည်။ သည်လိုဆိုင်ခန်းတွေထဲ သူ တစ်ခါမျှ မသွားဖူးသေးပါ။ အိမ်နီးနားချင်းဖြစ်သလို သူ့အားလည်း လွန်စွာခင်သည့် လူပျိုကြီးကိုကျော်လှိုင့် ကျေးဇူးကြောင့် အနှိပ်ခန်းဆိုသည်ကို သူ မျက်ဝါးထင်ထင်ရောက်ဖူးလေပြီ။ သည်နေ့စနေရုံးအားရက်မို့ အိမ်မှာနားနေသည့် မိဘနှစ်ပါးသိလျှင်တော့ ရင်ကျိုးလိမ့်မည်ထင့်။

“ကိုကျော်လှိုင် ကျွန်တော် ဟိုဟာဒီဟာတွေမပါဘူးနော်”

“ဘာတုန်းကောင်လေးရ ဟိုဟာဒီဟာဆိုတာ အနှိပ်ချည်းသီးသန့်လို့ပြောပါကွာ မင်းကလဲ”

“ဝါး..ဟား..ဟား”
ကိုကျော်လှိုင့်စကားကြောင့် အတူပါလာသော ကိုကျော်လှိုင့်သူငယ်ချင်းပွဲစားနှစ်ယောက်က ထရယ်ကြပြန်သည်။ သူလည်းပဲ မျက်နှာဝယ် ရှက်ပြုံးတွေ ဖြာရချေပြီ။ အသက်နှစ်ဆယ်ကျော်ဆိုပေမယ့်လည်း ကိုယ့်အိမ်အလုပ်နဲ့ကိုယ် ရှုပ်နေသူ သူ့အတွက်တော့ သည်လိုနေရာသည် ဆန်းနေသည်လေ။ မရောက်ဖူးသည့် နယ်ပယ်စိမ်းတစ်ခုကိုး။

ကိုကျော်လှိုင် ဝင်ခိုင်းလိုက်သော အခန်းငယ်ထဲသို့ တစ်ယောက်တည်းဝင်လာရသည်မှာ သူ့အတွက် စိတ်အိုက်လှသည်။ အခန်းလေးကလည်း ကျဉ်းကျဉ်းလေး။ ဘယ်လိုများနှိပ်လေမည်လဲ ဟုတွေးရင်းအခန်းထဲ ပတ်ချာလည်လှည့်ကာလေ့လာနေမိစဉ်..ရင်ထဲဝယ် အိုခနဲ။
ဆုံတွေ့လိုက်ရသည့် မျက်ဝန်းတစ်စုံ၏ ရျင်းသန့်ကြည်လင်မှုကြောင့် အရာအားလုံး တိတ်ဆိတ်သွားသည့်အလား။

အနှိပ်ခန်းဝယ် အလုပ်လုပ်သည်ဟု မထင်ရက်စရာ။ နုနယ်လှသော မျက်နှာလေး။ အသက်ကတော့ သူနှင့်မတိမ်းမယိမ်းဖြစ်ဟန်တူသည်။ လှလိုက်တာဟု ရင်ထဲဝယ် အကြိမ်ကြိမ်ရေရွတ်မိနေသည်ကို သူမလေးများကြားသွားလေမလားအတွေးနှင့် သူ့စိတ်တို့ မလုံလဲ။

အနှိပ်ကျွမ်းကျင်လှသည့် သူမ၏ လက်ချောင်းလေးများခေါ်ဆောင်ရာကို သူလိုက်ပါသွားသည်မှာ ဘယ်အချိန်ပြီးသွားမှန်းမသိအောင်ပင် အိပ်ပျော်သွားသည်ထိ။ ကိုကျော်လှိုင်၏ နှိုးသံကြားမှသာ သူနိုးထတော့သည်လေ။

“မင်းကွာ နှစ်ဆက်ရှင်လုံးလုံးအနှိပ်ခံခဲ့တာလားကွ”

ထိုသို့မေးရင်း သူ့အားရယ်နေသည့် ကိုကျော်လှိုင့်ရှေ့ဝယ် မျက်နှာမထားတတ်စွာ။ မျက်ဝန်းတို့က မပိရိမသေသပ်စွာ သူမလေးအားလိုက်ရှာမိတော့ ကိုကျော်လှိုင်က အော်ရယ်နေပြန်သေးသည်။ သြော်…ကိုယ့်ဝဲဘက်ရင်အုံကို လက်နဲ့အသာအယာအုပ်ကြည့်မိတော့ အမည်မသိတဲ့ ရင်ခုန်နှုန်းတစ်ခုက အသက်ဝင်လာနေသလိုလို။

……………………………….

“မင်းကိုခေါ်ခဲ့မိတာ ငါမှားတယ်ကွာ…. ဆရာမများ အဲ့ဒီအကြောင်းသိရင် ငါ့ကိုအသေသတ်မယ်ထင်တယ်”

ကိုကျော်လှိုင့်စကားကြောင့် သူပြုံးလိုက်မိသည်။ ကိုကျော်လှိုင်အထက်တန်းကျောင်းသားဘဝက သူ့မေမေက ရူပဗေဒအထူးပြုသင်ပေးခဲ့ရသည်ကို ယနေ့တိုင်လေးစားကြောက်ရွံ့နေသည့် ကိုကျော်လှိုင် စိတ်ဓါတ်ကိုလည်း လေးစားမိသည်။
ခုတော့ ကျောင်းအုပ်ကြီးဖြစ်နေပြီဖြစ်သည့် မေမေသည် သူ့အား ယခင်ကလောက် စည်းကမ်းမတင်းကျပ်တော့သလို စာရင်းဌာန၏ ဌာနမှုးဖြစ်သည့် ဖေဖေကလည်း သူ့အား လွတ်လပ်ခွင့်ပေးထားပြန်တော့ ဝါနှင့်သူ့အကြောင်း မိဘနှစ်ပါးလုံးမသိကြတော့။ ကိုယ်ပိုင်လုပ်ငန်းအဖြစ် ဆေးဆိုင်အေးဂျင့်ထောင်ထားသည့် သားဖြစ်သူကို အရွယ်ရောက်ပြီဟု သတ်မှတ်ထားကြသောကြောင့်ဖြစ်မည်ထင်သည်။

“မင်း မရယ်နဲ့ကွာ ငါ့ကို ကတိပေးပါ့လား အဲ့ကောင်မလေးဆီ မသွားတော့ဘူးလို့”

“မပေးနိုင်ဘူး ကိုကျော်လှိုင်..အမေနဲ့အဖေ စိတ်မကောင်းဖြစ်မှာစိုးလို့  ကျွန်တော် လက်ထပ်ဖြစ်ချင်မှတော့ လက်ထပ်ဖြစ်လိမ့်မယ် ဒါပေမယ့် ဝါ့ဆီမသွားပဲနဲ့တော့ မနေနိုင်ဘူး”

တင်းမာပြတ်သားသော သူ့စကားသံကြားတော့ ကိုကျော်လှိုင် နှုတ်ဆွံ့သွားဟန်နှင့် သက်ပြင်းချလိုက်သည်ကိုတွေ့ရသည်။ မတက်နိုင်ဘူး ကိုကျော်လှိုင်ရယ် အချစ်ဆိုတာမျိုးက တားမြစ်ငြင်းပယ်ခွင့်မှမရှိတာ ဒီတိုင်းဝါ့ကိုဖြည့်ဆည်းပေးရုံနဲ့ ကျွန်တော်ကျေနပ်တယ်..စိတ်တွင်းမှ ဆိုမိသည်ကိုတော့ ကိုကျော်လှိုင့်အား ထုတ်မပြောမိတော့ပါ။
ကိုကျော်လှိုင်ကတော့ စကားမဆက်တော့ပဲ ထွက်သွားတော့သည်။
အိုး..သည်နေ့ ဝါ့ဆီသွားရမဲ့ရက်ပဲ။ နာရီကြည့်မိတော့ ညနေလေးနာရီထိုးချေပြီ။ နောက်နှစ်နာရီခွဲရင်တော့ သူ ဝါနှင့် တွေ့နေလောက်ပြီဟု တွေးရင်းပြုံးကာ ရေချိုးရန် ပြင်ဆင်လိုက်ပါဦးမည်။ ခြောက်နာရီ ဖေဖေပြန်ရောက်လျှင် ဆိုင်ကိုထားခဲ့ကာ ဝါ့ဆီ သွား၍ရပြီလေ။

(၂)
တော်ပါတော့ကွယ်။ သွားပါတော့။ ဒီ့ထက်ပိုမနှိပ်စက်ရက်တော့ဘူး။ သွားပါတော့။ မလာပါနဲ့တော့။
သူမအား ကျောခိုင်းကာ အိမ်အပြန်လမ်းဆီ ဦးတည်သည့်ကောင်လေးကတော့ နောက်နေ့လည်းလာပါ့မည်ဟု မတောင်းရပါပဲနှင့်ကတိပေးသွားပြန်ပြီ။ ယုဝါလှိုင်ဆိုသည့် သူမ ကြောင့် ကောင်လေးမှာ ပါတ်ဝန်းကျင်ဝယ် ဂုဏ်သိက္ခာကျဆုံးခဲ့ရသည်မှာအခါခါ၊ ဓနငွေကြေးများစွာလည်း ဖြုန်းတီးခဲ့ဖူးသည်မှာ အခါခါ။

ခိုလှုံစရာ ကမ်းပျောက်နေသည့် သူမ အတွက် ကောင်လေးသည် နားခိုရာဌာနေတစ်ခုထက်ပိုပါသည်။ သူမအတွက် ကမ်းတစ်ခုကိုဖန်ဆင်းပေးနိုင်သော်ငြား၊ နေစရာအိမ်တစ်ခုငှားပေးနိုင်သော်ငြား တရားဝင်လက်ထပ်မယူနိုင်သည့် ကောင်လေး၏ အခြေအနေအားလည်း စာနာပါသည်လေ။ သူ့မိဘနှစ်ပါးများ သူမနှင့်ကောင်လေးသတင်းကြားသိလျှင် ရင်ကျိုးလိမ့်မည်ထင်၏။

ဘဝက ရယ်ဖို့ကောင်းလေစွ။ သိတတ်စအရွယ်တည်းက မအေတစ်ခုသမီးတစ်ခုဘဝနှင့် ကြိုးစားရုန်းကန်ခဲ့ရသည်။ ဆင်းရဲမှုကိုတွန်းလှန်ဖို့ရာ စိတ်မပျက်သော်ငြား စိတ်ဓါတ်ခွန်အားမှန်သမျှတို့သည် ကိုးကွယ်ရာရွှေတောင်ကြီး မေမေကွယ်လွန်ခဲ့ချိန်မှာ ပျက်သုဉ်းခဲ့ရတော့သည်။ သူမအတွက် ခေါင်းရွက်ဗျပ်ထိုးဈေးသည်ဘဝနှင့် မေမေကြိုးစားရုန်းကန်ပေးခဲ့သော်ငြား ကိုယ်ပိုင်အိမ်တစ်လုံးမျှပင် သူမ တို့ မပိုင်ဆိုင်နိုင်ခဲ့ပါ။ ဘဝ၏ အချက်အချာအကျဆုံးအရွယ် ဆယ်တန်းဖြေလုနီးမှ ရွှေတောင်ကြီးကျဆုံးခဲ့ရသည့်အတွက် ခိုကိုးရာမဲ့စွာ သူမ သည်လောကထဲ စဝင်ခဲ့ရတော့၏။

ကောင်လေးနှင့် တွေ့ဆုံခဲ့မယ်မှန်းသာ ကြိုသိခဲ့ရင်ဖြင့် တစ်နေ့ တစ်ထောင်ကျော်သာရသော အထည်ချုပ်စက်ရုံဝယ် သူမ အလုပ်လုပ်ခဲ့လိမ့်မည်ထင်ပါရဲ့။ ခုတော့ ဘေးခန်းမှ ဘဝတူအိမ်ငှားဖြစ်သည့် မသန်း၏ ခေါ်ဆောင်ရာကို လိုက်ကာ အလွယ်တကူငွေရှာနိုင်သည့်ဘဝဝယ် သူမ ကျရှုံးခဲ့မိသည်လေ။

အသိဥာဏ်မဲ့ အထိန်းအကွပ်မဲ့  အစောင့်ရှောက်မဲ့ဘဝမှာ သူမ အပျိုစင်ဘဝကို ချစ်ဦးသူအား ပေးဆပ်ခဲ့ဖူးသည်။ သို့သော် အလွယ်တကူမွှေးခွင့်ရသောပန်းကို ဘယ်သူကများ ထာဝရအတွက် ပန်ဆင်ချင်မလဲလေ။ သူမ အသိနောက်ကျခဲ့သည်ပဲ။ အချစ်ဦးနောက်ပိုင်း အချစ်သစ်များမထားတတ်တော့ပဲ ငွေကြေးကိုသာ တစိုက်မတ်မတ်ရှာဖွေနေခဲ့မိသည်မှာ ကောင်လေးနှင့်တွေ့ဆုံချိန်ထိ လေ။ ထို့အတူ အလွယ်တကူ ငွေရှာရန် ခန္ဓာကိုယ်အား စေခိုင်းခဲ့သည်မှာလည်း အခါခါ ဖြစ်ခဲ့သည်ပဲ။

သူမအတွက် ထူးမခြားနားနေ့တစ်နေ့မှာ ကောင်လေးက သူမကို သတိပြုမိခဲ့သည်တဲ့။ သူမအတွက်ကတော့ ဘဝ၏ အရေးအပါဆုံးနေ့တစ်နေ့မှာ ကောင်လေး၏ အားပေးမှုကြောင့် ကောင်လေးကို သတိပြုမိခဲ့ခြင်းဖြစ်သည်။ ထိုနေ့သည် မေမေ့နှစ်ပတ်လည်နေ့ဖြစ်ခဲ့ပြီး အလုပ်မှနားမရခြင်းကြောင့် သူမ၏ စိတ်တစ်ခုလုံး ညစ်ညူးနေခဲ့ရသောနေ့ဖြစ်သည်။ လက်ရှိအချိန်ဝယ် သူမဖြစ်ချင်နေသည်က ရင်ထဲမှ စိတ်မောစရာခံစားချက်မှန်သမျှကို မေမေ့ထံ ရင်ဖွင့်နေချင်ခြင်းသာ။

…………….

မေမေ့ထံ ရင်ဖွင့်ခွင့်မရခြင်းအတွက် ညစ်ညူးနေသော စိတ်တို့သည် သူမအား တစိုက်မက်မက်ငေးစိုက်ကြည့်နေသော ကောင်လေးကြောင့် အနေခက်စွာ။

“အရမ်းစိတ်ညစ်နေသလိုပဲ…အဆင်ပြေရဲ့လား”

သူ့အမေးစကားကြောင့် ပြုံးလိုက်မိရင်း

“အဆင်ပြေပါတယ်” ဟု ပြန်ဖြေလိုက်သည်။ မပြေတော့ကော သူဘာလုပ်ပေးမှာမို့လို့လဲ။ လူပုံကိုက မလိမ်မိုးမလိမ်မာအရွယ်ပုံလေးနဲ့။ အကျင့်ပါနေသော လက်တို့က နှိပ်ပေးဖို့ရာပြင်တော့ သူက လက်ကလေးဖြန့်ကာ တားပြန်သည်။

“နေ..နေ.. ဒီနေ့ကျွန်တော် အနှိပ်မခံတော့ဘူး ဒီတိုင်းပဲ စကားထိုင်ပြောကြတာပေါ့”

အိုး..လူထူးဆန်းလေးပဲ ဟုတွေးရင်း မှ နှစ်နာရီကြာအောင် သူမနှင့်သူ စကားလက်ဆုံ ကျခဲ့ရသည်။ ရင်ထဲက အမောတချို့အားလည်း ဖွင့်ပြောပြခဲ့မိသည်။ အဆုံးသတ် လမ်းခွဲကာနီး ကောင်လေးပြောသည့်စကားကတော့…

“နောက်နေ့တွေလည်း ကျွန်တော်ထပ်လာမှာ ကျွန်တော့်နာမည် ဝေလင်းဆိုတာကို မမေ့နဲ့နော်”

သူ့နာမည် မမေ့အောင်တောင်းဆိုနေပုံက ကလေးတစ်ယောက် ပူဆာသည့်နှယ်။ နှစ်နာရီစာအတွက် ငွေခြောက်ထောင်ကုန်ဆုံးသွားခြင်းကိုမနှမြောဘူးလားဟု တွေးမိရင်း ထိုနေ့သည် သူမအတွက် အိုအေစစ်လေးတစ်ခုဖြစ်ခဲ့ရသည်လေ။

…………

ထိုနေ့မှစကာ တစ်ပတ်လျှင် သုံးရက်လောက် လာတတ်သည့် ကောင်လေးနှင့် သူမ ရင်းနှီးလာခဲ့သည်။ ထို့အတူ သူမ၏ အသုံးချခံအဖြစ် ကောင်လေးက တဖြည်းဖြည်းရပ်တည်လာခဲ့သည်။ ငွေကြေးလိုနေသည်ဆိုလျှင် ထုတ်ပေးဖို့ဝန်မလေးသလို ဘယ်သောခါမျှ ပြန်မတောင်းတတ်သည်မှာ ကောင်လေးအကျင့်။

“ဝါဝါရေ..နောက်တစ်ဆက်ရျင်”

ဆိုင်မန်နေဂျာ၏ လှမ်းခေါ်သံအကြား ခြေလှမ်းများလေးပင်စွာနှင့် အလုပ်လုပ်ရန်ပြင်ရချေပြီ။
မဖြစ်သေးပါဘူး ကောင်လေးရယ်။ ကောင်လေးအတွက် တစ်ခုခု ဖန်တီးပေးမှဖြစ်တော့မည်ရယ်လို့ ဆုံးဖြတ်ချက်ချမိရင်း စွန့်လွှတ်ရတော့မည့် ကြင်နာခြင်းများအား လွမ်းမောလာမိသလိုလို။

…………………………………………………………………………………………………………………………..
(၃)

လူတွေပြည့်သိပ်နေသော ဘက်စ်ကားတစ်စီးပေါ်ရှိ ခုံတန်းလေးတစ်ခုဝယ် စုံတွဲလေးတစ်တွဲထိုင်နေသည်ကို ဘေးဝဲယာရှိ ခရီးသည်များ ငေးကြည့်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ယောက်လုံးက ဖြူဖြူသန့်သန့်သွယ်သွယ်လေးတွေဆိုတော့ ဘယ်လိုလိုက်ဖက်မှန်းမသိလိုက်ဖက်ကာ မျက်စိပသာဒ ဖြစ်နေသည်လေ။
“ဝါ ဒီနေ့လျှောက်လည်တော့ ဆိုင်ရှင်က ခွင့်ပေးတယ်ပေါ့”

ကောင်လေး၏ စကားကို ကောင်မလေးက ပြုံးပြီးပြန်ဖြေလိုက်သည်။
“တို့ ဆိုင်က ထွက်လိုက်ပြီ”

“ဟုတ်လား.. ပျော်စရာကြီး အလုပ်လိုလား ကိုယ်ရှာပေးမယ်လေ”

“အဲ့ဒါတွေ ညနေကျမှ ပြောရအောင်..ခုကောင်းကောင်းလျှောက်လည်ကြတာပေါ့နော်”

ကောင်မလေး၏ တိုးရှရှ အဖြေစကားကို ကောင်လေးက အပျော်မျက်နှာနှင့် ခေါင်းညိတ်ပြလိုက်လေသည်။ ဆုပ်ကိုင်ထားသော လက်နှစ်ခုကတော့ တစ်ဦးနှင့်တစ်ဦး ခွဲခွါရမှာစိုးသည့်အလား တင်းကျပ်လျက်။

…………………………..

သူမထင်မှတ်ခဲ့တဲ့ ညနေပါပဲ။ ဝေလင်း မမျှော်လင့်ခဲ့တဲ့ ညနေပါပဲ။

“တို့ .. မလေးသွားအလုပ်လုပ်တော့မယ်”

သူမကိုယ်သူမ တို့ဟုနာမ်စားသုံးတတ်သော ဝါ့အသံလေးမှာ အရင်လိုချွဲနွဲ့မနေပါပဲ မာကျောအေးစက်နေသည်။ တကယ်ပဲ ဆုံးဖြတ်ထားလေသည်လား။

“ဝါ..”

တားမြစ်ဖို့ရာ သူ နှုတ်ခမ်းဟလိုက်စဉ် နာမည်ခေါ်၍ပင်မဆုံးသေး။ ဝါက လက်လေးကာပြသည်။

“မတားပါနဲ့ နက်ဖြန်မနက် သွားမှာ လိုက်လည်းမပို့နဲ့ ဒီနေရာလေးမှာပဲ နှုတ်ဆက်ကြရအောင်”

မဟုတ်ဘူး။ မဟုတ်ဘူး ဝါ။ ဖွင့်ဟဖို့ရာ ခဲယဉ်းခဲ့သော ချစ်ခြင်းတို့ကို သူ ဖွင့်ထုတ်ချင်လာသည်။ တချိန်ကတော့ စကားကျွံမှာစိုး၍ ထိန်းချုပ်ခဲ့သည့် နှုတ်ခမ်းတို့သည် ဆုံးရှုံးရမှာကြောက်သည့်ဇောနှင့်မို့ထင့်။ သူကအလိုလို ပွင့်အံချေတော့သည်။

“ဝါ့ကို ကိုယ်ချစ်တယ်.. ဝါ့ကို ကိုယ် လက်ထပ်မယယ်.. မသွားပါနဲ့.. မသွားပါနဲ့ ဝါ”

ဝါ့ ခန္ဓာကိုယ်လေး ဆက်ခနဲ တုန်သွားသည်မှလွဲ၍ မျက်နှာမှာမူမပြောင်းလဲ။ ထို့နောက်


“မဖြစ်နိုင်ဘူး.. ကိုယ့်ဘဝနဲ့ကိုယ် ကံငါးပါးကို တသီတသန်းကြီး ချိုးဖျက်ခဲ့ပြီးပြီ… ဒါတောင်မလုံလောက်သေးလို့ ယူ့မိဘတွေစိတ်ဆင်းရဲအောင် နောက်ဘဝအတွက်ကံပါအောင် ထပ်ချိုးဖေါက်ရဦးမှာလား ယူ လက်ထပ်မယ်ဆိုရင်တောင် တို့ လက်မခံဘူး”

မဟုတ်ဘူး..မဟုတ်ဘူး ဝါ။ ကိုယ့်ကိုချစ်နေသားနဲ့ ဘာလို့ ဝန်မခံတာလဲ။ ဝါကတော့ သူ့အားကျောခိုင်းကာ ထွက်သွားချေပြီ။ ဝါ…။
“ဝါ..ကိုယ်စောင့်နေမယ် မလေးက ပြန်အလာကို ကိုယ်စောင့်နေမယ်”

သူ့အော်သံဆုံးတော့ ဝါ ရုတ်တရက် ခြေလှမ်းတို့ရပ်သွားသည်။ ထို့နောက် သူ့ဘက်လှည့်ရင်း ပြုံးကာပြောသည့် ဝါ့အသံလေးသည် အခါတိုင်းထက် အနည်းငယ် အက်ကွဲနေသလိုလို။

“ယူစောင့်လည်း တို့ကတော့ မစောင့်ဘူး.. ချစ်တဲ့သူတွေ့ရင် လက်ထပ်မှာပဲ”

ထို့နောက်တွင်မတော့ ဝါ သူ့အား ကျောခိုင်းသွားလေပြီ။


ကောင်လေးရေ နေခဲ့တော့။ မင်းနဲ့ မနီးစပ်တဲ့ နေရာတစ်ခုမှာ ကိုယ် ဈေးသည်တစ်ဦးအဖြစ်ရပ်တည်တော့မယ်။ ခေါ်းရွက်ဗျပ်ထိုးဈေးသည်သမီးက ဈေးသည်ဖြစ်တာ မဆန်းပါဘူးကွယ်။ သမ္မာအာဇီဝနဲ့ အလုပ်လုပ်ဖို့ သတ္တိရှိဖို့ပဲလိုတာပါ။ တချိန်ကနားမလည်ပဲ ငွေကြေးနောက် အလွယ်တကူလိုက်မိတော့ ကောင်လေးရေ မင်းကိုပိုင်ဆိုင်ဖို့အင်အား မထားဝံ့ဘူးပေါ့ကွယ်။
အချစ်ဦးဆီမှာ တဒင်္ဂသာယာခဲ့ဖူးခြင်းဟာ မင်းကို မြတ်နိုးသနားရတာနဲ့ယှဉ်ကြည့်တော့ အကွာကြီးကွာလွန်းလှတယ်ကွယ်။ ဒီတော့ ကိုယ့်ချစ်သူကို မသန့်ရှင်းတော့တဲ့ ကိုယ့်ဘဝနွံထဲ ဘယ်လိုဆွဲသွင်းရက်မှာလဲ။ နေရစ်ခဲ့ပါတော့ကွယ်။ တချိန်ချိန်တော့ ပြန်ဆုံတွေ့ဖြစ်ာကရင် ရယ်စရာဟာသလေးအနေနဲ့ တို့ ပြန်ဖြေရှင်းပြမိမယ်ထင်ပါရဲ့။ ခုတော့ နေရစ်တော့ကွယ်။

မျက်ရည်စတို့က အခါခါ သုတ်ပြီးပါလျက် အထပ်ထပ်ပြန်ကျနေသေးသည်။
ကောင်လေးနေထိုင်ရာ ရန်ကုန်ဆိုသည့်နယ်မြေဆီမှ ခွဲခွါရခြင်းကြောင့်ထင့်။ လေးပင်နေသည့် ခြေလှမ်းတို့က ပြန်လှည့်ပါ့လား ဟု တောင်းဆိုနေသလိုလို။ ဟော..ကားထွက်တော့မည်ပဲ။ နေရစ်တော့ကွယ်။ စိတ်ထဲမှာ ခွဲခွါဖို့ ပြင်ဆင်ပြီးပါလျက်နှင့် ဒီချိန်ထိအောင် ရင်ထဲဆို့နင့်နေသည်ကတော့ တဆိတ် လွန်လွန်းလှသည်။ သူမအတွက် ကောင်လေးဟာ အသုံးချခံအဆင့်ထက်ပိုခဲ့သည်ကို ယခုမှ ပိုမိုသေချာနေသလိုလို။
သို့သော် အချစ်ခြင်းမဆုံသော်ငြား ပေးဆပ်ခွင့်ရသည့် ချစ်ခြင်းအတွက် သူမ ကျေနပ်နေသည်ကတော့ သေချာပါသည်လေ။

………………….
(၄)

ငှားသည့်အိမ်လည်း အပ်သွားပေပြီ။ အလုပ်ထွက်သွားပြီဆိုသည်ကိုလည်း ဆိုင်မန်နေဂျာက အတည်ပြုပေးပြီးချေပြီ။ ဝါ ရေကြည်လည်းနောက် ခြေရာလည်းဖျောက်ခဲ့ချေပြီ။
ဝါသွားသည့်နေ့တည်းက မျက်နှာမကောင်းသည့်သူ့အား အရိပ်တကြည့်ကြည့်နှင့် ဂရုစိုက်လှသော မိဘနှစ်ပါးအား သူအားနာလှပါသည်။ သို့အတွက် တချိန်က ဝေလင်းလို အလုပ်ကို အကောင်းဆုံးလုပ်သလို ပျော်ပျော်နေတတ်သည့် လူငယ်ပုံစံဖြစ်ဖို့လည်း သူကြိုးစားနေရသည်။ ထို့အတူ ဝါမကြားနိုင်မှန်းသိလျက် ညစဉ်ညတိုင်းသူအခါခါ ကတိပေးမိသည်က ဝါ့ကို စောင့်နေပ့ါမည်ရယ်လို့။

မချစ်ခိုင်းတိုင်း အမုန်းမှမဖြစ်တာ
ချစ်ခြင်းတည်နေရာ ဝဲဘက်ရင်အုံဟာ
မင်းတစ်ယောက်ရဲ့ စေခိုင်းခြင်းကိုသာ နာခံလေတော့…
ဝါရေ… ပြန်လာပြီး စေလိုရာစေပေးပါ


ကိုယ်စောင့်နေမယ် ဝါ။ ဝါ့အတွက် အဦးဆုံးရင်ခွင်ဖြစ်ချင်မှဖြစ်ပေမယ့် ကိုယ့်အတွက်တော့ အဦးဆုံးခိုဝင်ဖူးတဲ့ အချစ်ဦးဝါ့အတွက် ရင်ခွင်ဦးးက စောင့်လိုကြိုနေပါ့မယ်ဝါ။ ရင်ခွင်ဦးက စောင့်လိုကြိုနေပါတယ် ဝါ။

ဒီနေ့အတွက် ဒိုင်ယာရီလေးကို အဆုံးသတ်မိရင်း အလင်းဖြန့်နေသည့် လမင်းကြီးကို တိုင်တည်ကာ မေးလိုက်မိသည်။ ဝါ ကျွန်တော့်ဆီ ပြန်လာမှာလား ဟင်…လို့။ လမင်းကြီးကတော့ မသိသယောင်ဆောင်ကာ တိမ်တိုက်အကြား ပုန်းကွယ်သွားသည်။ သြော် သည်နေ့နှင့်ဆို ဝါ မလေး သွားတာ တစ်နှစ်ပြည့်လေပြီ။ ဖုန်းလေးတောင်မဆက် နေစိမ့်လှသည်ဟု အပြစ်တင်ရင်း အိပ်မက်လေးထဲ ဝါနှင့်တွေ့ဖို့ရာ ဝါ့ဓါတ်ပုံလေးအားအံဆွဲထဲမှထုတ်လိုက်သည်။  ဓါတ်ပုံလေးအားကြည့်ကာ ကိုယ်စောင့်နေမှန်းသိရင် အမြန်ပြန်လာပေးပါ ဝါ..ဟုလည်း အကြိမ်ကြိမ်တိုင်တည်မိရင်း အိက်စက်ဖို့ရာ လှဲလျောင်းလိုက်သည်။ သို့သော် မျက်ဝန်းအစုံကဖြင့် ဝါ့ဓါတ်ပုံလေးမှ မခွါနိုင်သေး။

အကြိမ်ကြိမ်ရေရွတ်နေမိသည့် စကားလေးသည်လည်း အိပ်မက်ထဲထိ လိုက်ပါတော့မည်ထင့်။
သြော်…ရင်ခွင်ဦးက စောင့်လို့ကြိုနေပါတယ်..ဝါ။ ပြန်လာပေးလှည့်ပါ..ဟု။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရည်ဝေ
၂၄ ဖေဖေါ်ဝါရီ ၂၀၁၂
Sm17206.blogspot.com

4 comments:

jasmine said...

အားပေးသွားတယ်နော်..........

မဂျက်.....

သတိုး said...

ဝတ္ထုတိုကလေး အားပေးသွားပါတယ်။ ၀ါနဲ့ ဝေလင်း ပြန်ဆုံတွေ့ဖြစ်မှာလားလို့ မျှော်လင့်စိတ်ဖြစ်လာတဲ့ အထိပဲ။
ခင်မင်သော သတိုး

Anonymous said...

ဖတ်သွားတယ်နော်...

April said...

ချစ်တိုင်းလည်းမညားပေါ့ ..
ဘာလိုပဲပြောပြော ကိုယ်ချစ်တဲ့သူကို အကောင်းဆုံးနေရာမှာရှိနေစေချင်တဲ့ ဝါရဲ့ ချစ်ခြင်းကိုတော့ လေးစားမိတယ် ..
ဘဝအခြေအနေချင်းမတူလို့ ကွဲကွာသွားတဲ့ ချစ်သူတွေ ဘယ်လောက်တောင်များရှိပြီလဲ မသိဘူး ..

လာအားပေးသွားပါအိ .. မ

ခင်မင်စွာဖြင့်
ဧပ၇ယ်

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်