Monday 13 February 2012

မယုံချင်ပါ

မယုံချင်ပါ



မနေ့ညက ရုပ်မြင်သံကြားမှလာသည့် ဇါတ်လမ်းကိုပင် ပြီးဆုံးအောင်မကြည့်နိုင်ပဲ စောစီးစွာ အိပ်ယာဝင်ခဲ့၍ထင့်။ မနက်ခြောက်နာရီထိုးလုလုဝယ် အိပ်ယာမှနိုးထလာသည်။ အခါတိုင်းတုန်းကတော့ ညစဉ် တစ်နာရီကျော်မှအိမ်၍ မနက်တိုင်း ခုနှစ်နာရီခွဲမှ ထဖြစ်သည်လေ။ စောစောစီးစီးနိုးမှတော့ ဆိုင်ဖွင့်ဦးမှပါ ဟု တွေးကာ တံခါးဖွင့်ဖို့ရာ လက်လှမ်းလိုက်မိချိန်ဝယ် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရင်ဝယ် ထိတ်ခနဲ။ အို…ဟု နှုတ်ခမ်းဖျားမှပင် မချိတင်ကဲ သနားစိတ်လွန်ကဲကာ တိုးဖွဖွလေးလွင့်ထွက်သွားသလိုလို။




ဆိုင်ရှေ့ရှိ ခိုလေးများအား အစာကျွေးရန်ပြုလုပ်ထားသော စင်ပေါ်ဝယ် မနေ့ညကမှ ထမင်းကြမ်းခဲကို အတုံးလိုက်တင်ထားခဲ့သည်။ မည်သည့်တိရိစ္ဆာန်မှ လာမစားဟန်နှင့် အရာမယွင်းသည့် ထိုထမင်းကြမ်းခဲကို အတော်လေး ဆင်းရဲနွမ်းပါးဟန်နှင့် သက်လက်ပိုင်းအရွယ်လူကြီးတစ်ယောက်က ယူသွားသည်လေ။ ထို့အပြင် လက်ဖြင့်ဖဲ့ကာ စားလိုက်သေးသည်။



လူတွေ ဆင်းရဲနွမ်းပါးမှုဟာ သည်လောက်တောင် ကြီးထွားနေပြီလား။ မဖြစ်နိုင်ပါဘူး စိတ်မနှံ့တဲ့သူမို့နေမှာပါ ဟု ခေါင်းခါယမ်းမိရင်း ဆိုင်တံခါးကို အသာသအယာ တွန်းဖွင့်လိုက်မိသည်။ ထို့နောက် ဘုရားပန်းလဲရန် ကျောက်စည်ကိုကြည့်မိတော့ ရေနည်းနေသည်။ ဟုတ်ပေသားပဲ။ မနေ့က ရေမှ မမှာဖြစ်ပဲလေ။ နှစ်ရက်ရှိချေပြီဆိုတော့လည်း ကုန်ချေမည်ပေါ့။ ဦးပေါက်လာရင် ရေမှာဦးမှပါဟု ကိုယ့်ကိုယ်ကို သတိပေးမိရင်း ဆိုင်ခင်းရန် အဝတ်စင်နှစ်ခုကို နေရာတကျထားလိုက်သည်။



သည်လိုနေရာမှာ အထည်ရောင်းရတာ အတော်ပင် လက်ဝင်လှသည်။ ကိုယ်က ဆိုင်လစာကို ဈေးကြီးပေးငှားကာ ဘေထုပ်အသန့်ထည်တွေအား ဈေးတင်ရောင်းသည်လေ။ ညနေခင်းဆိုလျှင်တော့ လမ်းလေး မျက်နှာချင်းဆိုင်ရှိ တစ်ထည်ငါးရာဟူသော ဘေထုပ်သည်များလာရောင်းသည်ကိုး။ သည်တော့လည်း ညနေခင်းဆိုလျှင် ဝယ်သူရဖို့က မသေချာတော့။ သည်လိုနှင့် အမြတ်များအောင် ဟိုဟာလေးနည်းနည်း၊ သည်ဟာလေးနည်းနည်းနှင့် တင်ရောင်းရသည်မှာ အထည်ဆိုင်လား၊ စတိုးဆိုင်လားဟု ခွဲခြားမရအောင်ဖြစ်နေသည်လေ။ တော်သေးသည်က သည်ဆိုင်လေးကျောကပ်လမ်းဝယ် မူလတန်းကျောင်းလေးရှိသည့်အပြင် ထိုကျောင်းနှင့်အနီးဆုံး ဗလာစာအုပ်ဝယ်နိုင်သည့်ဆိုင်မှာ သည်ဆိုင်လေးသာရှိသည်လေ။ ထို့ကြောင့်မို့သာလျှင် ဆိုင်ခန်းလစာအား ဟန်မပျက်ပေးနေနိုင်ခြင်းပင်။



ရံဖန်ရံခါ ဟန်ပျက်တော့လည်း ဘာဖြစ်သေးလဲလေ။ မြန်မာ့ဦးပိုင်လီမိတက်မှာ လက်ထောက်မန်နေဂျာလုပ်နေသည့် ဖေဖေ့ဆီက ပိုက်ဆံချေးရုံပေါ့လေ။ အဲ့ဒါမှ မလောက်သေးလည်း မေမေ့ပင်စင်လစာကို ယူသုံးယုံပေါ့။ အိပ်ယာမှမနိုးသေးသော ဖေဖေနှင့် မေမေတော့ သူမအတွေးကို သိလေလျှင် ခေါင်းကျိမ်းလိမ့်မည်ထင့်။



…………………………….



အင်း..အထည်တွေလည်း နည်းနေပြန်ပြီ။ သည်နေ့တော့ တာမွေသွားကာ ဘေထုပ်တစ်ထည် ဖေါက်ရဦးမည်ပဲ။ နာရီကြည့်မိတော့ နေ့ခင်းနှစ်နာရီထိုးချေပြီ။ အလုပ်ကလည်းပါးနေသည်မို့ သည်ချိန်ပဲ သွားလိုက်တော့မည်။



“မေမေ သမီး တာမွေမှာ ဘေတစ်ထုပ် သွားဆွဲလိုက်ဦးမယ် အရှေ့လည်းကြည့်ဦးနော်”



“သမီး ကကနဲ့သွားပါ့လား…နေပူကြီး ဘက်စ်ကားစီတော့ ပင်ပန်းမှာပေါ့”



“ဟုတ် မေမေ”



မေမေ့စကားကြောင့် သူမအကြိုက်ဖြစ်သွားရရင်း ပိုက်ဆံအိတ်လွယ်ကာ ကားငှားရန်ပြင်လိုက်သည်။ ဟော သည်နေ့တော့ ကံကောင်းနေသည်ထင့်။ အငှားကားကို တကူးတကငှားရန်မလိုတော့။ သူမ ဆိုင်နားလေးမှ အငှားကားမောင်းသော မဘုတ်ဆုံယောင်္ကျားကိုတွေ့လိုက်ရသည်။ ကြည့်ရသည်မှာ လမ်းကြုံ ၍ နေ့လည်စာ ဝင်စားခြင်းဖြစ်လိမ့်မည်။



“ကိုအောင်လင်း ကားအားလားဗျို့”



သူမ အမေးစကားကို ကိုအောင်လင်းက ခေါင်းငြိတ်ပြရင်း



“အားတာပေါ့ ငါ့ညီမရယ် ဘယ်သွားမှာလဲ”



“တာမွေကိုလေ သိတယ်မဟုတ်လား ဟိုးတလောက သွားတဲ့ ဘေထုပ်ပင်ရင်းဆိုင်ကိုပဲ မှတ်မိလား”



“အေး..အေး မှတ်မိတယ် ကားပေါ်တက်လေ”



“ဟုတ်”



တောင်ဒဂုံမှစထွက်တည်းက ကားက ငြိမ့်ခနဲ ပြေးနေသည်မှာ တောင်မြောက်လမ်းဆုံရောက်မှ ရထားသံလမ်းပိတ်၍ ရပ်တော့သည်။ အငြိမ်မနေတတ်သော မျက်လုံးတို့က ပါတ်ဝန်းကျင်ကို စူးစမ်းကြည့်နေမိသည်။



သံလမ်းအဖွင့်ကိုပင်မစောင့်နိုင်ပါပဲ စက်ဘီးကို အပြေးတွန်း၍ စည်းကမ်းမဲ့သံလမ်းဖြတ်းနေသော ကောင်လေးနှစ်ယောက်။ သံလမ်းစောင့်ဦးလေးကြီးမှာလည်း ထိုကောင်လေးနှစ်ယောက်ကို မပြောသာဟန်နှင့် ကြည့်နေသည်။ ရထားကြီးကတော့ တရွေ့ရွေ့လာနေဆဲ။

အို ပင်ပန်းလိုက်တာ။ တွေ့လိုက်ရသည့် မြင်ကွင်းက စိတ်မသက်သာဖွယ်နိုင်လွန်းလှသည်။ အတန်ငယ်ဝသော အန်တီကြီးတစ်ယောက်ကို တင်ကာ ဆိုက္ကားနင်းနေသည့် ကောင်လေးတစ်ဦး။ သူ့အသက်ကို မှန်းရသည်မှာ ဆယ့်ငါးနှစ်ခန့်တော့ ရှိလိမ့်မည်။ သည်အရွယ်ဟာ ကျောင်းသွားတဲ့အရွယ်မဟုတ်ဘူးလား။

မျက်လုံးတို့မှိတ်လိုက်မိစဉ် ဘာရယ်မဟုတ်တွေးမိသွားသည်မှာ မနက်ခင်းက တွေ့ခဲ့ရသည့်ဦးလေးကြီး။



သံလမ်းပွင့်၍ ကားလေးလည်း ခရီးဆက်နေချေပြီ။ စိတ်မသက်သာမှုတို့ကို ဖြေလျှော့ရန် ကိုယ်လိုချင်သည့် အဖြေလေးများရလေမည်လားရယ်လို့ ကိုအောင်လင်းအားစကားစလိုက်မိသည်။



“ကိုအောင်လင်း တစ်ခုလောက်မေးကြည့်ချင်တယ်”



သူမ၏ စကားကို ကိုအောင်လင်းက နောက်လှည့်မကြည့်ပါပဲ ခေါင်းဆက်ပြရင်း



“မေးလေ ဘာမေးမလို့လဲ ညီမ”



“ကျွန်မလေ မနက်ကဆိုင်ဖွင့်တော့လေ..အင်းဘယ်လိုပြောရပါ့မလဲ ခိုတွေစားဖို့တင်ထားတဲ့ထမင်းကြမ်းခဲကိုလေ လူကြီးတစ်ယောက်ရယ် ယူပြီးစားသွားတယ် စိတ်မနှံပဲထင်ပါတယ်နော် ဒီလောက်ကြီးထိ ဆင်းရဲတဲ့သူ မရှိလောက်ပါဘူး စိတ်မနှံ့လို့ဖြစ်မှာပါ”



““စိတ်မနှံ့လို့လည်းဖြစ်နိုင်ပါတယ် အရမ်းကိုဆင်းရဲနေတဲ့သူလည်းဖြစ်နိုင်တယ်”



စိတ်မနှံ့လို့ဖြစ်မှာပါဟု ဖြေတွေးရင်း ထိုအဖြေကို ပြန်လည်ရရှိဖို့သာ တွေးထားသော သူမ ကိုအောင်လင်း စကားကြောင့် အံ့အားသင့်သွားရသည်။



“အလုပ်လုပ်နေကြတဲ့သူတွေမှာထမင်းတော့ ဒီလောက်ကြီးမငတ်နိုင်ဘူးထင်တယ်”



“အလုပ် လုပ်ချင်ကြတယ် ဒါပေမယ့် အလုပ်လုပ်ဖို့ လုံးလုံးကိုမဖြစ်နိုင်သူတွေရှိတယ်”



ကိုအောင်လင်းစကားကို ခေါင်းခါမိရင်း



“အလုပ်လုပ်ရင်တော့ ထမင်း မငတ်ပါဘူးဗျာ”



“သြော် ငါ့ညီမက မယုံဘူးကိုး အစ်ကိုပြောပြမယ် အစ်ကို ဟိုတလောလေးတုန်းက ရွှေပြည်သာအကျော်လေးက ရွာတစ်ရွာကို ခရီးသည်လိုက်ပို့တာ သတို့က အလှုသွားမယ်ပြောတော့ မကြာလောက်ဘူးထင်ပြီး လိုက်သွားတာဟာ ဟိုရောက်တော့ ဘယ်ဟုတ်လို့လဲ ကြာတာမှ အားကြီး သူတို့က အလှုတော့အလှုသွားတာပဲ ဆန်ပြုတ် ပြုတ်ပြီး ကလေး လူကြီးမကျန်ကျွေးတာ အဲ့ဒကုန်အောင်ထိုင်စောင့်ပြီးမှ ပြန်တာဆိုတော့ ကြာတာပေါ့ဟာ ”



ကိုအောင်လင်း အာခြောက်ဟန်နှင့် ခဏနားလိုက်သည်။ ထို့နောက်



ကြာတော့ အစ်ကိုလည်း ကွမ်းယာဆိုင်မှာ ကွမ်းဝယ်ရင်း လာစားတဲ့သူတွေကိုကြည့်နေမိတာ ထူးထူးဆန်းဆန်း အဲ့မှာ ယောင်္ကျားရင့်မာကြီးတွေကပါ ပန်းကန်ကိုယ်စီနဲ့ လာသောက်ကြတာကိုးဟ ဒါနဲ့ အစ်ကိုလည်း ကွမ်းယာဆိုင်ရှင်ကိုမေးမိတယ် အစ်မ အစ်မလို့ ဟိုလူတွေ သန်သန်မာမာကြီးတွေနဲ့ ဆန်ပြုတ်လာသောက်နေကြတယ် သူတို့ အလုပ်မလုပ်ကြဘူးလားလို့ အဲ့တော့ ဆိုင်ရှင်က ဘာပြောတယ်မှတ်လဲသိလား”



“အင်း ပြောပါဦး”



“ဆိုင်ရှင်ကပြောတယ် မောင်လေးတဲ့ သူတို့တွေ အလုပ်မလုပ်တာမဟုတ်ဘူးတဲ့ အလုပ်လုပ်ဖို့က သူတို့တွေက ပန်းရန်လောက်ပဲ လုပ်တတ်ကြတာတဲ့ အလုပ်သွားဆင်းရတာက အင်းစိန်မှာ ကားခက အသွားနှစ်ရာ အပြန်နှစ်ရာ အလုပ်ရှိတဲ့နေ့ဆို ကားခမရျိလို့ ဘေးဘီကနေချေးငှားပြီး သွားရတယ်တဲ့ အဲ့နေ နေ့စားခက ကားခအကြွေးပြန်ဆပ်တာရယ် အိမ်မှာထမင်းချက်တာရယ်နဲ့သွားရောတဲ့ နောက်နေ့ကားခကျန်ပေမယ့်လည်း သူဌေးက နောက်နေ့ အလုပ်မရျိဘူးဆိုလည်း ကြိုအသိမပေးတော့ ကားခဆုံးရော အဲ့ဒါနဲ့ပဲ သူတို့ ကားခအကြွေးတွေ တက်တက်သွားတာမို့ အလုပ် မလုပ်တာက မှ အကြွေး သက်သာဦးမယ်တဲ့လေ”



“ဟုတ်ပါ့မလား အစ်ကိုရာ”



မယုံသည့်ဟန်နှင့် ပြန်သာပြောလိုက်ရသည်။ ရင်ထဲဝယ် အမောတို့ စုပုံလာသလိုလို။



“အစ်ကို့ ကိုယ်တွေ့ပါဟာ ညီမရေ ကိုယ်တွေသာ ကုသိုလ်ကံကောင်းလို့ တချို့ဆင်းရဲတဲ့နေရာတွေ တော်တော်ဆင်းရဲတာနော် တနေ့ကို ထမင်းသုံးနပ်မှန်အောင်စားရတဲ့သူ ရှားတယ်”



ကိုအောင်လင်းစကားကို ပြိုင်မငြင်းချင်တော့ပါပေ။ နံနက်ခင်းက တွေ့ခဲ့ရသည့် ဦးလေးကြီးနှင့်တင် သနားလွန်း၍ စိတ်ထဲမကောင်း။ အခု ထပ်သိရသည်က ပိုဆိုးသည်လေ။



“တကယ်ကလေ အဲ့လိုနေရာမျိုးတွေမှာ ပိုက်ဆံတက်နိုင်တဲ့ လုပ်ငန်းရှင်တွေက သွားပြီး လုပ်ငန်းထူထောင်သင့်တယ် စိုက်ပျိုးရေးလိုဟာမျိုးပေါ့ ကိုယ်လည်း စားရတယ် လူတွေလည်း အလုပ်ရတယ်”



သူမ စကားကို ကိုအောင်လင်းက ခေါင်းငြိတ်ပြပြီး



“သွားတဲ့သူ ရှိပါစေလို့ ဆုတောင်းပေးရမှာပဲ”



သူမလည်း ခေါင်းပြန်ငြိတ်ပြလိုက်မိရုံသာ။ အမှန်တကယ်ကို မယုံချင်သေး။ မြန်မာနိုင်ငံမှာ အလွန်အင်မတန်မှကို ဆင်းရဲစုတ်ပြတ်နေသူတွေ၊ ထမင်းနပ်မမှန်သူတွေ ရှိပါသေးလားရယ်ဟု။ သူမ သိသည်က အလုပ် လုပ်သူတိုင်း ထမင်းမငတ်ဟု။ ခုတော့………………။

ကားလေးကတော့ ဦးတည်ရာ ခရီးကိုရောက်ချေပြီ။ သူမကတော့ ကားပေါ်မှ မဆင်းမိသေး။ မယုံကြည်ဘူးရယ်လို့ မျက်စိမှိတ်ငြင်းနေသော်ငြား မြင်နေရသည့် မြင်ကွင်းတို့က သက်သေပြနေသလိုလို။

လက်ဖက်ရည်ဆိုင်ဝယ် စားပွဲထိုးနေသည့် ကလေးငယ်များ၊ တောင်ဝှေးတဒေါက်ဒေါက်နှင့် ဟိုဒီလှည့်ကာ လက်ဖြန့်တောင်းရမ်းနေသော သက်ကြီးရွယ်အိုများ၊



အို..သူမ မေ့နေလိုက်တာ။ လွန်ခဲ့သည့် နှစ်အနည်းငယ်က အထည်ချုပ်မှာအလုပ်လုပ်စဉ် ကားခမရှိ၍ ငါးမှတ်တိုင်စာကို လမ်းလျှောက်ပြန်ခဲ့ဖူးသည်လေ။ ဟိုးလွန်ခဲ့သည့်ကလေးဘဝကတော့ ဖေဖေနှင့်မေမေ ဝန်ထမ်းလစာကုန်သွား၍ တစ်ပတ်တိတိ ဆန်ပြုတ်သောက်ခဲ့ဖူးသည်ပဲ။ နေ့လည်နေ့ခင်းဗိုက်ဆာပေမယ့် ထမင်းမရှိ၍ အသားတုခြောက်ကို ရေနှင့် မျောချခဲ့ဖူးသည်ပဲ

အရာရာအဆင်ပြေနေ၍များ ဘဝမေ့လေလျော့သလား။ မယုံချင်သော်ငြား ယုံရပေတော့မည်။ ဝန်ထမ်းဘဝမှထွက်ကာ ဖေဖေ ဦးပိုင်မှာ အလုပ်ဝင်မှ သူမ တို့ အဆင်ပြေခဲ့သည်လေ။ ထိုသောခါမှ သူမလည်း အထည်ချုပ်လုပ်သားဘဝမှလွတ်ကာ ဆိုင်ဖွင့်နိုင်ခြင်းမဟုတ်ပါလား။ သြော် ဘဝမေ့တတ်လေခြင်း။ ကိုယ့်ကိုယ်ကို အပြစ်တင်မိနေစဉ် ကိုအောင်လင်း အသံဝါဝါကြီးက အတွေးရေယဉ်ကြောကို ဖျက်ဆီးလိုက်လေတော့သည်။



“ဟ ဆင်းလေဟာ ရောက်တာကြာပြီ ဆင်းသေးဘူးလား”



ထိုသောအခါမှ သူမလည်း ဆင်းဖို့ရာပြင်ရင်း ကိုအောာ်လင်းမကြားသာအောင် တိုးဖွဖွလေးပြောမိသည်က



“အဲ့လောက်ဆင်းရဲတဲ့သူတွေရှိတာ မယုံချင်သေးဘူးဗျာ” ဟု။





@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@



ရည်ဝေ(ရေနံ့သာသူ)

၁၃-၂-၂၀၁၂

1 comment:

စန္ဒကူး said...

ဒီဝတ္တုလေးဖတ်မိတာ ဒီနေ့အတွက် လုံလောက်သွားတယ်။
တစ်ကယ်အဖြစ်ပျက်ကိုအခြေခံရေးထားတာဆိုရင်တော့ ကိုယ်လဲစိတ် မကောင်းဘူး။
ဒီထက်ဆိုးတဲ့ အလုပ်သမားတွေအဖြစ်ကို တွေ့ဖူးတယ်...
မနက် ၄ နာရီထ ပြီး ကား ၃ ဆင့်လောက် တိုးဝှေ့စီး..အလုပ်ရောက် အလုပ်ပြန်..အိမ်ပြန်ရောက်တော့ ည ၁၁ နာရီကျော်ပီ..
ရတဲ့လခက သူတို့ပြောတာ ၈၀၀၀ ကျပ်.. ကားခပြန်တွက်ကြည့်တော့ မနည်းဘူး...
ပင်ပန်းတာနဲ့မတန်အောင်ကြိုးစားရုန်းကန်နေတဲ့သူတို့စိတ်ဓာတ်တွေကို ချီးကျုးမိသလို လမ်းပန်းဆက်သွယ်ရေးအမြန်ကောင်းမွန်အောင်..အလုပ်အကိုင်အခွင့်လမ်းတွေပိုမိုတိုးလာအောင်ဆုတောင်းပေးရုံကလွဲ....

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်