Tuesday 21 February 2012

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်နိုင်ပါ

ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်နိုင်ပါ

အိမ်အပြန်လမ်းရောက်တာတောင် ဇာတ်မင်းသားဖိုးချစ်၏ အကကောင်းပုံတို့က မပျောက်နိုင်သေး။ ပရိသတ်အပေါ် တလေးတစားဆက်ဆံပုံတို့ကလည်း တကူးတကပြုလုပ်နေဟန်မတူ။ ဇာတ်စင်ပေါ်ဝယ် လူရွှင်တော်တို့ကို ဒူးထောင်ပေါင်ကား မထိုင်မိစေရန် ခဏခဏသတိပေးပုံကလည်း ပရိသတ်ပင်သတိထားမိစေသည်အထိ။

ဖိုးချစ် အက ဘယ်လောက်ကောင်းကောင်း ရင်ထဲဝယ် လိပ်ခဲတည်းလည်းဖြစ်နေသော ခံစားမှုကဖြင့်မပျောက်နိုင်သေး။
ခေတ်နှင့်လျှော်ညီစွာ ပြုပြင်ထားသည့် ကျေးလက်တေးဖြင့် ဖျော်ဖြေပါ့မည်ဟုဆိုကာ ရွှေစင်ညိုသီချင်းကိုဆို၍ ယောင်္ကျားလေးတစ်ယောက်အား မိန်းကလေးတန်းနောက်ထားကာ မိန်းကလေးဟန်ဝတ်ဆင်ထားသည့် ကောင်လေးတစ်ယောက်က လိုက်လံဖမ်းသည့် ပြကွက်ကြောင့်ပင်။ အတွင်းခံအိကျီင်္ပေါ်သည်ထိအောင်ပင် မထွေးလေးနေရာထားသည့် ကောင်လေးအား မိန်းကလေးဟန်ဝတ်ထားသည့် ကောင်လေးက လိုက်လံဖမ်းဆီးခြင်းကြောင့်ပင်။

မိန်းကလေးပီပီ ခံစားလိုက်မိသည်က ဒါ မိန်းကလေးတွေသိက္ခာကို ချခြင်းပဲ၊ မိန်းကလေးတွေကို အထင်သေးခြင်းပဲ ဟု။ အိမ်ပင်ရောက်လို့ အိပ်ပျက်သည့်ညအတွက် ပြန်လည်ဖြည့်ဆည်းရန် အိပ်ဖို့ရာပင်ပြင်နေချေပြီ။ မကျေနပ်မှုကဖြင့် မပျောက်နိုင်သေး။ သူတို့ကြေငြာထားသည့် ဖုန်းနံပါတ်ကိုလှမ်းဆက်ကာ နောက်ဒီလို မကပါနှင့်ဟုပြောရန်စဉ်းစား၇င်း အိပ်ပျော်သွားလေတော့သည်။ အံမယ် အိပ်မက်ထဲဝယ် ဖိုးချစ်နှင့် စကားလက်ဆုံကျရင်း ထိုကဲ့သို့ မကပြဖို့ပင် တောင်းဆိုနေသေးရဲ့။ မှတ်မှတ်ရရ ထိုနေ့သည် တောင်ဒဂုံမြို့နယ်ရှိ ဘောလုံးကွင်းဝယ် ပြည်ထောင်စုပွဲတော်အထိန်းအမှတ်အတွက် ဖိုးချစ်ကပြသော။ ဖိုးချစ်မွေးနေ့လည်းဖြစ်သော ဖေဖေါ်ဝါရီ ၁၅ ရက် ဖြစ်နေသည်လေ။

………………………………..

မြန်မာမိန်းကလေးတဲ့။ အဓိပ္ပါယ်နက်နဲလှပါဘိခြင်း။ ယဉ်ကျေးသိမ်မွေ့ခြင်း၊ စောင့်ထိန်းနိုင်လွန်းခြင်း၊ သိက္ခာကြီးမားခြင်းဆိုသည့်အရာများသည် မြန်မာပီသသည့် မိန်းကလေးထံဝယ် တည်ရှိနေကြောင်း တကူးတက ပြောစရာပင်မလိုပါပေ။

နွယ်တို့မိဘများလက်ထက်ကတော့ သုံးနှစ်သုံးမိုးချစ်ကြိုက်ပြီးမှ လက်ထပ်ကြသည်။ တစ်ဦးနှင့်တစ်ဦး လက်တွဲဖော်ဖြစ်သင့်ရဲ့လားဟူသော မေးခွန်းကို သုံးနှစ်သုံးမိုးတိတိ အပြန်ပြန်အလှန်လှန် စဉ်းစားခဲ့ကြရသည်။ သမီးရည်းစားဟူသော ဝေါဟာရသည် ကိုယ့်ချစ်သူကို ရဲရဲပင် မနမ်းဝံ့သောခေတ်။ အခုတော့..အခုတော့ ……။

ကြားနေရသည့်စကားတို့ဝယ် လူက ဘိုင်းခနဲ ပစ်လဲလိုက်ချင်မိသည်ထိ စိတ်ပျက်လှ၏။ ကိုယ့် ညီမလေးများဖြစ်လျှင်ဖြင့် အသေသတ်မိလိမ့်မည်ထင်ပါရဲ့။ တကယ်ကို အသေသတ်မိလိမ့်မည်ထင်သည်။

ချစ်သူ ကောင်လေးက လက်ထပ်ယူပါ့မည်ဆိုတာတောင် လက်မထပ်ချင်ဘူးတဲ့လား။ ကိုယ်ဝန်ကိုပဲ ဖျက်ချမယ်တဲ့လား။ ထိုစကားတို့ကို သွေးအေးအေးနှင့်ပြောနေသော ကောင်မလေး၏ မျက်နှာကတော့ စတေးခံရသည့်ကလေးအတွက် ခံစားချက်ကင်းမဲ့နေဟန်နှင့်။

လက်မထပ်ချင်ဘူးဆိုလျှင် ဘာ့အတွက်ကြောင့်များ ကိုယ့်ကိုယ်ကို မစောင့်ထိန်းခဲ့ရပါသလဲ။ ဒေါသတို့သီးနေသော စိတ်တို့က စကားတို့ ပွင့်အံထွက်လုလု။ မိဘကို မြင်ဖို့ရာမပြောနဲ့။ အသက်ကလေးတစ်ချက်တောင် ရှုခွင့်မရလိုက်တဲ့ ကလေးငယ်တွေ ဘယ်လောက်တောင်များနေပြီလဲ။

“အဲ့ကောင်မလေးနဲ့သားက ကြိုက်နေတာ သုံးနှစ်လောက်ရှိပြီတဲ့လေ..ဒါပေမယ့် အန်တီကတော့ ခုမှသိခွင့်ရတာပါ သူတို့ပြဿနာသူတို့မရှင်းနိုင်ကာမှ”

သူ့သားနှင့် ချွေးမ မမည်သော ချွေးမထွက်သွားကာမှ တပုံတပင်ကြီး ရင်ဖွင့်နေသော ဒေါ်လွန်း၏ မျက်နှာမှာလည်း ဝမ်းနည်းနေဟန်နှင့်။ သူလည်း ဝမ်းနည်းပေမည်ပေါ့။ သူ့မြေးဦးလေးမဟုတ်လား။

“အန်တီ လက်ထပ်ဖို့တောင်လုပ်ပေးတာပဲ ဒါပေမယ့် ကောင်မလေးဘက်က လက်မထပ်ချင်ဘူးဆိုတော့လည်း ဘာတက်နိုင်မှာလဲကွယ်”

ကိုယ်ဝန်ဖျက်ချဖို့ ပိုက်ဆံမလောက်ကာမှ ကောင်လေးအမေဆီလာကာ ငွေချေးခြင်းပင်။ မျက်နှာကတော့ မာမာထန်ထန်နှင့် ကိုယ့်ပြဿနာကိုယ်ရှင်းနိုင်ပါသည်ဆိုသည့်သဘောနှင့် လက်စွပ်တကွင်းပေးကာ လိုသည့် နှစ်သောင်းခွဲကို လကုန်ကျ လာပေးမည်ဆိုပဲ။ သူ့လက်စွပ်က ငါးသောင်းခွဲလောက်သာ တန်ဖိုးရှိသည်လေ။ တကယ်တမ်းပါတ်ဝန်းကျင်နှင့် ရောယှက်မနေတတ်သော နွယ်တို့မိသားစုဝယ် သည်ပြဿနာမျိုးနှင့် ရင်းနှီးဖို့ရာ အကြောင်းမရှိပါလေ။ သို့သော် ဒေါ်လွန်းဆိုသည်က နွယ်တို့၏ အိမ်မှုကိစ္စအတွက် အားထားရသည့်အလုပ်သမားတစ်ဦးဖြစ်သည်လေ။ သို့ဖြစ်ပေရာ ဒေါ်လွန်းပိုက်ဆံလိုသည့်အခါ ကြိုတင်ငွေ ထုတ်ပေးဖို့ရာ နွယ်တို့ဘက်ကလည်း ဝန်မလေးပါချေ။ သို့သော် ကြားသိရသည့် သတင်းကြောင့်ကော၊ ကောင်မလေး၏ လက်မထပ်ပါပဲ တစ်ပတ်သုံးရက်လောက် အတူအိပ်သည်ဆိုသည့် အကျင့်စာရိတ္တကြောင့်ကော မိန်းမသားပီပီ အမျက်ထွက်ချင်လှသည်။

သြော်..ဒါ့ကြောင့်မို့လည်း ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုသည့် စကားပုံရှိခဲ့ပေတာကိုးဟုတွေးရင်း ဖိုးချစ်တို့ဇာတ်အဖွဲ့ ကပြခဲ့သည် ရွှေစင်ညိုပြကွက်ကို စိတ်မဆိုးနိုင်တော့ပါချေ။ ခေတ်ကြီးကိုက မိန်းကလေးတွေအတွက် ထိန်းနိုင်မှ တော်ကာကျသည့်အဖြစ်ရောက်နေသည်ကိုး။


……………………………………………….

အဲ့ဒါ ရယ်စရာလား။ အဲ့ဒါရယ်စရာမဟုတ်ဘူးနော်။ မရယ်ကြနဲ့။ ဒါမြန်မာမိန်းကလေးဘက်က နာရမှာ။ ရယ်နေတဲ့ ပါးစပ်တွေကို လိုက်ပိတ်ချင်လိုက်တာ။
ကြားနေရသည့် သတင်းကြောင့်ခံစားနေရသူ ကိုယ်သာရှိလေသလား။ ထိုသတင်းကိုပြောပြနေသည့် ဒေါ်လွန်းကော၊ နားထောင်နေသည့် အမေနှင့်အစ်မကော ရယ်နေကြသည်လေ။

အသက်တစ်ဆယ့်ရှစ်နှစ်ခန့်သာရှိသေးသည့် ကောင်မလေးတစ်ယောက် လည်ဟိုက်ဟိုက်နှင့် ပေါင်လယ်လောက်ရှိ ဂါဝန်ဝတ်ကာ ဘက်စ်ကားစီးသည်တဲ့လေ။ ထိုင်ခုံနေရာမရှိသည့်အတွက် မက်တပ်ရပ်စီးရာ ဘက်စ်ကားက ယိမ်းလေ သူမ လည်းယိုင်လေနှင့် တနေရာရောက်တော့ သူမရှေ့ထိုင်ခုံရှိလူက သူမ၏ ရင်သားအား ထကိုက်လေသည်တဲ့။ ဘက်စ်ကားဒရိုင်ဘာနှင့် ခရီးသည်များက ရဲစခန်းသွားဖို့ တိုက်တွန်းရင်းရဲစခန်းသွားကြတော့ ထိုသူ၊ ထိုယောင်္ကျားက တစ်ညသာ အချုပ်ခံရသည်တဲ့လား။

အနည်းဆုံး တစ်လလောက်တော့ အချုပ်ခံသင့်သည်လေ။ ဒေါ်လွန်းကိုယ်တွေ့ဆိုတော့ မယုံချင်ပေမယ့်လည်း ယုံရသည်သာ။ အပြစ်ပြောရအောင်ကလည်း ကိုယ့်မိန်းကလေးဘက်က မလုံမခြုံဝတ်ဆင်ထားသည်ကိုး။ ကိုယ်ပိုင်ကားနှင့်ဆိုလျှင်ကိစ္စမရှိ။ သည်လို ဘက်စ်ကားနှင့်ဆိုလျှင်တော့ လုံလုံခြုံခြုံဝတ်ဆင်သင့်ပါသည်လေ။ သက်ပြင်းချရင်း ရယ်သံတွေနှင့် ဝေးရာဆီ ထွက်လာမိသည်ထိ။

မြန်မာမိန်းကလေးတို့ရေ…လို့လည်း ရင်ထဲဝယ် ညည်းညူမိရင်း။

……………………………………………………………..

မနေ့က လာလည်သည့်အစ်မလည်း သည်နေ့တော့ ပြန်သွားချေပြီ။ သူ့ယောင်္ကျားရုံးတက်မည်ဆိုတော့ သူ့ကလေးတွေအတွက် ပြန်ပြင်ဆင်ပေးရဦးမည်တဲ့လေ။ အစ်မက တစ်ပတ်လျှင်တစ်ရက်တော့ အိမ်ကို အရောက်လာပါသည်။ အစ်မယောင်္ကျားက သမရုံး၏ ဦးစီးမှုးဆိုတော့ စနေ၊ တနင်္ဂနွေလို အစိုးရရုံးအားရက်မျိုးလိုရွေးကာ လာတတ်သည်လေ။

သူမလည်း သည်နေ့တော့ လှည့်စရာ၊ ကြည့်စရာတွေ များလှသည်။ ပွဲစားတန်းသွားကာ အိမ်ခြံမြေဈေးကွက်ကို နားစွင့်ရပေဦးမည်။ အဖေသည်လည်း ရုံးတက်ရဦးမည်ဖြစ်ရာ အမေနှင့် ဒေါ်လွန်းသည်သာ အိမ်ဝယ် ကျန်နေချေလိမ့်မည်။

အို မြင်လိုက်ရသည့်မြင်ကွင်းက ကြည့်မကောင်းပါချေ။ မက်တပ်ရပ်နေသည့် ကိုယ်လုံးကိုယ်ပေါက်ခပ်တောင့်တောင့်ရှိ မြန်မာအမျိုးသမီးငယ်အား ဘေးမှယောင်္ကျားတစ်ယောက်က မထိခလုတ်ထိခလုတ်ဖြင့် စနေခြင်းပင်။ ထိုစဉ် မိန်းကလေးက အနည်းငယ်ပြုံးကာသူမ၏ ခြင်းတောင်းအား ထိုင်ခုံဝယ် ထိုင်နေသူဆီ အကူအညီတောင်းလိုက်သည်ထင့်။ ထိုင်နေသူက ကိုင်ပေးလိုက်စဉ်ဝယ် မိန်းကလေးက သူမ၏ လက်ဝါးအား အသေအချာနှုတ်ခမ်းလေးနှင့် မှုတ်လိုက်သည်။ ထို့နာက်တော့…………။

“ဖြန်း”

ကျယ်လောင်သည့် အသံနှင့်အတူ ထိုယောင်္ကျားလေး နာသွားမည်မှာ အသေအချာပင်။ ထို့အတူ နွယ့်ရင်ထဲမှာလည်း ဝမ်းစမိုးဟု အော်လိုက်မိပါတော့သည်။ မြန်မာဆန်ဆန်ရင်ဖုံးနှင့် ချိတ်ဝတ်ဆင်ထားသည့် ထိုမိန်းကလေးမှာ ဝန်ထမ်းမှန်းသိသာနေသလို ထိုသို့သော ယောင်္ကျားမျိုးတွေအတွက် ထိုမိန်းကလေးလို မိန်းမသား အများအပြားရှိစေချင်စမ်းပါဘိ။

ထိုယောင်္ကျားသား ပြန်ပြောဖို့ရာ အင်အားမဲ့နေပါလိမ့်မည်။ သည်ဘက်စ်ကားပေါ်ဝယ် မြန်မာဆန်ဆန်ဝတ်ဆင်ထားသော မြန်မာပီသသည့် ထိုမိန်းကလေးအတွက် ကာကွယ်ပေးမည့်သူ များပြားနေမည်ကို ခရီးသည်များ၏ မျက်လုံးများကြည့်ရုံမျှနှင့် သူ သိပါသည်လေ။ နွယ်ကတော့ ထိုမိန်းကလေးအား လက်မလေးထောင်ပြလျက် အားပေးနေမိပါတော့သည်။

ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးမပုပ်နိုင်ပါပေ။
သေချာပါသည်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးမပုပ်နိုင်ပါ။
မိဘများကသာ သမီးမိန်းကလေးပေါ် အနည်းငယ်ဂရုစိုက်ခဲ့လျှင် မလုံမခြုံဝတ်သော အဖြစ်မျိုးပပျောက်သွားမည်ထင်မိသည်။ အဘယ့်ကြော်င့ဆိုသော် ထိုသို့ဝတ်ဆင်တတ်သည့် မိန်းကလေးအများစုအား နွယ်တွေ့မိသလောက် မိဘအုပ်ထိန်းမှုအားနည်းသူများဖြစ်တတ်သည်လေ။ မိဘများက ကိုယ့်ကိစ္စနှင့်ကိုယ် အလုပ်ရှုပ်နေကြသောအခါ၊ မင်းသမီးနှင့် အဆိုတော်များကလည်း မက်လောက်အောင်ဝတ်စားဆင်ယင်ပြသောအခါ သူမလေးတို့မှာ လိုက်ဝတ်ချင်တာသာသိပြီး အကျိုးဆက်ကို မတွေးနိင်ုအားတော့ခြင်းပင်။

သို့သော် မြန်မာပီသသည့် မြန်မာမိန်းကလေးများစွာ ကျန်ရှိနေပါသေးသည်။ သူမတို့က သူမတို့၏ ပါတ်ဝန်းကျင်ရှိ ညီမငယ်လေးများအပေါ် အတွေးအခေါ်ရင့်ကျတ်လာအောင် ဆုံးမသွန်သင်နိုင်ပါစေ ဟုသာ ဆုတောင်းရင်း။ မြန်မာမိန်းကလေးဆိုသည့် အဓိပ္ပါယ်ကို နားလည်အောင် သွန်သင်နိုင်ပါစေဟုဆုတောင်းရင်း နွယ်လည်း မြန်မာမိန်းကလေးဟူသော ဝေါဟာရလေးအား အသေအချာနားလည်အောင် ကြိုးစားရပါဦးမည်လေ။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ရည်ဝေ(ရေနံ့သာသူ)
၂၁ ဖေဖေါ်ဝါရီ ၂၀၁၂

No comments:

Post a Comment

မင်္ဂလာပါ စာတွေ လာဖတ်ပေးလို့ ကျေးဇူးပါနော်